Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကွမ်းခြံကုန်းမြို့နယ်၌ စားသုံးသူအသိပညာပေး ဟောပြောပွဲအခမ်းအနားပြုလုပ်ခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ်၊ (အ.ထ.က) တော်ကူးကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ကုန်ုစည်(သို့)ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များနှင့် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများတွင် မှတ်ပုံတင်လျှောက်ထား ခြင်းနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည့် အကြောင်းအရာအချက်အလက် အကျဉ်းချုပ်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကျောင်းသား/ သူ၊ ဆရာ/ မများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပညာပေး

         (၃-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုး (၇၇)ဦးကို  အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးခြင်းပြုလုပ်ခဲ့ကြသည်။

         ထိုသို့ဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို  စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှုအတွက် ဥပဒေဖြင့် ကာကွယ်ဆောင်ရွက်မှုများကိုရှင်းလင်းခြင်း၊ အွန်လိုင်းမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရောင်းချသည့် မှတ်ပုံတင်ရန်အကျုံးဝင်သည့် လုပ်ငန်းရှင်များမှာ ပြည်တွင်း၌ အခြေပြုသည်ဖြစ်စေ၊ ပြည်ပ၌ အခြေပြုသည်ဖြစ်စေ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို ငွေကြေးဖြင့် အွန်လိုင်းမှတစ်ဆင့် ဦးတည်၍ ရောင်းချသောလုပ်ငန်းရှင်များပါဝင်ကြောင်း၊ ထို့နောက် ဆိုရှယ်မီဒီယာမှတစ်ဆင့် ငွေကြေးရယူဈေးရောင်းချသူအားလုံး၊ Website ပေါ်မှာ ဈေးရောင်းချသူများ အားလုံး၊ မိုဘိုင်း App တည်ထောင်၍ ထိုမိုဘိုင်း app ဖြင့် ဈေးရောင်းချသူအားလုံးအနေဖြင့်  မှတ်ပုံတင်ခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းရောင်းချမှုတွင် မှတ်ပုံတင်မရှိဘဲ ရောင်းချနေမှုကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဟောပြောခဲ့ပြီး တက်ရောက်လာသူ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ သိလိုသည်များမေးမြန်းမှုကို ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်နှင့် ဒေးဒရဲမြို့နယ်များရှိ မြို့နယ်တာဝန်ခံများသည် မိမိတို့မြို့နယ်အလိုက် ဈေးကွက်အတွင်း စားအုန်းဆီရောင်းချနေမှုအခြေအနေများအား ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်တာဝန်ခံများက အရောင်းဆိုင်များ၌ ကိုယ်စားလှယ်ဖြန့်ဝေပေးသည့် ဈေးနှုန်းအပေါ် ပြန်လည်ရောင်းချသည့် ဈေးနှုန်းဆိုင်းဘုတ်များချိတ်ဆွဲရောင်းချမှုရှိ/မရှိနှင့် ပြင်ပပုံးဆီများဝယ်ယူပြီး ရောင်းချသည့် ဈေးနှုန်းဘောက်ချာများကိုစစ်ဆေးခဲ့ကြသည်။ အရောင်းဆိုင်များအနေဖြင့် အလေးချိန်၊ အချင်အတွယ်ပြည့်ဝမှုရှိ/မရှိနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှရောင်းချမည့် စားအုန်းဆီများ‌ ရောက်ရှိ

      ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်‌နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Kaung Hlyan New Asia  ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၇၈ ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ မော်တော်ယာဥ်အမှတ် 2I-7044/ Nissan Diesel အမျိုးအစား မော်တော်ယာဥ်ဖြင့်လည်းကောင်း ၊နံနက် (၀၉း၃၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ်ယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Maha Phone Let Yone   ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၆၀ ပေပါကို ယာဥ်မောင်း ဦးဝင်းမြင့်၊ မော်တော်ယာဥ်အမှတ် 9H-3895/ Nissan Diesel အမျိုးအစား မော်တော်ယာဥ်တို့ဖြင့်   ရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ စုစုပေါင်း ၁၃၈ ပေပါအား ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ဘိုကလေးမြို့၊ (၁) ရပ်ကွက်ရှိ “သုခ သုံးထောင့်မုန့်” လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းစိစစ်

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့ ၊ (၁) ရပ်ကွက်ရှိ “သုခ သုံးထောင့်မုန့်” လုပ်ငန်းသို့သွားရောက်၍ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက “သုခ သုံးထောင့်မုန့်” ထုတ်လုပ်နေမှု၊ ဈေးနှုန်းဈေးကွက်နှင့် ဖြန့်ဖြူးမှုအခြေအနေတို့ကို မေးမြန်းခဲ့ရာ တစ်နေ့လျှင် ဘူးအရေအတွက် (၂၀၀) ခန့်ထုတ်လုပ်လျက်ရှိပြီး တစ်ဘူးလျှင် မုန့်အခုရေ (၅) ခုပါဝင်ပြီး ဈေးနှုန်းအနေဖြင့် တစ်ဘူးလျှင် (၃၀၀၀) ကျပ်ဖြင့်ရောင်းချနေကြောင်း၊ လုပ်သား (၃)ဦးဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များသို့ ရောင်းချနေကြောင်းသိရသည်။ ထို့နောက် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက ထုတ်လုပ်နေသောမုန့်များ သန့်ရှင်းသပ်ရပ်ပြီး ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိတို့ကို MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကွင်းဆင်းစိစစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

သုံးခွမြို့နယ်တွင် သောက်ရေသန့်အမျိုးမျိုးရောင်းချသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်းနှင့် ရပ်ကွက်များတွင် သောက်ရေသန့်အမျိုးမျိုးရောင်းချသောဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ကုန်စည်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်း/ အပြင်ရှိ အအေးနှင့်အဖျော်ယမကာ ရောင်းချသောဆိုင်များနှင့် မုန့်မျိုးစုံရောင်းချသောဆိုင်တို့တွင် သောက်ရေသန့်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေနှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် သောက်ရေသန့်အမျိုးမျိုးတို့အား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်များသို့ အသိပညာပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်အထူးစီးပွားရေးဇုန် ၉/၂၀၂၄ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တက်ရောက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူး စီးပွားရေးဇုန် ရန်ကုန်(ရုံးချုပ်)မှ ထားဝယ်အထူးစီးပွားရေးဇုန် Coordination Meeting ၉/၂၀၂၄ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအား ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ ထားဝယ်ဇုန်အတွင်း ဝန်ထမ်များ ထပ်မံခန့်ထားခန့်ထားမှုအခြေအနေများ၊ ထားဝယ်ဇုန်တိုးတက်အောင်မြင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်အရ ဝန်ထမ်များပူးပေါင်း ဆောင် ရွက်ရမည့် အခြေအနေများနှင့် လိုအပ်သည်များကို တင်ပြပေးပါရန် မှာကြာခဲ့ပါသည်။

   ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊  ဝန်ထမ်းများမှ ဆောင်ရွက်ရမည့်အ‌ခြေအနေများကို တင်ပြ‌ဆွေးနွေးခဲ့ရာ ထားဝယ်ဇုန်ဥက္ကဋ္ဌမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား နေ့လယ်(၁၂:၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များနှင့် ဆေးဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

    သတင်းမိဒီယာဌာနများမှ ဖော်ပြခဲ့သည့် “ဆန်ရည်ညွှန်းစျေး သတ်မှတ်ထားပေးမယ် စျေးမကျတဲ့အပြင် မှောင်ခိုစျေးကွက်ပါဖြစ်ပေါ်နေ” သတင်းနှင့် “စျေးကွက်အတွင်းဆေးဝါးများထပ်မံပြတ်လပ်နေ” ဟူသည့်သတင်းများ ဖော်ပြခဲ့မှုအပေါ် မိမိဒေသတွင် ဆန်စျေးကွက်နှင့် ဆေးဝါးစျေးကွက်များအား မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၄.၉.၂၀၂၄ ရက်နေ့ နေ့လယ်(၁၄:၀၀) အချိန်တွင် ကော့သောင်း မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်(၅)ဆိုင် နှင့် ဆေးဆိုင်(၅) ဆိုင်တို့အား မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင်  လက်လီ/လက်ကား ဆန်အရောင်းဆိုင်များသည် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချနေကြောင်း စိစစ်တွေ့ရှိရပြီး စျေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုမရှိဘဲ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရောင်းချနေပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ အ.မ.က နှင်းပုလဲ (ကွက်သစ်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၅.၉.၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာရှိ အ.မ.ကနှင်းပုလဲ (ကွက်သစ်)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။

   အဆိုပါ ဟောပြောဆွေးနွးပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးလှမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)မှ ဌာန၏ လက်ရှိအချိန်တွင် ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များကို ဦးစွာပထမ ဟောပြောရှင်းလင်း၍ ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာ ရွေးချယ်ဝယ်ယူအသုံးပြုတတ် စေရန် ကုန်ညွှန်းအမှတ်အသားများအကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူတိုင်းရယူခွင့်ရှိသော စားသုံးသူအခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန် (၄) ရပ်တို့ကိုဟောပြောဆွေးနွေး၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေး ခဲ့သည်။

   အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးလှမြင့်နှင့် ဆရာ/ဆရာမ (၈) ဦး၊ ကျောင်းသား/ ကျောင်းသူ (၇၀) ဦးတို့တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များအား ​ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ပေါင်မြို့နယ်အတွင်း ရွာအချို့၌ ဖြုတ်ပိုးကျ၍ စပါးခင်းများပျက်စီး

    ပေါင်မြို့နယ်မှ ဥက္ကံ၊ ကျခတ်ငူ၊ ကျုံကော်၊ သဲကုန်း၊ ညောင်ကုန်းကြီး ကျေးရွာများရှိ စပါးခင်းများမှာ “ဖြုတ်”ပိုးများ ကျရောက်ခြင်းကြောင့် ပျက်စီး ဆုံးရှုံးနေကြောင်း သိရှိရသည်။ ပျက်စီးသည့် စပါးခင်းအရေအတွက်ကို အတည်ပြုရန် ခက်ခဲသော်လည်း ဧက (၁၀) ဧကတွင် (၂) ဧကမှ (၃)ဧကခန့်ထိပျက်စီးကြောင်း၊ ပိုးကျသည့်လယ်အများစုမှာ စိုက်သက်တမ်း ၂ လခန့် ရှိပြီဖြစ်သည့် ကြဲခင်းများ၌ ဖြစ်ကြောင်း ညောင်ကုန်းကြီးကျေးရွာမှ လယ်သမားတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

     ဖြုတ်ပိုးအခြေအနေအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့မေးမြန်းခဲ့ရာ ဖြုတ်ပိုး အမျိုးအစားများမှာ ဖြုတ်စိမ်း၊ ဖြုတ်ညိုနှင့် ဖြုတ်မဲ ဟူ၍ (၃) မျိုးရှိပြီး နေရာမတူဘဲ ဖျက်ဆီးလေ့ရှိကြောင်း မြို့နယ်ဦးစီးအရာရှိမှ ပြောကြားချက်အရ သိရပါသည်။ လက်ရှိအချိန်တွင် ပိုးကျသည့် ရွာများတွင် ပိုးသတ်ဆေးဖြန်းမည့် ပညာပေးလုပ်ငန်းများ ပိုးမကျသည့်ရွာများအား ကြိုတင်ကာကွယ်သည့် ပညာပေးလုပ်ငန်းများပြုလုပ်ကြောင်း သိရသည်။ ပေါင်မြို့နယ်အတွင်း စပါးထွက်ခါနီးမှ ဆစ်ပိုးကျခြင်း၊ ဖြုတ်ပိုးကျခြင်းများ နှစ်စဉ်ဖြစ်ပွားနေပြီး မိုးများသည့်ရေနစ်ကွင်းများ၌ ခရုနှင့်ဂဏန်းဖျက်ဆီးမှုများလည်းရှိကြောင်း သိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ