Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် မုဒုံမြို့နယ်တာဝန်ခံသည် ၁၉.၆.၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာဓမ္မာရုံ၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရပါသည်။

 အဆိုပါဟောပြောပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ မိမိတို့ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကို စားသုံးသူကသေချာစွာဖတ်ရှုပြီးမှ ရွေးချယ်ဝယ်ယူစားသောက်သင့်ကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှု ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Consumer Call Center(1535) သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှသိလိုသည်များကို မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်၊လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းမျိုးမျိုး ရောင်းချသည့် ကုန်စုံဆိုင်(၇)ဆိုင်သို့ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊  တရားမဝင်တင်သွင်းလာသည့်  ကုန်စည်များ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ကုန်စုံဆိုင်အများစုတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များသာ တင်သွင်းရောင်းချဖြန့်ဖြူးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်ကုန်စည်များနှင့် တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကို ရောင်းချဖြန့်ဖြူးခြင်းမပြုကြရန်၊ ဈေးကွက်အတွင်းရောင်းချဖြန့် ဖြူးခြင်းများကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၇၃ အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေပြစ်မှုပြစ် ဒဏ်များခံရမည်ဖြစ်ကြောင်း စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်(၇)ဆိုင်အား အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချနေသည့်ဆိုင်များသို့ (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်းရှိ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုရှိ/မရှိစောင့်ကြည့်စစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိသော စားသုံးရန်မသင့်ဟု တားမြစ်ထားသည့်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များနှင့် သက်ဆိုင်ရာဌာနများက သုံးစွဲရန်မသင့်ဟု ကြေညာထားသောကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။     

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ကုန်မျိုးစုံနှင့်  မုန့်မျိုးစုံရောင်းချနေသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြကြရန်ဖြစ်ကြောင်း၊ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြကြရန်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

ဒေးဒရဲမြို့ ပြည်တော်သာလမ်းရှိ ဦးမြင့်ဆန်း စက်မှုလက်မှုလုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ၊ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက်၊ပြည်တော်သာလမ်းရှိ ဦးမြင့်ဆန်း စက်မှုလက်မှု (စတီး၊သံပန်း၊ သံတံခါး၊) လုပ်ငန်းကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ   စေရေး ကွင်းဆင်းတွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

     မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုတို့ကို စစ်ဆေးကြည့်ရှုခဲ့ပြီး  လုပ်ငန်းရှင် ဦးမြင့်ဆန်းနှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ဈေးနှုန်းဈေးကွက်ရရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုက‌လေးမြို့(၂)ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေးပညာပေးခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍    ၂၀၂၃ခုနှစ်၊ ဇွန်လ( ၁၅ )ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် (၂)ရပ်ကွက်နေ ပြည်သူ(၁၀)ဦးအား  မြို့နယ်တာဝန်ခံရုံးတွင် ကျန်းမာရေး ပညာပေးခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့် ပတ်သတ်၍ စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန်အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြု  ဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအကြောင်းအရာများ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိသည့် အရည်အသွေးမီ ကုန်စည်များကိုသာ သုံးစွဲနိုင်ရေးအတွက် အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြရန်   သတ်မှတ်ချက်များပါရှိသော  ကုန်စည်နှင့်အစားအသောက်များ၊ တားမြစ်ကုန်စည်များအကြောင်း၊ မိမိတို့ဌာနအနေဖြင့် စားသုံးသူများအသုံးပြုသည့်  ကုန်စည်နှင့်ဝန်ဆောင်မှုများအား အန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်းသို့ သွားရောက်အသိပညာပေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၈) ရပ်ကွက်၊ မူလတန်းကြိုကျောင်း၌ဖွင့်လှစ်သည့် အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ECCD အခြေခံ(အခမဲ့)သင်တန်းတွင် နံနက် (၉း၀၀) နာရီအချိန်မှ နေ့လယ် (၁၂း၀၀) နာရီအချိန်ထိ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ သင်တန်းသူ (၂၀) ဦးနှင့် ဆရာမ (၂) ဦး၊ စုစုပေါင်း (၂၂) ဦးတို့တက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈) ချက်နှင့်  စားသုံးသူများလိုက်နာရမည့်တာဝန် (၄) ချက်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့်အချက် (၈) ချက်အကြောင်း၊ ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိဘပြည်သူများသည် အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့်သင်တန်းသူများနှင့် ဆရာမများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီးနောက် လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

ဒေးဒရဲမြို့ မြို့မဈေးအတွင်းရှိ အသားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊  ဇွန်လ(၁၅)ရက်နေ့၊   နံနက်(၀၉:၀၀)နာရီတွင်   ဒေးဒရဲမြို့ မြို့မဈေးအတွင်းရှိ  ကြက်၊ ဝက်၊ အမဲသား၊ ဆိတ်သား အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

    ဒေးဒရဲမြို့ မြို့မဈေးအတွင်းရှိ ကြက်၊ ဝက်၊ အမဲသား၊ ဆိတ်သား အ‌ရောင်းဆိုင်များအား အေးခဲ သောအသားများနှင့် ရက်လွန်အသားများရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်းစစ်ဆေး  တွေ့ရှိရပါသည်။ ဆက်လက်၍ လက်ရှိဖြစ်ပေါ်နေသော အသားဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေများကို စုံစမ်းမေးမြန်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၉.၆.၂၀၂၃ ရက်နေ့၊နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဝိုင်းမော်မြို့၊ နန့်ဝါကျေးရွာတွင် ပြည်သူ (၂၆) ဦးအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

    အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်း ကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှါးခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်း ခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာသိရှိခွင့်နှင့်ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊  စားသုံးသူနစ်နာဆုံးရှုံမှု နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း ၊ စားသုံးသူ၏ တာဝန်များဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ် ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့၍ ပြန်လည်ရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

တောင်တွင်းကြီးမြို့ပေါ်၌ အလှကုန်များ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးသည် သုံးစွဲသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း (၂) ရပ်ကွက်နှင့် ရွှေအိုး (၂) ရပ်ကွက်ရှိ အလှကုန်အရောင်းဆိုင် (၅) ဆိုင်သို့သွားရောက်၍ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်ဟု တားမြစ်ထားသောအလှကုန်တစ်မျိုးဖြစ်သည့် “VONGEE” အမှတ်တံဆိပ်ပါ Eyeshadow Palette (18g) အလှကုန်တစ်မျိုးအား ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သမာအာဇီဝအလှကုန်အရောင်းဆိုင်တွင် ရောင်းချဖြန့်ဖြူးနေသည်ကို တွေရှိခဲ့ရမှုအပေါ် သုံးစွဲသူများအတွက် ဘေးအန္တရာယ်ရှိပြီး သုံးစွဲရန်မသင့်သည့်အတွက် စျေးကွက်အတွင်းမှ အမြန်ဆုံးပပျောက်ရေးအတွက် မြို့နယ်ကျန်းမာရေးအဖွဲ့က သိမ်းဆည်း၍ ဖျက်ဆီးခဲ့ပါကြောင်း သိရှိရပါသည်။

    ထုတ်လုပ်/ရောင်းချ/ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားနေသော ဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသောကုန်ပစ္စည်းများကိုသာ သုံးစွဲသူများဘေးကင်းလုံခြုံရန်အတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းခဲ့ပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်ရှိ မုန့်ဖတ်ဖို၊ ပဲပြားဖိုများ၌ ကုန်ပစ္စည်းနမူနာဝယ်ယူခြင်းနှင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

     (၁၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ မုန့်ဖတ်ဖို၊ ပဲပြားဖိုများအား မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာနမှ တိုင်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်းပြီး မုန့်ဖတ်ဖို၊ ပဲပြားဖိုများအား စားသုံးရန် သင့်/မသင့် ဓာတ်ခွဲစမ်းသပ်ရန်အတွက် ကုန်စည်နမူနာဝယ်ယူ၍ Mobile Lap ဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     မုန့်ဖတ်ဖိုများတွင် လုပ်သား(၃)ဦး၊ (၄)ဦးဖြင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပြီး မုန့်ဖတ်ပြုလုပ်ရာတွင် ဧရာဝတီ (ဆလပ်) ကိုအသုံးပြုကြပြီး သကြား၊ ဆား၊ ဆော်ဒါထည့်၍ပြုလုပ်ကြရပါသည်။ တစ်ချို့မုန့်ဖိုများမှာ လက်ဖြင့်ပြုလုပ်ပြီး တစ်ချို့မှာ စက်ဖြင့်ကြိတ်ညှစ်ပြုလုပ်ကြပါသည်။ မုန့်ဖတ်ပြုလုပ်ရာတွင် ဆန်ဆလပ်ကြီးတစ်အိတ်လျှင် ယခင်က ကျပ် (၅၄၀၀၀-၆၀၀၀၀) ဖြင့်ဝယ်ယူရပြီး ယခုအခါတွင် ကျပ် (၅၅၀၀၀မှ၆၀၀၀၀) ဖြင့်ဝယ်ယူကြရကြောင်း၊ နန်းပြားပြုလုပ်ရာတွင် နှမ်းဆီ/ပဲဆီထည့်ကိုင်တွယ်ပြုလုပ်ရကြောင်း၊ စက်ရေဖြင့်အသုံးပြုကြကြောင်း၊ စက်ဖြင့်ကြိတ်ညှစ်ပြုလုပ်ရာတွင်လည်း မီးလာလျှင် တစ်နေ့နှစ်ကြိမ်ခွဲ၍ပြုလုပ်ကြကြောင်း၊ မုန့်ဖတ် ၅၀ကျပ်သားလျှင် ကျပ် (၁၀၀၀)၊ ၁ပိဿာလျှင် ကျပ် (၁၈၀၀-၁၉၀၀)၊ ခေါက်ဆွဲဖတ် ၁ပိဿာလျှင် ကျပ် (၃၅၀၀-၃၈၀၀) တို့ဖြင့် အသီးသီးရောင်းချကြပြီး တစ်နေ့လျှင် ပိဿာချိန် (၁၅၀_၁၆၀) ခန့်ရောင်းချကြပါသည်။ ပဲပြားဖိုများ၌ ကွင်းဆင်းရာတွင် ပဲပြားများကို သကြား၊ ဆား၊ ပဲပုပ်စေ့တို့ဖြင့် ပြုလုပ်ကြကြောင်း၊ မြစ်ရေကို ပြန်ကျို၍ စစ်တောင်းထဲတွင်ထည့်ကာ ဘိဖြင့်ဖိ၍ပြုလုပ်ကြကြောင်း၊ ဆားရည်ကို (၃) ရက်ခန့်နှပ်၍ အသုံးပြုကြကြောင်းနှင့် ပဲပြားများကို မကွေးခရိုင်အတွင်းရှိ တောင်တွင်းကြီး၊ သစ်ရာကောက်၊ နတ်မောက်နယ်များသို့ ဖြန့်ဝေရောင်းချကြောင်း ကွင်းဆင်းစစ်ဆေးမှုများအရ သိရှိရပါသည်။

DOCA(မကွေး)                                          

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ