Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်းဘူးမြို့တွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်­သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၀.၉.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မင်းဘူးမြို့စည်ပင်သာယာဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါများ၊ တရားမဝင်ဆေးများ တင်သွင်းရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မင်းဘူးမြို့နယ်တာဝန်ခံမှ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှု့ရောင်းချရန်၊ တရားမဝင်ဆေးဝါးများကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမပြုရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

မင်းဘူးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အသိပညာပေးဆွေးနွေး

         မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၉.၉.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့ စည်ပင်ဈေးအတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်(၃)ဆိုင်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

       ခရိုင်ဦးစီးမှူး‌က မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသော ကုန်စည်အုပ်စု(၈)အုပ်စုတွင် ပါဝင်သော ကုန်စည်အုပ်စု(င) ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ထည့်သွင်းဖော်ပြထားသည့် ဆေးနှင့်ဆေးပစ္စည်းများအား ရောင်းချစေရေးနှင့် သက်တမ်းလွန်ဆေးများ ရောင်းချမှုမရှိစေရေး အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ဆန်တင်ပို့မှု အခြေအနေ

     ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား ဆန်လိုတိုင်းဒေသဖြစ်သော ရန်ကုန်သို့ ကုန်းလမ်း၊ ရေလမ်း (၂) သွယ်ဖြင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိပါသည်။ ဖျာပုံခရိုင်အတွင်းမှ စက်တင်ဘာလ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိ ရန်ကုန်သို့ တင်ပို့သော ပေါ်ဆန်းဆန်အိတ်ရေမှာ (၄၄၄၅၃) အိတ်၊ ဧည့်မထဆန်အိတ်ရေမှာ (၅၉၆၃၉) အိတ်၊ စုစုပေါင်းအိတ်ရေ (၁၀၄၀၉၂)အိတ် တင်ပို့ခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့တင်ပို့ရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ၏ ရည်ညွှန်းသတ်မှတ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်သတင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှ တဆင့် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာအကြောင်း Talk Show အသိပညာပေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် တာဝန်ခံရှိမှ ၊ ဦးအောင်ကျော်သက် (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့၊ နေ့လယ်(၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

     ဆွေးနွေးပွဲတွင်  အသိပညာပေး Talk Show မှတဆင့် စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည်နှင့် ဝန်ဆောင်မှု များကို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုသည်။ (အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ ထုတ်ပြန်ထားသည့်ကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအချက်ကိုလည်းကောင်း၊ အွန်လိုင်းမှ ဝယ်ယူရခြင်း၏ အားသာချက်ဖြစ်သည့် အချိန်ကုန်သက်သာ၍ အိမ်အရောင်းစနစ်ဖြင့်ဝယ်ယူ ရခြင်း၊ မိမိလိုချင်သော ကုန်စည်များကို အင်တာနက်ပေါ်တွင် ရှာဖွေဝယ်ယူရခြင်းတို့ဖြစ်ကြောင်း၊ အားနည်းချက်အနေဖြင့် ပို့ဆောင်ခ ပိုမိုကုန်ကျခြင်း၊ ပစ္စည်းလဲလှယ်ရန် အခက်အခဲများရှိခြင်း၊ မရိုးဖြောင့်သော၊ တရားမဝင်သောအွန်လိုင်းဆိုင်များ၏ လိမ်လည်မှု ခံရနိုင်ခြင်း၊ အွန်လိုင်းမှ ဝယ်ယူရာတွင် လိမ်လည်မှု ပုံစံ ၂မျိုးရှိကြောင်း၊ စားသုံးများသိရှိနိုင်ရန် အကျယ်တဝင့် ရှင်လင်းဆွေးနွေးပြီး စားသုံးသူများအနေဖြင့် ကုန်စည်/ ဝန်ဆောင်မှုများကို ဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့်  (www.doca.gov.mm) တွင်လည်းကောင်း၊ ဦးစီးမှူးရုံးများ၏ CICC များနှင့် ၊Facebook Pages၊ DOCA Myanmar Mobile Application တို့တွင်လည်းကောင်း ၊Consumer Call Center Hotline – 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အတွင်းရှိ အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၀.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် အိမ်မဲမြို့ပေါ်ရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်နေသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း၊ တိုင်းရင်းဆေးများ ရောင်းချရာတွင် ကုန်အမှတ်တံဆိပ် ၊ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် ၊ အသားတင်ပါဝင်မှု ၊ ထားသိုရမည့်နေရာ ၊ သုံးစွဲပုံအညွန်း ၊ ကြိုတင်သတိပေးချက်နှင့် ဘေးထွက်ဆိုးကျိုးများ ဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းနှင့် ဈေးနှုန်းမြင့်တင်၍ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ၊  မြောင်းမြခရိုင်ဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ပြည်သူ့ကျန်းမာ၊တိုင်းရင်းဆေးအဖွဲ့ နှင့် ပူးပေါင်း၍ (၁၀.၉.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် မြို့ပေါ်ရှိဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှုးမှ မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်  ပိုင်ရှင်များအား မေးမြန်းခဲ့ရာ ဆေးများကို ရန်ကုန်ကုမ္ပဏီများမှာ ဝယ်ယူရရှိပြီး ယခင်ထက် (၅)ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသူများအနေဖြင့်  ဆေးဝါးပြတ်လပ်မှုမရှိဘဲ မိမိတို့လိုအပ်သောဆေးများကို အခက်အခဲမရှိဝယ်ယူရရှိနေကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ  စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြို့မဈေးရှိ စားသုံးဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၁.၉.၂၀၂၄)ရက်နေ့ ၊နေ့လယ်(၁၄:၃၀)နာရီက မြို့မဈေးရှိ စားသုံးဆီရောင်းချနေသောဆိုင်များတွင် သတ်မှတ်ဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  ဝါးခယ်မမြို့နယ်တာဝန်ခံမှ မြို့မဈေးရှိ ခွဲတမ်းရရှိသော  စားအုန်းဆီများကို လက်လီ/လက္ကား ရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး  စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆိုင်များ အနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းအထကကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၁.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီက ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်း အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျုး ပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း (၃၉၁)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ပေါက်ခေါင်းမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိ ဝန်ထမ်းများသည်  (၆-၉-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပေါက်ခေါင်းမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့သွားရောက်ကာ ကွင်းဆင်း စစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကိုရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်း စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ထန်းတပင်မြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၄-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ထန်းတပင်မြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်၊ ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်နှင့် ဈေးနှုန်းများကို အများပြည်သူများမြင်သာသောနေရာများတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချရန်၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ