Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထိုင်းဘာသာဖြင့် ဖော်ပြထားသော Spriteအချိုရည်များ ရောင်းချမှုရှိ/ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေး၊ ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကို ဝယ်ယူရရှိစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။ (၄.၈.၂၀၂၃)ရက်နေ့နှင့် (၉.၈.၂၀၂၃)ရက်နေ့များတွင်  ဒု-ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ရွှေဘိုမြို့နယ်  တာဝန်ခံ၊ ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်း(၂)ဦးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေဘိုမြို့ပေါ်ရှိ အချိုရည်နှင့် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အချိုရည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးသည့်ဆိုင်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ထားခြင်းမရှိသည့်အပြင် FDAတွင်မှတ်ပုံတင်ထားခြင်းမရှိသည့်  ထိုင်းဘာသာဖြင့်ဖော်ပြထားသော Spriteအချိုရည်များ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကုန်စည်ကို ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ထားသည့် ကုန်စည်များကို သာရောင်းချရန်၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများနှင့်  Spriteအချိုရည်အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့်  ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း၊ ဝန်ထမ်း(၁)ဦးနှင့် မိတ်ဖက်ဌာနဖြစ်သည့်မြို့နယ်  စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၉.၈.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍  စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့်အညီ ကိုက်ညီခြင်းရှိ /မရှိ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် ဂျိုကာအမှတ်တံဆိပ်ပါ ထူးကြီးမုန့်ကြွပ်တွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည် ၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ သုံးစွဲပုံနည်းလမ်းများ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်စေရန်နှင့် ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချမှုမပြုရန် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၌ သတင်းဆောင်းပါးရေး သားနည်းနှင့် မှတ်တမ်း ဓာတ်ပုံ၊ဗွီဒီယိုများ စနစ်တကျရိုက်ကူးမှတ်တမ်းတင် ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းဆောင်းပါး ရေးသားနည်းနှင့် မှတ်တမ်းဓာတ်ပုံ၊ဗွီဒီယိုများ စနစ်တကျရိုက်ကူး မှတ်တမ်းတင် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ၈.၈.၂၀၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ နံနက် (၉:၃၀) နာရီမှ စတင်၍ ကျင်းပပြု လုပ်ခဲ့ရာ နည်းပြများ၊ အရာထမ်းများ၊ အမှုထမ်းများ(၂၃)ဦးနှင့်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း(၂၀)ဦးနှင့်  ခရိုင်ဦးစီးမှူးရုံးများမှ Online ဖြင့်တက်ရောက်သူ(၁၀)ဦး၊ သင်တန်းသား /သူ များ (၃၀)ဦး၊ စုစုပေါင်း (၅၃)ဦးတက် ရောက်ခဲ့ပြီး သင်တန်းကို ၈.၈.၂၀၂၃ ရက်နေ့မှ ၉.၈.၂၀၂၃ ရက်နေ့ထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပါသည်။

  အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ၊ ဦးဝေဖြိုးထက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သတင်း ဆောင်းပါးရေးသားဖော်ပြရသည့်ရည်ရွယ်ချက်များ၊ သတင်း၏အရေးပါပုံများ၊ သတင်းများ ရေးသားကြရာတွင် အချက်အလက်စုဆောင်းခြင်းများ၊ ရေးသားတင်ပြပုံနည်းစနစ်များ၊ နည်းပြများမှ သင်ကြားရာတွင် စနစ်တကျ လေ့လာသင်ယူကြရန် ပြောကြားခဲ့ပါသည်။

      ဆက်လက်၍  စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာများက သတင်းဆောင်းပါးများရေးသားနည်းများ၊ ဓာတ်ပုံရိုက်နည်းများ၊ သတင်းဗွီဒီယိုဖိုင် အဆင့်ဆင့်ပြုလုပ်နည်းများ  ၊ တည်းဖြတ်နည်းများ၊ အသံထည့်နည်း၊ ဓာတ်ပုံထည့်နည်း၊ မီဒီယာအသုံးပြု၍ သတင်းမှတ်တမ်း၊ Corporate Video File ပြုစုထိန်း သိမ်းရေး နည်းလမ်းများ၊ သတင်းဆောင်းပါးရေးသားရာတွင် ရှောင်ရန်နှင့် ဆောင်ရန် အချက်များအား ဝန်ထမ်းများသိရှိ နားလည်စေရေန် ဘာသာရပ်အလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေး ပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မကွေးခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ ကျင်းပသည့်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့တက်ရောက်

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲအား (၃.၈.၂၀၂၃)ရက်နေ့ ၊နံနက် (၀၉:၀၀)နာရီတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ရှေးဦးစွာ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ခေါင်းဆောင်ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသောင်းဟိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှု သည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး ကိုယ်ကျင့်တရားပျက်ယွင်းခြင်းသာ ဖြစ်ကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေမည်ဖြစ်ကြောင်း အဂတိလိုက်စားမှုကြောင့် အရေးယူအပြစ်ပေးခြင်းခံရပါက မိမိနှင့် မိမိပတ်ဝန်းကျင်၊ မိမိမိသားစု ဂုဏ်သိက္ခာကျဆင်းစေပြီး လူမှုရေးအရလည်း ထိခိုက်နစ်နာမှုဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ “ကာကွယ်ခြင်း သည် ကုသခြင်းထက်ကောင်းသည်” ဆိုသလို အဂတိလိုက်စားမှုမဖြစ်အောင် လုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကုန်သည်ကြီးများ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များ၊ အဖိုးတန်သတ္တု(ရွှေ)လုပ်ငန်းရှင်များ၊ တည်းခိုခန်းပိုင်ရှင်များ သိရှိရန်အတွက် ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့ မှူးကိုယ်စား ရဲမှူးသန်းဆောင်က အဂတိလိုက်စားမှုဆိုင်ရာ သိကောင်းစရာများ၊ ဥပဒေ၊ ပုဒ်မများနှင့် အရေးယူမှုအပိုင်းများကိုလည်းကောင်း၊ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က အဂတိလိုက်စားမှု ပုံစံများနှင့် အမျိုးအစားများ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသည့် နစ်နာမှုများနှင့် အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များ၊ ဥပဒေအကြောင်းအရာများကို လည်းကောင်း၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ (CPU)အဖွဲ့ဝင် ခရိုင် ပြည်တွင်း အခွန်များဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ရေး နည်းလမ်းများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကြောင်းအရာများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ ခရိုင်/မြို့နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကုန်သည်ကြီးများ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များ၊ အဖိုးတန်သတ္ထု (ရွှေ)လုပ်ငန်းရှင်များ၊ တည်းခိုခန်းပိုင်ရှင်များ၊ စုစုပေါင်း (၂၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အသင့်သောက်အချိုရည်များစစ်ဆေးခြင်း

  8.8.2023 ရက်နေ့၊ နေ့လည် (၁၂:ဝဝ)  နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ သတို့နှင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ Capital အတွင်းရောင်းချနေသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/2019) နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးနွယ်မှ အသင့်သောက်အချိုရည်များကို အဓိကထားစစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရာ Capital အတွင်းရှိ အချိုရည် အမျိုးမျိုးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈)၊ ပုဒ်မ(41)ရှိ (ခ) နှင့် (ဆ)ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA (ရန်ကုန်)

မကွေးမြို့၏ ၂၀၂၃-ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်)နှင့် ဩဂုတ်လ (ပထမအပတ်) အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

  မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများအား ဖျားနာမှုအတွက် အဓိကဝယ်ယူလျက် ရှိကြပါသည်။ အိမ်သုံးဆေးဝါးများမှာ ဇူလိုင်လ (စတုတ္ထအပတ်)နှင့် ဩဂုတ်လ (ပထမအပတ်)တွင်နှိုင်းယှဉ်ချက်အရ စျေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

   မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျှက်ရှိသော အိမ်သုံးဆေးဝါးများမှာ ၂၀၂၃-ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်)နှင့် ဩဂုတ်လ (ပထမအပတ်)တွင် Paracetamol (500)mg (၁၀)လုံးပါ တစ်ကတ် လျှင် ကျပ်(၃၀၀)၊ Decogen (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၄၀၀)၊ Ovit အလုံး(၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၁၅၀၀)၊ Biogesic (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၉၀၀)၊ Amoxicillin အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၄၇၅၀)၊  Bermeton အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၁၆၀၀)၊  Cetrine (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၂၀၀)၊ ဓါတ်ဆား MPF တစ်ထုတ်လျှင် ကျပ်(၃၀၀)၊  Oramin-G (၅)လုံးပါတစ်ကတ်လျှင် ကျပ်(၃၀၅၀)၊ Becozine (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၃၇၀၀)၊ Vitahome (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၇၀၀)၊ Sara (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၉၀၀)၊ Flemex (၁၀) လုံးပါ တစ်ကတ်လျှင် ကျပ်(၃၂၀၀)၊   Solmux (၄) လုံးပါ တစ်ကတ်လျှင် ကျပ်(၁၁၀၀)၊ Wood (၁၅)လုံးပါ တစ်ဘူးလျှင် ကျပ်(၇၆၅၀)၊ Alexal(၁၀) လုံးပါ တစ်ကတ်လျှင် ကျပ်(၂၁၀၀)၊ Mexagrip (၄)လုံးပါ တစ်ကတ်လျှင် ကျပ်(၇၀၀)တို့ဖြင့် အသီးသီးစျေးနှုန်းတည်ငြိမ်ပြီး ရောင်းချလျက်ရှိကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့၊ ပါရမီရပ်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့တွင် အခြေခံပညာမူလ တန်း (လွန်)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသောစားသောက်ကုန်များဝယ်ယူစားသုံး‌နိုင်ရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

 အဆိုပါဟောပြောပွဲတွင် စားသုံးသူများအတွက် အခွင့်အရေးနှင့်တာဝန်များ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြရခြင်းအကြောင်းနှင့် ဖော်ပြရမည့်အချက်အလက်များ၊ ဘေးအန္တရာယ် ဖြစ်စေနိုင်သော  အန္တရာယ်ရှိသောဆိုးဆေးများ၊  တားမြစ်ထားသောစားသောက်ကုန်များ၊ နစ်နာမှုများကြုံတွေ့ရပါက တိုင်ကြားနိုင်မည့်နေရာများနှင့် ဖြေရှင်းချက်များ၊ အစားအသောက်များချက်ပြုတ်မစားသောက်မီ သတိပြုဆင်ခြင် ရမည့်အချက်များအပြင် အစားအသောက်ခွင့်ပြုထောက်ခံချက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသူ ကျောင်းသားများ ဘေးကင်းစွာစားသုံးနိုင်ရန် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

အသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေး ဟောပြောပေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၇.၈.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ(၁၂၅)ဦးနှင့် ဆရာ၊ ဆရာမ (၁၀) ဦး စုစုပေါင်း (၁၃၅) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

  ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်း များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဒုတိယဦးစီးမှူး ဒေါ်ဝါဝါကြည်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူများရရှိသည့် အခွင့်အရေး(၈)ချက်နှင့်  စားသုံးသူများလိုက်နာရမည့်တာဝန် (၄)ချက်ကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး အခုလိုသိရှိမှသာ မိမိတို့ရရှိမည့်အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများ လိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန် လိုအပ် ကြောင်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ 

   ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေး အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့်အချက်(၈)ချက်အား တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်း အမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား များပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင်တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ဒါအပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

 

ကွင်းဆင်း ဆောင်ရွက် အသိပညာပေး ဟောပြောခြင်း

   ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် မိုခါအလွန်ပြန်လည်ထူထောင်ရေး နှင့် ဒေသ ဖွံ့ဖြိုးရေး အတွက်ကွင်းဆင်းဆောင်ရွက်မှု၌ နိုင်ငံတော်မှချမှတ်ထားသည့် စစ်ကြောင်း(၅) ကြောင်းသဏ္ဍာန်ပုံဖော်၍ ဟောပြောပွဲ တွင် လူမှုရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေသကိုယ်စားလှယ်ဦးမောင်အေးလှိုင် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် (၇-၈-၂၀၂၃) ရက်နေ့ပေါင်းတုတ်ကျေးရွာတွင် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက်ကွင်းဆင်းဆောင်ရွက်ခြင်း အခမ်းအနားကို ကျေးရွာသူ/သား(၅၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။

 အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)မှာအဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော ဌာနဆိုင်ရာအသီးသီးမှဆွေးနွေးခဲ့ကြပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးလှမောင်သိန်း(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊လိုက်နာရမည့်တာဝန်များ၊စားသုံးသူများ လုံခြုံ စိတ်ချရမှုရှိစေရေးအတွက်စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)၊ ပုဒ်မ(၄၁)ပါ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြ ရမည့်အကြောင်းအရာများ၊ စားသုံးမည့်ကုန်စည်များ လုံခြုံစိတ်ချရမှုရှိစေရန်ကဏ္ဏများ၊ စားသုံးသူများ ကြီးမားသောအန္တရာယ်ဖြစ်ပေါ်စေခဲ့လျှင်(သို့မဟုတ်) နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့လျှင် ဌာနမှ ဖွင့်လှစ်ထားသော စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးကာ ကျေးရွာသူ/သားများ၏ မေးမြန်းချက်အပေါ် ပြန်လည် ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ရခိုင်)

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦး‌ဇော်ထွန်းဦး၊ ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းတို့သည် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို (၄.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၆၅)ဉီး၊ ဆရာ/ဆရာမ(၃)ဦး တို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုသည်မှာ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးပြီး စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုခြင်းဖြစ်ကြောင်း၊ ယခုလိုစားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်းဖြင့် စားသုံးသူ၏အခွင့်အရေးကို သိရှိနားလည်ပြီး အပြည့်အဝတောင်းဆိုတတ်ပြီး ကုန်စည်(သို့)ဝန်ဆောင်မှုများ၊ အစားအသောက်/ အသုံးအဆောင် များကို ဝယ်ယူ/အသုံးပြုသည့်အခါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း/ အစားအသောက်များကို ရွေးချယ်ဝယ်ယူတတ်လာမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအပေါ် အကျိုးပြုကာကွယ်ပေးနေသော ဌာနဖြစ်ကြောင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ‌ကျောင်းသား/ကျောင်းသူများအနေဖြင့် ယခုလို စားသုံးသူအသိပညာပေး သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိမည်ဖြစ်ကြောင်း၊ မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများကို ပြန်လည်မျှဝေပေးပါက တစ်ဦးမှတစ်ဦး လက်ဆင့် ကမ်းရင်း အသိပညာများတိုးပွားလာမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်လည်း ဘက်ပေါင်းစုံမှ ပြည်သူ များကို များစွာအကျိုးပြုဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေးဟောပြောဆွေးနွေးပါသည်။

    ဒု-ဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သော "စားသုံးသူအခွင့်အရေး ဦးစားပေး"ဟူသည့်အတိုင်း စားသုံးသူ၏အခွင့်အရေးနှင့် တာဝန် များအကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိ ကြောင်း၊  မိမိ၏အခွင့်အရေးကို သဘောပေါက်နားလည်မှသာ တောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊ အစား အသောက်/ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုလျှင် စိတ်ကျေနပ်မှုရှိရန် လိုအပ် ကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ကြောင်း၊ သတင်းအချက်အလက်ရယူခွင့်ရှိကြောင်း၊ စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်း၊ နစ်နာဆုံးရှုံးမှုကိုတင်ပြခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်များရှိကြောင်း၊ အသိပညာဗဟုသုတများ သိရှိလေ့လာနိုင်ကြောင်း၊ ကောင်းမွန်သော ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်များပါရှိကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

   စားသုံးသူ၏တာဝန်များဆွေးနွေးရာတွင် စားသုံးသူများသည် မိမိဝယ်ယူအသုံးပြုသည့် ကုန်ပစ္စည်း/ဝန်ဆောင်မှု/အစားအသောက်နှင့်ပတ်သက်၍ လမ်းညွှန်ချက်များကို လိုက်နာဆောင် ရွက်ရန်၊ တန်ဖိုးနှင့်အညီပေးချေရန်၊ မဟုတ်မမှန်ပြောဆိုမှုများရှောင်ကြဉ်ရန်၊ အငြင်းပွားမှု ညှိနှိုင်း နေစဉ်မဟုတ်မမှန် ပြောဆို/ရေးသားမှုများရှောင်ကြဉ်ရန် စသည့်အချက်များပါဝင်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့်  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကို သိရှိနားလည်ပြီး အခွင့်အရေးများကို တောင်းဆိုနိုင်ပါကြောင်း၊ တာဝန်များကိုလည်း လိုက်နာ၍ အသိပညာဗဟုသုတ များဆထက်တပိုးတိုးပွားပြီး ကောင်းကျိုးများစွာရရှိနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပါသည်။

       ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဉီးက ဆက်လက်ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ-၄၁အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားရှိသည့်ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် ပြည့်စုံစွာ ထည့်သွင်းဖော်ပြနိုင်ရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်းအမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြ ချက်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲတို့ကို ကြည့်ရှုပြီးရွေးချယ် ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ