Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အလုံမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ  

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  (၂၆.၁၀.၂၀၂၂)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီ အချိန် မုံရွာမြို့နယ်အလုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

          အသိပညာပေးဟောပြောပွဲ၌ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်မှု စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်သားဆိုင်ရာ အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး  စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့(ဦးစီးအရာရှိ)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး (၈)ချက်အကြောင်း၊ စားသုံးသူများ နစ်နာမှုရှိပါက ဆက်သွယ်တိုင်ကြား နိုင်သည့် နည်းလမ်းများအကြောင်း၊ ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ပြီး ဌာန၏ပညာပေး လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း၊ အစားအသောက်နှင့် ပတ်သက်၍ စားသုံးရန်မသင့် ကြေငြာထားသော ဗီနိုင်းပိုစတာကို ချိတ်ဆွဲနိုင်ရန်အတွက် ကျောင်းတာဝန်ခံ ဆရာမအား ပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနား၌ အမှတ် ( ၂ ) အခြေခံပညာအထက်တန်း ကျောင်းရှိ ဆရာ/မ (၂၀)ဦး၊ ကျောင်းသူ/သား (၄၈၀)ဦး စုစုပေါင်း (၅၀၀) ဦး တက်ရောက်ခဲ့ပြီး  နေ့လယ်( ၁၂း၀၀ )နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

     တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(3.000)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(73.000)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ စက်တင် ဘာလအထိ (6)လတာကာလအတွင်း ပို့ကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(5.839)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(3.398)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (9.237)ဆောင်ရွက်နိုင်ခဲ့ပါသည်။   အောက်တိုဘာလ(၁)ရက်နေ့မှ (၂၁)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း(0.၂၁၉)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(0.၂၅၀) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (0.၄၆၉)ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၇)လတာ ကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း (၆.၀၅၈)၊ သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာသန်း(3.၆၄၈)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (9.၇၀၆)ဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ် (13.30)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ အောက်တိုဘာလထိ (၇)လတာ လျာထားချက်အပေါ် (27.93)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ် ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

     အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ နန့်ဖာလုံကုန်စုံ၊ စီးကရက်၊ ဖိနပ်၊ ငရုတ်ကောင်း၊ သရက်သီးနှင့် အုန်းသီးတို့ ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဂျုံ၊ ဓါတ်မြေဩဇာ၊ ဆံပင်၊ စာရေးကိရိယာ၊ ဇီယာစေ့နှင့် ချွတ်ဆေးတို့ ဖြစ်ကြောင်း သိရပါသည်။

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

မိုးစပါး ကောက်သစ်ပေါ်ချိန် ဆင်း(၃)စပါးသစ် တစ်တင်း ခုနစ်ထောင်ကျပ် ဈေးဖွင့်

           ကသာခရိုင်၊ ကောလင်းခရိုင်များတွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးကောက်သစ်အား အောက်တိုဘာလ နောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းနေကြပြီဖြစ်သည်။ ယခုရိတ်သိမ်းသောစပါးမှာ ကောက်စော ဆင်းဧကရီ (၃) ခေါ် ဆင်း(၃)စပါးဖြစ်ပြီး စတင်ပေါ်ချိန် တစ်တင်း ၇၀၀၀ ကျပ်ဈေးဖွင့်ကြောင်း သိရသည်။

     ၂၀၂၂-၂၀၂၃ ခုနှစ် ကသာခရိုင် မိုးစပါးစိုက်ဧက (၁၇၃၆၀၈)ဧကနှင့် ကောလင်းခရိုင် စိုက်ဧက (၁၉၉၈၅၁)ဧက စိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးသောစပါးအမျိုးအစားမှာ ဆင်း-၃၊ ဧရာမင်း၊ မှော်ဘီ-၂၊ လုံးသွယ်မွှေး၊ ကောက်ညှင်းစပါးတို့ဖြစ်သည်။ ယခုနှစ် စပါးသစ်ပေါ်ချိန် ဆင်း-၃ စပါးမှာ တစ်တင်း ၇၀၀၀ ကျပ်ဈေးဖွင့်သောကြောင့် ယခင်နှစ်ကာလတူ ဖွင့်ဈေးထက် တစ်တင်း ၁၀၀၀ ကျပ် မြင့်တက်ကြောင်းသိရသည်။ ယခင်နှစ် စပါးဟောင်းဈေးနှုန်းများ မြင့်တက်နေမှုကြောင့် စပါးသစ်လည်း ၎င်းအရှိန်ဖြင့် မြင့်တက်ခြင်းဖြစ်ကြောင်း၊ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ပြန်ကျဆင်းသွားနိုင်ကြောင်း ဈေးကွက်မှသိရသည်။

      ဆန်စက်လုပ်ငန်းရှင်အများစုမှာ လမ်းပမ်းဆက်သွယ်ရေးကောင်းသော မြို့ပေါ်တွင်ရှိကြပြီး ကုန်ကြမ်းစပါးထွက်သောဒေသမှာ ကျေးလက်တောရွာများတွင် ရှိကြသည်။ ကျေးလက်ဒေသမှ မြို့ပေါ် ဆန်စက်ကြီးများသို့ စပါးတင်ပို့ရောင်းချရာတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိခြင်းနှင့် လမ်းကြော ပိတ်ဆို့မှုများကြောင့် ကုန်စည်တင်ပို့ရောင်းချရာတွင် အဆင်ပြေချောမွေ့မှုမရှိကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။      

DOCA(စစ်ကိုင်း)

ဌာနဆိုင်ရာဝန်ထမ်းများမှလည်း ဝယ်ယူလျက်ရှိ

       ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်/ဘုရင့်နောင်) တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ဧရာဝတီပေါ်ဆန်း 10Kg (5 ပြည်) တစ်အိတ်လျှင် ၁၃၈၀ဝိ/- ဖြင့်လည်းကောင်း၊ ရက် (၉၀) ဆန် 10Kg (5 ပြည်) တစ်အိတ်လျှင် ၁၀ဝ၀ဝိ/- ဖြင့်ရောင်းချပေးလျက်ရှိရာတွင် (၁၉.၁၀.၂၀၂၂) ရက်နေ့တွင် အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း(ဆိုလာ)အလုပ်ရုံ၊ တောင်ဒဂုံမြို့နယ်ရှိ ဝန်ထမ်းများအတွက် ဆန်အိတ် (ကြမ်း/ချော) များလာ ရောက်ဝယ်ယူသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“သန်လျင်မြို့နယ်၌ နေကြာစပ်မျိုးသီးနှံနှင့် သွင်းအားစုများကို တောင်သူများအား ပေးအပ်ပွဲကျင်းပ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် နေကြာသီးနှံစပ်မျိုးနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို (၂၁.၁၀.၂၀၂၂)ရက်နေ့၊ သန်လျင်မြို့နယ် အ.ထ.က(၁) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့၏ ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်ရေးမှူး၊ တိုင်း/ခရိုင် စီမံ အုပ်ချုပ်ရေး၊ ဥက္ကဌနှင့် ခရိုင်မြို့နယ်အဆင့် စိုက်/ကြပ်အဖွဲ့ဝင်များ၊ နေကြာသီးနှံမျိုးစိုက်ပျိုးမည့် ကျေးရွာများမှ တောင်သူများအပါအဝင် စုစုပေါင်း(၇၀၀)ဦး တက်ရောက်ခဲ့ပါသည်။

       အခမ်းအနားတွင် သန်လျင်ခရိုင်မြို့နယ်များမှ ဆီဖူလုံမှုအခြေအနေနှင့် နေကြာသီးနှံ စိုက်ပျိုး မည့်အခြေအနေများကို သန်လျင်ခရိုင်အုပ်ချုပ်ရေးမှူးမှ ရှင်းလင်းတင်ပြပြီး တိုင်း ဒေသကြီးဝန်ကြီး ချုပ်မှ လိုအပ်သညများကို ပြန်လည်လမ်းညွှန်မှုပြုခဲ့ပါသည်။ ထို့နောက် အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများမှလည်း နေကြာစေ့စိုက်ပျိုးမည့် တောင်သူများထံ နေကြာသီးနှံ မျိုးစေ့များအား ပေးအပ်ခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း၊ သန်လျင်၊ တွံ့တေး ခရိုင်များအနေဖြင့် ၂၀၂၂ ခုနှစ်တွင် မြို့နယ်များအလိုက် ဆီ(၄၄.၅၀)မက်ထရစ်တန် ထုတ်လုပ် နိုင်ပြီး (၁၅၀၀၀၀) မက်ထရစ်တန် လိုအပ်မှုရှိ၍ (၀.၂၉)ရာခိုင်နှုန်းသာ ဖူလုံမှုရှိကြောင်း တွေ့ရှိရပါသည်။

       ခရိုင်များအတွင်း ယခင်က ဆီထုတ်သီးနှံ နေကြာကို (၅၁)ဧကသာ စိုက်ပျိုးခဲ့သော်လည်း ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် စိုက်ပျိုးသူ တောင်သူများ ဝင်ငွေတိုးပွားစေရေးရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယခု ၂၀၂၂-၂၀၂၃ ခုနှစ် သန်လျင်ခရိုင်ရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ မြို့နယ်များရှိ ကျေးရွာအုပ်စု (၃၄၉)အုပ်စု၊ တောင်သူ (၅၃၇)ဦးတို့မှ သီးထပ် (၁၂၆၂) ဧကသီးညှပ် (၃၈၇)ဧက စုစုပေါင်း (၁၆၄၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပြီး တွံတေးခရိုင်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းတွင် နေကြာသီးနှံကို (၃၈၃၆)ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ထားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၀.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်(၁၁)ချက်၊ အခန်း(၂၃)ပါတား မြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာ တစ်ခု(သို့)တစ်ခု ထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ စက်သုံးဆီနှင့်ပတ်သက်ပြီး သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းဝယ်နေသော စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် PPRD မှထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေး အတွက် မြို့နယ်အတွင််းရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေရပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာCICC သို့လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၂၀.၁၀.၂၀၂၂)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ နှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ အတိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင် ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ (၂၄.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် နတ်မော်ကျေးရွာရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၅၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်နှင့် အဖွဲ့သည် စားသုံး သူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းအကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်း ချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော် လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအားအသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖက်ရှု့ ရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာ ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

 

 

 

ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များအား (၂၄.၁၀.၂၀၂၂) ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ FDA နှင့် စည်ပင်သာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ဝယ်ယူ စားသုံးသူမိဘပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် တရားဝင်ဆေးဝါးမှတ်ပုံတင်ထားသော ဆေးများ တင်သွင်းရောင်းချခြင်းရှိ/မရှိ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ၊ စံမမီဆေးဝါးများနှင့် တားမြစ်ထားသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင် များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၆)ဆိုင် အားစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများအား ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက် ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံများအနေဖြင့်လည်း စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့သည့်အပေါ် မိမိတို့ခရိုင်၊ မြို့နယ်အတွင်း ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့ကို စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သန့်ရှင်းသော အဝါရောင် Drumအသုံးပြုမှုရှိ/မရှိ၊ အချိန်အတွယ်မှန်ကန်မှုနှင့် ရောင်းချသည့်ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ (၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ အနောက် ဈေးရပ်ရှိ အေးရွှေစင် စားသုံးဆီရောင်းဝယ်ရေးဆိုင်အား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် အေးရွှေစင်စားသုံးဆီအရောင်းဆိုင်အနေဖြင့် မြေပဲဆီနှင့် စားအုန်းဆီများကို အမှတ်တံဆိပ်မပါရှိဘဲ ပိဿာချိန်ဖြင့်သာ ရောင်းချလျက်ရှိပြီး သန့်ရှင်းသော အဝါရောင် Drumများ အသုံးပြု၍ အချိန်အတွယ်မှန်ကန်စွာှနှင့်  ဈေးနှုန်းမှန်ကန်စွာ ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ