Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ (၁.၆.၂၀၂၃)ရက်နေ့တွင် ၂၀၂၃ခုနှစ်၊ မိုးရာသီစိုက်စရိတ်ချေးငွေလာရောက်ထုတ်ယူသောမြင်စိုင်းကျေးရွာ၊ ကိုးပင်ကျေးရွာနှင့်ထန်းပင်စမ်းကျေးရွာများမှ တောင်သူ(၂၀၀)ဦးအားလည်းကောင်း၊ (၆.၆.၂၀၂၃) ရက်နေ့တွင် လယ်ယားကျေးရွာအုပ်စုမှ လယ်ယား(တောင်/မြောက်)ကျေးရွာ၊ တောင်ယာတောကျေးရွာ၊ ပေါက်တောကျေးရွာ၊ မကျီးတန်း(အနောက်/အရှေ့)ကျေးရွာများမှ တောင်သူ(၂၀၀)ဦးအားလည်းကောင်း စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း က စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်ပေါက်လာပုံ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိ နိုင်မည့်အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များ၊ ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားပုံနည်းလမ်းနှင့်အလွယ်တကူခေါ်ဆိုတိုင်ကြားသော Consumer Call နံပါတ် 1535 တို့အား ကျေးလက်ဒေသနေတောင်သူများ သိရှိနိုင်အောင်အသေး စိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ယူသော တောင်သူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

         

တောင်တွင်းကြီးမြို့၊ အမှတ်(၈၈)၊ မောင်းတိုင်(၂) ထူပါရုံ မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ အမှတ်(၈၈)၊ မောင်းတိုင်(၂) ထူပါရုံ မူလတန်းလွန်ကျောင်း၌ (၁၉.၃.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့ ကျရောက်မည့် “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” ဆိုင်ရာဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးက စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသော သုံးစွဲရန်မသင့် အလှကုန်များနှင့် စားသုံးရန်မသင့် ထုတ်ပြန်ထားသော အစားအစာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇွန်(၂၆)ရက်တွင် ကျ‌ရောက်မည့် “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ” သိကောင်းစရာများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်တွင် စားသုံးသူဘေးအန္တရာယ် ကင်းရှင်စေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ (၁၆.၆.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန် တွင် ချောက်မြို့မစျေးအတွင်းရှိ စားသောက်ကုန် အရောင်းဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန( FDA)မှ စားသုံးရန်မသင့် တားမြစ်ထားသော စားသောက်ကုန်များ စျေးကွက်အတွင်း ရောင်းချမှုရှိ/မရှိနှင့် ဌာန၏ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ် တာဝန်ခံဒေါ်မြတ်မြတ်မိုးမှ မြို့မစျေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များအား (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ(၄၁)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်အညီ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရေး၊ တားမြစ်ထားသော စားသောက်ကုန်များ စျေးကွက်အတွင်း ရောင်းချမှုမရှိစေရေး၊ ဌာနမှ ထုတ်ပြန်ထားသော ဥပဒေအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး စျေးကွက်အတွင်းဝယ်ယူသုံးစွဲနေကြသော စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦး‌ဝေဠုအောင်၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် (၁၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင် (၃) ဆိုင်သို့သွားရောက်၍ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စက်သုံးဆီရောင်းချလျက်ရှိသော တောင်ဇလပ်၊  Petro Top၊ New Day  ဆီဆိုင်များသို့ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိစေရန်အတွက် LED Board များတွင်ဖော်ပြပေးရန်၊ နေ့စဉ် ရောင်းချနေသောဈေးနှုန်းများကိုလည်းဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်ဆီ၊ ချောဆီများတင်သွင်းရောင်းချခြင်းမပြုစေရေး၊ ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားစေရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များအား မြန်မာဘာသာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ ၊နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ ဇွန်စတိုးဆိုင်နှင့် Shin Shin  Mart ဆိုင်များကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိကို   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူပြည်သူအများအတွက်  ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြခြင်း ရှိ/ မရှိကို ဈေးကွက် စောင့်ကြည့်ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်စုံဆိုင်၊ စတိုးဆိုင် (၂) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

“မိတ္ထီလာခရိုင်အတွင်းရှိ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စေ‌ရေး တပ်ဆင်ကူညီပေး’’

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးခန်း၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်တွင် ထုတ်လုပ်တင်သွင်း ရောင်းချနေသော “ရွှေမေတ္တာ” အာလူးကြော်နှင့်အကြော်စုံလုပ်ငန်းပိုင်ရှင် ဒေါ်ခိုင်ခိုင်မာမှ မိတ္ထီလာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် လာရောက်တွေ့ဆုံ၍ ၎င်း၏ “ရွှေမေတ္တာ” အာလူးကြော်နှင့်အကြော်စုံ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်နိုင်ရန်လာရောက် ဆွေးနွေးခဲ့ပြီး “ရွှေမေတ္တာ” အာလူးကြော်နှင့်အကြော်စုံလုပ်ငန်းမှ ထုတ်လုပ်သော စာကလေးခွေကြော်(အစပ်)၊ အာလူးကြော်(အချို) ၊ အာလူးကြော်(အစပ်) အမှတ်တံဆိပ်ပေါ်၌ ဖော်ပြမည့်အမှတ်တံဆိပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ပြန်လည်ပြင်ဆင်၍ လာရောက်လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရေသန့်အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် FDA၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၁၆.၆.၂၀၂၃ ရက်နေ့တွင် ရေသန့်အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော King Myanmar၊ GQ အမှတ်တံဆိပ်ပါရေသန့်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွန်းအမှတ်အသား ဖော်ပြချက်များစစ်ဆေးရာတွင် ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိ ရပြီးနောက် ဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေပါ (၂၀၁၉) ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ဘီးလင်းမြို့တွင်းရှိ ဆေးဝါးစတိုးဆိုင်များတွင် ဆေးဆိုင်လိုင်စင် ကုန်ဆုံးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် ၂၁.၆.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးရဲထက်ဖြိုး (ကျန်းမာရေးမှူး)၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ဘီးလင်းမြို့နယ်ရှိ ဆေးဝါးလုပ်ငန်းရောင်းချလျက်ရှိသော ဆေးဆိုင် (၇) ဆိုင်အား ဆေးဆိုင်လိုင်စင်သက်တမ်း ကုန်ဆုံးခြင်း ရှိ/မရှိတို့ကို ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးဆိုင်လိုင်စင်သက်တမ်း ကုန်ဆုံးခြင်း မရှိကြောင်းနှင့် သက်တမ်းတိုးပျက်ကွက်မှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၊ အမှတ်(၁)ဈေး၌ စားဆီနှင့် ကလေးအာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၁၆.၆.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ အမှတ် (၁) ဈေး၌ စားဆီနှင့် ကလေးအာဟာရ ဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်(၁)ဈေးအတွင်း ရောင်းချနေသော စားဆီနှင့် ကလေးအာဟာရဖြည့်စွက်များမှာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါရှိမှု ရှိ/မရှိတို့ကို စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်များအား  ကုန်အညွှန်းအမှတ်အသားဖော်ပြမှုမရှိသော ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်မရှိသော စားဆီနှင့် ကလေးအာဟာရဖြည့်စွက်စာများ ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ အသေးစိတ်ပါရှိရမည့်အချက်များ ဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၉.၆.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

  ထိုသို့ စစ်ဆေးရာတွင် ရောင်းချလျက်ရှိသော စက်သုံးဆီတို့၏ အရည်အသွေး၊ အချိန်အတွယ်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ မိမိတို့ရောင်းချသော ကုန်စည်နှင့်ပတ်သက်၍ သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာသိရှိနိုင်ရေးအတွက် ပြည့်စုံမှန်ကန်စွာ သတင်းဖြန့်ဝေပေးရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသော စက်သုံးဆီများကို ရောင်းချကြရန်၊ အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီများကိုလည်း စည်းကမ်းချက်များနှင့်အညီ မှန်ကန်စွာရောင်းချကြရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ