Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကံမမြို့၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိဈေးကွက်များတွင် ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် (၁၃.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း(ဒု-ဦးစီးမှူး) သည် သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနပါဝင်သော ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ကံမမြို့ပေါ်ရှိ အမှတ်(၁/၃/၄)ရပ်ကွက်များအတွင်း မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန် ထားသော စားသောက်ကုန်(၁၅)မျိုးအား ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိနှင့် ဌာန၏ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပြည့်စုံမှု ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး၊ ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ စားသုံးသူရေးရာကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု (၈)အုပ်စုတွင် ပါဝင်သောအချက်များ ပြည့်စုံမှန်ကန်စွာပါရှိစေရေး၊ စီးပွားရေးလုပ်ငန်း ရှင်များ၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဌာန်းချက်ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)ပါအချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

      ဆက်လက်၍ နေ့လယ် (၀၂:၀၀)နာရီအချိန်တွင် ကံမမြို့၊ အမှတ်(၁)ရပ်ကွက်ရှိမင်းကုန်းအလယ်တန်းကျောင်း(ခွဲ)သို့ အသိပညာပေးဟောပြောပွဲပြုလုပ်ရာတွင် မြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ ဌာန၏ ဥပဒေ ဖြစ်ပေါ်လာပုံ၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူများသိရှိစေဖို့ စားသုံးသူအခွင့်အရေး (၈)ချက်အားအကျယ်တဝင့်ပြောကြားခြင်း၊ မင်းတုန်းမြို့နယ်တာဝန်ခံ၊ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေမှ စားသုံးသူများ မဖြစ်မနေသိရှိရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခြင်း၊ သရက်ခရိုင်ရုံးမှ ဒု-ဦးစီးမှူးဒေါ်ရီရီထွေးမှ စားသုံးသူတို့၏တာဝန်များ၊ အစား အသောက်များဝယ်ယူစားသုံးရာတွင် မဖြစ်မနေဝယ်ယူသတိပြုစားသုံးရမည့် ထုတ်လုပ်ရက်၊ ကုန်ဆုံးရက် များကို သေချာစွာကြည့်ရှုစားသုံးကြပါရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၂၄)ဦး၊ ဆရာ/ ဆရာမ(၁၂)ဦး၊ စုစုပေါင်း (၂၃၆)ဦးနှင့် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး အပါအဝင်(၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ဆီကုန်သည်များအသင်းမှ စားအုန်းဆီရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်ခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီ ကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေးတို့ကို ထိန်းကြောင်းဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီမှူးတို့၏ လမ်းညွှန်မှုဖြင့် (၈.၁၂.၂၀၂၂)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်နှင့် စိုးကောမင်း ရပ်ကွက်တို့၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော‌ စားအုန်းဆီများကို မကွေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စျေးကား(၂)စီးဖြင့် စားအုန်းဆီ(၁)ပိဿာ ကျပ်(၄၉၀၀) ဖြင့်၊ လူတစ်ဦးလျှင် (၅၀)သားနှုန်း ရောင်းချနေမှုအား မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (ဦးစီးမှူး)ဦးဆောင်သောအဖွဲ့မှ  သွား‌ရောက်စိစစ်ကြပ်မတ်ခဲ့ပါသည်။

            ထို့သို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ၊ အဆင်ပြေချော့မွေ့စွာ ဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများ မှန်ကန်ရေး အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီ ဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မြို့မစျေး၌ စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များအား စျေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းစစ်ဆေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)သည် (၁၂.၁၂.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀) နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မကွေးမြို့၊ မြို့မစျေးရှိ ကုန်စုံဆိုင်များတွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော အစားအသောက် (၁၅)မျိုးအား ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိနှင့် ဌာန၏ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှုရှိ/မရှိ တို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များအပြင် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်မှု ရှိ/မရှိ ကိုလည်း အလေးထား စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား စားသုံးရန်မသင့်သော/ သက်တမ်းလွန်နေသော/ မှိုတက်နေသော/ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာမပါဝင်သော ကုန်စည်များအား ဆိုင်တင်မရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မတီ၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ရွာသစ်ရပ်ကွက်မှ ထုတ်လုပ်သော “လှယဉ်ကျေးမယ်” အမှတ်တံဆိပ် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးရေး အသိပညာပေး

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁၃.၁၂.၂၀၂၂) ရက်နေ့ (၁၁း၁၅)နာရီတွင် မကွေးမြို့၊ ရွာသစ်ရပ်ကွက် (၁၆)လမ်းမှ ထုတ်လုပ်သော “လှယဉ်ကျေးမယ်” အမှတ်တံဆိပ် (သံပုရာစပ်/ သရက်စပ်/ ဆီးစပ်/ ရှောက်ချိုမျှင်)လုပ်ငန်းရှင် ဦးသန်းကျော်စိန် (ခ)ဦးသန်းထွန်းအား ခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          လုပ်ငန်းရှင်၏ ပြောကြားချက်အရ“လှယဉ်ကျေးမယ်” အမှတ်တံဆိပ် သံပုရာစပ် တစ်ဘူးလျှင် (၁၀)ကျပ်သား၊ သရက်စပ် တစ်ဘူး လျှင်(၁၅)ကျပ်သား၊ ဆီးစပ် တစ်ဘူးလျှင် (၁၅)ကျပ်သားနှင့် ရှောက်ချိုမျှင် တစ်ဘူးလျှင် (၁၀) ကျပ်သား ဖြင့် ထုတ်ပိုးပြီး မကွေးမြို့ပေါ်နှင့် နီးစပ်ရာမြို့များဖြစ်သည့် တောင်တွင်း၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်နှင့် စလင်းမြို့များသို့ ဖြန့်ချီရောင်းချကြောင်း လေ့လာသိရှိရပါသည်။

      ခရိုင်ဦးစီးမှူး၊ ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)က လုပ်ငန်းရှင် ဦးသန်းကျော်စိန် (ခ) ဦးသန်းထွန်းအား စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

သရက်မြို့ပေါ်ရှိ လုပ်ငန်းရှင်အားကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ရေး အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးအုန်းမြင့်ဦးဆောင်သော ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၂)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် သရက်မြို့၊ တောင်မင်းတည်း ရပ်ကွက်၊ လမ်းမတော်လမ်း၌ ရွှေဟင်္သာအမှတ်တံဆိပ်ဖြင့် မလိုင်လုံးအစို၊ အခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား သွားရောက်တွေ့ဆုံခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း (၁၈)ပါ ကုန်အညွှန်းမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်စေရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

       ရှေးဦးစွာ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်မှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)ပါကုန်စည်အုပ်စု(က)ရှိ အစားအသောက်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့် အချက် များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့်ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေမှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ တားမြစ်ချက်များနှင့် ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထား နိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ် ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာလျှင် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုရရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့်ကုန်စည်များ တွေ့ရှိလာပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လိုက်နာဆောင်ရွက်စေလိုကြောင်း တိုက်တွန်းနှိုးဆော် အသိပညာပေးဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့အတွင်းရှိ မုန့်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တွဲဘက်တာဝန်ထမ်းဆောင်နေသော ဂန့်ဂေါခရိုင် ဦးစီးမှူးဒေါ်မွန်မွန်စိုး၊ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့ သည်(၁၃.၁၂.၂၀၂၂)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသောကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မုန့်မျိုးစုံ ရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့်ကုန်စည်များကိုသာ ရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

                                                                  

ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်လာစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ(၁၂)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ ယောဝရပ်ကွက်ရှိ ပဲကြော်လုပ်ငန်းရှင်၊ စိန်နန်းတော်မုန့်မျိုးစုံနှင့် ပဲချောင်းလုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းနိုင်ရေး လုပ်ငန်းခွင်သို့သွားရောက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

       ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ် ကင်းရှင်းစေပြီး အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်း တို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါ် ယုံကြည်မှုများရရှိလာပြီး အကျိုး စီးပွားများ ပိုမိုရရှိလာမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ အစားအသောက်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပါတ်သက်သည့် ဥပဒေပြဌာန်းချက်များ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ သိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပါသည်။

      ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ တွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်သဖြင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ်အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ဗောက်သီးအကြောင်းတစ်စေ့တစ်စောင်း

      ဗောက်သီးပင်ကို အညာဒေသတွင် ဗောက်လောက်ပင်ဟုခေါ်ဆိုကြပါသည်။ တစ်ရာသီခံ ပင်ပျော့အမျိုးအစားဖြစ်ပြီး (ခရမ်းပင် ၊ ခရမ်းချဉ်ပင်)အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ဗောက်ပင် အရိုင်းများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံးတွေ့ရလေ့ရှိပါသည်။ ပြင်ဦးလွင်နှင့် ရှမ်းပြည် ဘက်တွင် ပေါက်ရောက်ပါသည်။ မျိုးစိတ်စုစုပေါင်း (၇၀)ဝန်းကျင်ရှိပြီး အအေးပိုင်းတွင် ပေါက်ရောက်သော ဗောက်သီးများတွင် အလုံးအရွယ်အစားပိုကြီးပြီး အရောင်ပိုရင့်တတ်သည်ဟု သိရှိရပါသည်။ ဗောက်ပင်ကို နိုင်ငံတော်တော်များများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး အိန္ဒိယနိုင်ငံတွင် ဗောက်သီးအမျိုးအစားများစွာ စိုက်ပျိုးကြကာ စိုက်ပျိုးသည့်အမျိုးအစားပေါ်မူတည်၍ အရွယ်အစား နှင့်အရောင် ကွဲပြားသွားပါသည်။

      မြန်မာနိုင်ငံတွင် အတွေ့များသည့် ဗောက်သီးပင်များကို အရိုင်းပင်များဟုခေါ်ပြီး စားသုံး၍ ရပါသည်။ အရောင်အနေဖြင့် စိမ်းဝါဝါအနေအထားရှိပြီး ဗီတာမင်စီ အဓိကပါဝင်သည့်အတွက် ရောင်ရမ်းခြင်း နှင့် သရက်ရွက်ကြီးခြင်းတို့ကို ကုသနိုင်ပါသည်။ တိရစ္ဆာန်မွေးမြူသူတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက ထိုအပင်ကို ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စသည့် တိရစ္ဆာန်တို့၏ ခန္ဓာဗေဒဓါတ်သဘာဝများကို ထိန်းညှိပေးသော အပင်အဖြစ် အသုံးပြုလာကြပါသည်။ ထိုဗောက်ပင်သည် မွေးမြူရေးအတွက်လည်း အရေးပါသော အပင်တစ်မျိုးဖြစ်ပါသည်။

       ဗောက်သီးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော အကျိုးပြုသည့်  ဗီတာမင်စီနှင့် anti oxidants များ  ကြွယ်ဝစွာပါဝင်ပါသည်။ ဗောက်သီးတွင်ပါဝင်သည့် အမျှင်ဓါတ်သည် ဆီးချိုကို ထိန်းညှိပေးပြီး သွေးပေါင်ကိုလည်း ကျစေသည့်အတွက် သွေးတိုးနေသည့်အချိန်တွင် ဗောက်သီးကို စားသုံးပေးခြင်းဖြင့် သွေးပေါင်ကို ကျစေပါသည်။ သို့သော် တစ်ကြိမ်တည်းတွင် အလုံးအရေအတွက် များများ မစားသင့်ကြောင်း ပညာရှင်များက အကြံပေးထားပါသည်။ ကိုယ်လက်စတောကို ထိန်းညှိ ပေးပြီး နှလုံးတွင် ဖြစ်တတ်သော ရောဂါများကို လျော့ကျစေသည့်အတွက် ဗောက်သီးကို စားသုံး ပေးခြင်းဖြင့် ကျန်းမာစေပါသည်။ ဗောက်သီးတွင် ပါဝင်သော ဓါတ်များသည် ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဘက်တီးရီးယားများသာမက အကျိုးမပြုသော ဘက်တီးရီးယားများကိုပါ သေစေ နိုင်သည့် အစွမ်းရှိပါသည်။ ထို့အပြင် ဗောက်သီးတွင် သံပုရာသီးထက် ဗီတာမင်စီ နှစ်ဆလောက် ပါဝင်ပါသည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်သောကြောင့် ဗောက်သီးစားသုံးပေးခြင်းသည် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများမဖြစ်အောင် ကာကွယ်ပေးပါသည်။

     ဗောက်သီးသည် သေးငယ်ပြီး ရွှေဝါရောင်သန်းသည့် ဘယ်ရီသီးဖြစ်ပါသည်။ ဗောက်သီး၏ အရသာသည် ခရမ်းချဉ်သီးနှင့်အရသာဆင်ပြီး ခရမ်းချဉ်သီးထက် အချိုပိုကဲပါသည်။ ဗောက်သီးသည် ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့် အချိုပွဲများ၊ ကိတ်မုန့်၊ သကြားလုံးတွေနှင့် မုန့်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြသလို သွားရေစာအနေဖြင့် ဗောက်သီးကို အစိမ်းခြင်းမျိုးလည်းရှိပါသည်။ ဗောက်သီးတွင် ကယ်လိုရီပမာဏ နည်းပါးပြီး ဗီတာမင်နှင့် သတ္တုဓါတ်တွေလည်း ပါဝင်ပါသည်။

     ဗောက်သီးသည် ဈေးကွက်တွင် တစ်ပိဿာကို (၈၀၀၀) (၁၀၀၀၀)ဈေးထိရှိပြီး စိုက်ပျိုးရ လွယ်ကူသောကြောင့် ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်လာသည်နှင့်အညီ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှု များ သီးခြားစိုက်ပျိုးမှုများလည်းရှိပါသည်။  စိုက်ပျိုးသူ တောင်သူများအနေဖြင့် စီးပွားဖြစ် စိုက်ပျိုးနိုင်သည့် သီးနှံအဖြစ် စိုက်ပျိုးမည်ဆိုပါက တောင်သူများ ဝင်ငွေတိုးလာမည့် သီးနှံ တစ်ခုဖြစ်ပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့နယ်တွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် တဲကြီးကုန်း ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်အမှတ်(၁)၌ တဲကြီးကုန်းကျေးရွာမှ ကျေးရွာသူ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

              ရှေးဦးစွာစားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားခြင်းဖြင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိရေး စားသုံးသူပြည်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ရာ ကျေးရွာနေပြည်သူ ၇၉ ဦး တက်ရောက်ခဲ့ပါသည်။

              တစ်ချိန်တည်းတွင်ပင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ကျောင်းဆောင် အမှတ်(၂)၌ ကျောင်းသားကျောင်းသူများအား စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ် ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့် ကုန်စည်များဝယ်ယူစားသုံး/သုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့် သည့်အကြောင်းများကို ဟောပြောဆွေးနွေးရာ ကျောင်းသားကျောင်းသူ ၁၃၅ ဦး တက်ရောက်ခဲ့ပါ သည်။

              ဟောပြောပွဲအပြီးတွင် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံနှင့်  မြို့နယ်တာဝန်ခံတို့သည် ကျောင်းအုပ်ကြီးရုံးခန်း၌ ကျေးရွာအတွင်း မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဈေးကွက်အခြေအနေများကို ဆွေးနွေးပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရေး ၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်တွင်းစီးပွားရေးကဏ္ဍာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ Thursday Talk  အသိပညာပေးဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်တွင်းစီးပွားရေးကဏ္ဍာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များနှင့် စပ်လျဉ်း၍ ဝန်ထမ်းများအား“ပြည်တွင်းစီးပွားရေးကဏ္ဍာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများ ခေါင်းစဉ်” ဖြင့် Thursday Talk အသိပညာပေး ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း (၁၄) ဦးတက်ရောက်ခဲ့ပါသည်။

        အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမြင့်အောင် က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy – NES)၊ အမျိုးသားပို့ကုန်၏ အကျဉ်းချုပ်၊ ဦးစားပေးကဏ္ဍများ၊ ပို့ကုန်လုပ်ငန်းများဆောင်ရွက်မှု             အ‌ခြေအနေများ ၊ ပို့ကုန်ယှဉ်ပြိုင်မှု အတားအဆီးများ၊ ဦးစားပေးကဏ္ဍနှင့် ဆောင်ရွက်ရမည့်လုပ်ငန်း များ၊ မျှော်မှန်းချက်နှင့် ဦးတည်ချက်များ ၊ အမျိုးသားပို့ကုန်မဟာဗျုဟာ၏ ဦးတည်ရာပစ်မှတ်များ၊     အကောင်အထည်ဖော်ဆောင်ရွက်မှုများ စသည့်ဆောင်ရွက်သင့်သည့်အချက်များကို ရှင်းလင်းပြော ကြားခဲ့ကြောင်း၊ တက်ရောက်သည့် ဝန်ထမ်းများကလည်း သိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး နေ့လယ် (၁၁:၃၀)နာရီအချိန် တွင် Thursday Talkဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ ပြည်တွင်းစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားပြီး ပြည်တွင်းစီးပွားရေးကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ