Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်ချခြင်းရှိ/မရှိနှင့် ဆေးဝယ်ယူရရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေး၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တို့နှင့်  ပူးပေါင်း၍    (၂-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီက မြောင်းမြမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများဈေးနှုန်းမြင့်တင် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေးအဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း ယခင်လဈေးနှုန်းထက် အနည်းငယ်သာ မြင့်တက်မှုရှိပြီး စားသုံးသူပြည်သူများအနေဖြင့် အခြေခံဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူရရှိနိုင်ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် မြောင်းမြမြို့နယ်ရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအား ဆီခွဲဝေခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်ရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးသည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ (၁.၉.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဆီခွဲဝေရရှိမှုနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ဟောပြောဆွေးနွေးရာတွင် မြောင်းမြခရိုင်ဦးစီးမှူးမှ တက်ရောက်လာသောအသေးစား၊ အလတ်စားလုပ်ငန်းရှင်များကို မိတ်ဆက်စကားပြောကြားပြီး မိမိတို့လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ဆီခွဲတမ်းများကို အညီအမျှခွဲဝေပေးမည်ဖြစ်ကြောင်း ပြောကြားလျက် ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူးကလည်း မိမိတို့လုပ်ငန်းလိုအပ်ချက်မျှသာ စားအုန်းဆီကိုလျှောက်ထားရန်ဖြစ်ပြီး လျှောက်ထားလာသော လူဦးရေပေါ်မူတည်၍ဆီအသင်းနှင့်တိုင်ပင်ပြီး လိုအပ်သည့်ဆီများကို အညီအမျှခွဲဝေပေးရကြောင်း ဝယ်ယူရရှိသော ဆီများအား ပြင်ပသို့ ပြန်လည်ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း ၊ ဟောပြောပွဲသို့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်(၅၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် လပွတ္တာမြို့နယ်ရှိ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၃.၉.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီက ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးရန်နိုင်စိုးအား စားသုံးသူ‌ရေးရာဦးစီးဌာနရုံးသို့ ခေါ်ယူတွေ့ဆုံ၍  ဆန်ရောင်းချမှု အခြေအနေအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ MRF တို့မှထုတ်ပြန်ထားသော သတ်မှတ်ဈေးနှုန်းတို့ထက်ကျော်လွန်၍ ရောင်းချမှုမရှိစေရေး၊ အလေးချိန်မှန်ကန်စေရေး၊ စားသုံးသူများသက်သာစွာဝယ်ယူနိုင်ရေးတို့အတွက် ဆန်ရောင်းချသူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံမှ အခွန်လွတ်ဈေး၌ အခြေခံစားကုန်ရောင်းချခြင်းအား ကြီးကြပ်ဆောင်ရွက်

      ၃၁.၈.၂၀၂၄ ရက်နေ့နှင့် ၁.၉.၂၀၂၄ ရက်နေ့တို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အခွန်လွတ်ဈေးတွင် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များရောင်းချခြင်းအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကြီးကြပ်ဆောင်ရွက်ရာတွင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီများ၊ ဝက်သား၊ ကြက်သား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ ရောင်းချရာတွင် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်စေရေး၊ အလေးချိန်မှန်ကန်စေရေး၊ ဝယ်ယူသူများမှလည်း စနစ်တကျတန်းစီဝယ်ယူနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဩဂုတ်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)၏ ဓာတ်ခွဲခန်းများမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း လုပ်ငန်းရှင်ပေါင်း (၄၅)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၀)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၈၈) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၃၁၁) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

   ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ဂျပန်နှင့် အိုက်စလန် နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ကွဲ၊ နှမ်းနက်သိပ္ပံ၊ ပဲတီစိမ်း၊ ပဲလွန်း၊ ထောပတ်ပဲ၊ နှမ်းမှုန့်၊ ပဲယင်း၊ ဆန်ဖြူ၊ ပေါင်းဆန် စသည်တို့၏ ရူပနှင့် ဓာတုအရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၃၁) ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၅) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၂၆၆)ခု၊ သီးနှံ(ဓာတု)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု(၆)ခုနှင့် သီးနှံ(ရူပ)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု(၃)ခု  စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၃၁၁) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

ချောင်းဆုံမြို့နယ်၌ အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း၌ အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကို ၂.၉.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲနှင့် လိပ်စာတို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်စေရန်နှင့် ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များကို ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

    ၃.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် တာဝန်ခံသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးများမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့ပေါ်ရှိ လိုင်စင်ရဆေးဝါးအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်ကမ်းချက်များနှင့် အညီ ရောင်းချခြင်းရှိ/ မရှိ၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး လိုအပ်သည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဩဂုတ်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

       ပခုက္ကူနှင့် ဂန့်ဂေါခရိုင်အနေဖြင့် ဩဂုတ်လအတွင်း၌ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးဖြစ်သော ခေါင်းလျှော်ရည်၊ ဆံပင်ဆိုးဆေးများအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၃)ကြိမ်၊ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်(၃)ဆိုင်နှင့် ဆိပ်ဖြူမြို့နယ်မှ စားသုံးဆီအရောင်းဆိုင် (၅)ဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ FDA မှ တားမြစ်ဓာတုပစ္စည်းများပါဝင်မှုမရှိသော်လည်း ကုန်ပစ္စည်းမှတ်တမ်းတင်ထားခြင်းမရှိသော အလှကုန်ပစ္စည်း(၅) မျိုးအား ရောင်းချခြင်းရှိ/မရှိ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်ခြင်း (၁)ကြိမ်၊ ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် မုန့်ဆိုင်(၅)ဆိုင်အား ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၇)ကြိမ်အား  မိတ်ဖက်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော သင်တန်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

      ၃၀.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သော သင်တန်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချသည့် အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅) ဖြင့် အရေးယူသားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းများမှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော eComReg System ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် စတင်၍အသုံးပြုခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ စူပါအမှတ်တံဆိပ်ကိတ်နှင့် မုန့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

      မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်အတွက် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့၊ နေလယ်(၁၄း၀၀)အချိန်တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ စူပါအမှတ်တံဆိပ်ကိတ်နှင့် မုန့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး၊  ကုန်အညွှန်းအမှတ်အသားပါရှိခြင်းကြောင့် ရရှိလာမည့်ကောင်းကျိုးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များရောင်းချရန်နှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ