စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးပါ ဝန်ထမ်းများသည် ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ၁၈-၆-၂၀၂၃ ရက်နေ့ ၊(၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ခနိမ်းဒို ကျေးရွာရှိ ဦးစောရွှေလှရီ၏ ရွှေနေလဆန်း ဆန်စက်တွင် တွေ့ဆုံ၍ အခြေခံစားကုန်ဖြစ်သည့် ဆန်စပါး ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဒေသတွင်းဝမ်းစာဖူလုံစေရေးအတွက် ဒေသအလိုက်ဖြစ်ထွန်း အောင်မြင်ပြီး ဈေးကွက်ရှိစပါးမျိုးများ တိုးတက်စိုက်ပျိုးနိုင်စေရေး၊ ထုတ်ကုန်များကုန်ချော ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးနှင့် ဆန်စက်လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးတို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး က မိမိတို့ ကရင်ပြည်နယ်တွင် မြို့နယ် ၇ မြို့နယ်ရှိပြီး မြို့နယ် ၃ မျိုးနယ်မှအပ ကျန်မြို့နယ်များသည် ဆန်လိုဒေသဖြစ်ပါကြောင်း၊ မိမိတို့ကရင်ပြည်နယ်မှ ထွက်ရှိသောစပါးများမှာ ဆန်ကြိတ်ခွဲ ထုတ်လုပ်ပါက အရည်အသွေး ကောင်းမွန်ပါကြောင်း၊ ကရင်ပြည်နယ်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် ပတ်သက်၍ တန် ၆၀ကျ ဆန်စက် ၁ စက်တည်းသာရှိပြီး အကြီးဆုံးဖြစ်သည်ကို တွေ့ရ ပါကြောင်း၊ ကရင်ပြည်နယ်မှ ထွက်ရှိသောစပါးများအား မွန်ပြည်နယ် မော်လမြိုင်၊ သထုံမြို့များမှ လာရောက်ဝယ်ယူမှုများပြားခဲ့ပြီး အခြားတိုင်းဒေသကြီးသို့ စီးထွက်မှု များပြားခဲ့သဖြင့် လိုအပ်သည့် အချိန်တွင် ဈေးကြီးပေးကာ ပြည်လည်ဝယ်ယူစားသုံးခဲ့သည့်ကို တွေ့ရှိရပါကြောင်း၊ ကရင်ပြည်နယ်အတွင်း ခရိုင်/မြို့နယ် ဒေသအလိုက် စပါးစိုက်/အောင်/ထွက်အခြေအနေ၊ စားသုံးပိုလျှံနှင့် ဒေသတွင်းသို့ ဆန်စီးဝင်၊ စီးထွက်မှုအခြေအနေများ၊ စပါးအမျိုးအစားအလိုက် ဈေးကွက်ဈေးနှုန်း ဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် လက်ရှိဈေးကွက်အတွင်း ဆန် လက်လီ/ လက်ကားဈေးနှုန်း အရောင်းအဝယ် ဖြစ်ပေါ်နေမှု အခြေအနေများ၊ ဒေသတွင်းစိုက်ပျိုးထွက်ရှိမှုအပေါ် ကုန်ချောထုတ်လုပ်နိုင်သည့် ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ် နိုင်မှု အခြေအနေများနှင့် တိုးချဲ့ဆောင်ရွက်နိုင်မည့်အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးခဲ့ သည်။
ဆက်လက်၍ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ကရင်ပြည်နယ်အတွင်း ဆန်စက်များ၏ တစ်နှစ်တာကြိတ်ခွဲထုတ်လုပ်နိုင်မှု အခြေအနေနှင့် စပါးလိုအပ်ချက်ပမာဏ အခြေအနေများ ကိုလည်းကောင်း၊ ကရင်ပြည်နယ်အတွင်း ဆန်စပါး ကြိတ်ခွဲမှု တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ စက်မှုဇုံတွင် တန် ၁၀၀ ကျ ဆန်စက်တည်ဆောက်ရန်လျာထားမှုနှင့် လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေများကို လည်းကောင်းဆွေးနွေးခဲ့ပြီး၊ ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစောရွှေလှရီက တန် ၁၀၀ ဆန်စက်တည်ဆောက်မှုနှင့် ပတ်သက်၍ လုပ်ငန်းရည်မှန်းချက်နှင့် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ တန် ၁၀၀ ဆန်စက်တည်ဆောက်ရာတွင် အစုအဖွဲ့ မတည်ငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး စိုက်ပျိုးတောင်သူ/ စိတ်ပါဝင်စားသော မည်သူ မဆို အစုရှယ်ယာ ထည့်ဝင်နိုင်မှု အခြေအနေများနှင့် စီမံကိန်းမျှော်မှန်းချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဆွေးနွေးမှုများနှင့်ပတ်သက်၍ တက်ရောက်လာသော တောင်သူ/ လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ ဘားအံမြို့နယ်အတွင်းရှိ နောင်တလုံ၊ ဆင်ကျုံး၊ အိန္ဒု၊ လွန်းည၊ ခနိမ်းဒို ကျေးရွာများမှ တောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသော ပြည်သူများ စုစုပေါင်း ၆၀ ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
DOCA(ကရင်)