Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ခေတ်ဦးရိုးရာအဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၉.၁၁.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ ခေတ်ဦးရိုးရာအဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိရန်၊ နမူနာပစ္စည်းတွင်ဖော်ပြထားသည့်အတိုင်း အရည်အသွေးမှန်ကန်ရန်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင်ပါဝင်သော ဖော်ပြချက်နှင့်ကိုက်ညီမှုရှိရန် စသည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထို့ပြင် ကုန်ကြမ်းဝယ်ယူမှုအခြေအနေ၊ ကုန်ချောထုတ်လုပ်မှုအခြေအနေ၊ လုပ်အားအရေအတွက်၊ ဖြန့်ဖြူးမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်ရှိ Nation Mark (Super One holding Co;ltd) ၌ ဈေးကွက်စုံးစမ်းထောက်လှမ်း၍ အသိပညာပေးဆောင်ရွက်ပြုလုပ်ခြင်း

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၈.၁၁.၂၀၂၂) ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်ရှိ အခြေခံလူသုံးကုန်စည်၊ စားသောက်ကုန်စည်များရောင်းချလျက်ရှိသော Nation Mark (Super One holding Co;ltd) သို့သွားရောက်၍ ဈေးကွက်စုံစမ်းထောက်လှမ်းမှုပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သော စားအုန်းဆီနှင့် အချိုမှုန့်တို့ရောင်းချနေမှုတွင်၊ မြန်မာဘာသာဖြင့်ကုန်အညွှန်းဖော်ပြမှု ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်တို့ကို Nation Mark တာဝန်ခံမန်နေဂျာနှင့် အရောင်းဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး Nation Mark ၌ကုန်အညွှန်းအမှတ်အသားပါသော ကုန်စည်များကိုသာ တင်သွင်းရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဝယ်ယူစားသုံးသူများကလည်း ကုန်အညွှန်းအမှတ်အသားပါသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြကြောင်းသိရပြီး စားသုံးသူ ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မွန်)

တောင်ငူမြို့မှ ဆီကုန်သည်များနှင့် တွေ့ဆုံဆွေးနွေး

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူမြို့မှ ဆီကုန်သည်များနှင့် တွေ့ဆုံ၍ စားအုန်းဆီလက်လီလက်ကား ဝယ်ယူခွင့်ရရှိသည့် ကုန်သည်များအနေဖြင့် ရန်ကုန် အထိုင် ရည်ညွှန်းလက်ကားဈေးအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန်ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ကြရန်ကိုလည်းကောင်း ဆွေးနွေးခဲ့ပါသည်။

        ရှေးဦးစွာ ခရိုင်ဦးစီးမှူးက ပထမပိုင်းအနေဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တောင်ငူမြို့သို့ လာရောက်စဉ်က တက္ကသိုလ်၊ ကောလိပ်များမှ သင်ကြား/စီမံ ဝန်ထမ်းများအား လစဉ် သက်သာသော နှုန်းထားဖြင့် စားသုံးဆီများ ရောင်းချပေးနိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဌကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်မှာကြားချက် နှင့်အညီ ဆောင်ရွက်နိုင်ရေး ညွှန်ကြားလာပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ဆီကုန်သည်များနှင့် တွေ့ဆုံ၍ တက္ကသိုလ်ကောလိပ်များမှ သင်ကြား/စီမံ ဝန်ထမ်းများအပါအဝင် တောင်ငူခရိုင်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအား စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ နိုင်ရန်အတွက် ဆီကုန်သည်များအနေဖြင့် စားအုန်းဆီများအား ရည်ညွှန်းဈေးဖြင့် ဝယ်ယူနိုင်ရေး အတွက် ဆွေးနွေးကြရန်ပြောကြားပါသည်။

      ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်နှင့် ပတ်သက်၍ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ညွှန်ကြား ချက်အမှတ် ၁/၂၀၂၁ တို့ကို ထုတ်ပြန်ထားပြီး ဖြစ်သည်ကို လုပ်ငန်းရှင်များသိရှိပြီး ဖြစ်ပါကြောင်း၊ ညွှန်ကြားချက်များကို လုပ်ငန်းရှင်များထံ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ကုန်အညွှန်း အမှတ်အသား နှင့်ပတ်သက်၍ ထုတ်လုပ်သည့် လုပ်ငန်းရှင်များတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ရောင်းချသည့် လုပ်ငန်းရှင်များတွင်လည်း တာဝန်ရှိပါသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ယခုလို တွေ့ဆုံခွင့်ရတုန်း ထပ်မံအသိပေးပြောကြားလိုပါကြောင်းဖြင့် ပြောကြားပါသည်။

      ဆက်လက်၍ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ရည်ညွှန်းဈေးဖြင့် စားသုံးဆီများ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့် ပတ်သက်၍ လည်းကောင်း တင်ပြဆွေးနွေးကြရာ ခရိုင်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ တောင်ငူမြို့မှ ဆီလုပ်ငန်းရှင် ၈ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရေတာရှည်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့်ဆွေးနွေး

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ရေးအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC)များဖွင့်လှစ်ထားရှိမှုနှင့် တိုင်ကြားလာမှုများအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမှုများကို ဆွေးနွေးရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်း ဆွေးနွေး ကြပါသည်။

        ဆွေးနွေးပွဲသို့ တရားသူကြီး(ငြိမ်း) ဦးမြင့်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ၊ ရေတာရှည်မြို့မှ သတင်းစာကိုယ်စားလှယ် ဦးဝင်းဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် ဆွာဒေသများရှိ စက်သုံးဆီအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် နိုဝင်လာလ ၃ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ဆွာမြို့အုပ်ချုပ်ရေးမှူး ဦးအောင်သူဝင်း ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ရေတာရှည်မြို့နယ် ဆွာ ဒေသရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီဈေးနှုန်းနှင့် ဆီလက်ကျန်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ် ဆွာမြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်၍ ဆွာဒေသရှိ မြင့်မြတ်ဗိုလ်၊ UMT၊ ဆန်းမြလင်း၊ Puma Power နှင့် AP 7 စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

    စက်သုံးဆီများသို့ သွားရောက်စစ်ဆေးကြည့်ရှုရာတွင် အလေးချိန်နှင့်ဈေးနှုန်း မှန်ကန်ပြီး စက်သုံးဆီလက်ကျန်မှာလည်း လုံလောက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက ကြော်ငြာဘုတ်တွင် တင်ထားသည့်အတိုင်း အလေးချိန်နှင့်ဈေးနှုန်း မှန်ကန်စေရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးကို ဦးစားပေးဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် အဆင့်မြင့်စားအုန်းဆီများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

      Diamond Dragon Co.,Ltd ၏ တောင်ငူမြို့ ကိုယ်စားလှယ်ဖြစ်သော အောင်စားသုံးဆီ အရောင်းဆိုင်သည် တောင်ငူခရိုင်အတွင်းမှ အခြေခံလူတန်းစားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများပါ စားသုံးဆီများအား သက်သာသောနှုန်းဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို ရောင်းချပေးလျက် ရှိပါသည်။

            နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ငူမြို့နယ်ရှိ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအား လည်းကောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် တောင်ငူမြို့ အမှတ် ၁၃ ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား လည်းကောင်း Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီများအား တစ်ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်းဖြင့် မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

          Diamond Dragon Co.,Ltd သည် ဇူလိုင်လမှစ၍ တောင်ငူခရိုင်အတွင်း Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို သက်သာသောဈေးနှုန်း ဖြင့် ရောင်းချပေးလျက်ရှိရာ နိုဝင်ဘာလ ၂ ရက်နေ့အထိ အဆင့်မြင့်စားအုန်းဆီ ၃၄၀၁၂ ပိဿာ (၅၅.၅၅ တန်)ရောင်းချပေးခဲ့ပြီးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်တုန်းမြို့နယ် ဆန်စက်ကုန်စည်ဒိုင်တွင် ဆန်စက်လုပ်ငန်းရှင်များ အသင်း မှ လုပ်ငန်းရှင်များအား “စားသုံးသူအခွင့်အရေးဦးစားပေး” အသိပညာပေး တွေ့ဆုံဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၈.၁၁.၂၀၂၂)နေ့ (၁၁:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ဆန်စက်ကုန်စည် ဒိုင်တွင် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ကုန်စည်ဒိုင်အသင်းသားများပူးပေါင်း၍  ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း ဆွေးနွေး အသိပညာပေးခဲ့ကြပါသည်။

         အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေး (၂၀၁၉) ဥပဒေအကြောင်း အကျယ်တဝင့်ဆွေးနွေးပြီး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားတိုးတက်စေရန် မျှော်မှန်း၍ ကုန်စည်ဒိုင် အသင်းသားများ သိထားသင့်သည့် ကုန်စည်ဒိုင် အဓိပ္ပာယ်၊ အမျိုးအစား၊ လက်ငင်းဈေးကွက်ကုန်စည်ဒိုင်၊ ကြိုရောင်းကြိုဝယ် ဈေးကွက်ကုန်စည်ဒိုင်၊ ကုန်စည်ဒိုင်တစ်ခုဖြစ်ပေါ်ရန် အဓိကလိုအပ်ချက်များနှင့် အောင်မြင်သော ကုန်စည်ဒိုင်တစ်ခု၏ လည်ပတ်မှုစနစ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြကောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်ရောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးမှ ဦးခိုင်လွမ်းမိုးသည် မိတ်ဖက်ဌာန ပူးပေါင်း၍ (၉.၁၁.၂၀၂၂) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် ပန်းတနော် အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်(၆)ဆိုင်မှ ကုန်မျိုးစုံအား ဈေးကွက်စောင့်ကြ်း စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချနေသော ဆိုင်များတွင် ရောင်းချနေသော ကုန်စည်အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသား များ ပြည်စုံစွာဖော်ပြပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ကြရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သော ကုန်စည်များကိုသာ စစ်ဆေး တွေ့ရှိခဲ့ကြပါသည်။ ဆိုင်ရှင်များကိုလည်း မိမိတို့ရောင်းချနေသော ကုန်စည်များသည် သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်၊ ထောက်ခံချက်လိုင်စင်ပါဝင်သော ကုန်စည်များကို ဦးစားပေးရောင်းချရန်၊ ဈေးကွက်အတွင်းရှိရောင်းချနေသော ကုန်စည်(သို့) ဝန်ဆောင်မှုကြောင့် စားသုံးသူဘက်မှ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်အတွက် စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား စားသုံးသူ နစ်နာမှုကို ကုစားခွင့်ပြုနိုင်ရန် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျှက်ရှိသောကြောင့် စီးပွားရေး လုပ်ငန်း ရှင်တို့ဘက်မှလည်း စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍လိုက်နာရမည့် တာဝန်များကို လေးစားလိုက်နာကြပါရန် ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး(၂၀၁၉) ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ် များအကြောင်း ကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသား/သူများအား “စားသုံးသူအခွင့်အရေး ဦးစားပေး” သိရှိနိုင်ရန် အသိပညာပေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများနှင့်အတူ(၇.၁၁.၂၀၂၂) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် “စားသုံးသူအခွင့်အရေးဦးစားပေး” ခေါင်းစဉ်ဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင်  ကျောင်းသားလူငယ် (၁၃၆) ဦးအား အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြပါသည်။

       အဆိုပါ အသိပညာပေးဟောပြောပွဲတွင်  ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ စားသုံးသူကာကွယ် ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ အကြောင်း ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအတွက် အသိပညာပေးခြင်း၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင် အသိပညာပေး တွေ့ဆုံဆွေးနွေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုရှိစေရန် စက်ရုံအလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့် ပက်သက်၍ လုပ်ငန်းရှင်များအား စိစစ်ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျှက်ရှိကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်အကြောင်း၊ စားသုံးသူတို့၏ အခွင့်အရေးများ၊ စီးပွားရေးလုပ် ငန်းရှင်တို့၏ လိုက်နာရ မည့်တာဝန်များ၊ စားသုံးသူတို့၏ အခွင့်အရေး နစ်နာဆုံးရှုံမှုများ ရှိလာပါက အရေးဆို တိုင်ကြား နိုင်သည့် နည်းလမ်းများအကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်သွယ် တိုင်ကြားနိုင်ရန် ဖွင့်လှစ်ထားရှိသောကြောင့် ဆက်သွယ်နိုင်သည့် လိပ်စား၊ ဖုန်းနံပါတ်များ၊ Mobile app၊ website, Facebook page နှင့် CICC စင်တာများတွင် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြား၍ ရနိုင်ပါကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသူ/လူငယ်များက သိရှိလိုသည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို (၁၁:၃၀)နာရီ အချိန်တွင် ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်ပေါ်ရှိ စတိုးနှင့် ဆေးဆိုင်များတွင် ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်  မိတ်ဖက်ဌာန များနှင့်အတူ (၈.၁၁.၂၀၂၂) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် မအူပင် မြို့နယ်ပေါ်ရှိ စတိုးနှင့် ဆေးဆိုင်(၁၀)ဆိုင်မှ ကလေးအဟာရဖြည့်စွက်စာ အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေး စစ်ဆေးခဲ့ကြပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင်မအူပင်မြို့ပေါ်ရှိ စတိုးနှင့်ဆေးဆိုင်များတွင် ရောင်းချနေသော ကလေးအဟာရဖြည့်စွပ်စာ အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာ ဖော်ပြပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ကြရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သော ကုန်စည် များကိုသာ စစ်ဆေးတွေ့ရှိခဲ့ကြပါသည်။ကလေးအဟာရဖြည့်စွပ်စာများကို ရောင်းချရာတွင် လည်း ဌာနတို့၏ ထောက်ခံချက်လိုင်စင်ပါဝင်သော ကုန်စည်များကို ဦးစားပေးရောင်းချရန်၊ ရက်လွန်ကုန်စည်များရှိပါကလည်း ကုမ္ပဏီနှင့် ချိတ်ဆက်၍ ပြန်လည်ပေးသွင်းလဲလှယ်ရန်နှင့် မိမိတို့ရောင်းချသော ကုန်စည်(သို့) ဝန်ဆောင်မှုကြောင့် စားသုံးသူဘက်မှ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင် သည့်အတွက် စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား စားသုံးသူနစ်နာမှုကို ကုစားခွင့် ပြုနိုင်ရန် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျှက်ရှိသောကြောင့် စီးပွားရေးလုပ်ငန်းရှင်တို့ဘက်မှလည်း စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍လိုက်နာရမည့် တာဝန်များကို လေးစားလိုက်နာကြပါရန် ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး(၂၀၁၉) ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး အဟာရဖြည့်စွက်စာများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ