Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက်တွင် အသိပညာပေးဟောပြောဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေများအား စားသုံးသူပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ ဇွန်လ (၂၀)ရက်၊ နံနက်(၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် တေဇရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်အပါအဝင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်သော အခွင့်အရေး(၈)ချက်နှင့် တာဝန်များအစရှိသည့် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ ဆန်စက်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေနှင့် စားသုံးသူပြည်သူများအကျိုးကို မျှော်မှန်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အမြဲမပြတ်ဆောင်ရွက်လျက်ရှိရာ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်(၂၁.၆.၂၀၂၃) ရက်နေ့၊ နံနက်(၁၁)နာရီတွင် သာပေါင်းမြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာရှိ စိန်ရွှေဖြိုးဆန်စက်သို့သွားရောက်၍ ကွင်းဆင်းမေးမြန်း ဆောင်ရွက်ခဲ့ပါသည်။

       ကွင်းဆင်းစစ်ဆေးမေးမြန်းရာတွင် ထုတ်လုပ်နိုင်မှု၊ စပါးဆန်ဈေးနှုန်း ဈေးကွက်အခြေအနေတို့ကို ဆွေးနွေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လွိုင်ကော်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ “ရွှေသဇင်မိုး” စက်သုံးဆီအရောင်းဆိုင်နှင့် ဒေါတမရပ်ကွက်ရှိ အောင်မြတ်(၂)စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အချင်အတွယ်၊ ဂါလံ၊ လီတာပြည်မီမှုရှိ/မရှိတို့ကို ပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့ဖြင့် ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  အရောင်းဆိုင်များ၌ စက်သုံးဆီတင်သွင်း/ သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်း ရောင်းချလျက်ရှိကြောင်း၊း အချင်အတွယ်၊ ဂါလံ၊ လီတာများကိုလည်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ (၂၀)လီတာစံခွက်များဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန်လိုအပ်ကြောင်း၊ စက်သုံးဆီလက်ကျန်ပမာဏအပေါ်  စောင့်ကြည့်ကြပ်မတ်၍ ပြတ်လပ်မူမရှိစေရေး စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဈေးကစားလိုသည်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ကုန်စည်ထိန်းညှိရောင်းချခြင်းနှင့် ကုန်စည်တင်သွင်း/ဖြန်ဖြူးရောင်းချရာ၌ မသမာသောရည်ရွယ်ချက်ဖြင့် ရောနှောရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် သတ်မှတ်ချက်များနှင့်မကိုက်ညီသောစက်သုံးဆီများ ဈေးကွက်အတွင်း တွေ့ရှိရပါက ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ကယား)

ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ အသိပညာပေး

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြုလုပ်သည့် TALK SHOW အစီအစဉ်တွင် ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ အသိပညာပေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်တစ်ခုတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံရန်လိုအပ်ချက်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သည့်ကုန်စည်နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် ထည့်သွင်းဖော်ပြရမည့်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)နှင့် ဝန်ထမ်းများသည် (၂၁-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်မှ နေ့လယ် (၁၅:၀၀) နာရီအချိန်ထိ ဝိုင်းမော်မြို့၊ အ-ထ-က(ခွဲ)အောင်မြေသစ်စာသင်ကျောင်းတွင် ဆရာ/ဆရာမ (၁၃) ဦးအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဟောပြောရာတွင် ရုံးအုပ်က စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်လက်ခံ‌ဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုနှင့် တိုင်ကြားပုံနည်းလမ်းတို့အပြင် ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၃) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ညောင်ဦးမြို့ရှိ ပုဂံဒေသထွက် လက်ဆောင်ပစ္စည်း ရောင်းချသောစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဇွန်လ(၂၂)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ပုဂံဒေသထွက် လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

       ဟောပြောဆွေးနွေးပွဲတွင် ညောင်ဦးခရိုင်ရှိ စားသုံးသူရေးရာဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာန စသည့်ဌာနများမှ ခရိုင်ဦးစီးမှူးများက ပုဂံဒေသထွက် ယွန်းထည်နှင့်ပုန်းရည်ကြီး များကို နိုင်ငံတကာသို့ထိုးဖောက်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပုဂံဒေသထွက်ပစ္စည်းများအား နိုင်ငံတကာခရီးသွားများ ကျယ်ပြန့်စွာသိရှိဝယ်ယူ အသုံးပြုနိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်ရေးနှင့် ပုဂံဒေသရှိဈေးဆိုင်များ စနစ်တကျ ရှိစေရန် ကြီးကြပ်ဆောင်ရွက်ရေးတို့အား စီးပွားရေးလုပ်ငန်းရှင်များနှင့်အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများအား အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲသို့  ဌာနဆိုင်ရာတာဝန်ရှိသူ(၄)ဦးနှင့် ပုဂံဒေသထွက်လက် ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်(၂၂)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ   ဦးဝင်းသိန်းဦး(ရုံးအုပ်)သည်   (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် (သို့မဟုတ်) အသက်မွေးဝမ်ကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးဌားခြင်းပြုလုပ်သူများ (သို့မဟုတ်) ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ စားသုံးသူ၏တာဝန်များဖြစ်သည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီးနောက် တက်ရောက်သူများက သိရှိလိုသည်များမေးမြန်းခဲ့၍ ပြန်လည်ရှင်းလင်းခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ “Glory” မုန့်ဖုတ်ဆိုင်အား သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

 စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်းပြီး (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ “Glory” မုန့်ဖုတ်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများက မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက  မုန့်ထုတ်လုပ်ရောင်းချရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်မရှိစေရန်အတွက် (expire date) သက်တမ်းကုန်ဆုံးမည့်ရက်၊ ကုန်အညွှန်းအမှတ်အသား စသည့်အချက်များကို မဖြစ်မနေထည့်သွင်းရမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားခဲ့ပါသည်။ ထို့နောက် အဆိုပါ မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ပပက သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

DOCA(ချင်း)

 

ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ(၁/၂၀၂၃-၂၀၂၄)အစည်းအဝေးကျင်းပပြုလုပ်

  ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ(၁/၂၀၂၃-၂၀၂၄)အစည်းအဝေးကို (၂၁-၆-၂၀၂၃) ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အစည်းအဝေးသို့ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)နှင့် ဒုတိယပြည်နယ်ဦးစီးမှူးရုံး(လားရှိုး)၊ ခရိုင်ဦးစီးမှူးရုံးများဖြစ်ကြသော လွိုင်လင်၊ တာချီလိတ်၊ ကျောက်မဲ၊ မူဆယ်များမှလည်း Online System ဖြင့် တက်ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဉီးတင့်လွင်ဦးက (၁/၂၀၂၃-၂၀၂၄)အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြသည့်ကော်မတီအဖွဲ့ဝင်များက အတည်ပြုမှတ်တမ်းတင်ခြင်း၊ ဆွေးနွေးအကြံပြုခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂ :၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူရုံး၊ အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကျွမ်းကျင်မှုရှိပြီး ဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ (၂၀.၆.၂၀၂၃) ရက်နေ့မှ(၂၁.၆.၂၀၂၃)ရက်နေ့အထိ နံနက် (၉:၀၀)နာရီမှ ညနေ(၁၆:၃၀) နာရီအထိ (၂)ရက်တာ သင်တန်းဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူဦးရေ စုစုပေါင်း (၃၃)ဦး တက်ရောက်ခဲ့ပါသည်။

  အဆိုပါ သင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအား မိမိတို့ဌာနမှ ဆောင်ရွက်နေသော စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများ အရည်အသွေးတိုးတက်စေပြီး လုပ်ငန်းများကျွမ်းကျင်မှုရှိစေရန်နှင့် ဌာန၏လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်း /စည်းကမ်းများနှင့် အညီနေထိုင်ကြရန်နှင့် ဝန်ထမ်း အသစ်များအနေဖြင့် ကြိုးစားသင်ယူစေလိုကြောင်းပြောကြား ခဲ့ပါသည်။

  ဆက်လက်၍ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၈၄)ခုနှင့် အခန်း(၂၅)ခန်းအထွေထွေအကြောင်းကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးဦးဝေဖြိုးထက်မှ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံရာတွင် အသိပညာပေး ဆွေးနွေးသင့်သည့်အချက်များနှင့် ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ အကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံဒေါ်အေးမြင့်ငြိမ်း(ဦးစီးအရာရှိ‌)က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့(ဦးစီးအရာရှိ)က စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းကောက်ယူခြင်းစနစ်နှင့် တိုင်းဒေသကြီး စားသုံးသူကာကွယ်ရေးကော်မတီ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဖွဲ့စည်းခြင်း အကြောင်းအရာကိုလည်းကောင်း၊ မိတ်ဖက်ဌာနဖြစ်သော အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်အိအိထွန်း(ဦးစီးအရာရှိ)က FDAဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း အသီးသီးပို့ချခဲ့ပြီး၊ သင်တန်းသို့ တက်ရောက်လာသော သင်တန်း သား/သူများက သိရှိလိုသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားသုံးသူ ကာကွယ်ပေးရေးအသိပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်(၂၁)ရက်နေ့ ညနေ (၁၆:၃၀) နာရီအချိန်တွင် အောင်မြင်စွာကျင်းပ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ