Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့ သင်ဖျာလုပ်ငန်းအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောကာ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့ပေါ်ရှိ သင်ဖျာလုပ်ငန်းရှင်(၃)ဦးအား (၂၂.၂.၂၀၂၃) နေ့ နံနက် (၁၀:၀၀)နာရီတွင်  ပန်းတနော်မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြပါသည်။

  ထိုသို့ ဟောပြောဆွေးနွေးရာတွင် သင်ဖျာလုပ်ငန်းရှင်များအား တွေ့ဆုံ၍ သင်ဖျာယက်လုပ်ခြင်း၊ သင်ဖျာထွက်ရှိမှု၊ သင်ဖျာဈေးကွက်နှင့်ဈေးနှုန်း၊ ကုန်ကြမ်းရရှိမှုအခြေအနေများကို ကနဦး မေးမြန်းခဲ့ပြီး လုပ်ငန်းရှင်များမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးကြပါသည်။ ဆက်လက်၍တာဝန်ရှိသူမှ သင်ဖျာလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အကြောင်း ရှင်းလင်းဆွေးနွေးပြီး၊ လုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းစပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးခြင်းအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် လုပ်ငန်းရှင်ဘက်မှ တာဝန်ရှိအချက်များအကြောင်း၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်” ဆိုသည် ဆောင်ပုဒ်အတိုင်း လုပ်ငန်းရှင်များ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်နည်းပညာသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

  ထို့နောက် (၁၄:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ သင်ဖြူး၊သင်ဖျာလုပ်ငန်းများသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ် ၍ ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၃)ကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွမ်းထန် တက်ရောက်အမှာစကားပြော ကြား

  ချင်းပြည်နယ်အတွင်းရှိ ပြည်သူများအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  ပြည်နယ်စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၂/ ၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွမ်းထန်က အဖွင့်အမှာစကား ပြောကြားရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အများပြည်သူကို လက်ကမ်းစာစောင်များကို ဖြန့်ဝေရာတွင် ဒေသဘာသာစကား သို့မဟုတ် မြန်မာဘာသာဖြင့် ရေးသားပြုစု၍ အသိပညာပေးခြင်း၊ ဈေးကွက်အတွင်း တရားမဝင် ကုန်ပစ္စည်း ဝယ်ယူတင်သွင်းမှုရှိ/မရှိတို့ကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း၊ ကျောင်းဖွင့်သည့် ကာလဖြစ်၍ ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်းပြီး သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များ ရောင်းချပေးနိုင်ရန် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ခြင်း၊ ကော်မတီအနေဖြင့် စားသုံးသူအသိပညာ ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးသူငယ်များ အပါအဝင် အားလုံးပါဝင်နိုင်သည့်အသိပညာပေးခြင်း စသည်တို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် ရှင်းလင်းမှာကြားခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက  ၂၀၂၂ခုနှစ်အတွင်း စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃ခုနှစ်တွင် ကော်မတီအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့မှုအပေါ် ချင်းပြည်နယ်ဝန်ကြီးချုပ်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်ပြီး ပြည်သူများ အသိပညာနည်းသေးသည့်အတွက် စေတနာထား၍ ထပ်ခါထပ်ခါ နားလည်သဘောပေါက်အောင် ရှင်းပြရန် လိုအပ်မည်ဖြစ်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်နှစ်ထက် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များကို ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားစေလိုကြောင်း နိဂုံးချုပ် မှာကြားခဲ့ပါသည်။

DOCA(ချင်း)

မုံရွာမြို့ပေါ်ရှိ အလှကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  လုံခြုံစိတ်ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းသို့ မရောက်ရှိ စေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ် တာဝန်ခံတို့သည် (၂၀.၂.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ အလှကုန် ပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့်ထုတ်ပြန် ထားသော ကုန်စည်အုပ်စုအလိုက် မဖြစ်မနေ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပြီးနောက် ဆိုင်ရှင်များအား  ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်စည် ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံပေးရမည့် အချက်များကို ရှင်းလင်းဆွေးနွေးကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အမက မူလွန်ကျောင်း၊ ဘုရားချောင်းရပ်ကွက်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဒု-ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၀.၂. ၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မြောင်းမြမြိုနယ် အ.မ.က မူလွန်ကျောင်း၊ ဘုရားချောင်းရပ်ကွက်တွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံကာ စားသုံးသူကာကွယ်ရေးအားအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဒု-ခရိုင်ဦးစီးမှူးမှ  မိတ်ဆက်စကားပြောကြားပြီးနောက်စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ရည်မှန်းချက်များ၊ဌာန၏လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များနှင့်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ ဓာတုဆိုးဆေးများပါဝင် နေသောအစားအသောက်များနှင့်သက်တမ်းလွန်အစားအသောက်များအား အသိဖြင့်ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမ(၆)ဦး၊ ကျောင်းသားကျောင်းသူ (၄၀)ဦး၊ စုစု ပေါင်း(၄၆)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ခမ်းမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်မြို့နယ်တာဝန်ခံ ဦးပြောင် ဒါလ်း(အကြီးတန်းစာရေး)သည် (၂၃.၂.၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(လိုင်ဘုန်)ကျောင်း၌ ဆရာ/မများ၊ ကျောင်းသား/သူများကို တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးနန်လမ့်ကဲပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို ကျောင်းသူ/ကျောင်းသားများသာမက ဆရာ/ဆရာမများကိုပါ စားသူသုံးသူ၏ အခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာများ ရရှိမည့် ဟောပြောပွဲဖြစ်သည့် အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားခဲ့ပါသည်။ ထို့နောက် ဦးပြောင်ဒါးလ်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် စားသုံးသူ၏ အခွင့်အရေးနှင့်လုပ်ငန်းတာဝန် များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ နိဂုံးချုပ် ပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာများအနေဖြင့် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ မိမိ၏ အခွင့်အရေးကို ပထမဦးစွာ သိရှိနားလည်ရန် အရေးကြီးပြီး ထို့မှတဆင့် မိမိ၏ ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသော အများပြည်သူကိုလည်း နားလည်သဘောပေါက်အောင် အသိပညာပေး မျှဝေစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ချင်း)

ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအပါအဝင် ခရိုင်များ၊ မြို့နယ်များရှိစားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးအသိပညာ ပေးခြင်းလုပ်ငန်းများကို ‌စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် (၂၂.၂.၂၀၂၃) ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်နှင့် ဝန်ထမ်းများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးရာတွင် ဒုတိယညွှန်ကြား‌ရေးမှူးက စားသုံးကာကွယ်ရေးအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် မိမိတို့ဌာနမှ ဖြေရှင်းပေးသော ဖြစ်စဉ်များကိုလည်း‌ကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားအား အလေးထားကြည့်ရှုကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဟောပြောပွဲတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း အင်အား (၅၀)ခန့် တက်‌ရောက်ခဲ့ပြီး သိရှိလိုသည့်မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ဖြေကြားပေးခဲ့ပြီး စားသုံးသူရေးရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလှုပ်ရှားမှုများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်း

   ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် စိမ်းစိုသောပတ်ဝန်းကျင်များ ဖော်ထုတ်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသောဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး၊ လုံခြုံရေးနှင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်တို့ အသုံးပြု၍ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလှုပ်ရှားမှုများတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းထားကြောင်းသိရသည်။   ဟိုတယ်အဆင့်အတန်းကို ဟိုတယ် အခန်းဖွဲ့စည်းမှု၊ အသုံးအဆောင်ပစ္စည်းများအရည်အသွေး၊ ဟိုတယ် ဝန်ထမ်းများ၏ အရည်အသွေး ဝန်ဆောင်မှုစံချိန်စံညွှန်းများ၊ အဆောက်အဦ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ အရည်အသွေးများအပေါ် မူတည်သတ်မှတ်ခြင်းဖြစ်သည်။ ထို့အပြင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပြည့်စုံ လုံလောက်သော မြေနေရာကျယ်ဝန်းမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများနှင့်နီးစပ်ပြီး သဘာဝ ရှုခင်းကောင်းသော ပတ်ဝန်းကျင်တို့ ပြည်စုံမှုရှိရန်လိုအပ်ပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးသည် ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေရာများစွာရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မုံရွာမြို့၌ လစဉ်ကျင်းပပြုလုပ်ပြီး ကော်မတီဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနများ၊ လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၂)မြို့နယ်တွင် ဟိုတယ်၊ တည်းခိုရိပ်သာ(၆၁)ခု ခွင့်ပြုလိုင်စင်ချထားသည့်အနက် ခရီးသွားဇုန် သတ်မှတ်ထားသော မုံရွာဇုန်တွင်(၁၄)ခု၊ စစ်ကိုင်းဇုန်တွင်(၁၀)ခု ရွှေဘိုဇုန် တွင်(၄)ခု ၊ ကလေးဇုန် တွင်(၁၁)ခု၊ ကသာဇုန်တွင်(၅)ခု၊ ခန္တီးဇုန်တွင်(၃)ခု စုစုပေါင်း(၄၇)ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။  ၂၀၂၁ခုနှစ် အတွင်း ပြည်တွင်းဧည့်ဝင် (၄၉၈၀၅)ဦး၊ ပြည်ပဧည့်ဝင် (၄၉၇) စုစုပေါင်း (၅၀၃၀၂)ဦး ဝင်ရောက်ခဲ့ပြီး ၂၀၂၂ခုနှစ်အတွင်း ပြည်တွင်း(၁၁၁၅၆၄) ဦး၊ ပြည်ပ (၁၄၅၁) စုစုပေါင်း (၁၁၃၀၁၅)ဦး ဧည့်ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ထက် တိုးတက်ဝင်ရောက်ခဲ့ကြောင်းသိရပါသည်။ ပြည်ပခရီးသွားအနက် အများစုလာရောက်သည့် နိုင်ငံများမှာ ထိုင်း၊ ရုရှား၊ အစ္စရေး၊ အီတလီ နိုင်ငံသားတို့ဖြစ်ပါသည်။ စစ်ကိုင်း မင်းကွန်းဒေသတွင် ဧည့်လမ်းညွှန် သင်တန်း၊ စစ်ကိုင်းမြို့တွင် မုန့်ဖုတ်သင်တန်း၊ မုံရွာမြို့တွင် မသန်စွမ်းသူများ ဝန်ဆောင်မှုပေးနိုင်ရေးအသိပညာပေးသင်တန်းနှင့် အွန်လိုင်းစနစ်ဖြင့် ဧည့်သည်စာရင်းပေးပို့နိုင်ရေးအတွက် Guest List Management System သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။ ဟိုတယ်တည်းခိုရိပ်သာများတွင် သစ်ပင်ပန်းမန်များတိုးချဲ့စိုက်ပျိုးခြင်းနှင့် အမှိုက်ခွဲခြား စွန့်ပစ်စနစ်ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ခရီးစဉ်ဒေသသစ်နှင့် ခရီးစဉ်ဒေသဆွဲဆောင်မှုများ ဖော်ထုတ်ရေး အတွက် အထင်ကရ ခရီးစဉ်ဒေသများအကြောင်း အင်္ဂလိပ်-မြန်မာ (၂)ဘာသာဖြင့် QR Code အပါအဝင်၊ ခရီးသွား လမ်းညွှန်မြေပုံ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်းသိရပါသည်။ ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ လေဆိပ်၊ ဘုရား၊ အပန်းဖြေ နေရာတို့တွင် ကွင်းဆင်း၍ ခရီးသွားဧည့်သည်များ၏ Feedback များကိုရယူရန် Survey ကောက်ယူခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ မုံရွာခရီးသွားဇုန်နှင့် စစ်ကိုင်းခရီးသွားဇုန်ရှိ ခရီးစဉ်ဒေသများ၏ Documentary Video ရိုက်ကူးဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချနေသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည်  (၂၀.၂.၂၀၂၃) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် (၅) ဆိုင်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် လျှပ်စစ်ပစ္စည်းဝယ်ယူအသုံးပြုမှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်ကာ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန်ဖြစ်ကြောင်း၊ မြန်မာစာဖော်ပြပါဝင်မှုကြောင့် ကုန်စည်၏သတင်းအချက်အလက်ကို သိရှိနားလည်ပြီး စားသုံးသူတို့ သုံးစွဲရလွယ်ကူနိုင်မည်ဖြစ်ပါကြောင်းနှင့် ဈေးကွက်အတွင်းစားသုံးသူများအတွက် သုံးစွဲရန်အာမခံချက်ရှိသောကုန်စည်များကိုသာရောင်းချကြရန် ဖြစ်ပါကြောင်းတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ဖောင်းပြင်းမြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန် သည် ( ၂၂.၂.၂၀၂၃ ) ရက်နေ့တွင် ဖောင်းပြင်မြို၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်ဈေးဆိုင်များသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် ( ၂/၂၀၁၉ ) ပါ ကုန်စည်အုပ်စု ( ၈ ) မျိုးအနက်မှ အစားအသောက်အုပ်စုတွင် ပါဝင်သည့် အသင့်သောက်အချိုရည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြန်အောင်မြို့ စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒု-ခရိုင် ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်အောင်ကစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိစေရေးနှင့်သတ်မှတ်စံချိန်စံညွှန်းပြည်မီရေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရေးတို့ကိုစစ်ဆေးခဲ့ပြီးနောက် လုပ်ငန်းရှင်များအား တရားမဝင်စက်သုံးဆီ/ချောဆီ များတင်သွင်းရောင်းချခြင်းမပြုကြရန်၊  ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့်ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးဖော်ဆောင်ကြရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလိုက်နာကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ