Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှူဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် နို့စို့ကလေးနှင့်ကလေးငယ်များ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကလေးအာဟာရဖြည့်စွက်စာများ ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ (၅-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့်ထုတ်ပြန်ထားသော “ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်” တွင် (က) အစားအသောက်အုပ်စုများအောက်ရှိ အမှတ်စဉ်(၁၆)၌ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များနှင့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရပါမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များ ရောင်းချသည်ကိုစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် (၂/၂၀၂၃) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်‌ရေးသင်တန်းပို့ချ

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊ (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် (၂/၂၀၂၃) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်‌ရေးသင်တန်းကို ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းထွန်းက (၁၁-၉-၂၀၂၃) ရက်နေ့နှင့် (၁၂-၉-၂၀၂၃) ရက်နေ့၊ စုစုပေါင်း (၂) ရက် သင်ကြားမည်ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန်ရည်ရွယ်ပါကြောင်း အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ပါသည်။

   ဆက်လက်၍ (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)  နာရီအချိန်တွင် စီမံရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်းများအား ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်မားစေရန်နှင့် ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရာတွင် စာရေးသားနည်းများသိရှိစေရန်ရည်ရွယ်၍ ရုံးလုပ်ငန်းလက်စွဲပါ အခန်း (၈) စာပေးစာယူနှင့်ပတ်သက်သော ဝန်ထမ်များသိသင့်သိထိုက်သည့်အကြောင်းအရာတို့ကိုလည်းကောင်း၊ နေ့လယ်  (၁၂:၃၀)  နာရီအချိန်တွင် ငွေစာရင်းဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စောမို့မို့က ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးကျင့်စဉ်များ၊ ခရီးစရိတ်အမျိုးအစား၊ ပစ္စည်းဝယ်ယူခြင်းတို့နှင့်ပတ်သက်သည့် အကြောင်းအရာတို့ကိုလည်းကောင်း၊ နေ့လယ် (၁၄:၀၀)  နာရီအချိန်တွင် မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးလှိုင်ထွဋ်ကလည်း ပြည်တွင်းကုန်သွယ်မှုကဏ္ဍနှင့်ပတ်သက်သည့် အကြောင်းအရာများကို Power Point ဖြင့် အသီးသီးသင်တန်းပို့ချခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

           

ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းပြုလုပ်

   ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်မှု၌ နိုင်ငံတော်မှ ချမှတ်ထားသည့် စစ်ကြောင်း (၅) ကြောင်းပုံသဏ္ဍာန်ဖော်၍ ဟောပြောပွဲကို (၈-၉-၂၀၂၃) ရက်နေ့၊ နေ့လယ်  (၁၃:၃၀) နာရီအချိန်တွင် ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၌ သံတွဲမြို့စစ်ကြောင်း(၅)မှ တာဝန်ရှိသူများသည် ရပ်ကွက်နေပြည်သူများအား အသိပညာပေးအခမ်းအနားကျင်းပခဲ့ပါသည်။

    အဆိုပါ အခမ်းအနားတွင်နိုင်ငံရေးစစ်ကြောင်းမှ ဗိုလ်မှူးကျော်လင်းဦးက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဖြင့်လိုက်ပါလာသော အုပ်ချုပ်ရေးစစ်ကြောင်းမှ သံတွဲမြို့အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းမှ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနမှူး ဦးမြတ်သူ၊ စည်းရုံးရေးစစ်ကြောင်း၊ ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း၊ လူမှုရေးစစ်ကြောင်းမှ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်တို့ကို ရှင်းလင်းပြောကြားပြီးနောက် ဌာန၏စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုပေါ်တွင် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အကြောင်းအရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် အရေးဆိုတောင်းဆိုနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများ၊ Online စနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများအတွက်လည်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ လုပ်ဆောင်ရန်လိုအပ်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။       

DOCA(ရခိုင်)                                                          

                            

ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့်တွေ့ဆုံဆွေးနွေး

   (၁၀-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ဒေသတွင်းစားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဈေးနှုန်းကျဆင်းရေးအတွက် ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးရသည့်လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တို့ကို ဆွေးနွေးပြောကြားပြီး ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖြိုးဇော်ထွန်းက ပြည်နယ်တွင်း စားသုံးဆီရောင်းချခြင်းအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသောအသင်းဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

   ဆက်လက်၍ မေးမြန်းဆွေးနွေးချက်များအပေါ် စားသုံးရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆီအသင်းမှ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဦးစီးမှူးကလည်း နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါ အစည်းအဝေးသို့ အသင်းဝင် (၁၄)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်၊ နောင်ယား(ခ)ရပ်ကွက်နှင့် ဒေါနိုးကူးရပ်ကွက်ရှိ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်၊ နောင်ယား(ခ)ရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်ရှိ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်များနှင့်ဆေးဆိုင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

 ကယားပြည်နယ်၏ ကလေးအာဟာရဖြည့်စွက်စာအများစုမှာ လက်ရှိဈေးကွက်အနေအထားအရ တန်ဖိုးကြီးဖော်စပ်စာနှင့် ဖြည့်စွက်စာတချို့မှာ ဝယ်လိုအားနည်းပါးကြောင်း၊ အလယ်အလတ်တန်းစား ကလေးအာဟာရဖြည့်စွက်စာများမှာ အရောင်းပိုသွက်ကြောင်း၊ ဈေးနှုန်းများမှာလည်း မြှင့်တက်လျက်ရှိကြောင်း၊ မိခင်နို့ရည်အစားထိုးအစာဖြင့် အာဟာရပြည့်ဝစွာမရရှိနိုင်သည့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသည့် နို့ရည်နှင့်နို့မှုန့်များတွင် အသက်အပိုင်းအခြားတိကျစွာဖော်ပြပါရှိပြီး ဖျော်စပ်သုံးစွဲရန်အညွှန်းများကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြထားကြောင်း၊ ပြည်ပမှတစ်ဆင့် ဝင်ရောက်သောကလေးအာဟာရဖြည့်စွက်စာများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များကို စတစ်ကာများဖြင့် ကပ်နှံဖော်ပြထားရှိပြီး အဆိုပါပစ္စည်းများမှာ  အသစ်ဝင်ရောက်ခြင်းမဟုတ်ဘဲ သက်တမ်းရက်ကျော်လွန်ခြင်းမရှိသေးသောပစ္စည်းလက်ကျန်များဖြစ်ကြောင်း၊ တချို့ကုန်စုံဆိုင်နှင့် ဆေးဆိုင်များ၌ တင်သွင်းရောင်းချမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

   ဆိုင်ရှင်များအနေဖြင့် ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများဖြစ်ပွားစေနိုင်သည့် အာဟာရဖြည့်စွက်စာအမျိုးမျိုးကို နေရောင်ခြည်နှင့်တိုက်ရိုက်မထိတွေ့  သောနေရာတွင် စနစ်တကျထားသိုသိမ်းဆည်းရောင်းချရန်လိုအပ်ကြောင်းနှင့် စားသုံးသူကိုနစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်အညွှန်းအမှတ်အသားမပါရှိသောကုန်စည်များ၊ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကျန်းမာရေးနှင့်ကိုက်ညီမှုမရှိသည့် ကလေးအာဟာရဖြည့်စွက်စာများ၊ အသက်အရွယ်အလိုက် ရောင်းချသင့်သည့် ကလေးအာဟာရဖြည့်စွက်စာတို့ကို ခွဲခြား၍ရောင်းချရန်လိုအပ်ကြောင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော ကလေးအာဟာရဖြည့်စွက်စာတို့ကို ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးခြင်းများစစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ၎င်းနောက် ကလေးအာဟာရဖြည့်စွက်စာများအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်နှင့် ဆေးဆိုင်(၁၀)ဆိုင်အား အသိပညာပေး၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

မော်လမြိုင်မြို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခြင်း

    ၉.၉.၂၀၂၃ ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီးတို့တွင် သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လာရောက်အားပေး ကြည့်ရှုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က “ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများမှာ ဆေးရုံအင်္ဂါရပ်နဲ့ကိုက်ညီပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာ လှပမှုရှိစေရေး၊ သန့်ရှင်းပြီး စိမ်းလန်းစိုပြေစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ဆေးရုံတွေ သန့်ရှင်းသာယာလှပပြီး ပြည်သူတွေစိတ်အေးချမ်းမြေ့စွာနဲ့ ဆေးဝါးကူသမှုခံယူနိုင်စေဖို့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အရည်အသွေးပြည့်မီစွာရရှိစေရေး ဆောင်ရွက်ပေးကြရန်” လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

သထုံမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

     (၉.၉.၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးသည် သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်အသင်းတို့မှ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

       ထိုသို့ ဆန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဧည့်မထဆန် (၁) ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်တွင် (၁၂၀၀) ပြည်ကိုလည်းကောင်း၊ သထုံမြို့၊ မြို့မဈေးရှေ့တွင် (၆၀၀) ပြည်ကိုလည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့၌ စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ၁၀.၉.၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးလွင်သည် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ မြို့နယ်ကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ မွန်ပြည်နယ်အတွက် ခွဲဝေရရှိသော စားအုန်းဆီများအား မြို့နယ်များသို့ ဖြန့်ခွဲရောင်းချပေးခဲ့ရာ မုဒုံမြို့နယ်အတွက် ရရှိသော စားအုန်းဆီပိဿာ(၅၅၀)အား ဆိုင်(၂) ဆိုင်မှ တစ်ပိဿာလျှင် (၄၈၀၀)ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရာ ကွမ်တာကျေးရွာနေ အိမ်ထောင်စု (၅၅၀)စုထံသို့ ရောင်းချပေးခဲ့ကြောင်းနှင့် ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၀.၉.၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်သည်များ အသင်းတို့နှင့် ပူးပေါင်း၍ အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

     အများပြည်သူများ သက်သာချောင်ချိရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ဧည့်မထဆန် (၁) ပြည်လျှင် (၂၅၀၀) ကျပ်၊ ဆန်(၄)ပြည်နှုန်းဖြင့် ဘီးလင်းမြို့ မင်္ဂလာဈေးတွင် အခြေခံလူတန်းစား အိမ်ထောင်စု (၁၅၀) သို့ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

    ၈.၉.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။         

   အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက “ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအသိပညာပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ အရွယ်အစား၊ အလေးချိန်၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့)အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါညွှန်ကြားချက်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ