Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ် တာကောက်မူလွန်ကျောင်း တွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာအကြောင်း ဟောပြော

          ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၂)နေ့ နံနက် (၁၃:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးဝါးဦးစီးဌာနတို့နှင့်အတူ မအူပင်မြို့ တာကောက်မူလွန်ကျောင်းတွင် ဌာနဆိုင်ရာ များ စုပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူကာကွယ်ရေးအကြောင်း၊ စားသုံးသူ၏အဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းစားသုံးရန် မသင့်သော အစားအသောက်များကို သိရှိစေရန် နမူနာပေး ရှင်းလင်းပြောကြားပြီး၊ ဈေးကွက်အတွင်းရှိ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသား ပြည်စုံစွာပါဝင်သော ကုန်စည်နှင့် ဌာနတို့၏ ထောက်ခံချက်၊ ခွင့်ပြုချက်များပါဝင်သော ကုန်စည် များကိုသာ ရွေးချယ်ဝယ်ယူတက်စေရန် ပညာပေးပြောကြားခဲ့ပြီး မိမိတို့ဝယ်ယူသော ကုန်စည်အကြောင်း စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုက်ကြားနိုင်သည့် နည်းလမ်း အဆင့်ဆင့်အကြောင်းကို ဟောပြောခဲ့ပြီး ဆရာ/ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားသို့ ခရိုင်ဦးစီးမှူး မှ စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်း ရှင်းလင်းဟောပြော

       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ သမဝါယမဦးစီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတို့မှ ပူးပေါင်းဆောင်ရွက်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၁၃)ရက်ကြာဖွင့်လှစ်သင်ကြားပြီးနောက် အခမ်းအနားကို (၂၄.၁၀.၂၀၂၂) နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့နယ် အိုင်ဝိုင်း ကျေးရွာ အုပ်ချုပ်ရေး မှူးရုံး၌ သင်တန်းဆင်းပွဲအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါအခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဇင်အေးမှ သင်တန်းဆင်ပွဲတွင် အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ပေးရေး အကြောင်း၊ စားသုံးသူ၏အဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးခြင်းအချက် အလက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက နစ်နာမှုအတွက်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် တိုင်ကြားမှုနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းများ၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်အများကို အလွယ်တကူစုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်လျှက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel၊ Ooredoo Sim Card များအပြင် MPT Sim Card User များလည်း ခေါ်ဆိုမေးမြန်းနိုင်ပါကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်များအပြင် အသေးစား၊ အလတ်စား ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်း‌ဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၆.၁၀.၂၀၂၂) နေ့ နံနက် (၀၈:၃၀) နာရီမှစ၍ မအူပင်အခွန်လွတ်ဈေး၊ ကုန်စိမ်းဈေးနှင့် တာပေါ်ဈေးများတွင် ရောင်းချနေသော ပဲပြားနှင့်ပဲသွေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ကြ ပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ပဲပြားနှင့် ပဲသွေးရောင်းချသော ဆိုင်များမှ  ပဲပြား၊ ပဲသွေးများကို နမူနာကောက်ယူ စစ်ဆေးမှုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အထက(၆)စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး ဟောပြောပွဲပြုလုပ်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်းနှင့်  မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  (၂၅.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီက မြောင်းမြမြို့နယ်၊ အထက(၆)ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ် သည်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ထုတ်လုပ်မှုအမှတ်စဉ် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ အကြောင်း ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မိမိတို့ပါတ်ဝန်းကျင်တွင်ရောင်းချနေသော အစားအသောက်များတွင် စားသုံးရန်မသင့်သောအစားအစာများ၊ ဓါတုဆိုးဆေးများလွန်ကဲစွာ အသုံးပြုထားသော မုန့်ပဲ၊ သရေစာများကို  စားသောက်မိပါက ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးများခံစားရပြီး၊ ဆေးရုံ ဆေးခန်းပြသရန်အတွက် ကုန်ကျစရိတ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း ကျောင်းသား/သူများအနေဖြင့် အစားအသောက်များကို မိမိတို့အသိစိတ်ဖြင့် ရွေးချယ်ဝယ်ယူစားသောက်နိုင်ကြစေရန် အသိပေးဟောပြောခဲ့ပါသည်။

        ထို့နောက် ကျောင်းမုန့်ဈေးတန်း စားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်နေသောအစားအသောက်များ ရောင်းချခြင်းမပြုရန် မုန့်ဆိုင်ပိုင်ရှင်များသို့ မှာကြားခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်း သား /သူ(၂၉၀)ဦး စုစုပေါင်း(၃၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့မဈေးတာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၅.၁၀.၂၀၂၂) ရက် နေ့ နေ့လယ် (၁၃:၀၀)နာရီက မြို့မဈေးတာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား ကုန်အညွှန်းဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းစားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ဌာနမှ ထုတ်ပြန်ထားသောဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသော ဥပဒေများအတိုင်းများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပွဲသို့လုပ်ငန်းရှင်(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့နယ် ပေစိကျွန်းကျေးရွာရှိ အထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကာ/ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၅.၁၀.၂၀၂၂) နေ့တွင် (၀၉:၄၅)နာရီ အချိန်တွင် ညောင်တုန်းမြို့ ပေစိကျွန်းကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်းတွင် ကျောင်းသူ/ ကျောင်းသူ (၂၁၀)ဦး နှင့် ဆရာ/ ဆရာမ (၂၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ဥပဒေအကြောင်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများကုန်စည်ကို ရွေးချယ်ဝယ်ယူ တက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်များကို သေချာကြည့်ရှုမှတ်သား၍ ဝယ်ယူနိုင်ရန်လည်းကောင်း၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူများမှ ရွေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဝန်ဆောင်မှုကို ဆက်သွယ်၍ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel၊ Ooredoo Sim Card များအပြင် MPT Sim Card User များလည်း ခေါ်ဆိုတိုင်ကြားမေးမြန်းနိုင်ပါကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲ တက်ရောက်သူ ကျောင်းသား/သူများမှ သိရှိလိုသည့်များကို မေးမြန်းကြပြီး ညောင်တုန်းမြို့နယ် ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် မီးသတ်တပ်ဖွဲ့ဝင်များကို (၂၄.၁၀.၂၀၂၂)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်ထိ အမှတ်(၃)ရပ်ကွက်(၆) လမ်းမီးသတ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးတင်စိန်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊တားမြစ်ချက်များ၊ ကုန်စည်(သို့ )ဝန်ဆောင်မှု၊ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်များ တွင်ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာ‌ဖော်ပြထားသော အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုကြရန်နှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ဝယ်ယူအသုံးမပြုကြရန် အသိပညာပေးဟောပြောခဲ့ပြီး ထိုအခမ်းအနားသို့ မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် လေးကုန်းကျေးရွာ အ.မ.ကကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ‌ဟောပြောဆောင်ရွက်

        ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တာဝန်ခံသည် မြို့နယ်ပညာရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီမှ (၁၂:၀၀)နာရီ အထိ လေးကုန်းကျေးရွာအ.မ.ကကျောင်းရှိဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် ‌ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က တားမြစ်ကုန်စည်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူ နစ်နာမှုရှိပါက တိုင်ကြားနိုင်မှုအခြေအနေများ၊ ရွေးချယ်စားသုံးသင့်သည့် အစားအစာများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ဆန်စက်၊ တည်းခိုခန်းလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံကစားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေတွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့်ပြဌာန်းခဲ့ကြောင်း ၊ဥပဒေတွင်ပါရှိသော အခန်း(၉)စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် အခန်း(၁၈)ပါ မြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ စားသုံးသူပြည်သူတို့ ဝယ်ယူသုံးစွဲနေသော ကုန်စည်နှင့်ဝန်ဆောင်မှုတို့တွင်နစ်နာဆုံးရုံးမှုရှိလာပါက ရေးဆိုတိုင်ကြားနိုင်သည့် CICC စင်တာများဖွင့်ထားကြောင်း COVID-၁၉ ချေးငွေကိစ္စနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတခရိုင် မိုးစပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေ

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် မိုးစပါး စိုက်ဧက နှစ်သိန်းငါးသောင်းကျော် စိုက်ပျိုးပြီး ဆင်းသုခ စပါးမျိုး ဧက တစ်သိန်းခြောက်သောင်းကျော် စိုက်ပျိုးသောဒေသ ဖြစ်ပါသည်။ ဟင်္သာတခရိုင်သည် နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၃.၀၆ လက်မ ရွာသွန်းပြီး ၂၀၂၂ ခုနှစ် မိုးရာသီတွင် မိုးပိုခဲ့သည့်အတွက် ဩဂုတ်လကုန်တွင် နှစ်စဉ်ပျမ်းမျှ မိုးရေချိန်လက်မသို့ ရောက်ရှိခဲ့ပြီး မိုးလယ်၊ မိုးနှောင်းကောင်းသောနှစ်ဖြစ်ပါသည်။ သက်တမ်း ရက် ၁၃၅ ရှိသောဆင်းသုခ၊ သက်တမ်း ၁၁၅ ရက်ရှိ GW-11 မိုးစပါးများ အောက်တိုဘာ ဒုတိယပတ်တွင် လှိုင်လှိုင်ထွက်ရှိလာပြီး ဈေးကွက်ဝင်ရောက်လာပါသည်။

      စပါးဈေးမှာလည်း ကောက်စောပေါ်ချိန် စက်တင်ဘာနောက်ဆုံးပတ်တွင် ဆယ်သိန်းမှ ဆယ်သိန်းခွဲဈေးပေါက်ခဲ့ပြီး မိုးရွာသွန်းသော အောက်တိုဘာ ပထမပတ်တွင်သာ ကိုးသိန်းရှစ်သောင်း၊ ကိုးသိန်းခုနှစ်သောင်း ဈေးပေါက်ပြီး  ဆယ်သိန်းဈေးအောက်အနည်းငယ်ကျဆင်းခဲ့သော်လည်း၊ အောက်တိုဘာ ၁၂ရက်မှစ၍ ဆယ်သိန်းပြန်ကျော်ခဲ့ပြီး၊ အောက်တိုဘာ ၁၈ ရက်နေ့၌ အစိုဓာတ် ၂၀ ရာနှုန်း အောက်၊ ဆင်းသုခစပါး ပေါင် ၅၀ တင်းတရာလျှင် ဆယ်သိန်း ခုနှစ်သောင်း၊ အခြားစပါးမျိုး ဆိုလျှင် ဆယ်သိန်းငါးသောင်းဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

      ယခုအခါ စိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူ ၇၀ ရာနှုန်းခန့်သည် ပျိုးထောင်စိုက်ပျိုးခြင်းအစား ကြဲခင်းစိုက်နည်းစနစ်ကိုသာ အသုံးပြုလာကြပြီး၊ တလင်းပျောက်စနစ်ဖြစ်သော ကွင်းအတွင်း ရိတ်ခြွေစက်ဖြင့် ရိတ်သိမ်းပြီး ပွဲစားသို့မဟုတ် စက်ပိုင်ထံတိုက်ရိုက်ရောင်းချခြင်းကို ပြုလုပ်လာကြပါသည်။ ဟင်္သာတမြို့၊ စခန်းကြီးကျေးရွာမှ လယ်ဧက ၅၀ခန့်လုပ်ကိုင်သော တောင်သူဦးတင်အောင်ချိုက ပြော ကြားရာတွင် ယခုနှစ်တွင် စိုက်စရိတ်မှာ ယခင်နှစ်များထက်ကြီးမြင့်သည့်အတွက် သွင်းအားစုထည့်သွင်း မှုလျော့နည်းခြင်း၊ စပါးပွင့်ဖူးချိန်တွင် မိုးကောင်းလွန်းခြင်း၊ ကြဲခင်းစိုက်နည်းစနစ်ကို အသုံးပြုလာသည်မှာ လေးနှစ်ခန့်ရှိလာပြီဖြစ်သည့်အတွက် ဧက ၅၀ကိုနှစ်စဉ် စပါးတင်းလေးထောင်ကျော်ရရှိရာမှာ ယခုနှစ်တွင် တင်း၃၅၀၀ ကျော်သာရရှိသည့်အတွက် အထွက်နှုန်းမှာ အနည်းငယ် လျော့နည်းလာကြောင်းနှင့် လာမည့်နှစ်တွင် ပျိုးထောင်စိုက်ပျိုးခြင်းကို ငါးဆယ်ရာနှုန်းလောက် ပြန်လည်ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

      အောက်တိုဘာ ၁၈ရက်နေ့ ဧည့်မထ ဆန်သား ၈၅ရာနှုန်း၊ ပေါင်၁၁၀တစ်အိတ်ဈေးနှုန်းမှာ ၄၁၂၀၀ ကျပ်၊ ဆန်ကွဲ ၁၀၈ ပေါင်တစ်အိတ်ဈေးမှာ ၃၉၀၀၀ကျပ်၊ ဖွဲနုပေါင် ၇၀တစ်အိတ်ဈေးမှာ ၁၇၅၀၀ ကျပ်ဈေးပေါက်နေသည့်အတွက် စပါး ၁၀၀ အထွက်နှုန်းကို ဟင်္သာတမြို့၊ နတ်မော်ကျေးရွာမှ ဆန်စက် လုပ်ငန်းရှင် ဦးဆန်းလွင်နှင့် တွေ့ဆုံမေးမြန်းရာတွင် အစိုဓာတ် ၁၅ ရာနှုန်း၊ ဆင်းသုခ ၄၆ ပေါင် တင်းတ ရာလျှင် ဆန်သား ၈၅ ရာနှဒန်း ပေါင် ၁၁၀ အလေးချိန်ရှိ ဆန်(၂၃)အိတ်၊ ဆန်ကွဲ ၁၀၈ ပေါင်(၅)အိတ်၊ ဖွဲနု ပေါင် ၇၀(၅)အိတ်ခန့် ထွက်ရှိသည့်အတွက် စပါးတင်း ၁၀၀ ကြိတ်ခွဲထုတ်လုပ်ပါက ၁၂၃၀၀၀၀ ကျပ်ခန့် ရရှိနိုင်ပြီး၊ ကုန်ကျငွေမှာ စပါး၁၀၀ တန်ဘိုး၊ စပါးအခြောက်ခံခ၊ စက်ကြိတ်ခ၊ ကားတင်ချ လုပ်သားခ စုစုပေါင်းမှာ ၁၁၆၀၀၀၀ ကျပ် ခန့်ကုန်ကျသည့်အတွက် ဆန်စက်ပိုင်ရှင်အနေဖြင့် စပါးတရာလျှင် ၇၀၀၀၀ ကျပ်ခန့်အမြတ်ရှိကြောင်းသိရှိရပါသည်။ ဆန်ကုမ္ပဏီများနှင့် ရန်ကုန်ဝယ်လက်များ အဝယ် လိုက်လာသဖြင့် ဆန်ဈေးမှာ လက်ရှိဈေးတန်းတွင် တည်ငြိမ်နိုင်သဖြင့် စပါးဈေးမှာ ဆယ်သိန်းအောက် မကျနိုင်ကြောင်းလည်း သိရှိရပါသည်။

      ဟင်္သာတခရိုင်ရှိ တောင်သူများမှာလည်း ဆောင်းသီးနှံ မတ်ပဲအမှီ ရိတ်ခြွေစက်များဖြင့်သာ ရိတ်သိမ်းကြသည့်အတွက် အောက်တိုဘာလလယ်တွင် စိုက်ဧကအားလုံး၏ ၅၀ ရာနှုန်းခန့်ရိတ်သိမ်းပြီးဖြစ် ကာ တစ်ဧကကုန်ကျစရိတ်မှာလည်း ယခင်နှစ်ထက် မြင့်တက်ပြီး ကျပ်လေးသိန်းကျော်ခန့် ရှိကာ စပါး ဈေးမှာဆယ်သိန်းကျော် ရရှိသဖြင့် အထွက်နှုန်း တစ်ဧက တင်း(၇၀)နှုန်းဖြင့် တွက်ပါက တောင်သူတွေ အနေနှင့် တွက်ချေကိုက်မှုနည်းသော်လည်း၊ မျိုးကောင်းမျိုးသန့် အသုံးပြုခြင်း၊ သဘာဝမြေဩဇာကို အသုံးပြုခြင်း၊ ကြဲခင်းထက်စိုက်ခင်းကို ပိုမိုစိုက်ပျိုးခြင်းဖြင့် ပေါင်းသတ်ဆေးသုံးစွဲမှု လျောချနိုင်၍ မြေဆီ လွှာဆုံးရှုံးမှု လျော့နည်းစေကာ တစ်ဧကထွက်နှုန်းတိုးတက်စေပြီး၊ ရိတ်သိမ်းပြီးပါကလည်း သတ်မှတ် အစိုဓာတ်ရရှိအောင် နေလှမ်းခြင်း၊ အခြောက်ခံခြင်း တို့ပြုလုပ်ပြီး ဈေးစောင့်ရောင်းချခြင်းဖြင့် စပါးစိုက်တောင်သူတို့အတွက် ပိုမိုတွက်ချေကိုက် အကျိုးရှိစေမှာဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ