Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ Thursday Talk ပြုလုပ်

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှူးရုံးအ‌နေဖြင့်  ဝန်ထမ်းများ အသိပညာဗဟုသုတရရှိစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ Thursday talk ကို  (၂)ပတ် တစ်ကြိမ် ပြုလုပ်လျက်ရှိပါသည်။

     ၃-၁၀-၂၀၂၂ရက်နေ့တွင် ကျင်းပသည့် Thursday Talk  အခမ်းအနား၌ ‌ဒေါ်အေးမြင့်ငြိမ်း (ဦးစီးအရာရှိ)က ရုံးလုပ်ငန်းဆိုင်ရာသိကောင်းစရာခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထိုသို့ဆွေးနွေးပြောကြားရာတွင် ရုံးလုပ်ငန်း၏သဘောတရားနှင့် ရည်ရွယ်ချက်၊ ရုံးလုပ်ငန်းအဓိပ္ပါယ်၊ ပြီးပြည့်စုံသောရုံးလုပ်ငန်း၊ စနစ်နှင့် စည်းကမ်း၊ ဝင်စာများကိုအရေးယူဆောင်ရွက်ခြင်း၊ ထွက်စာများကိုအရေးယူ‌ဆောင်ရွက်ခြင်း၊၊ စာရွက် စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၊ ရုံးစာရေးသားနည်းနှင့် အစည်းအဝေးမှတ်တမ်း ရေးသားနည်းများ အကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား၌ ဝန်ထမ်းအင်အား ( ၃၇) ဦးခန့်တက်ရောက်ခဲ့ပြီး နေ့လယ် ( ၃း၄၅ ) အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

နန့်ပုတ်ကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

            ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၈.၁၁.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်းရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများသို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်‌ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုကို‌ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်‌ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင်လိုအပ်သော သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်း တင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်း ကြောင့်ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက် အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းအား အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြင်းခြံခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချပေးသော လူသုံးကုန်ထုတ်လုပ်မှု သင်တန်းသို့ သင်တန်းတက်ရောက်နေသော သင်တန်းသူ/သင်တန်းသားများအား (၂.၁၁.၂၀၂၂)ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

        အဆိုပါဟောပြောဆွေးနွေးပွဲသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူ(၃)ဦးနှင့်သင်တန်း သား/သင်တန်းသူ(၂၀)ဦး စုစုပေါင်း(၂၅)ဦးတို့အား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးရှိ ဦးစီးမှူး ဦးဝင်းထွန်းဦးမှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁)ပါ အဓိပ္ပာယ်ဖော်ပြချက်များကို လည်းကောင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအား တစ်ချက်ချင်း ဥပမာပေး၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် တားမြစ်ချက်များကိုလည်းကောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို လည်းကောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှု များသုံးစွဲဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလာ၍ မြင်းခြံ ခရိုင်နှင့် တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများမှ တိုင်ကြားလာသည့် တိုင်ကြားမှုဖြစ်စဉ်များနှင့် တိုင်ကြားမှုဖြစ်စဉ်များအပေါ် မိမိတို့ ဌာနမှ ဖြေရှင်းဆောင်ရွက်ပေးမှုများအားလည်းကောင်း၊ ယခု သင်တန်းတက်ရောက်နေသူများသည် နောင်တွင် ကုန်ပစ္စည်းထုတ်လုပ်မည့်သူများဖြစ်၍ ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်များ၏ တာဝန်နှင့် တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များနှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များကိုလည်း သိရှိလိုက်နာ ရန် လိုအပ်ပါကြောင်း၊ စားသုံးသူများမှ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှု များရှိလာလျှင် ဆက်သွယ်လာရောက်တိုင်ကြားနိုင်သလို၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ထုတ်လုပ်မည့် ကုန်စည်အပေါ် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြခြင်းနှင့် ပတ်သက်၍ လည်းလာရောက်ဆွေးနွေးနိုင်ပါကြောင်း  စသည်ဖြင့်အကျယ် တဝင့်ဟောပြောဆွေးနွေးကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအချက်အလက်များပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

    ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၇) နှစ်မြောက် ကရင် ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ၇-၁၁-၂၀၂၂ ရက်နေ့၊ နံနက် (၀၆:၃၀) နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြက်ခင်းပြင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

    ရှေ့ဦးစွာ (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး နောက် ပြခန်း ပြပွဲများ ခင်းကျင်းပြသထားမှုအား လှည့်လည် ကြည့်ရူ့ အားပေးခဲ့ပါသည်။

     (၆၇) နှစ်မြောက် ကရင် ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားအနေဖြင့် ပြခန်းပြပွဲများ ခင်းကျင်းပြသထားမှုကို (၅-၁၁-၂၀၂၂) ရက်နေ့မှ (၁၀-၁၁-၂၀၂၂) ရက်နေ့ထိ (၆) ရက်တိုင်တိုင် နေ့စဉ် နံနက် (၀၉:၀၀) နာရီမှ ည (၁၀:၀၀)နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းအတွင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

 

 

 

မြိုင်ရတနာ (၂) ထပ်ဈေး၌ Mistine အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၃.၁၁.၂၀၂၂ ရက်နေ့တွင် မြိုင်ရတနာ (၂) ထပ်ဈေး၌ Mistine အလှကုန်ပစ္စည်းများကို တုပ၍ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးအတွင်းရောင်းချလျက်ရှိသော Mistine အလှကုန်ပစ္စည်းများတွင် Hologram (ရောင်ပြန်) စတစ်ကာပါရှိခြင်း ရှိ/မရှိ၊ မြန်မာစာကပ်နှိပ်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ Mistine အလှကုန်ပစ္စည်းများတွင် Hologram (ရောင်ပြန်) စတစ်ကာပါရှိပြီး၊ မြန်မာစာကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပြည်နယ်ဦးစီးမှူးမှ ဌာနပိုင်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ၃.၁၁.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ငှားရမ်းထားသောဌာနပိုင်မြေ၊ အခန်း၊ အဆောက်အဦး၊ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့စစ်ဆေးရာတွင် အဆောက်အဦး သိုလှောင်ရုံများမှာ မူလစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ စည်းကမ်းဖောက်ဖျက်မှု ရှိ/မရှိ၊ ငှားရမ်းစဉ်က အနေအထားအတိုင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိကြောင်း တွေ့ရှိရပြီး ငှားရမ်းသူများအား သိုလှောင်ရုံနှင့် ပတ်ဝန်ကျင်းသန့်ရှင်းသပ်ရပ်စေရန်၊ မီးဘေး အန္တရာယ်ကို ကာကွယ်နိုင်ရေး မီးသတ်ဆေးဗူးများ၊ ရေပုံး၊ သဲပုံးများအဆင့်သင့်ထားရှိရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေး

           မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၄.၁၁.၂၀၂၂ ရက်နေ့တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော ကုမ္ပဏီများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် အသစ်လျှောက်ထားလာသော ကုမ္ပဏီ (၂)ခုအား ကုမ္ပဏီရုံးခန်းလိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ ဒါရိုက်တာအဖွဲ့ဝင်များ နေရပ်လိပ်စာများတွင် အမှန်တကယ်နေထိုင်မှု ရှိ/မရှိ၊ ဆောင်ရွက်သည့်လုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှုပမာဏစသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှု ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပြည်သူများသို့ စားသောက်ကုန်များလှူဒါန်းခြင်းတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်

      မွန်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၄.၁၁.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်တွင် ပြည်သူများသို့ စားသောက်ကုန်များ လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

       အဆိုပါ လှူဒါန်းခြင်းတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ အချိုမှုန့်၊ ငံပြာရည်၊ ခေါက်ဆွဲခြောက်တို့အား အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၅၀) စု အတွက် စုစုပေါင်းတန်ဖိုးအားဖြင့် (၃၀,၀၀,၀၀၀) ကျပ်ခန့် တန်ဖိုးရှိသော စားသောက်ကုန် ပစ္စည်းများအား လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၂၀၂၂-၂၀၂၅ ခုနှစ်သက်တမ်း အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ခြင်း

         မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၂၀၂၂-၂၀၂၅ အမှုဆောင် အသစ်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၃၀.၁၀.၂၀၂၂ ရက် (၀၉:၀၀) နာရီတွင် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ UMF CCI ဥက္ကဌ၊ မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်အသင်းဥက္ကဌနှင့်အသင်းဝင်များ၊ ညီနောင်အသင်းမှ အသင်းဝင်များ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ဥက္ကဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်ရေးကော်မရှင်အဖွဲ့ ဥက္ကဌမှရွေးချယ်တင်မြှောက်ပွဲနှင့် ပတ်သက်၍ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

          ထို့နောက် အမှုဆောင်သစ်များအား မဲစနစ်ဖြင့်ရွေးချယ်ခဲ့ကြရာ ၂၀၂၂-၂၀၂၅ ခုနှစ်သက်တမ်း အတွက် ဗဟိုအလုပ်အမှုဆောင် (၂၅) ဦးအား ရွေးချယ်ကြပါသည်။

          ထို့နောက် ၂၀၂၂-၂၀၂၅ ခုနှစ်သက်တမ်းအတွက် တာဝန်ပေးအပ်ခြင်းခံရသော ဥက္ကဌအသစ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားအား နေ့လယ် (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)

 

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  ဇလွန်မြို့နယ် တာဝန်ခံသည် (၂.၁၁.၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မဟာသာကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်၌ စိုက်ပျိုးရေးဓါတ်မြေဩဇာအရောင်းဆိုင်လုပ်ငန်းရှင် (၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

         ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသောစားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(Consumer Informatio and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ