Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ (၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ ဦးဝင်းညွန့်ကုန်စုံဆိုင်နှင့် ငွေနန်းစံကုန်စုံဆိုင်တို့အား ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မရဲစခန်းမှ ရဲတပ်ကြပ် သိန်းဇော်ဌေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမင်းကျော့မောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းတာဝန်ခံ ဦးမျိးဝင်းညိုနှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင်တို့က  အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

 အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင်ရောင်းချသည့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့သည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းရှိ/မရှိတို့ကိုဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ SHARK အားဖြည့်အချိုရည်ဘူးတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များရောင်းချမှုမရှိသည့်အပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အမှတ်များပါပါရှိကြောင်း စိစစ်တွေ့ရှိရပြီး ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်နှင့်ပတ်သက်၍ တာဝန်ရှိမှုကိုနားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊  အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့်ကုန်ပစ္စည်းများကိုသာရောင်းချကြရန်နှင့် မိမိတို့ထံလက်ဝယ်လာရောက်ပို့ဆောင်သောကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားမပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းပေရန်နှင့် မပြည့်စုံပါက မိမိတို့က ဝယ်ယူရောင်းချမည်မဟုတ်ကြောင်း လက်ဆင့်ကမ်းပြောကြားပေးကြပါရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ကန့်ဘလူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၄ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကုန်စုံဆိုင်များတွင်ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အ သားများကို မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ သက်တမ်းလွန်ကုန်စည်များနှင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ရှိပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် Online Shopping ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ စာသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် (၉-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  ကျွန်းလှမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် Online Shopping ဝန်ဆောင်မှု၊ Online ရောင်းချမှုမှတ်ပုံတင်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စာသုံးသူကာကွယ်ရေးအသိပညာပေး  (Talk Show) ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးစီးဦးဖိုးချိုက စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်အကြောင်း၊ Online ရောင်းချမှုမှတ်ပုံတင်ပြုလုပ်ရန်နှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ  မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွတ်တော်ဥပဒေအမှတ် ၉ဖြင့်ပြဋ္ဌာန်းခဲ့ပြီး အခန့်ပေါင်း (၂၅) ခန်း၊ ပုဒ်မပေါင်း (၈၄) ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူလိမ်လည်လှည့်ဖြားခံရမှုများကြောင့်  Online ရောင်းချမှုမှတ်ပုံတင်ခြင်းဆိုင်ရာများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည့်အကြောင်း၊ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း၊ Online ရောင်းချမှုမှတ်ပုံတင်ခြင်းအတွက် လူကိုယ်တိုင်သွားရောက်၍ လျှောက်ထားစရာမလိုဘဲ Online မှဆောင်ရွက်ပေးမည့်အကြောင်း၊ Online ရောင်းချမှုမှတ်ပုံတင်ကြေးများနှင့်ပတ်သက်ပြီး အသက်သာဆုံးနှင့်ဆောင်ရွက်ကာ Online Banking စနစ်ဖြင့် ပေးချေဆောင်ရွက်ရမည့်အကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်မြောက်သည့်နေ့မှစတင်၍ အသက်ဝင်လာပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှုများဖြစ်လာနိုင်သည့်အတွက် Online Shopping လက်ရှိအမှန်တကယ်ရောင်းချနေသူများကိုလည်း Online  မှတ်ပုံတင်များဆောင်ရွက်ထားကြရန်အကြောင်းတို့ကို တိုက်တွန်းပြောကြားချင်ကြောင်း၊  Online ရောင်းချမှုမှတ်ပုံတင်ခြင်းလျှောက်ထားဆောင်ရွက်ရမည့် အချိန်ကိုလည်း  လျှောက်ထားဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်အတူ အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားကာ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆိုသည်မှာ တစ်ကြိမ်တစ်ခါဆောင်ရွက်ရုံ၊ တစ်ကြိမ်တစ်ခါဆွေးနွေဟောပြောရုံနှင့် ပြီးဆုံးသွားခြင်းမျိုးမဟုတ်ဘဲ စားသုံးသူပြည်သူများအတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး “ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ်၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးတွေရှိတယ်” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူကာကွယ်ရေးဥပဒေပါအတိုင်း မိမိတို့လိုက်နာရမည့်တာဝန်များကို လိုက်နာရန်လိုအပ်သကဲ့သို့ နစ်နာဆုံးရှုံးမှုများရှိလာလျှင်လည်း ရရှိမည့်အခွင့်အရေးတို့ကို နားလည်သဘောပေါက်ပြီး တောင်းဆိုတတ်သူများဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုပြောကြားကာ နိဂုံးချုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကသာမြို့၌ “မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ” ကျင်းပပြုလုပ်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးငြိမ်းချမ်းသူသည် ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် “မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ သို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ကွင်းသရုပ်ပြပွဲအား ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၇) ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကသာမြို့၊ ပြည်သာယာကျေးရွာရှိ တောင်သူ ဦးနော်လီ၊ ဦးစောနှင့် ဦးအောင်သူတို့၏ ကွင်းအမှတ် (၇၁၆) ၌ကျင်းပပြုလုပ်ခဲ့ပြီး ကွင်းသရုပ်ပြပွဲ၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဒေသခံတောင်သူများအား အယ်နီညိုရာသီဥတုကြောင့် သီးနှံများပျက်စီးဆုံးရှုံးနိုင်ခြင်း၊ သီးနှံများအထွက်နှုန်းထိခိုက်နိုင်ခြင်းတို့ဖြစ်ပေါ်မှုမရှိ‌စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အယ်နီညိုရာသီဥတုကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုများနှင့် ဓာတ်မြေဩဇာကို အချိန်ကိုက်အချိုးကျသုံးစွဲနိုင်ရေး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာသောတောင်သူများအား သဘာဝဓာတ်မြေဩဇာ၊ ဂျစ်ပဆမ်မြေဩဇာနှင့် စပါးမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တောင်သူများ၏ ကွင်းအမှတ် (၇၁၆) တွင် လယ်ယာသုံးစက်ကိရိယာများဖြင့်ထွန်ရက်ခြင်း၊ လက်တွေ့စိုက်ပျိုးသရုပ်ပြခြင်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ကသာမြို့နယ်တွင် မိုးစပါးစိုက်ဧက (၃၈၅၀၀) ဧကလျာထားပြီး မိုးရာသီမကုန်မီ ပြည့်မီအောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြေပုံမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းပြုလုပ်

   ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ရာ၌ နိုင်ငံတော်ကချမှတ်ထားသည့် စစ်ကြောင်း(၅)ကြောင်းဖြင့်ပုံသဏ္ဌာန်ဖော်ခဲ့ပြီး လူမှုရေးစစ်ကြောင်း၌ လမ်းဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဦးဆန်းလင်းဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် (၈-၈-၂၀၂၃) ရက်နေ့တွင် သဲတန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပရာ ၎င်းအခမ်းအနားသို့ ကျေးရွာသူ/ သား(၃၀)ဦးတို့  တက်ရောက်ခဲ့ကြပါသည်။

      အဆိုပါ အခမ်းအနားတွင် အဖွဲ့ခေါင်းဆောင်က အဖွင့်အမှာစကားပြောကြားခြင်းနှင့် အဖွဲ့ဖြင့်လိုက်ပါသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဟောပြောခဲ့ကြပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြေပုံမြို့နယ်တာဝန်ခံ ဦးစံညွှန့် (ဦးစီးမှူး) က ဌာန၏စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှုပေါ်တွင် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုအပေါ် အရေးဆိုတောင်းဆိုနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများ၊ Online စနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းများကိုလည်း မှတ်ပုံတင်လက်မှတ် လျှောက်ထားပြီးမှသာ လုပ်ဆောင်ရန်လိုအပ်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

 DOCA(ရခိုင်)

ငပုတောမြို့နယ်ရှိ ကုန်စုံဆိုင်များမှ ဟင်းရွက်ဆီဘူးများအား ကွင်းဆင်းစစ်ဆေး

   ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်  ၂၀၂၃ခုနှစ်၊ ဩဂုတ် ၄ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသော ဟင်းရွက်ဆီဘူးများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  အဆိုပါဈေးအတွင်းရှိ အရောင်းဆိုင်များတွင် Goody,Mazin အစရှိသည့် ဟင်းရွက်ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများနှင့်ကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသောကုန်စည်များမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသောကြောင့် မရောင်းချရန်အကြောင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအတိုင်း သတ်မှတ်ချက်နှင့်အညီဆောင်ရွက်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကိုဈေးကွက်စောင့်ကြည့်စစ်ဆေး

 ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၇ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 အဆိုပါဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေးတို့အတွက် အသိပညာများပေးအပ်ကာ ဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်ကာ စားသုံးသူများအား အသိပညာပေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်သွားစေရေးရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၇ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ သရက်ကုန်းဆီစက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ကုန်စည်များပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့ကို စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ (အ-ထ-က) မြို့မကျောင်းတွင် အသိပညာပေးဟောပြော

 ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ (အ-ထ-က) မြို့မကျောင်းတွင် ဆရာ/ဆရာမ (၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၃၄)ဦးတို့အား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

 ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်အပါအဝင် ဈေးကွက်အတွင်းရောင်းချနေသောကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်သော အခွင့်အရေး(၈)ချက်နှင့်တာဝန်များ အစရှိသည်တို့ကိုဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

                  

ဖျာပုံမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ခရိုင်စားသုံးသူရေးရာရုံး၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ( ၈ )ရက်နေ့၊ နေ့လယ်( ၁၃:၀၀ )နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်( ၂၀ )ဦးကို စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများပေးခဲ့ပါသည်။

 အဆိုပါဟောပြောပွဲတွင်  မြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေး  ဥပဒေနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူအခွင်အရေးနှင့်တာဝန်များ၊ စားသုံးသူများအနေဖြင့်  ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီသိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ