Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မိုးစပါးများစိုက်ပျိုးနေပြီဖြစ်

   တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မိုးစပါးများကိုစတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ မနောသုခ၊ ဆင်းသုခ၊ ဗျော့ထွန်း၊ ရတနာစိုး၊ နယူးဧရာ စသည့်စပါးအမျိုးအစားများကိုစိုက်ပျိုးပြီး အဓိကအားဖြင့် ထိုင်းနှံကောက်စပါးမျိုးကို ပိုမိုစိုက်ပျိုးကြောင်းသိရပါသည်။

    မိုးစပါး(စိုက်ခင်း)၁ဧကအတွက် စပါးမျိုးမှာ ၁တင်းခွဲပျိုးထောင်ရပြီး ၆၀၀၀၀ကျပ်ကုန်ကျကြောင်းသိရပါသည်။ ပျိုးခင်းစတင်ထွန်ယက်ရာတွင် နွားနှစ်ရှဉ်းသုံးရပြီး ၃၀၀၀၀ကျပ်ကုန်ကျပါသည်။ ထိုသို့ထွန်ယက်ပြီးနောက် မျိုးစပါးများကိုပျိုးထောင်စိုက်ပျိုးရပါသည်။ စိုက်ပျိုးပြီး ၁၅ရက်ကြာလျှင် မြေဩဇာတစ်ကြိမ်စတင်ကြဲရပြီးနောက် ၂၂ရက်ကြာလျှင် ဒုတိယအကြိမ်၊ ၂၅ရက်ကြာလျှင် တတိယအကြိမ်ကြဲရကြောင်းသိရပါသည်။ မြေဩဇာ ၃ကြိမ်အတွက် ကုန်ကျငွေမှာ ၁၅၀၀၀ကျပ်ကုန်ကျပါသည်။

              ထို့နောက် ၁ဧကစိုက်ခင်းအတွက် နွားချေးလှည်း ၁စီးအသုံးပြုရပြီး ကုန်ကျငွေမှာ ၂၅၀၀၀ကျပ်ကျသင့်ပါသည်။ ထယ်ထိုး၊ ထွန်မွှေ၊ ကြမ်းတုံးရိုက် စုစုပေါင်းကုန်ကျစရိတ်မှာ ၁၃၅၀၀၀ကျပ်ကုန်ကျပါသည်။ ပျိုးနှုတ်ခမှာ ၁ဧကလျှင် လုပ်သားခ ၁၈၀၀၀ကျပ်ကျသင့်ပြီး ပျိုးပင်ထမ်းချရာတွင် လုပ်သားတစ်ဦးနှင့် ကောက်စိုက်လုပ်သားခဦးရေ ၁၁ဦးလျှင် ကုန်ကျငွေမှာ ၇၄၀၀၀ကျပ်ကျသင့်ကြောင်း အုတ်တွင်းမြို့နယ်ရှိ တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မုံရွာမြို့ဆီကုန်သည်များအသင်းမှ စားအုန်းဆီရောင်းချပေးနေမှုအား ကွင်းဆင်းကြပ်မတ်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၄.၅.၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝန်ထမ်းများအား ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော စားအုန်းဆီများကို စစ်ကိုင်းတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စျေးကားဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၅၄၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးနေမှုအား မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့မှ သွားရောက်ပူးပေါင်းကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် စားအုန်းဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေးတို့ကို ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ရေတာရှည်မြို့တွင် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များကို ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၅ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရေတာရှည်မြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ‌ဖော်ပြထားခြင်းရှိ/မရှိကိုလည်းကောင်း၊ အိုင်စီပီရွှေမည်းကုမ္ပဏီကထုတ်လုပ်သည့် မြင့်ပျံအမှတ်တံဆိပ်ဓာတ်မြေဩဇာများကို၊ တုပထားသည့်သဘောသက်ရောက်သည့် ဓာတ်မြေဩဇာများရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း စစ်ဆေးကြည့်ရှုခဲ့ပြီး တရားမဝင်ဓာတ်မြေဩဇာများရောင်းချခြင်းသည် စားသုံးသူများကိုထိခိုက်နစ်နာစေသည့်ပြင် တရားမဝင်ကုန်သွယ်မှုပြုခြင်းလည်းဖြစ်၍ တရားမဝင်ကုန်စည်များကိုရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပါသည်။

     ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့်ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့ဌာနနှင့်သက်ဆိုင်သည်များကိုစစ်ဆေးပြီး အသိပညာပေးခဲ့ကြောင်းနှင့် ရေတာရှည်မြို့ရှိ ရွှေလမင်းစိုက်ပျိုးရေးဆေးဆိုင်၊ ရတနာဌေးစိုက်ပျိုးရေးဆေးဆိုင်၊ ရွှေရည်ဝင်းစိုက်ပျိုးရေးဆေးဆိုင်၊ ဒေါ်ခင်မာသီစိုက်ပျိုးရေး ဆေးဆိုင်များကိုစစ်ဆေးခဲ့ရာသက်ဆိုင်ရာဌာနဆိုင်ရာများ၏ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားသည်ကိုတွေ့ရကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ်၊ ခပေါင်းတိမ်ကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

  တောင်ငူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများကို သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများပူးပေါင်းပြီး ကျေးရွာများသို့သွားရောက်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၅ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် တောင်ငူမြို့နယ်၊ ခပေါင်းတိမ်ကျေးရွာဓမ္မာရုံ၌ ကျေးရွာနေပြည်သူများကို စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များရွေးချယ်ဝယ်ယူနိုင်ရေးနှင့် ကုန်စည်တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့်အညီ စားသောက်သုံးစွဲရေး၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ခြင်းများကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။

 ထို့အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုဝါအေး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ (ဆည်မြောင်းထိန်းသိမ်းရေး) ဦးသောင်းတင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာမြင့်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီနီအေးတို့ကလည်း မိမိတို့နှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာများအလိုက် အသိပညာပေးဟောပြောခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ ခပေါင်းတိမ်ကျေးရွာမှ ကျေးလက်ပြည်သူ ၈၄ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ဖြူးမြို့၊ ဓာတ်မြေဩဇာအရောင်းဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမင်းဇော်၊ ဖြူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးခင်မောင်ဆွေတို့နှင့်အတူ ဇူလိုင်လ ၄ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဖြူးမြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များသို့သွားရောက်၍ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ဖြူးမြို့၊ အုတ်ဖြတ်လမ်းရှိ စွန်မင်း၊ မိတ်ဆွေကောင်း၊ ရွှေမာလာ၊ ကောင်းထက်နှင့် တက်နေဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်များ၊ ပဲခူးလမ်းတောင်ပိုင်းရှိ မဟာမိတ်ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်၊ ဗိုလ်ချုပ်လမ်းရှိ စွန်မင်းဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးသိုလှောင်ရုံသို့ရောက်ရှိ၍ စစ်ဆေးခဲ့ရာ ညွှန်ကြား ချက်များနှင့်အညီ ရောင်းချလျက်ရှိသည်ကိုတွေ့ရပါသည်။

 ခရိုင်ဦးစီးမှူးက တရားမဝင်ကုန်စည်များရောင်းဝယ်ခြင်းသည် စားသုံးသူအခွင့်အရေးကို ချိုးဖောက်ရာရောက်သည့်အပြင် တရားမဝင်ကုန်သွယ်မှုပြုရာလည်းရောက်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုပြုခြင်းဖြင့် နိုင်ငံတော်က ရသင့်ရထိုက်သည့်ဘဏ္ဍာငွေကို ဆုံးရှုံးစေသည့်အပြင် စားသုံးသူနစ်နာဆုံးရှုံးမှုများကိုလည်းဖြစ်ပေါ်စေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ တရားမဝင်ကုန်သွယ်မှုပြုခြင်းကို အထူးသတိပြုရှောင်ရှားကြရန်လိုပါကြောင်း စသည်ဖြင့်အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

 

မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်တွင် စားသုံးသူရေးရာနှင့်မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်ဦးဆောင်၍ ဝန်ထမ်းများသည် (၆.၇.၂၀၂၃ ) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန် မုံရွာစီးပွားရေးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/မ(၄၅)ဦး၊ ဌာနဝန်ထမ်း(၅)ဦး၊ ကျောင်းသား/သူ(၂၂၀)ဦး စုစုပေါင်း(၂၇၀) ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

  အဆိုပါအခမ်းအနားတွင် မုံရွာစီးပွားရေးတက္ကသိုလ်ပါမာက္ခချုပ် ဒေါက်တာသီတာကြူက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာနအောက်တွင် ကုန်သွယ်ရေးဦးစီဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မူပိုင်ခွင့်ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာန၏ဆောင်ပုဒ်ဖြစ်သော “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်”နှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူများအတွက် ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး သုတေသနလုပ်ငန်းများကို သက်ဆိုင်ရာမိတ်ဖက်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အဓိကဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်များအကြောင်း၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများအကြောင်း၊ စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရုံးမှုဖြစ်ပေါ်လာပါက လျင်မြန်စွာ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းနှင့် တိုင်ကြားမှုဖြေရှင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးခဲ့ပါသည်။

    ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးချုပ်မှ ကုန်အမှတ်တံဆိပ်ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး Dr စိမ့်သန္နာထွန်းက မူပိုင်ခွင့်အကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့်ဖြင့် ဆွေးနွေးဟောပြောရာ မူပိုင်ခွင့်ဦးစီးဌာနသည် ၂၀၀၁ ခုနှစ်၊ မေလ (၁၅)ရက်နေ့မှာ ကမ္ဘာမူပိုင်ခွင့် အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊   WTO ကမ္ဘာကုန်သွယ်ခွင့်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မူပိုင်ခွင့်ကို မြန်မာနိုင်ငံတွင် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေဟူ၍ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ (၄)ခု ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊  ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၃၀) နေ့တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ မတ်လ(၁၁)ရက်နေ့တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေကို ဧပြီလ (၂၄) ရက်တွင် ပြဌာန်းခဲ့ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနသည် ၂၀၂၀ ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းတည်ထောင်ထာခြင်းဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေရှိနေပြီဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်  အရေးပါမှုများ၊ မူပိုင်ခွင့်ဥပဒေအရ  ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာခြင်း၊ နည်းပညာပိုင်းဆိုင်ရာလွှဲပြောင်းမှုများရရှိလာခြင်း၊ ယှဉ်ပြိုင်မှု မြင့်မားလာသော ဈေးကွက်တွင်   SME  လုပ်ငန်းများမှ တီထွင်ဆန်းသစ်မှုများ တိုးမြှင့်လုပ်ဆောင်လာစေရန် တွန်းအားတစ်ရပ်ဖြစ်လာစေခြင်း၊ မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများကို ပိုမိုတင်ပို့လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမှာဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဟောပြော ဆွေးနွေးပြီး တက်ရောက်လာကြသော ဆရာ/မများနှင့် ကျောင်းသား/သူများက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး ဌာန၏ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

သံတွဲမြို့ပေါ်ရှိ စားသုံးဆီ (လက်ကား) အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေး

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သံတွဲခရိုင်ဦးစီးမှုး ဦးဝင်းနိုင် (ဦးစီးအရာရှိ) သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍   (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သံတွဲမြို့ပေါ်ရှိ စားသုံးဆီ (လက်ကား) အရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သံတွဲမြို့ပေါ်ရှိ စားသုံးဆီ (လက်ကား) အရောင်းဆိုင် (၄) ဆိုင်တို့ကို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာန၏ ခွင့်ပြုထောက်ခံချက်ပါရှိမှုရှိ/မရှိတို့စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြမှုမရှိသောစားသုံးဆီများကို ရောင်းချခြင်းမပြုရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ်ပါရှိရမည့်အချက်များဖော်ပြထားသော အသိပညာပေးလက်ကမ်းစာစောင်များကို ဆိုင်ရှင်များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)    

                            

ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊   မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ   ခရိုင်ဦးစီမှူး ဦးမောင်မောင်ခိုင်သည် (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်အတွင်းရှိ  ကုန်မျိုးစုံရောင်းချနေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်း သော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် (သို့) ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီသိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့်ဆောင်ရွက်မှုကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့်ဖော်ပြရမည့် အာမခံချက်များဖြစ်သော စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း စသည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ရွှေဂွန်းကျေးရွာရှိ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းရှင်များနှင့်ဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့်ဝန်ထမ်းများသည်           (၉-၇-၂၀၂၃) ရက်နေ့(တနင်္ဂနွေနေ့)၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာ၌ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းရှင်တောင်သူများနှင့်တွေ့ဆုံပြီး ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြှင့်တင်ဆောင်ရွက်ရန် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် စားသုံးရေးရာဦးစီးဌာနမှ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းမှသာ ဒေသတွင်းစားနပ်ရိက္ခာ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်မှုမှ အသင်း/အဖွဲ့များအထိ တိုးချဲ့ဆောင်ရွက်နိုင်မှသာ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးလာမည့်အပြင် နိုင်ငံတကာပြည်ပကုန်သွယ်မှုများအထိပါ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး စိုက်ပျိုး/မွေးမြူရေးတောင်သူလုပ်ငန်းရှင် ဦးနေတိုးကလည်း စီးပွားဖြစ်တစ်နိုင်တစ်ပိုင်စိုက်ပျိုး/မွေးမြူခြင်းပြုလုပ်လိုသူတိုင်း မိမိခြံ၌ ဝက်၊ ငါးနှင့် နေဗီရာမြက်စိုက်ခင်းများတွင် အချိန်မရွေးလာရောက်လေ့လာနိုင်ပါကြောင်းနှင့် လိုအပ်ပါက ကိုယ်တိုင်လာရောက်ကူညီပေးမည်ဖြစ်ကြောင်း ပါဝင်ဆွေးနွေးခဲ့ပါသည်။

            ထိုဆွေးနွေးပွဲသို့ စိုက်ပျိုး/မွေးမြူရေးတောင်သူလုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ဆွေးနွေးခဲ့ကြပြီး စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းရှင် ဦးတင်စိုး၏ ဝက်မွေးမြူရေးခြံနှင့် အစ္စရေးမြက်စိုက်ပျိုးထားရှိမှုအခြေအနေများကို မြေပြင်ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့တို့သည်   (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင်(၃)ဆိုင်သို့သွားရောက်၍ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့ပေါ်စက်သုံးဆီရောင်းချလျက်ရှိသော တောင်ဇလပ်၊ ရွှေဗျိုင်းဖြူ၊ Petro Top ဆီဆိုင်များကို သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိအောင် LED Board များတွင်ဖော်ပြပေးရန်၊ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများကိုလည်းဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်ဆီ၊ ချောဆီများ တင်သွင်းရောင်းချခြင်းမပြုစေရန် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် စက်သုံးဆီပြတ်လတ် မှုမရှိစေရေး ဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ