Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒိုက်ဦးမြို့နယ် မြို့မစည်ပင်သာယာဈေးတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် ဈေးတာဝန်ခံနှင့်အတူ အောက်တိုဘာ (၂၀) ရက်နေ့ ၊ နံနက်ပိုင်းတွင် ဒိုက်ဦးမြို့မ စည်ပင်သာယာဈေး အပြင်တန်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော  ဆပ်ပြာခဲ ၊ ဆပ်ပြာမှုန့် ၊ ဆပ်ပြာရည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်က ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း အကြောင်းအရာ များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ကွင်းဆင်းလေ့လာ

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အောက်တိုဘာ (၂၀) ရက်နေ့ ၊ နေ့လည်ပိုင်းတွင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးထုတ်လုပ်နေသော အသေးစား  ၊ အလတ်စားလုပ်ငန်းများဖြစ်သော ကျောင်းစုရပ်ကွက်ရှိ ငါးဖယ်ချဉ်လုပ်ငန်းနှင့် သံတံတားရပ်ကွက်ရှိ ငါးရံ့ခြောက်လုပ်ငန်းများ လုပ်ကိုင်နေမှုအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းလေ့လာရာတွင် ငါးဖယ်ချဉ်လုပ်ငန်းရှင်နှင့် ငါးရံ့ခြောက်လုပ်ငန်းရှင်တို့မှ ထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုး အမြတ် ရရှိမှုတို့အား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ လုပ်ငန်းများ တိုးချဲ့ပြီး ဈေးကွက်ရှာဖွေထုတ်လုပ် တင်ပို့နိုင်ပါက မှီခိုလုပ်သားမိသားစုဝင်များ အလုပ်အကိုင်ရရှိကာ ဝင်‌ငွေတိုးပွားစေမည်ဖြစ်ပါကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာမှ မြေအိုးလုပ်ငန်းအကြောင်း

          တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာသည် မိရိုဖလာလုပ်ငန်းဖြစ်သော မြေအိုးလုပ်ငန်းအား လုပ်ကိုင်ကြသူ များပြားလှပါသည်။ အဓိကအားဖြင့် သောက်ရေအိုးနှင့် ပန်းအိုး အား အဓိကလုပ်ကိုင်သည်ဟုလည်း သိရှိရပါသည်။ မြေအိုးများ ပြုလုပ်ရန်အတွက် အဓိကကုန်ကြမ်းများမှာ ရွှံစေးမြေ၊ သဲ၊ မြေနီ၊ ထင်း၊ ကောက်ရိုးနှင့် စပါးခွံတို့လိုအပ်ပါသည်။

         မြေအိုးပြုလုပ်ပုံအဆင့်ဆင့်မှာ ရွှံစေးမြေနှင့် မြေစေးကိုအမှုန့်ပြုလုပ်ကာ သမအောင် ရောမွှေ ရပါသည်။ အိုးတစ်လုံးစာ ရွှံစေးတောင့်များဖြစ်အောင်ပြုလုပ်ကာ အိုးကြမ်းပုံဖော်ရပါသည်။ ရရှိလာ သော အိုးကြမ်းများကို အရိပ်အောက်တွင်ထားကာ အိုး၏အောက်ခြေဖွေးလာပါက နှစ်ရက်၊ သုံးရက်ခန့် နေလှန်းရပါသည်။ ပြီးနောက် ကောက်ရိုး၊ စပါးခွံများကို အသုံးပြု၍ မီးဖုတ်ပြီးပါက ဈေးကွက်ဝင် အိုး တစ်လုံးရရှိပြီ ဖြစ်ပါသည်။

         ဈေးနှုန်းဈေးကွက်အနေဖြင့် သောက်ရေအိုးတစ်လုံးလျှင် (၁၅၀၀) ကျပ်ခန့်သွင်းရကြောင်း နှင့် ဒေသတွင်း တောင်ငူခရိုင်ရှိ အနီးဝန်းကျင်မြို့များသို့ တင်ပို့ရောင်းချရကြောင်း ငါးဖယ်အင်း ကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး၏ ပြောကြားချက်အရ  သိရှိရပါသည်။

         ခေတ်မှီတိုးတက်လာသည်နှင့်အမျှ သောက်ရေသန့်ဗူးများ ပေါများလာသော်လည်း နွေရာသီ ရောက်လျင်တော့ မြေအိုးထဲမှ ရေအေးအေးလေးကို တမ်းတမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သောက်ရေသန့်ဗူးမပို့နိုင်သော မြို့ပြနှင့်ဝေးသော ကျေးလက်ဒေသများတွင် သောက်ရေအိုးများကို အသုံးပြုနေကြစမြဲဖြစ်သောကြောင့် တပိုင်တနိုင်အိုးလုပ်ငန်းများမှာ တည်မြဲနေအုံးမည်ဟု သုံးသပ်မိကြောင်း တင်ပြလိုက်ပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့မှ မုန့်ဖတ်ခြောက်လုပ်ငန်း

        တောင်ငူမြို့နယ်၊ ဆိပ်ဖူးတောင်ကျေးရွာအုပ်စု၊ ဘုရားခြေရင်းကျေးရွာ၊ တောင်ငူ-သံတောင် လမ်းမဘေးရှိ မုန့်ဖတ်ခြောက်လုပ်ငန်းသည် အောင်မြင်သော ဒေသထွက် တန်ဘိုးမြှင့်ထုတ်ကုန် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ လုပ်သားအင်းအား ၃၀ ဦးဖြင့် လျှပ်စစ်မီးရရှိမှုအပေါ် မူတည်ကာ တစ်နေ့လျင် ကုန်ကြမ်း ဆန်အိတ် ၅၀ အထိ ထုတ်လုပ်နိုင်သည့် လုပ်ငန်းဖြစ်ပါသည်။

          ထုတ်လုပ်ပုံမှာ ဆလတ်ကြီးဆန်အား (၂)နာရီခန့်ကြိုတင်ရေစိမ်ထားပြီး ရေစိမ်ထားသော ဆန်ကိုနှစ်ကြိမ်မှသုံးကြိမ်အထိ ရေဆေးရပါသည်။ ရေဆေးပြီးဆန်များကို မုန့်ကြိတ်ရပါသည်။ ထွက်ရှိ လာသော မုန့်နှစ်များအား ရေစစ်ပြီး မုန့်ဖတ်ထွက်လာအောင် ညစ်ရပါသည်။ မုန့်ဖက်များ မကပ်စေရန် စားဆီသုတ်ပေးရပါသည်။ ထွက်ရှိလာသောမုန့်ဖက်များကို လျှော်ရပါသည်။ လျှော်ပြီးသား မုန့်ဖတ်များ ကိုတစ်ရက်နေလှန်း၍ ခြောက်သွေ့လာသောမုန့်ဖက်များကို တပိုင်တနိုင် မယူ၍ ထုတ်ပိုးသည့် နေရာသို့ ပေးပို့ရပါသည်။ ပလပ်စတစ်အိတ် တစ်အိတ်လျှင် ၂၂ ကျပ်သားစီ ထည့်၍ တံဆိပ်ကပ်ကာ ထုပ်ပိုးရပါသည်။

         ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ဆလတ်ကြီးဆန်တစ်အိတ်လျှင် လုပ်သားခ၊ ထုပ်ပိုးခွံဖိုး အပါ အဝင် ၅၀၀၀၀ ကျပ်ခန့်ရှိပြီး အမြတ်မှာ ဆန်တစ်အိတ်လျှင် ၂၀၀၀ ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။ ဆလပ်ကြီးဆန်တစ်အိတ်လျှင် ၂၂ ကျပ်သား မုန့်ဖတ်ခြောက်ထုပ် ၁၀၀ မှ ၁၁၀ ခန့်အထိရကြောင်း၊ မုန့်ဖတ်ခြောက်ထုတ်လုပ်မည့် ဆန်အိတ်များကို ဒေသတွင်းတွင်ပင် ဝယ်ယူစုဆောင်းထားကြောင်း၊ ၂၂ ကျပ်သား မုန့်ဖတ်ခြောက်ထုပ် တစ်ထုပ်လျှင် ၄၀၀ ကျပ် ရောင်းချကြောင်း၊ တောင်ငူခရိုင်အတွင်းရှိ ကုန်စုံဆိုင်များနှင့် သထုံ၊ ဘားအံ၊ မော်လမြိုင်၊ မြဝတီမြို့များအထိ တင်ပို့ရကြောင်း၊ တစ်လလျှင် ၂၂ ကျပ်သား အထုပ် ၃၀ ပါ ပီနန်အိတ် ပါကင်ထုပ် ၁၂၀၀ မှ ၁၅၀၀ အထိ တင်ပို့ရကြောင်း၊ လျှပ်စစ်မီးရရှိမှု နည်းပါးသဖြင့် အခက်အခဲ အနည်းငယ်ဖြစ်ရကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင် အုတ်တွင်းမြို့နယ်မှ အုန်းဆံတံမြက်စည်းလုပ်ငန်း

        တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာရှိ အုန်းဆံတံမြက်စည်းလုပ်ငန်း မှ ထုတ်လုပ်ရောင်းချလျက်ရှိသော အုန်းဆံတံမြက်စည်းများသည် သုံးစွဲသူများပြားပြီး ဈေးကွက်ဝင်သည့် အတွက် ဒေသတွင်းဖြစ်သော ရေတာရှည်၊ တောင်ငူ၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင် မြို့နယ်များအပြင် ရှမ်းပြည်နယ်အထိ ဈေးကွက်ထိုးဖောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ဥယျာဉ်တော်ကျေးရွာတွင် တံမြက်စည်းလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦးခန့်ရှိပြီး အများစုမှာ တောင်သူလယ်သမားများဖြစ်ကြပါသည်။ တံမြက်စည်းလုပ်ငန်းကို လယ်ယာလုပ်ငန်းအားလပ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် လုပ်ကိုင်ကြခြင်းဖြစ်ပါသည်။ လုပ်ငန်းတစ်ခုတွင် လုပ်သား ၇ ဦး ခန့်လုပ်ကိုင်ရပါသည်။ မိုးရာသီ လယ်ယာလုပ်ငန်းလုပ်ကိုင်ချိန်တွင် တံမြက်စည်းလုပ်ငန်းကို ရပ်နား ထားပြီး လယ်ယာလုပ်ငန်းမှ အားလပ်ချိန်ဖြစ်သော ဆောင်းရာသီနှင့် နွေရာသီတို့တွင် အဓိကထား လုပ်ကိုင်ကြပါသည်။

    အုန်းဆံကုန်ကြမ်းများကို ရန်ကုန်တိုင်းဒေသကြီးမှ မှာယူရပါသည်။ အုန်းဆံတံမြက်စည်း ပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ အုန်းဆံ၊ ဝါး၊ ပလပ်စတစ်ကြိုးခွေ၊ သစ်သားခုံ၊ တစ်လက်မခွဲသံ တို့ဖြစ်ပါသည်။ အုန်းဆံတံမြက်စည်းတစ်ချောင်း၏ ကုန်ကျစရိတ်မှာ ၂၃၀၀ ကျပ်ခန့်ရှိပြီး လက်ကား ဖြန့်ဖြူးသောဈေးနှုန်းမှာ ၂၇၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ရိုးရာအစားအစာတစ်မျိုးဖြစ်သော ခဲတံဝါး(ခေါ်)ကောက်ညှင်းကျည်တောက်ပေါ်ပြီ

      မြန်မာ့ရိုးရာအစားအစာများစွာ ရှိသည့်အနက် ခဲတံဝါး(ခေါ်) ကောက်ညှင်းကျည်တောက်သည်လည်း ယခုရာသီတွင်နာမည်ကြီးသော အစားအစာတစ်ခုဖြစ်ပါသည်။ ခဲတံဝါးကိုပြုလုပ်ရာတွင် လိုအပ်သောကုန်ကြမ်းမှာ တင်းဝါးနှင့် ကောက်ညှင်းဆန်ဖြစ်ပါသည်။ ခဲတံဝါးပြုလုပ်ပုံမှာ တင်းဝါး အနေတော်တစ်လုံးကို ကောက်ညှင်းဆန် ထည့်ရန်အတွက်  အဆစ်တစ်ခုစီတိုင်းမှ ဖြတ်တောက် ထားရပါသည်။ ထိုဖြတ်တောက်ထားသော အဆစ်ထဲသို့ ကောက်ညှင်းဆန်နှင့်ရေကို သင့်တင့် မျှတစွာထည့်၍ အဆစ်ထိပ်ဝကို ကောက်ရိုးဖြင့် ပိတ်ထားရပါသည်။ ထို့နောက် ကောက်ညှင်းဆန်နှင့် ရေထည့်ထားသော တင်းဝါးကို တစ်ခုခုဖြင့်အမှီပြု၍ ထောင်လျက်အနေအထားဖြင့်ထားကာ ပတ်ပတ်လည်ကို မီးအား အသင့်တင့်ဖြင့် (၁၅)မိနစ်ခန့် မီးရှို့ရပါသည်။ ထိုသို့အဆင့်ဆင့် ပြုလုပ် ပြီးနောက်တွင် ရောင်းတန်းဝင် ခဲတံဝါးကို ရရှိလာပြီဖြစ်ပါသည်။

      ခဲတံဝါးပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းဖြစ်သည့် ကောက်ညှင်းဆန်အား တစ်ပြည်လျှင် ၃၅၀၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ဝါးကို တောင်ပေါ်ဒေသများမှ လာရောက် ရောင်းချသည့် တင်းဝါးကို အသုံးပြုရပြီး တင်းဝါးတစ်လုံးလျှင် ၁၀၀၀ ကျပ် ဝယ်ယူရကြောင်း သိရပါသည်။ ယခုလိုဆောင်းဝင်ခါစအချိန်တွင် ခဲတံဝါးသည် အအေးဒဏ်ကိုအံတုကာ မီးလှုံ ရင်းပြုလုပ်နိုင်သော အစားအစာတစ်မျိုးဖြစ်ပြီး ကောက်ညှင်းကြိုက်သူအဖို့တော့ စားကောင်းလှသော အစားအစာတစ်ခုပင်ဖြစ်ပါသည်။

    ခဲတံဝါးဈေးနှုန်းဈေးကွက်အနေဖြင့် ခဲတံဝါး အရွယ်အစားအလိုက် တစ်ထောင်ဖိုးလျှင် အကြီး(၂)လုံး၊ အလတ်(၃)လုံး၊ အသေး(၄)လုံး ရောင်းချကြောင်းသိရှိရပါသည်။ ယခုလို ခဲတံဝါးပေါ်ခါစ ကာလတွင် တစ်နေ့လျှင် ခဲတံဝါးပြုလုပ်ရန် ကောက်ညှင်းဆန် ၄ ပြည်ခန့် အသုံးပြုရကြောင်း၊ တစ်နေ့ ရောင်းရငွေမှာ ကျပ်သုံးသောင်းခန့်ရှိကြောင်း ကင်းဆိပ်ကျေးရွာမှ ခဲတံဝါးလာရောက် ရောင်းချသူ တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

 

ရေတာရှည်မြို့နယ်မှ တပိုင်တနိုင် ဝါးကုလားထိုင်လုပ်ငန်းအကြောင်းအားလေ့လာခြင်း

      တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာချောင်းတံတားမြောက်ဘက်ရှိ ဆီဆုံကုန်းကျေးရွာသည် မိရိုးဖလာ လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသော်လည်း တစ်ဖက်တလမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် တပိုင်တနိုင်လုပ်ငန်းအဖြစ် ဝါးကုလားထိုင်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ ဝါးကုလားထိုင်ပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းများမှာ ကြက်သောင်းဝါး၊ ဝါးကျစ်၊ ဝါးပျက်နှင့် သံတို့ဖြစ်ပါသည်။

          ဝါးကုလားထိုင် ပြုလုပ်ပုံမှာ ကြက်သောင်းဝါးကို လိုအပ်သောအတိုင်းအတာဖြတ်တောက်၍ အခင်းယက်လုပ်ခြင်း၊ ဝါးကျစ်အား အခင်းတိုင်ပြုလုပ်ခြင်း၊ ဝါးပျက်အား ချုပ်တန်းထည့် သံနှင့်ရိုက်ပြီးပါက အသင့်ထိုင်ကုလားထိုင်တစ်လုံးအားရရှိပြီ ဖြစ်ပါသည်။

        ဝါးကုလားထိုင် (၁)လုံးပြုလုပ်ရန်အတွက် ကုန်ကျစရိတ်စုစုပေါင်းအနေဖြင့် (၃၂၀၀) ကျပ်ခန့်ရှိပြီး ရောင်းတန်းဝင်ဝါးကုလားထိုင် (၁)လုံးလျှင် (၄၅၀၀) ကျပ်ခန့် ရောင်းရပါသည်။ တစ်နေ့လျှင် ဝါးကုလားထိုင် (၁၆) လုံးခန့်ပြီးစီးပြီး ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီမြို့နှင့် တောင်ငူမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးဌာနမှူး ဒေါ်အိမာဟိန်းနှင့်အတူ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်များကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

         အသိပညာပေးဆွေးနွေးပွဲအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာပြဌာန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် လုပ်ငန်းရှင်များ အဆင်ပြေစွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ထုတ်ပြန် ပေးခဲ့မှုများ၊ လုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ဦးစီးမှူးရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ခြင်းများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ရေတာရှည်မြို့မှ ဝက်အူချောင်း

         တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဝက်အူချောင်း လုပ်ငန်းသည် အတော်အသင့် နာမည်ရနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဝက်အူချောင်း ပြုလုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများမှာ ဝက်သား၊ ဆိတ်အူ၊ သကြား၊ဆား၊ ယမ်းစိမ်း၊ အချိုမှုန့် နှင့် အခြောက်ခံမီးဖိုတို့ ဖြစ်ပါသည်။

        လိုအပ်သော ကုန်ကြမ်းများအား မန္တလေးမြို့နှင့် ဒေသတွင်း ရေတာရှည်မြို့နယ်တို့မှ ဝယ်ယူ ရရှိပါသည်။ ဝက်အူချောင်းပြုလုပ်ပုံအဆင့်ဆင့်မှာ ဝက်သားပိဿာချိန် (၂၀)ကို အရိုးများ ဖြတ်ထုတ်၍ ဓားဖြင့် နုတ်နုတ်စင်းပြီး ကြေမွသွားအောင် အသားကြိတ်စက်ဖြင့် ထပ်မံကြိတ်ရပါသည်။ ကြိတ်ပြီးသား ဝက်သားများကို အချိုမှုန့်၊ ဆား၊ သကြား၊ ယမ်းစိမ်းတို့ဖြင့် အချိုးကျ သမအောင်နယ်ပြီး ဆားရည် စိမ်ထားသော ဆိတ်အူထဲသို့ အသားညှစ်စက်ဖြင့် သွပ်သွင်း၍ အခြောက်ခံရန် အခြောက်ခံမီးဖိုထဲသို့ အပူပေးပြီးလျင် ရောင်းတန်းဝင် ဝက်အူချောင်းများ ရရှိပြီဖြစ်ပါသည်။

       ရောင်းတန်းဝင် ဝက်အူချောင်းများအား ပလတ်စတစ်အကြည် အထူစားဖြင့် ၁၀ ကျပ် သားနှင့် ၂၅ ကျပ်သားအထုပ်လေးများ ထုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

     ဈေးနှုန်းအနေဖြင့် ဝက်အူချောင်း (၁၀) ကျပ်သား အထုပ်သေး (၁) ထုပ်လျှင် ၄၀၀၀ ကျပ်နှုန်းနှင့် (၂၅)ကျပ်သား အထုပ်ကြီး (၁)ထုပ်လျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပါသည်။ ဒေသတွင်း တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် အခြားတိုင်းဒေသများမှ လာရောက်လည်ပတ် ကြသော ဧည့်သည်များမှလည်းဝယ်ယူကြပါသည်။ ရေတာရှည်မြို့နယ်ရှိ ဝက်အူချောင်းမှာ နာမည်ကျော်ကြားသော ဝက်အူချောင်းဖြစ်သောကြောင့် ဒေသတွင်းစားသုံးသူများမှ မိမိတို့အမျိုးအဆွေများရှိရာ အခြားတိုင်းဒေသများသို့ သွားရောက်လည်ပတ်ရာတွင်လည်း လက်ဆောင်အဖြစ်ဝယ်ယူကြကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်း၊ အားကစား နှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးတို့နှင့်အတူ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ အမှတ် ၂၃ ရပ်ကွက်ရှိ၊ ကသည်းစု အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းသား ကျောင်းသူများ ၁၆၀ ဦးအား စားသုံးသူကာကွယ်ရေးဆိုင်များကို အသိပညာပေး ဟောပြောခဲ့ပါသည်။             

    ထို့အတူ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မိတ်ဖက်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ် ၁ ရပ်ကွက်ရှိ ထီးလှိုင် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူ ၁၀၀ ဦးတို့အား စားသုံးသူကာ ကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲများတွင် မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုရန် အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် ပါက တိုင်ကြားနိုင်ခြင်းများကို အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ