Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

GIအစပြု မှတ်တိုင်တစ်ခု

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ နှစ်စဉ်မိုးစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးမှုများပြီး အရည်အသွေးလည်းကောင်းသဖြင့် ရွှေဘိုပေါ်ဆန်း (G.I)ရရှိရေးအတွက် ပြင်သစ်နိုင်ငံ AFD(France Development Agency)၏ ထောက်ပံ့ကူညီမှုဖြင့် Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒေသဆိုင်ရာအညွှန်းများကို အသိအမှတ် ပြုခြင်းနှင့်မြှင့်တင်ခြင်းစီမံကိန်း)ကို GRET Myanmarအဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  ရွှေဘိုပေါ်ဆန်း(G.I) ရရှိရေးသည် မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သောစီမံကိန်းဖြစ်ပြီး  စီမံကိန်းဆောင်ရွက်မည့်ဒေသမှာ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်တည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ကန့်ဘလူခရိုင်၊ ဆည်ရေသောက်ဧရိယာများ တည်ရှိသည့် ကန့်ဘလူမြို့နယ် တို့ဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးသည့်အကျိုးဆောင် တောင်သူဦးကြီးများ၊ ကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းချသည့် ဆန်စက်၊ပွဲရုံ၊ ကုန်သည်လုပ်ငန်းရှင် များပါဝင်ဖွဲ့စည်းထားသည့် (ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း)နှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူ စေရန် Admin Officer (၁)ဦးနှင့် Extension Officer (၂)ဦးခန့်အပ်၍ လုပ်ငန်းများဆောင်ရွက်လျက် ရှိကြောင်းသိရှိရပါသည်။

      ယခုလက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်း (G.I)ရရှိရေးတွင် အဓိကအရေးပါသည့် ရွှေဘိုပေါ်ဆန်းအရည်အသွေးမှတ်တမ်း (BOS) Book Of Specificationsကို ၂၀၂၁ခုနှစ်တွင် Version-0၊ ၂၀၂၂ခုနှစ် မေလတွင် Version-1သို့ သတ်မှတ်နိုင်ခဲ့ပြီး Version-1မှ  Final Version ကိုလည်း ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် ရွှေဘိုမြို့ရှိ ရွှေဘိုဟိုတယ်ခန်းမတွင် ဆန်စက်ပိုင်/ ဆန်ကုန်သည် (၁၃)ဦး၊တောင်သူ (၄၇)ဦး၊ စုစုပေါင်း (၆၀)ဦးတို့ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ၍ အပြီးသတ် အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ပြီးGIရရှိရေး၏ အစပြု မှတ်တိုင် တစ်ခုအား စိုက်ထူ လိုက်နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

ကချင်ပြည်နယ်၊စားသုံးသူရေးရာဦစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)သည် ၉.၁၂.၂၀၂၂ ရက်နေ့ နံနက်၁၀:၀၀နာရီအချိန်တွင် ဗန်းမော်မြို့၊ မံခွန်ကျေးရွာရှိ ပိုက်ဝမ်းအခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/မများနှင့်ကျောင်းသား/သူများအား စားသုံးသူကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပာယ်ဖော်ပြချက်များမှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုူနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှသတ်မှတ်ဆောင်ရွက်ပေးသည့်မျှတမှု ရှိသောလုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်းရည်ရွယ်၍ဝယ်ယူခြင်း၊အသုံးပြုခြင်း၊ရယူခြင်း၊ ကုန်စည်ချေးငှား ခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား/သူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖတ်ရှုရမည်ဖြစ်ပြီး နမူနာပစ္စည်းများဖြင့် ခင်းကျင်းပြသကာ ရှင်းလင်းဟောပြောခဲ့ပါသည်။ထို့နောက်ဆရာ/မများနှင့်အတူကျောင်းမုန့်ဈေးဆိုင်များအား ဘေးအန္တရာယ်ရှိသည့် စားသောက်ကုန်များ‌ရောင်းချခြင်းရှိ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/မ(၁၃)ဦးနှင့် ကျောင်းသား/သူ (၁၅၃)ဦး၊ စုစုပေါင်း(၁၆၆)ဦး တက်ရောက်ခဲ့ပါသည်။
DOCA(ကချင်)

ချင်းပြည်နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ (Talk Show) ကျင်းပ

ချင်းပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးလှမိုးနိုင်(လ/ထညွှန်မှူး)နှင့် ဒေါ် ချောချောမူ(ဦးစီးမှူး)တို့သည် ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်တွင် ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြည်နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်(၃)ရပ်ကို ဦးစွာအကျယ်တဝင့်ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာ ဆောင်ပုဒ်မှာ “စားသုံးသူအခွင့်အရေးဦးစားပေး”ဖြစ်ကြောင်း၊၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း(၂၅)နှင့် ပုဒ်မ(၈၄)ခုပါရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁)၊ပုဒ်မ(၂)မှ အမည်နှင့် အဓိပ္ပာယ်ဖွင့် ဆိုချက်များ ၊ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပာယ်ကို ရှင်းလင်ဆွေးနွေးခြင်း၊ အခန်း(၉)မှ စားသုံးသူ ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ချင်း)

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ ခိုမ်ကမ်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ချင်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးလှမိုးနိုင်(လ/ထညွှန်မှူး)၊ တီးတိန် မြို့နယ်တာဝန်ခံ ဦးပြောင်ဒါးလ် (အကြီးတန်းစာရေး)တို့သည် ဒီဇင်ဘာလ ၁ ရက်နေ့၊ နံနက် ၁၀:၀၀ အချိန်တွင် ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးထန်ဂင့်ဆွမ်းက အဖွင့်အမှာစကားပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဆိုင်ရာ အချက်အလက်များနှင့် ဥပဒေပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြပါသည်။ “စားသုံးသူပြည်သူများကို မည်သို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည် နည်းနှင့် ဈေးကွက်စောင့်ကြည့်လေ့လာစစ်ဆေးရေးလုပ်ငန်းများ မည်သို့ဆောင်ရွက်မည်နည်း” ဆိုသည့် အချက်(၂)ချက်ကို အပြန်အလှန် ဆွေးနွေးတင်ပြခြင်း၊ ဆွေးနွေးဖော်ထုတ်ခြင်း ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲမှ ရလဒ်များအရ ရှေ့ဆက်ဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပြည်နယ်ဦးစီးမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီးနောက် နိဂုံးချုပ်အနေဖြင့် မြို့အုပ်ချုပ်ရေးမှူးမှ စားသုံးသူ ကာကွယ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန် အသင့်ရှိကြောင်းနှင့် ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ‌ဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင်(၅)ဦးပါဝင်ပြီး တက်ရောက်သူ အင်အား စုစုပေါင်း (၂၀)ဦး ပါဝင်ကြောင်း သိရသည်။

DOCA(ချင်း)

မွန်ပြည်နယ် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံပွဲသို့ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးတက်ရောက်

“မွန်ပြည်နယ်ရော်ဘာစိုက်တောင်သူများနှင့့်ဆုံပွဲ” အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇမ္ဗူကျော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး တက်ရောက်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မွန်ပြည်နယ်ရုံးမှ ဝန်ထမ်းများ၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ရော်ဘာစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၅၆) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး က စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူးက ရော်ဘာသုတေသနစစ်တမ်းရလဒ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ မေးမြန်းခြင်းများကို တာဝန်ရှိသူများက ဖြေကြားခဲ့ပါသည်။ ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက နိဂုံးချုပ်ပြောကြားခဲ့ပြီး အခမ်းအနားအား နေ့လယ် (၁၂:၃၀) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

ပေါင်မြို့နယ်၊ အထက(ခွဲ)ထန်းပင်ချောင် ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၇.၁၂.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ အထက (ခွဲ) ထန်းပင်ချောင် ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်သူဇာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ သိကောင်းစရာများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့်သော အစားအသောက်နှင့် အလှကုန်များအကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်း အရာများ၊ Consumer Call Center အကြောင်း၊ ဌာန၏ website အကြောင်းများ စသည်တို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၉၉) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

မြန်မာ့လက်မှုပညာနှင့် မွန်ရိုးရာအထည်ဆိုင်၏ လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်နှင့်ဝန်ထမ်းများသည် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ ဟိန်းကျော်ကြား မြန်မာ့လက်မှုပညာနှင့်မွန်ရိုးရာအထည်အမျိုးမျိုး အရောင်းဆိုင်သို့ သွားရောက်၍ ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဟိန်းကျော်ကြား မြန်မာ့လက်မှုပညာနှင့် မွန်ရိုးရာအထည်အမျိုးမျိုး အရောင်းဆိုင်သည် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၏ ရွာလွတ်ကျေးရွာတွင် တည်ရှိပြီး မြန်မာ့လက်မှုပညာနှင့်မွန်ရိုးရာအထည်အမျိုးမျိုးကို နေ့စဉ်ရောင်းချပေးနေသောအရောင်း ဆိုင်ဖြစ်ပါသည်။ ၎င်းဆိုင်အတွင်းရောင်းချမှုရှိသည့် ကုန်ပစ္စည်းများမှာ မွန်ဒေသထွက် ကုန်ကြမ်းများကို ပြုလုပ်မွမ်းမံ၍ မြန်မာ့လက်မှုပညာဖြင့် ဒေသထွက်ပစ္စည်းများအား ဆန်းသစ်တီထွင်ပြုလုပ်ထားပါသည်။ လှပဆန်းသစ်သော မြန်မာ့မှုပစ္စည်းအား အမျိုးအစား တစ်ရာကျော်ခန့်စုံလင်စွာဖန်တီး၍ပစ္စည်းအသေးဆုံးဆိုဒ်သော့ချိတ်၊ ဦးထုပ်၊ ကျောက်သင်ပုန်း၊ ကျန်းမာပစ္စည်းများမှစ၍ အကြီးဆုံးပန်းပုရုပ်ထု၊ဆင်းထုများနှင့် မွန်ရိုးရာအထည် များကိုလည်း Hand Made ပြုလုပ်၍ ပိုက်ဆံအိတ်အမျိုးမျိုးနှင့် မွန်လုံခြည်၊ မွန်ထမီများ အရောင်အဆင်းစုံလင်စွာကို တစ်နေရာတည်းမှာ ရောင်းချလျက်ရှိပါသည်။
ဟိန်းကျော်ကြား မြန်မာ့လက်မှုပညာနှင့် မွန်ရိုးရာအထည်အမျိုးမျိုး အရောင်းဆိုင်အတွင်း အနည်းဆုံး မြန်မာကျပ်ငွေ ၁၅၀၀ကျပ်တန် သော့ချိတ်မှစ၍ ပန်းပုရုပ် ၉၀၀၀၀၀ ကျပ်တန်ထိ အမျိုးအစားတစ်ခုစီ၏ ဈေးနှုန်းမှန်စွာ တစ်နေရာ တည်းရွေးချယ်ဝယ်ယူနိုင်ပါ သည် ရောင်းအားကောင်းမှုရှိသည့်အတွက် ယနေ့အချိန်အထိရောင်းချနိုင်သည်ဖြစ်ပါသည်။ လစဉ်နှစ်စဉ်အတွင်း ဒေသခံနှင့်မြန်မာနိုင်ငံအနှံမှခရီးသွားများ၊ နိုင်ငံခြားခရီးသွား ဧည့်သည့်တော်များမှ လေ့လာ၍ မြန်မာ့လက်မှုပညာများဖြင့်ပစ္စည်းများ ဝယ်ယူအားပေးမှု အများဆုံး ရောင်းချမှုရှိပါသည်ကို ဟိန်းကျော်ကြား မြန်မာ့လက်မှုပညာနှင့် မွန်ရိုးရာအထည်အမျိုးမျိုး အရောင်းဆိုင်ပိုင်ရှင်မရွှေဇင်ဦးမှ ပြောကြားခဲ့သည့်ကို သိရှိရပါသည်။
DOCA(မွန်)

ချောင်းဆုံမြို့နယ် အ.ထ.က (ရွာလွတ်) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့် ပူးပေါင်း၍ ၇.၁၂.၂၀၂၂ ရက်နေ့တွင် အ.ထ.က (ရွာလွတ်) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသော မြန်မာလက်လုပ်မုန့်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဘူးများ၊ အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ‌ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင်ဆိုင်ပိုင်ရှင်များအား စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်မုန့်များအား ရောင်းချခြင်းမပြုကြရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

အ.ထ.က (ရွာလွတ်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၇.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ် အ.ထ.က (ရွာလွတ်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမွန်စံမှ အဖွင့်အမှာစကားပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်ခင်ကြည်က မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အားဦးစွာရှင်းလင်းပြောကြားခြင်း၊ အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အငယ်တန်းစာရေး ဒေါ်အေးမြင့်မြတ်ထက်က ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်း ချက်များအပေါ် အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၃) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

မော်လမြိုင်ခရိုင် ဓာတ်မြေဩဇာအစားထိုးထုတ်ကုန် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းဖွဲ့စည်း

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ဓာတ်မြေဩဇာအစားထိုးထုတ်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အသင်းဖွဲ့စည်းခြင်း အစည်းအဝေးကို ၇.၁၂.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၁၆) ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် အသင်းအဖွဲ့များ အားကောင်းရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်သကဲ့သို့ တစ်ဖက်တွင်လည်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဓာတ်မြေဩဇာအစားထိုးထုတ်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း ကို ကြိုဆိုပါကြောင်း၊ ပြည်တွင်း၌ သဘာမြေဩဇာများ၊ ကွန်ပေါင်းမြေဩဇာများထုတ်လုပ်ခြင်းဖြင့် ပြည်ပမှ ဓာတ်မြေဩဇာတင်သွင်းမှုကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ဈေးကွက်ရှာဖွေချိတ်ဆက်မှုတွင် အခက်အခဲရှိလျှင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသော သဘာဝမြေဩဇာထုတ်လုပ်သည့်လုပ်ငန်းရှင်များက ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးတို့အား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး မော်လမြိုင်ခရိုင်၊ ဓာတ်မြေဩဇာအစားထိုးထုတ်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းကို အဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ