Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စည်ပင်သာယာဈေးများတွင် သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

     ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို (၂၅-၁၁-၂၀၂၂)ရက်နေ့တွင် ပျဉ်မနားမြို့နယ်၊ အာဟာရသုခဈေးတွင် လည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဈေးနှင့် ပြည်စံအောင်ဈေးတို့တွင်လည်းကောင်း၊ ပုဗ္ဗသီရိ မြို့နယ်၊ ပုဗ္ဗသီရိဈေးတွင်လည်းကောင်း၊ စုစုပေါင်း စည်ပင်သာယာဈေး (၄)ဈေးတွင် တစ်ပိဿာလျှင် (၅၃၀၀)ကျပ်နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

      မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော “ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ”ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် နံနက် ၈ နာရီခွဲ အချိန်တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရော်ဘာလုပ်ငန်းရှင်များ စုစုပေါင်း(၃၀) ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မှ လမ်းညွှန်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ (Online) ဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စာတမ်းရှင်(၆)ဦးမှ တစ်ဦးချင်းစီအလိုက် စာတမ်းဖတ်ကြားခြင်း၊ တက်ရောက်လာသူများမှ အဖွဲ့လိုက် ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေးအတွက် အချက်အလက်များ ဆွေးနွေးဖော်ထုတ်ခြင်း၊ အဖွဲ့လိုက် ကိုယ်စားလှယ်တစ်ဦးမှ အချက်အလက်များအား ဆွေးနွေးတင်ပြခြင်း၊ ဆွေးနွေးပွဲတွင် ရရှိလာသောရလဒ်များမှ လုပ်ငန်းရှင်များ၏ ရင်ဆိုင်နေရသောအခက်အခဲတစ်ခုချင်းစီကို ပြည်နယ်ဝန်ကြီးချုပ်မှ ပြန်လည်ဖြေကြားပေးပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ(၄)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)

စည်ပင်သာယာဈေးများတွင် သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

        (၂၄-၁၁-၂၀၂၂)ရက်နေ့၌ ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ပျဉ်မနားမြို့နယ်၊ ယုဇနဈေးတွင် လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးတွင်လည်းကောင်း၊ လယ်ဝေးမြို့နယ်၊ လယ်ဝေးဈေးတွင်လည်း ကောင်း၊ စုစုပေါင်း စည်ပင်သာယာဈေး (၃)ဈေးတွင် တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

“မြဘုရင်နို့ချက်လုပ်ငန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ကျောက်ဆည် မြို့၊ရဲစုရပ်ရှိ မြဘုရင်နို့ချက်လုပ်ငန်းအား သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင်စက်ရုံ၏ ကုန်ကြမ်းရရှိမှု၊ထုပ်လုပ်မှုနှင့် စျေးကွက်အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသောအခက် အခဲများအား မေးမြန်းလေ့လာခဲ့ပြီးနောက် ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာန စစ်ဆေးရေးအရာရှိ ဦးဇော်မင်းလတ်က စက်ရုံအတွင်းရှိ ကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေအား ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်ပြဌာန်း ခဲ့ပါကြောင်း၊ ၄င်းဥပဒေတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ နှင့် အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ၌ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တစ်ခုကို ထုတ်လုပ်ရာတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား ၊ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ် ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ပါဝင်သောကုန်ကြမ်းပစ္စည်းများ၏ အမျိုးအမည်နှင့်ပမာဏ ၊ ပါဝင်မှုအချိုးအစား ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးသို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များအား ထည့်သွင်းဖော်ပြရန် ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ကျောက်ဆည်မြို့၌ စားသုံးဆီရောင်းချနေမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည်(၂၅-၁၁-၂၀၂၂)ရက်နေ့တွင် အေးမြကြည်လင်စျေး နှင့် မြို့မစျေးတို့ရှိ နေလသုခ ဆီဆိုင်တွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးမှ မိမိတို့ဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီများသုံးစွဲနိုင်ရေး ၊ စားသုံးသူပြည်သူများလက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာ ရောက်ရှိရေး၊ပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး ၊ စျေးနှုန်း တည်ငြိမ်စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြီးကြပ်ထိန်းကျောင်းလျက်ရှိကြောင်း ၊ ဝယ်ယူခွင့် ရရှိသည့် ကုန်သည်များအနေဖြင့် စားသုံးဆီများကို ရန်ကုန်အထိုင်စျေး ၊ ရည်ညွှန်းလက်ကား စျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထက်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက် မပိုသောစျေးနှုန်းဖြင့်ရောင်းချရမည်ဖြစ်ပြီး စျေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့်  ရောင်းချစေရေး ၊ စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးအတွက် ကွင်းဆင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ စားသုံးသူပြည်သူများသို့ စားအုန်းဆီ(၁) ပိဿာလျှင် (၄၆၀၀/-)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

တောင်ကုတ်မြို့ပေါ်ရှိ မုန့်တီဖတ်(မုန့်ဖတ်)လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

      ရခိုင်ပြည်နယ် ‌ တောင်ကုတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ)သည် (၂၄-၁၁-၂၀၂၂)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် တောင်ကုတ်မြို့ပေါ်ရှိ မုန့်တီဖတ်(မုန့်ဖတ်)ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား သွားရောက် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ကုတ်ခရိုင်ဦးစီးမှူးမှ  ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၅)၊ပုဒ်မ၂၈အရကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုရရှိစေရေးနှင့်  ပတ်သက်၍လည်းကောင်း ၊ စားသုံးသူ ဘေးဉပါဒ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မုန့်ဖတ်လုပ်ငန်းဆောင်ရွက်ရာတွင် သန့်ရှင်းသန့်ရပ်မှု ရှိ/မရှိ စစ်ဆေးခြင်း ၊မုန့်တီဖတ်(မုန့်ဖတ်)များမှာ အသင့်စားအစားအစာ ဖြစ်၍ သန့်ရှင်းမှုရှိစေရေး၊ မုန့်ဖတ်ထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းစွာ ထုတ်လုပ်စေရေးနှင့် မုန့်တီဖတ်(မုန့်ဖတ်) ထုတ်လုပ်ရာတွင် တာရှည်ခံဆေး(Formalin) လုံးဝ သုံးစွဲမှုမပြုလုပ်စေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယုမြို့ အခြေအနေ

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့လေးသည် တောင်များဝိုင်းရံလျက်ရှိပြီး အေးချမ်းသောမြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။ မိုင်းယုမြို့၊ ရပ်ကွက်(၁)တွင် အိမ်ခြေ(၁၉၁)အိမ်၊ အိမ်ထောင်စု(၁၉၀)စုရှိပြီး ကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာ(၁၅)ရွာဖြင့် ဖွဲ့စည်းထားသော မြို့လေး ဖြစ်သည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့မှစ၍ မြန်မာ့စိုက်ပျိုးရေးဌာနကို စတင်ဖွင့်လှစ် ခဲ့ပြီးနောက် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဌာန၊ ပြည်သူ့ဆေးရုံ၊ မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်း ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက် နှင့်ကြေးနန်း)ရုံး စသည်တို့ကို အသီးသီးဖွင့်လှစ်ခဲ့ပါသည်။

          ၂၀၀၂ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ဝမ်ဒေါင်လုံး၊ ဝမ်ဒေါင်နေ၊ ဝမ်ဖေါ့၊ ဝမ်နားဟွေ့ကျေးရွာ (၄)ရွာနှင့် မြို့မရပ်ကွက်တို့ကိုစုစည်းကာ မိုင်းယုမြို့ နယ်ခွဲဖွင့်ပွဲပြုလုပ်ခဲ့ပါသည်။ ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်မြေစာရင်းဦးစီးဌာနစသည့် ဌာနဆိုင်ရာရုံးများအား အသီးသီးဖွင့်လှစ်လာနိုင်ခဲ့ပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများမှာ တစ်စတစ်စ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

          မိုင်းယုမြို့သည် အရှေ့လောင်ဂျီတွဒ် ၁၀၀ဒီဂရီ ၃၂မိနစ်မှ ၁၀၀ဒီဂရီ ၃၃မိနစ်အတွင်း၊ မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၂၉မိနစ်မှ ၂၁ဒီဂရီ ၃၀မိနစ် အတွင်းတည်ရှိပြီး အကျယ်အဝန်းမှာ (၁၁၂၀.၉၃၈)စတုရန်းမိုင်ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့ (၄၆)မိုင်ကျယ်ဝန်းပြီး တောင်မှ မြောက်သို့ (၁၉)မိုင်ကျယ်ဝန်းပါသည်။ မိုင်းယုမြို့သည် အရှေ့ဘက်တွင် လောနိုင်ငံ၊ အနောက်ဘက် တွင် ကျိုင်းတုံမြို့နယ်၊ တောင်ဘက်တွင် မိုင်းယောင်းမြို့နယ်နှင့်တာချီလိတ်မြို့နယ်၊ မြောက်ဘက် တွင် တရုတ်နိုင်ငံတို့တည်ရှိပါသည်။

      မိုင်းယုမြို့သည် တောင်ကုန်းတောင်တန်းများ ပေါများ၍ ညီညာပြန့်ပြူးသောလွင်ပြင် အနည်းငယ်သာရှိပြီး အလျားရှည်၍ အနံကျဉ်းမြောင်းပါသည်။ မိုင်းယုမြို့တွင် မြောက်မှတောင်သို့ စီးဆင်းသော နမ့်လွေချောင်းနှင့် အနောက်မှအရှေ့သို့စီးဆင်းနေသော နမ့်ဖွန်ချောင်းတို့တည်ရှိသည်။ ထင်ရှားသောချောင်းမှာ နမ့်လွေချောင်းဖြစ်ပြီး မြို့၏ဘေးမှတစ်ဆင့် မြောက်မှတောင်သို့ စီးဆင်း နေပါသည်။ မိုင်းယုမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့် (၁၈၇၅)ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ဒွန်းခရာတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် (၅၃၈၅)ပေ ဖြစ်ကာ မြို့၏အနိမ့်ဆုံးအရပ်ဒေသမှာ မိုင်းလွေကျေးရွာ ဖြစ်သည်။

        မိုင်းယုမြို့သည် အပူအအေးမျှတစိုစွတ်ပြီး အေးသမပိုင်းရာသီဉတုဖြစ်သည်။ တောင်ပေါ်နှင့် မြေပြန့်များတွင် အလေ့ကျပေါက်ရောက်သော အပင်များမှာ ဒေသအခေါ်အဝေါ် မိုက်ကော်၊ စကားဝါပင်၊ ဆိတ်နံကြီး၊ အုံတုံ၊ သစ်ချပင်၊ သစ်တည်၊ သစ်အယ်ပင်နှင့် ထင်းရှူးပင်များဖြစ်ပြီး ကျေးရွာများမှ မိမိတို့အိမ်သုံးလောင်စာအဖြစ် အသုံးပြုသည့် မယ်ဇလီပင်များကိုလည်း တွေ့ရပေ မည်။ မိုင်းယုမြို့ပေါ်နှင့် နယ်တစ်ဝိုက်တွင် နေထိုင်ကြသော ဒေသခံပြည်သူများမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကိုသာ ကိုးကွယ်ကြပါသည်။ မှီတင်းနေထိုင်သော လူမျိုးများမှာ ဗမာ၊ ရှမ်းနှင့် အာခါလူမျိုးအများစု နေထိုင်ကြပြီး မွန်နှင့်ချင်းလူမျိုး အနည်းငယ် နေထိုင်ကြပါသည်။

      မိုင်းယောင်းမှမိုင်းယု ကားလမ်းမအရှည် (၁၈)မိုင်ရှိပြီး ယခင်က မြေသားလမ်းဖြစ်၍ မိုးတွင်း အခါ လမ်းများပျက်စီးပြီး အများပြည်သူသွားလာရန် ခက်ခက်ခဲခဲ ညအိပ်သွားခဲ့ရပါသည်။ ယခုအခါ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ စက်များဖြင့် လမ်းများချဲ့ထွင်ခြင်း၊ ကျောက်များ ခင်းခြင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်းတို့ကြောင့် နေ့ခြင်းအသွားအပြန်သွားလာနိုင်ပြီး ယင်းထက် ပိုမိုသွားလာမှု မြန်ဆန်စေရန်လည်း ကတ္တရာလမ်းအား ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

       မိုင်းယုမြို့ပေါ်နှင့်ကျေးရွာများမှာ ယခင်က ဆန်စပါးကိုသာ အဓိကအားထားစိုက်ပျိုးပြီး ဆောင်းသီးနှံအဖြစ် အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ကြံ၊ ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ၊ အုန်း၊ ငှက်ပျော၊ အခြားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုပါ အနည်းငယ်စိုက်ပျိုးလေ့ရှိပါသည်။ ယခုအခါ ငှက်ပျောနှင့်ရော်ဘာကိုသာ စီးပွားဖြစ် အဓိကစိုက်ပျိုးကြသည်။ ထွက်ရှိသည့် ငှက်ပျောနှင့် ရော်ဘာများကို ယခင်က အခွန်ဆောင်၍ နမ့်လွေချောင်း ကျိန်းယဲန်းတံတားကိုဖြတ်၍ အထူးဒေသ(၄) မိုင်းလားသို့ ရောင်းချရကြောင်းသိရှိရပါသည်။ (၁၉.၇.၂၀၂၁)ရက်နေ့မှစ၍ မိုင်းယု ကျိန်းယဲန်းတံတား ကို ကိုဗစ်ရောဂါကြောင့် ယနေ့ထိ ရက်အကန့်အသတ်မရှိ (ယာယီ)ပိတ်ထားသည့်အတွက် ရော်ဘာ များကို မိုင်းယု၊ မိုင်းယောင်းဒေသ၊ ကျိုင်းလပ်ဒေသ ကုန်သည်များမှ ကြိုက်ရောင်းကြိုက်ဝယ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ဒေသထွက်ငှက်ပျောမှာ ထွက်ရှိမှုမရှိသေးကြောင်း သိရှိရပါသည်။

          မိုင်းယုတွင် ယခင်က ကျွဲ၊ နွား၊ မြင်း၊ ဝက်၊ ဘဲ၊ ငါးတို့ကို တပိုင်တနိုင် မွေးမြူကြပြီး စီးပွားဖြစ် မွေးမြူခြင်းမရှိကြောင်း သိရှိရပါသည်။ ကျွဲများကို လယ်ယာသုံးလုပ်ငန်းခွင်၌အသုံးပြုကြပြီး နွားများ ကို အလှူပွဲနှင့်စားသောက်ရန်အတွက်သာ မွေးမြူထားခြင်းဖြစ်ပါသည်။ လက်ရှိကာလတွင် အလှူပွဲ နှင့်စားသောက်ရန်အတွက်သာမကဘဲ စီးပွားဖြစ်တစ်ဦးတစ်လေ နွားများကို တပိုင်တနိုင် မွေးမြူ လာကြကြောင်း သိရှိရပါသည်။ မိုင်းယုမြို့၏အနောက်ဖက် ဝမ်တာကြန့်ကျေးရွာအနီးတွင် ရွှေအနည်း ငယ် ထွက်သည်ဟု သိရှိရပါသည်။

       သို့ဖြစ်ပါ၍ မိုင်းယုမြို့ရှိ ဒေသခံကျေးလက်တောင်သူများအနေဖြင့် သဘာဝကပေးသော နွေ၊ မိုး၊ ဆောင်း ရာသီကောင်းမွန်ခြင်းကြောင့် ဘိုးဘွား၊ မိဘများ၏ လက်ငုတ်လုပ်ငန်း ဖြစ်သည့် လယ်ယာစိုက်ပျိုးသည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိကြပြီး ရေရှည်၌ ဖွံ့ဖြိုးတိုးတက်လာမည့် မြို့ငယ်လေးတစ်မြို့ဖြစ်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (ရှမ်း)

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ TALK SHOW  ပြုလုပ်

       စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းတင်သည် နိုဝင်ဘာလ(၂၁)နေ့ စားသုံးသူ ကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများ TALK SHOW  ပြုလုပ်ခဲ့ပါသည်။

      ဆွေးနွေးပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်မှာ “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းပြီး၊ ရည်မှန်းချက် (၃)ရပ်ရှိပြီး စားသုံးသူကာကွယ်ရေး လုပ်ငန်း များ ဆောင်ရွက်နေပါကြောင်း၊ စားသုံးသူရေးရာဆောင်ပုဒ်မှာ “စားသုံးသူအခွင့်အရေးဦးစား‌ပေး” ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉) ဖြင့်ပြဌာန်းခဲ့ရာ အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းထား၏ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့က စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၂) ဖြင့် ပြဌာန်းခဲ့ရာ အခန်း (၁၆) ခန်းနှင့်ပုဒ်မ (၁၂၆) ခုပါရှိ ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁) ပုဒ်မ(၂) ၌ အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်ကို သတ်မှတ်ပြဌာန်းထားရာ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူ  ကာကွယ်ရေး၏အဓိပ္ပာယ်၊ ကုန်စည်၏ အဓိပ္ပာယ်နှင့် ဝန်ဆောင်မှု၏အဓိပ္ပာယ်တို့ကို ရှင်းလင်း ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) တွင် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များပြဌာန်းထားပြီး စားသုံးသူများ၏အခွင့်အရေး(၈)ချက်အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးအခန်း (၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းရှင်းလင်းဆွေးနွေးပြီး၊ ပုဒ်မ (၄၃) အရ စီးပွားရေးလုပ်ငန်းရှင်းများသည် ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

       စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ညွှန်းအမှတ်အသားဖော်ပြရာ၌ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို ဥပဒေပါသတ်မှတ်ချက်များအတိုင်းတိကျစွာ လိုက်နာဆောင်ရွက်ရမည် ဖြစ်သလို၊ စားသုံးသူများအနေဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဝယ်ယူသည့်အခါ ကုန်စည်များပေါ်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားကို ဖတ်ရှုလေ့လာသုံးသပ်ပြီးမှ ဝယ်ယူသည့်အလေ့အကျင့်ပြုလုပ်သင့်ပါကြောင်း၊ အနည်းဆုံး ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့် ရက်စွဲတို့ကို ကြည့်ရှုပြီးဝယ်ယူသင့်ပါကြောင်း စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း (၀၇၁-၂၁၁၇၉၊ ၀၉-၄၅၂၀၈၀၅၀၀) ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535 ၊ Website-www.doca.gov.mm နှင့် Facebook page များတွင် တိုင်းကြားနိုင် ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

သရက်မြို့ပေါ်ရှိ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ သရက်မြို့နယ်ရှိ ဈေးကွက်များ၌ ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ (၂၅.၁၁.၂၀၂၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် သရက်မြို့နယ်တာဝန်ခံသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည့်သူဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ဌာနဆိုင်ရာအဖွဲ့စုံဖြင့်ပူးပေါင်း၍ သရက်မြို့ပေါ်ရှိရပ်ကွက်များ၌ ရောင်းချနေသော ကုန်စည်များတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် စားသောက်ကုန်များ ရောင်းချမှုရှိ/မရှိနှင့် ဌာန၏ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှုူ ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး၊ သရက်မြို့နယ် တာဝန်ခံဦးအုန်းမြင့်မှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်းအညွှန်းအမှတ်အသား‌ ဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု (၈)အုပ်စုတွင် ပါဝင်သောအချက်များ ပြည့်စုံမှန်ကန်စွာပါရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)ပါအချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်‌ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA (မကွေး)

ကလေးဝမြို့၊ ကမ်းနားဆိပ်ကမ်းရှိ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

        ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့၊ ကမ်းနားဆိပ်ကမ်းရှိ ဈေးဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

            ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် လူအများစုအသုံးပြုသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို အဓိကရည်ရွယ်ချက်ထား စစ်ဆေးနေခြင်းဖြစ်ပါသည်။

             သွားရောက်စစ်ဆေးရာတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိပြီး  နိုဝင်ဘာလအတွင်း ဒုတိယအကြိမ်အနေဖြင့် အချိုရည်များကို အဓိကထား၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ