Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၇.၁၂.၂၀၂၂ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ခရုံရွာ၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ မုဒုံမြို့နယ်၊ နိုင်းပလိုင်ကျေးရွာတို့တွင် လည်းကောင်း၊ ၈.၁၂.၂၀၂၂ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ လက်ပံကျေးရွာ၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် ဘိုကုန်းရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကား ကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

အ.မ.က (မုဒွန်းအနောက်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၇.၁၂.၂၀၂၂ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ် အ.မ.က (မုဒွန်းအနောက်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိထားကြည်မှ အဖွင့်အမှာစကားပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ အကြီးတန်းစာရေး ဒေါ်အိအိစမ်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အကြီးတန်းစာရေး ဒေါ်ထက်ထက်နွေဦးက ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား မွန်ဘာသာစကားဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁၃) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ (အထက) ခွဲကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (အထက)ခွဲ ကျောင်း၌ ၂.၁၂.၂၀၂၂ ရက်နေ့တွင် မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားအကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၆၂) ဦးတက်ရောက်ခဲ့ပြီး ဌာနမှ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)

မော်လမြိုင်မြို့နယ် အ.ထ.က (၁၀) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့် ပူးပေါင်း၍ ၆.၁၂.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ အ.ထ.က(၁၀) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသော လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများ၊ အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိစစ်ဆေးခဲ့ပြီး ဈေးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁)၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

မော်လမြိုင်မြို့ အ.ထ.က (၁၀) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၆.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မော်လမြိုင်မြို့ အ.ထ.က(၁၀) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းညွှန်မှ အဖွင့်အမှာစကား ပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အားဦးစွာရှင်းလင်းပြောကြားခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ စားသုံးသူများ ရသင့်ရထိုက်သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ မိမိတို့ဌာနအား တိုင်ကြားလာမှုအပေါ်ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ နစ်နာဆုံးရှုံး မှုများရှိပါက ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၄) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

မော်လမြိုင် အ.ထ.က (၄) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၆.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၃:၀၀) နာရီတွင် မော်လမြိုင်မြို့ အ.ထ.က (၄) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမှ အဖွင့်အမှာစကား ပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာကိစ္စရပ်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၁၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

မရင်းကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) သည် ၁၂.၁၂.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ မရင်းကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ စားသုံးသူအခွင့်အရေးများဖြစ်သောစားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုအပေါ်ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက် အလက်များပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့်ပြေစာ သို့မဟုတ် အထောက်အထားများရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊အခွင့်အရေးနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းစသဖြင့် အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူမျာအား စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(ကချင်)

သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

     ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ရောင်းချပေးလျက်ရှိရာ ( ၈-၁၂-၂၀၂၂ )ရက်နေ့တွင် ပျဥ်းမနားမြို့နယ်၊ ပျဥ်းမနားမြို့မဈေးနှင့် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူဈေးတို့၌ တစ်ပိဿာလျှင် (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

သံတွဲမြို့၊ အမှတ်(၂)ရပ်ကွက် မြို့မ အ.ထ.က(ခွဲ)စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး  ဟောပြောခြင်း

       ရခိုင်ပြည်နယ် ‌၊ စားသုံးသူရေးရာဦးစီးဌာန၊သံတွဲခရိုင်ဦးစီးမှူးရုံးမှ  ဦးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ သံတွဲမြို့၊အမှတ်(၂)ရပ်ကွက်၊အ.ထ.က(ခွဲ) မြို့မစာသင်ကျောင်း၌ (၈-၁၂-၂၀၂၂)ရက်နေ့ နေ့လယ် (၁:၃၀)နာရီမှ(၂:၃၀)နာရီထိ စားသုံးသူကာကွယ်ရေး ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန(FDA)မှ ဒေါ်ရတီဦး(ဒု-ကြီးကြပ်ရေးမှူး)က ဓါတုဆိုးဆေးနှင့်ဓါတုတာ ရှည်ခံများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲသောအစားအသောက်များအား သုံးစွဲမှုမပြုလုပ်ရန်နှင့် ၎င်းဌာနမှထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သော အစားအသောက်များအား ဝယ်ယူစားသုံးရန်မပြုလုပ်ရေးအား ရှင်းလင်းဟောပြောဆွေး‌နွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး  ဦးဝင်းနိုင်(ဦးစီးအရာရှိ)က စားသုံးသူရေးရာ ဦးစီးဌာန၏မျှော်မှန်းချက်(vision)၊ ရည်မှန်းချက်(Mission) တို့အားလည်းကောင်း၊ စားသုံးသူ များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူနစ်နာ ဆုံးရှံးမှုများနှင့် စပ်လျဉ်း၍ ကိစ္စရပ်များပေါ်ပေါက်လာပါက တိုင်ကြားနိုင်သည့်အခွင့်အရေးရှိသည့်အတွက် စားသုံးသူ သတင်းအချက်အလက်တိုင်ကြားရေးနှင့်  တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်ထားပါကြောင်းနှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတ များ၊အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိစေရေးအတွက် Websiteဖြစ်သည့်www.doca.gov.mm နှင့် doca Myanmar mobile applicationတွင်ဝင်ရောက် လေ့လာနိုင်ရေးနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအား အကျယ်တဝင့်  ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် နိုဝင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)၏ ဓာတ်ခွဲခန်းများမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း(၃၄)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၇)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၈၅) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၂၆၉) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား အင်ဒိုနီးရှား၊ တရုတ်နှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နှမ်းနက်(သိပ္ပံ)၊ နှမ်းနက်(ရိုးရိုး)၊ ပဲယင်း၊ စွန်တာနီ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ဆန်ဖြူ၊ ပဲပိစပ်အစာ၊ ဆန်ကွဲဖတ်၊ မုယောကြိတ်ဖတ်၊ ဖွဲနု၊ ဘီယာ အရည်၊ မြေပဲခွံမှုန်၊ ပေါင်းဆန်၊ ဆန်ကွဲနှင့် စပါးတို့၏ ဓာတု အရည်အသွေး၊ ရူပအရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၄၅) ခု၊  မှိုဆိပ်ဆိုင်ရာဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၂၀) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၄၀) ခု၊ သီးနှံ(ဓာတု)ဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၄၂)ခုနှင့် သီးနှံ(ရူပ)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၂၂)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၂၆၉) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DOCA(ITQM)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ