Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသည့် ဆေးဝါးများ၏ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော ဆေးဝါးများ၏ဈေးနှုန်းအခြေအနေအား စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏လမ်းညွှန်ချက်အရ ပြည်တွင်း၌စားနပ်ရိက္ခာဖူလုံစေရေး၊ အခြေခံစားကုန်များဈေးနှုန်း တည်ငြိမ်စေရေးနှင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့ကို အလေးထားဆောင်ရွက်လျှက်ရှိရာ ကော့မှူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိဆေးဆိုင်များတွင် စားသုံးသူပြည်သူများအနေဖြင့် အသုံးများသည့်ဆေးဝါးများဖြစ်သော အားဆေး၊ သွေးကျဆေး၊ အကိုက်အခဲ ပျောက်ဆေး၊ အာရုံကြောဆေး၊ သန္ဓေတားဆေး၊ သွေးကျဲဆေး၊ လေဆေး၊ ရင်ကြပ်ပျောက်ဆေး၊ ရှူဆေး၊ ဝမ်းပိတ်ဆေးစသည့် လူသုံးများသောဆေးဝါးများ ဧပြီလမှစ၍ စက်တင်ဘာလအထိ ဈေးနှုန်းအဆမတန် မြင့်တက်ခြင်းရှိ/ မရှိနှင့် ဈေးနှုန်းပြောင်းလဲမှုအခြေအနေအား စာရင်းကောက်ယူ မေးမြန်းဆွေးနွေးအသိပညာပေး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၅ ရက်နေ့၊ နံနက်(၁၀း၃၀) အချိန်မှ (၁၁း၃၀) အချိန်ထိ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင် ဦးဆောင်၍ ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်သီတာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး  ဦးဟိန်းထက်အောင် ၊ စစစ မှ စုံစမ်းရေးမှူး ဦးအောင်ချိုမြင့် နှင့် မြို့နယ် စည်/ပင်မှ ဒုဦးစီးမှူး ဦးရဲကျော်စွာတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ဆေးရုံလမ်းရှိ ဆောင်းဆေးဆိုင် အပါအဝင် ဆေးဆိုင် ၅ ဆိုင်တို့အား သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊ ဆေးဝါးများအပေါ် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုအခြေအနေများ၊ ဆေးဝါးရောင်းချခွင့်လိုင်စင် ပြုလုပ်ထားခြင်း၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေခြင်း၊ ဆေးဝါးများအား အန္တရာယ်မဖြစ်စေရန် သိုလှောင်ထားရှိမှုများ ဆောင် ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ဆက်လက်၍  နေ့လယ်(၁၁း၃၀) အချိန်မှ (၁၂း၃၀) အချိန်ထိ အဆိုပါ  ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်၊ အာဇာနည်လမ်းရှိ ဦးကျော်ထက်ဝင်း၏ '' ရွှေနဒီ '' ဆန်အရောင်းဆိုင် အပါအဝင် ဆန်အရောင်းဆိုင်  ၅ ဆိုင်တို့အား သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊ဆန်များအပေါ် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ အခြေအနေများ ၊ ဆန်အိတ်များ စနစ်တကျ သိုလှောင်ထားရှိမှုများ ဆောင်ရွက်ထားခြင်းနှင့် အရည်အသွေးပြည့်မီခြင်း ရှိ/မရှိ စသည့် ရောင်းချခြင်းများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ သတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီရောင်းချဆောင်ခြင်း မရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါ ဆေးဆိုင်များနှင့် ဆန်အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့် အညီရောင်းချ လျက်ရှိပြီး  ထူးခြားမူတစ်စုံတစ်ရာ မရှိကြောင်း သတင်းရရှိပါသည်။

 

DOCA(တနင်္သာရီ)

“ ခရမ်းမြို့နယ်ရှိ Apex(ရတနာ) စက်သုံးဆီဆိုင်အား စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်အတွင်းရှိ ပဲခူး-ရန်ကုန်ကားလမ်းမကြီး ဘေးဝဲယာတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော Apex(ရတနာ) စက်သုံးဆီဆိုင်သို့စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စက်သုံးဆီဖြန့်ဖြူးရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ပဲခူး-ရန်ကုန်ကားလမ်းမကြီး ဘေးဝဲယာဘက်ရှိ အေးချမ်းသာယာကွက်သစ် (၃)ရပ်ကွက်ရှိ Apex (ရတနာ) စက်သုံးဆီအရောင်းဆိုင်တွင် ယာဉ်များတန်းစီစောင့်ဆိုင်းဝယ်ယူနေခြင်းရှိ/ မရှိ၊ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေခြင်းရှိ/ မရှိနှင့် စက်သုံးဆီများအပြည့်အဝဖြန့်ဖြူးရောင်းချပေးနိုင်ခြင်းရှိ/ မရှိတို့အား စက်သုံးဆီဆိုင်မှ တာဝန်ရှိသူတို့အား အသေးစိတ်မေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှထုတ်ပြန် ပေးလျှက်ရှိရာ မိမိတို့၏ဆိုင်တွင် သတ်မှတ်ဈေးနှုန်းဖြင့်သာဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီသိုလှောင်ကန်များ၏ လက်ကျန်အခြေအနေနှင့် စက်သုံးဆီဝင်ရောက်နိုင်မှုအခြေအနေများ စက်သုံးဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

‌ချောက်မြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းနှင့် အာလူးကြော်လုပ်ငန်းများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်

       မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် (၄-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ချောက်မြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ပဲကြော်လုပ်ငန်းနှင့် အာလူးကြော်လုပ်ငန်းများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းနှင့်  အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

        မြို့နယ်တာဝန်ခံက ပဲကြော်လုပ်ငန်းနှင့် အာလူးကြော်လုပ်ငန်းတွင် ခွင့်ပြုပေးထားသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်စေရေး၊ စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

        ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၉)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၂၅)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့် ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မကွေးခရိုင်အတွင်းရှိ မကွေးမြို့နယ်တွင် (၈)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်တွင် (၃)ကြိမ်၊ မြို့သစ်မြို့နယ်တွင် (၂)ကြိမ်၊ နတ်မောက်မြို့နယ်တွင် (၂)ကြိမ်နှင့် ချောက်ခရိုင်အတွင်းရှိ ချောက်မြို့နယ်တွင် (၂)ကြိမ်၊ ရေနံချောင်းမြို့နယ်တွင် (၂)ကြိမ်၊ စုစုပေါင်း(၁၉)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်နှင့်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

     မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင် ဆန်ရည်ညွှန်းစျေး သတ်မှတ်ထားပေမယ့် စျေးမကျတဲ့အပြင် မှောင်ခိုစျေးကွက်ပါ ဖြစ်ပေါ်နေ” ဟူသော သတင်းနှင့် “စျေးကွက်အတွင်း ဆေးဝါးပြတ်လပ်နေ” ဟူသော သတင်းများနှင့် ပတ်သက်၍ ဆန်ဆိုင်များနှင့် ဆေးဆိုင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးအတွင်း ရောင်းချမှုရှိစေရေးနှင့် ဆေးဆိုင်များအား ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

Online မှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာအသိပညာပေး (Talk Show) ကျင်းပ

       မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၄-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၀:၃၀)နာရီအချိန်တွင် “Online မှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာအသိပညာပေး” (Talk Show) ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

        မြို့နယ်တာဝန်ခံက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အွန်လိုင်းမှ စျေးဝယ်ယူခြင်း၏အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုပုံစံ(၂)မျိုး၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်အလက်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့နယ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ မြို့မဈေးရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဆေးဆိုင်များတွင် ဆေးဝါးများပြတ်လပ်ခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်သည်ဟု အသိပညာပေးပြောကြားခဲ့ကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူက ဆေးဆိုင်များတွင် ဆေးဝါးရောင်းချခွင့်လိုင်စင်ရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ ဆက်လက်၍ စစ်ဆေးရေးအဖွဲ့အနေဖြင့် သက်တမ်းလွန်ဆေးဝါးများ၊ စံမညီဆေးဝါးများရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး)တို့သည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အား ကွင်းဆင်း၍ စက်သုံးဆီပြတ်လပ်ခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စက်သုံးဆီဆိုင်များအနေဖြင့် တရားမဝင်စက်သုံးဆီများရောင်းချခြင်းမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်နှင့် စားသုံးသူများအလွယ်တကူဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီဆိုင်များကို ပုံမှန်ဖွင့်လှစ်ရောင်းချပေးရန် ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ