Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုမြို့တွင် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ (၁၂)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ ထုန်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်  ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ပူးပေါင်း၍ ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်ရှိ  အလှကုန်ဆိုင် (၂) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Mistrine တံဆိပ်ဖြင့် Top Country Perfumed Talcနှင့် White Spa(Whitening Lotion)များတွင် Hologram(ရောင်းပြန်) စတစ်ကာနှင့် မြန်မာစာ Labellingများ ပြည့်စုံစွာပါရှိပြီး  Bulgarian Yogurt (Whitening Lotion ) (၃) ဗူးတွင်  Hologram (ရောင်းပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်ထားခြင်း မရှိကြောင်းစစ်ဆေး တွေ့ရှိရသဖြင့် ယခုအခါဈေးကွက်အတွင်းတွင် အလှကုန်များကိုတုပ၍ တရားမဝင်ဖြန့်ဖြူးရောင်းချလျက် ရှိသည့်ပစ္စည်းများ တွေ့ရှိရပါကြောင်း၊ Mistrine တံဆိပ်အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ Mistrine Thiri Cosmetic Co.,Ltdသည် ထိုင်းနိုင်ငံရှိ Better Way (Thailand)Co.,Ltd မှ ထုတ်လုပ်သည့်အလှကုန် ပစ္စည်းများကို မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် FDA ၏ ထောက်ခံချက်ဖြင့် ဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ကုမ္ပဏီအနေဖြင့် Mistrine အလှကုန်ပစ္စည်းများတွင် Hologram (ရောင်းပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်၍ဖြန့်ဖြူး ရောင်းချပါသဖြင့် အဆိုပါအချက်များနှင့် ပြည့်စုံမှုမရှိသည့် Mistrine အလှကုန်ပစ္စည်းများကို မှာယူ ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလှကုန်ပစ္စည်းများကို ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းနှင့် ပတ်သက်၍ မိမိတို့ဌာန၏လုပ်ငန်းဆောင်ရွက်မှုများနှင့် ဥပဒေပါအကြောင်းအရာများကို အသိပညာရရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် အလှကုန်ပစ္စည်းများကိုသာရောင်းချကြရန်၊ ကုန်စည်ကိုထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ဌာန၏ အတည်ပြုချက်ရယူနိုင်ရေးဆောင်ရွက်ကြရန်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အားမခံပေးထား မှုအပါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုကြောင့် စားသုံးသူအခွင့်အရေး ဆုံးရှုံမှုဖြစ်ပါက ဌာနသို့တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ အာမခံမှုနှင့်အညီ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှလည်း လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သဖြင့်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်း သည် ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ : ၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(တယ်လီဖုန်း)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများကို ဆွေးနွေးပြောကြားခဲ့သည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြန်မာ့ဆက်သွယ်ရေး(တယ်လီဖုန်း)မှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်း(၉)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌခေါင်းဆောင်၍ မုံရွာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ဩဂုတ်လ လဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ (၁၆.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင်ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးတက်ရောက်ခဲ့ပါသည်။

        အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်တင်မိုးက (၈.၈.၂၀၂၂) ရက်နေ့မှ (၁၀.၈.၂၀၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၆)လပတ် အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များ ရှေ့လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊  ပညာရေးကဏ္ဍတွင်လည်း KG+9 အခမဲ့ပညာရေးစနစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး/ မွေးမြူရေး ကဏ္ဍများကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် အကျိုးအမြတ်ရလွယ်သည့်အတွက် လုပ်ကိုင်စေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးဘာသာရပ်ကို စိုက်ပျိုးရေးကချမှတ်ထားသောသတ်မှတ်ချက် နှင့်အညီ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို ခရိုင်(၃)ခု ရွေးချယ်ပြီး စမ်းသပ်သင်ကြားသွားမည်ဖြစ်ကြောင်း၊ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ခရိုင်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ အသီးသီးတင်ပြကြပြီး စားသုံးရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဩဂုတ်လအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်နိုင်မှု၊ လုပ်ငန်းရှင်တွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက် နိုင်မှုအခြေအနေများကို ဦးစွာတင်ပြပြီး ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခတို့၏ နေ့စဉ်ဖြစ်ပေါ် နေသော စပါးတင်း(၁၀၀)ဈေး၊ ဆန်(၁)အိတ်ဈေးနှုန်းများ၊ အခြေခံစားကုန်ဈေးနှုန်းများ၊ စားအုန်းဆီဈေးနှုန်းများနှင့် ဈေးကွက်အတွင်း ရည်ညွှန်းဈေးဖြင့် စားအုန်းဆီရောင်းချမှုကို ကွင်းဆင်း စစ်ဆေးသည့်အခြေအနေများ၊ မုံရွာခရိုင်အတွင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချမှု အခြေအနေများ၊ ဆေးဆိုင်များ၏ ဆေးဈေးနှုန်းများ၊ အောက်ဆီဂျင်၊ အောက်ဆီမီတာ ဈေးနှုန်းများနှင့် ဆေးဆိုင်များ၏ တစ်ပတ်အတွင်းရောင်းချမှု/ကျန်ရှိမှု/ လိုအပ်မှု အခြေအနေများကို နေ့စဉ်စာရင်းပြုစုဆောင်ရွက်လျက်ရှိကြောင်းတင်ပြရာ ခရိုင် ဥက္ကဌက ကျောင်းဖွင့်ရာသီဖြစ်ပြီး မိုးရာသီဖြစ်သည့်အတွက် ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများတွင် ယင်နားစာများမရောင်းချစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသော အစားအစာများရောင်းချစေရေး၊ FDA၊ စည်ပင်တို့နှင့် ချိတ်ဆက် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက် စေလိုကြောင်း၊ အခက်အခဲများရှိပါကလည်း တင်ပြစေလိုကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

        ထို့နောက် ဌာနဆိုင်ရာများမှ ခရိုင်ဦးစီးမှူးများက ခရိုင်အတွင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပြန်လည်ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဆောင်ရွက်ပေးနိုင်သည်များ ဆောင်ရွက်ပေးပြီး လိုအပ်ပါကတိုင်းဒေသကြီး အဆင့်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ယခုရက်များအတွင်း လုံခြုံရေး၊ ကျန်းမာရေး အထူးဂရုစိုက်စေလိုကြောင်း နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကို (၁၄:၃၀)နာရီအချိန် ရုတ်သိမ်းခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဒုတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍  ဝန်ထမ်းများသည် (၁၈.၈.၂၀၂၂)ရက်နေ့ ညနေ (၄း၀၀)နာရီ အချိန်တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ “လပြည့်” ကိတ်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

       ယင်းသို့ဆောင်ရွက်ရာတွင် “လပြည့်” ကိတ်မုန့်လုပ်ငန်းရှင်မှ မိမိထုတ်လုပ်သော ကိတ်မုန့်၊ ကိတ်ခြောက် အထုပ်များကို နမူနာထုတ်ပြပြီး ယခုကာလအနေဖြင့် ထုတ်လုပ်‌ရောင်းချမှုများမှာ ယခင်ကာလထက် အရောင်းအဝယ်ပါးနေသည့်အတွက် ထုတ်လုပ်မှုနည်းနေပါကြောင်း၊ ကုန်ကြမ်း ပစ္စည်းများဈေးနှုန်းမြင့်တက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှရည်ညွှန်းဈေးဖြင့် ရောင်းချပေးသည့် စားအုန်းဆီများ ဝယ်ယူခွင့်ရရှိရေး စစ်ကိုင်းတိုင်းဒေသကြီး မုန့်လုပ်ငန်းရှင်များအသင်းမှ တဆင့်တင်ပြမည်ဖြစ်ပါ၍ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြပါသည်။ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က လုပ်ငန်းရှင်၏ ထုတ်လုပ်သော ကိတ်မုန့်၊ ကိတ်ခြောက် အမျိုးအစားများအား ကြည့်ရှု၍ ကုန်အမှတ်တံဆိပ်ပေါ်တွင် လိုအပ်သော ကုန်အညွှန်းအမှတ်အသားများ ဖြည့်စွက်ဆောင်ရွက်နိုင်စေရန် ပညာပေး ဆွေးနွေးခြင်း၊ လုပ်ငန်း လိုင်စင်၊ စည်ပင်လိုင်စင်များအား ဆောင်ရွက်စေပြီး သက်တမ်းကျော်လွန်ပါက သက်တမ်းတိုးစေရန် ပြောကြားခြင်း၊ ဌာနသို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ လာရောက်ဆောင်ရွက်နိုင်ရန် ပြောကြားခြင်း၊ မိမိထုတ်လုပ်သော လုပ်ငန်းများအပေါ် အချက်အလက် အထောက်အထား ပြည့်စုံမှန်ကန်ပါက မည်သည့်နေရာတွင်မဆို လုံခြုံစိတ်ချစွာ ရောင်းဝယ်နိုင်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် တာဝန်များကို ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာအမှတ်(၇) အခြေခံပညာအထက်တန်းကျောင်တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်း၌ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ဆရာ/မ (၄)ဦး၊ ကျောင်းသား/သူ (၉၉)ဦး၊  စုစုပေါင်း (၁၃၉)ဦး တက်ရောက်ခဲ့ကြပါသည်။

           ဟောပြောပွဲတွင် အမှတ်(၇)၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအိက နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က ဌာန၏လုပ်ငန်း ဆောင်ရွက်မှုအကြောင်းများနှင့် ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နိုင်ရန်ကုန်အညွှန်း အမှတ်အသားများအကြာင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာမှုရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ ဌာန၏ ပညာပေးလက်ကမ်းစာစောင်များ ဆရာ/မများ၊ ကျောင်းသား/ ကျောင်းသူများ သိရှိလေ့လာနိုင်စေရန် စားသုံးရန်မသင့်သည့် ဗီနိုင်းပိုစတာများကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)

မှားယွင်းဖော်ပြခဲ့ခြင်းအတွက် Google LLC ကုမ္ပဏီ ဒေါ်လာ သန်း ၆၀ ဒဏ်ရိုက်ခံရ

         ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလအတွင်း၌ android ဖုန်း အသုံးပြုသူများ၏ တည်နေရာဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက်နှင့် ပတ်သက်ပြီး အချက်အလက်သိမ်းဆည်းခြင်း၊ အသုံးပြုခြင်းများနှင့်စပ်လျဉ်း၍ မှားယွင်းဖော်ပြခဲ့သောကြောင့် သြစတေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကော်မရှင်(ACCC)က တရားစွဲဆိုခဲ့ပြီး သြစတေးလျဖက်ဒရယ် တရားရုံးက Google LCC ကို ဒေါ်လာ သန်း ၆၀ ဒဏ်ကြေးပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ACCC ၏ Website တွင် (၁၂-၈-၂၀၂၂) ရက်နေ့ကဖော်ပြထားသည်။
           Google LCC နှင့် Google Austalia Pty Ltd တို့သည် Android user အချို့၏ "Location History" ဆက်တင်သည် Google ၏အချက်အလက်စုဆောင်းခြင်း၊ သိမ်းဆည်းခြင်းနှင့် တည်နေရာ နှင့်ပတ်သက်၍ အချက်အလက်အတည်ပြုနိုင်သည့် တစ်ခုတည်းသော Google Account ဆက်တင် ဖြစ်ကြောင်း မှားယွင်းဖော်ပြခြင်းသည် သြစတေးလျ စားသုံးသူဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ယခင်ကတည်းကတွေ့ရှိခဲ့သည်ဟု တရားရုံးကဆိုပါသည်။ အခြား Google account များ၏ ဆက်တင်များတွင် "Web & App Activity" ဆက်တင်ကို ဖွင့်ထားပါက အချက်အလက် စုဆောင်းခြင်း၊ သိမ်းဆည်းခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တည်နေရာသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး Defaultအခြေအနေ၌ အဆိုပါ ဆက်တင်ကို ဖွင့်ထားကြောင်းသိရသည်။ "တရားရုံးကချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်ဟာ အချက်အလက် စုဆောင်းခြင်း၊ အသုံးပြုခြင်းတို့နဲ့ ပတ်သက်ပြီး  စားသုံးသူတွေကို မလှည့်စားရဘူးဆိုတာကို ဒီဂျစ်တယ်ပလက်ဖောင်းပိုင်ရှင်တွေ၊ အသေးစားနဲ့ အကြီးစားစီးပွားရေးလုပ်ငန်းရှင်တွေကို ပြင်းပြင်းထန်ထန်အသိပေးလိုက်တာဖြစ်တယ်" လို့ ACCC ဥက္ကဌ Ms Gina Cass-Gottliebကဆိုပါသည်။
         Google သည် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး "Web & App Activity" ဆက်တင်မှတဆင့် တည်နေရာဆိုင်ရာအချက်အလက်များကို စုဆောင်းနိုင်ပြီး အဆိုပါအချက်အလက်များကို အသုံးပြု၍ ​စားသုံးသူများအား ကြော်ငြာများပြသနိုင်ပါသည်။ စားသုံးသူများက "LocationHistory" ဆက်တင်ကို ပိတ်ထားသော်လည်း ထိုသို့ဆောင်ရွက်နိုင်ကြောင်း သိရသည်။
        "တည်နေရာဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက်တွေဟာ တချို့စားသုံးသူတွေအတွက် ထိရှလွယ်ပြီး  အရေးကြီးပါတယ်။ Google ကသာ ဒီမှားယွင်းတဲ့ဖော်ပြချက်မျိုးမလုပ်ခဲ့ဘူးဆိုရင် စားသုံးသူတွေအနေနဲ့ သူတို့ရဲ့တည်နေရာ အချက်အလက်တွေကို စုဆောင်းမှု၊ သိမ်းဆည်းမှု၊ အသုံးပြုမှုတို့နဲ့ ပတ်သက်ပြီး အခြားရွေးချယ်နိုင်စရာတွေရှိမှာဖြစ်တယ်" လို့ Ms Cass-Gottlieb ကဆိုပါသည်။
         ၎င်းတို့ရရှိထားတဲ့အချက်အလက်များအရ သြစတေးလျနိုင်ငံမှအသုံးပြုသူများ၏ Google Account ပေါင်း ၁.၃ သန်းခန့်သည် စားသုံးသူဥပဒေကိုချိုးဖောက်ခြင်းခံထားရသည်ကို တရားရုံးမှတွေ့ရှိရကြောင်း  ACCC က ခန့်မှန်းထားပါသည်။ Google အနေဖြင့် ပြန်လည်ပြင်ဆင်ခြင်းများကို ၂၀-၁၂-၂၀၁၈ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် အဆိုပါမှားယွင်းဖော်ပြချက်ကို မြင်တွေ့ ရတော့မည်မဟုတ်ကြောင်း သိရသည်။

       "ကုမ္ပဏီတွေအနေနဲ့ သူတို့စုဆောင်းတဲ့အချက်အလက်အမျိုးအစား၊ ဒီအချက်အလက်တွေကို အသုံးပြုခြင်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့အချက်အလက်တွေကို ဘယ်သူတွေနဲ့မျှဝေသုံးစွဲမယ်ဆိုတာကို သူတို့ရဲ့ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်နိုင်စေဖို့ လိုတယ်"လို့MsCass-Gottliebကဆိုပါသည်။
        Google LLC ကို ဒေါ်လာသန်း ၆၀ ဒဏ်ဆောင်ရန် တရားရုံးမှချမှတ်ခြင်းသည် သင့်လျော်ကြောင်း၊ တရားရုံးမှဖော်ထုတ်ရရှိသည့် မှားယွင်းဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ Google  Australlia Pty Ltd တွင် တာဝန်မရှိကြောင်း၊ အဆိုပါသြစတေးလျကုမ္ပဏီအား သီးခြားအပြစ်ဒဏ်ချမှတ်ရန်မလိုအပ်ကြောင်း ACCC နှင့် Google တို့က တရားရုံးတွင် ပူးတွဲအဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

       Goggle LLC သည် Alphabet၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၊ကယ်လ်ဖိုးနီးယား၊ Mountain View တွင်တည်ရှိပါသည်။ Google Australlia Pty သည် Google LLC ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်ပြီး Pixel ဖုန်းဖြန့်ချိခြင်းအပါအဝင် သြစတေးလျနိုင်ငံတွင် Google LLC ၏ စီးပွားကဏ္ဍ တချို့ကိုဆောင်ရွက်လျက်ရှိသည်။ ACCC အနေဖြင့် ၂၀၁၉ ခုနှစ်အောက်တိုဘာလကတည်းကပင် အဆိုပါကုမ္ပဏီနှစ်ခုကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် အဆိုပါကုမ္ပဏီများက သြစတေးလျ စားသုံးသူဥပဒေအားချိုးဖောက်​ခဲ့​ခြင်းဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက် အ.မ.က(၄) မူလွန်ကျောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့၊ မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၈.၈.၂၀၂၂)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက် အ.မ.က(၄) မူလွန်ကျောင်းတွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြား၍ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ ဌာန၏လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသားကျောင်းသူများနှင့်သက်ဆိုင်သော အစားအသောက်များနှင့်ပတ်သက်၍ ဓါတုဆိုးဆေးများပါဝင်မှုများပြားသော အစားအစာနှင့်အချိုရည်များရှောင်ကြဉ်ကြရန်၊ ဆိုးဆေးပါဝင်မှုများပြားသော အစားအသောက်များအား စားသောက်မိပါက ဖြစ်ပေါ်လာမည့်ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများ၊ ဆေးကုသမှုအတွက်ကုန်ကျစရိတ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင် ကြောင်း၊ကျောင်းသားကျောင်းသူများအနေဖြင့် အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန် ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက်ကျောင်းမုန့်ဈေးဆိုင်များသို့ သွားရောက်ပြီး ရောင်းချနေသော ဆိုင်ရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်စပ်လျဉ်း၍ ပုဒ်မ(၄)ပုဒ်မခွဲ(က)(ဂ)နှင့် (ဆ)တို့ပါ ကုန်စည်၏တံဆိပ် အမှတ်အသား၊ ထုတ်လုပ် သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမားရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို သိရှိနားလည်စေရန်နှင့် သက်တမ်းလွန် နေသောအစားအသောက်များအား ရောင်းချခြင်းမပြုရန် ဈေးဆိုင်ပိုင်ရှင်များအား ဟောပြောဆွေးနွေး စစ်ဆေး၊ပညာပေးခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ၊ဆရာမ(၅)ဦး၊ ကျောင်းသားကျောင်းသူ(၁၁၀)ဦး ၊ စုစုပေါင်း(၁၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့တွင်သက်သာသည့်စျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်အသင်းတို့ပူးပေါင်းစီစဉ်မှုဖြင့် စားအုန်းဆီများအား စားသုံးသူပြည်သူများသက်သာ သည့်စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက်  ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။ ၎င်းစားအုန်းဆီများကို မြန်မာတစ်နိုင်ငံလုံးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် အသင်းမှ ခွဲတမ်းဖြင့်ပြန်လည်ရောင်းချပေးလျက်ရှိပြီး (၁၂.၈.၂၀၂၂)ရက်နေ့တွင် မြိတ်ခရိုင် အတွက် စားအုန်းဆီ ပေပါ (၃၆)ပေပါ၊ ပိဿာချိန် (၃၉၆၀) ပိဿာရရှိခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါခွဲဝေရောင်းချပေးသောစားအုန်းဆီများကို မြိတ်ခရိုင်ဆီကုန်သည်များအသင်းမှ  ၃၅၂၅ ကျပ်ဖြင့်ဝယ်ယူပြီး ရန်ကုန်မှ မြိတ်သို့ ကုန်လမ်းခရီးဖြင့် ပို့ဆောင်ခ ပေါင်းပြီး ၂ % အမြတ်တင်၍ တစ်ပိဿာလျင် ၃၉၀၀ ကျပ်ဖြင့် (၁၃.၈.၂၀၂၂)ရက်နေ့မှစ၍ မြိတ်မြို့နယ် (မြို့သစ်၊ တိုးချဲ့၊ တောရကျောင်း၊ တပ်ပြင်၊ ရေပုန်း၊ ပါရမီစျေး)တို့တွင် တစ်ရက်လျင် ပိဿာ ချိန် ၆၆၀ဖြင့် (၁၈.၈.၂၀၂၂)ရက်နေ့ထိ စျေးကားဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုန့်မျိုးစုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

              ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် ၁၇.၈.၂၀၂၂ ရက်နေ့ နေ့လယ် ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ ရင်ရင် (ကိတ်မုန့်၊ ပေါင်မုန့်၊ မုန့်မျိုးစုံ) ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးခြင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရည်အတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးသိုမဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက် အလက်များကို သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

 

မွန်ပြည်နယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သုံးသီးနှံအသင်း ပြန်လည်ဖွဲ့စည်း

            မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သုံးသီးနှံအသင်း ပြန်လည် ဖွဲ့စည်းခြင်းအခမ်းအနားကို ဩဂုတ် ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်းဥက္ကဌနှင့် စားဖိုဆောင်သုံးသီးနှံ လုပ်ငန်းရှင်များ စုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးဦးဝင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ အသင်း၏ အလုပ်အမှုဆောင်များအား ရွေးချယ်တင်မြှောက်ကြရာ နာယက နှစ်ဦး၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးအပါအဝင် အသင်းအလုပ်အမှုဆောင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ