နေပြည်တော် (၂၃-၆-၂၀၂၃)
သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) အကောင်အထည်ဖော်ဆောင်ရွက်ရေးအလုပ်ရုံ ဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) နေပြည်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက် နေ့မှ ၇ ရက်နေ့အထိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ မှ မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖော်ထုတ်ချက် (၄၃) ချက်ရရှိခဲ့ပြီး ၎င်းတို့အနက် သိုလှောင်ခြင်းကဏ္ဍနှင့်ပတ်သက်ပြီး “ဆန်စပါးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်သည့် သိုလှောင်ရုံနှင့် ကုန် အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) မူဘောင်ရှိပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး” ကို ဖော်ထုတ်ရရှိခဲ့ပါကြောင်း၊ ယင်းဖော်ထုတ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့ မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့ များ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည် လုပ်ကွက်ငယ် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အဓိကရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုကဲ့သို့ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပပြီး သက်ဆိုင် ရာဌာန၊ အသင်းအဖွဲ့များ၏ကျွမ်းကျင်ပညာရှင်များထံက အကြံဥာဏ်များရယူလိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက အလုပ်ရုံဆွေးနွေးပွဲ၏ ဖော်ထုတ်ချက်များအရ သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ်အား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပါက အဓိကအကျိုးအမြတ်ရရှိမည့်သူများမှာ တောင်သူလယ်သမားများပင်ဖြစ်သည့်အတွက် အဆိုပါစနစ် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများက အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ITQM