ငါန်းဇွန်မြို့၊ မူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်
မန္တလေးတိုင်းဒသကြီး၊ ငါန်းဇွန်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အမှတ် (၄)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၂၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောဆွေးနွေးပွဲဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် ရှေးဦးစွာစားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏အဓိပ္ပါယ်များ၊ နစ်နာဆုံးရှုံးမှု၏အဓိပ္ပါယ်နှင့် ကုန်အညွှန်းအမှတ် အသားများကိုရှင်းလင်းခဲ့ပြီး ကျောင်းသားကျောင်းသူများမှာ ငယ်ရွယ်သည့်ကလေးသူငယ်များဖြစ်သည့်အတွက် ကျောင်းတွင်ဖြစ်စေ၊ မိမိတို့၏နေထိုင်ရာရပ်ကွက်များ၌ဖြစ်စေ အစားအစာများဝယ်ယူစားသောက်ရာတွင် အသင့်စားအစားအစာများကို တတ်နိုင်သလောက်လျှော့ပေါ့စားသောက်ကြရန်လိုကြောင်း၊ တချို့အစားအသောက်များမှာ ဓာတုဆိုးဆေးများ၊ ကြာရှည်ခံဆေးဝါးများပါရှိသည့်အတွက် ခန္ဓာကိုယ်ကြီးထွားမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုများကိုထိခိုက်နိုင်ပြီး ရောဂါမျိုးစုံဖြစ်ပွားတတ်ကြောင်း၊ အကယ်၍ ဝယ်ယူစားသောက်မည်ဆိုလျှင်လည်း ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြထားသော အစားအသောက်များကိုသာရွေးချယ်ဝယ်ယူကြရန်လိုကြောင်း၊ အစားအသောက်များတွင်သာမက မည်သည့်ကုန်ပစ္စည်းမဆို မြန်မာဘာသာအညွှန်းများပါရှိမှသာ လုံခြုံစိတ်ချရမည်ဖြစ်ပါကြောင်း၊ သန့်ရှင်းလတ်ဆတ်ပြီး ယင်မနားအောင်ဖုံးအုပ်ထားသော ရိုးရာမုန့်ပဲသားရေစာများမှာ ဗိုက်ဝ၍အာဟာရလည်းဖြစ်စေပါကြောင်း၊ မိမိတို့ဝယ်ယူလိုက်သောကုန်ပစ္စည်းကို ဆိုင်ရှင်ကပေးလိုက်သည့်အတိုင်းမယူရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို ငယ်ရွယ်စဉ်မှစ၍ ကြည့်ရှုဝယ်ယူသည့်အလေ့အကျင့်များရှိကြရန်လိုအပ်ပါကြောင်း၊ ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆိုတိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်နေခြည်ဦး (ဦးစီးအရာရှိ) က “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေးခေါင်းစဉ်ဖြင့် ကလေးအလုပ်သမား၊ ကလေးသူငယ်တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာနှင့်မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားခန့်မှန်းချက်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကလေးလုပ်သားပပျောက်ရေးလုပ်ဆောင်နေမှုများကို ရှင်းလင်းဟောပြောအသိပညာပေးခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)