Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သီပေါမြို့နယ်တွင် အရပ်ရပ်အခွင့်အရေးလိုင်စင်များကို ဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချခြင်း ပြုလုပ်ဆောင်ရွက်

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေးလိုင်စင်အသစ်အနေဖြင့် ဆောင်ရွက်မည့် စံဖိတ်ကျွဲ၊ နွားပွဲဈေးကောက်လိုင်စင်နှင့် နမ့်အွန်ကျွဲ၊ နွားပွဲဈေးကောက်လိုင်စင်(၂)ခုတို့အား ဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချခြင်းကို (၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့တော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

  ရှေးဉီးစွာ မြို့နယ်လေလံရောင်းချမှုကြီးကြပ်ရေးခေါင်းဆောင် ဉီးပြေငြိမ်းက အမှာစကားပြောကြား၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဉီးအောင်ဖေက ကျွဲ၊ နွားပွဲဈေးကောက်လုပ်ကိုင်ခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် စည်းကမ်းချက်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့များနှင့်အတူ စံဖိတ်နှင့် နမ့်အွန်ကျွဲ၊ နွားပွဲဈေးကောက်လိုင်စင်လျှောက်ထားသူတစ်ဉီးချင်းအား သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဈေးပြိုင်လေလံစနစ်ဖြင့် စိစစ်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ဘားအံမြို့ရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းမုန့်ဈေးတန်းစစ်ဆေး၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးပါဝန်ထမ်းများသည် ၁၀-၇-၂၀၂၃ ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့ အမှတ် ၅ ရပ်ကွက်၊ အောင်နန်းရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသူကျောင်းသားများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ကျောင်းအစည်းအဝေးခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ကျင်းပခဲ့ရာ  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဒေါ်အေးအေးထွန်း (အငယ်တန်းစာရေး)က စားသုံးသူအခွင့်အရေး (၈) ချက်ကိုလည်းကောင်း၊ ဒေါ်ဇာခြည်အောင် (ဦးစီးမှူး) ကျောင်းသား/ ကျောင်းသူများ အစားအသောက်များဝယ်ယူစားသုံးရာတွင် စနစ်တကျရွေးချယ်ဝယ်ယူ စားသုံး တတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာလိုအသေးစိတ် ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြ  ရှင်းလင်းဆွေးနွေးခြင်းဖြင့်လည်းကောင်း အသိပညာပေးခဲ့ကြောင်း သိရသည်။

     ဟောပြောပွဲတွင် Grade 5 , Grade 6 , Grade  7 မှ ကျောင်းသား/ကျောင်းသူ ၈၅ဦးနှင့် ဆရာ/ဆရာမ ၁၅ ဦး ၊ စုစုပေါင်း  ၁၀၀ ဦး တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲကို နံနက်(၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)                                                          

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ခမ်းမြို့ရှိ လိုင်ဘုန်မူကြိုကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်မြို့နယ်တာဝန်ခံ ဦးပြောင်ဒါလ်း(အကြီးတန်းစာရေး)သည်(၇-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ လိုင်ဘုန်မူကြိုကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲအခမ်းအနားတွင် ဆရာဦးဒါလ်းမန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို ကျောင်းသား/သူများသာမက ဆရာ/မများကိုပါ စားသူသုံးသူ၏ အခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာများ ရရှိမည့် ဟောပြောပွဲဖြစ်သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားခဲ့ပါသည်။ ထို့နောက် ဦးပြောင်ဒါးလ်မှ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် စားသုံးသူ၏ အခွင့်အရေးနှင့်လုပ်ငန်းတာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ဆရာ/မများအနေဖြင့် ယခုလို မူကြိုကျောင်းတက်နေသည့် ကလေးသူငယ်များကို စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာရပ်များ  ပိုမိုသိရှိနားလည်လာအောင် ကျောင်းပြင်ပ ဗဟုသုတအနေဖြင့် ထပ်ဆင့်အသိပညာပေးစေလိုပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အခမ်းအနားတွင် ဆရာ/မများနှင့် ကျောင်းသား/သူ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

DOCA(ချင်း)

 

ရမ်းဗြဲမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်တာဝန်ခံ ဦးရွှေကျော်မိုး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် (၇-၇-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရန်အတွက် ရမ်းဗြဲမြို့ အမှတ်(၄) ရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးရွှေကျော်မိုး(ဒု-ဦးစီးမှူး) မှ ဈေးဆိုင်ပိုင်ရှင်များအား မိမိတို့ ရောင်းချနေသော ကုန်စည်များသည် စားသုံးသူပြည်သူများအား ဘေးဥပါဒ်မဖြစ်စေရေးအတွက် သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများ၏ ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ၊ ထောက်ခံချက်များပါရှိသော ကုန်စ္စည်းများကို သာရောင်းချကြရန်၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရန်လိုအပ်ပြီး ဈေးဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ရောင်းချသည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာ(သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိူးမျိုးရောင်းချနေသောကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသော ကုန်စုံဆိုင်(၆)ဆိုင်သို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ မိတ်ဖတ်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော စားသုံးဆီဘူးများကိုသာ တင်သွင်းရောင်းချလျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် စားသုံးဆီဘူးများတွင် ပင်ရင်း ပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ကုန်စည်များ၏အသားတင်ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် တိကျစွာဖော်ပြထားသည့် စားသုံးဆီဘူးများကိုသာတင်သွင်းရောင်းချကြရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် ဝိုင်းဝန်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ရုံးအုပ် ဦးဘောမ်ဇုန်းသည် ၇.၇.၂၀၂၃ ရက်နေ့ တွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လင်းရောင်ခြည်ကိုယ်ပိုင်စာသင်ကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ဆရာ/ဆရာမ(၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၃၁)ဦး တက်ရောက်ခဲ့ပါသည်။

    အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန်သို့မဟုတ် အသက်မွေးဝမ်ကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်း ခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း ၊စားသုံးသူနစ်နာဆုံးရှုံမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း စသည်ဖြင့် ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များနှင့်ဆွေးနွေး

    စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုး/မွေးမြူရေး ထုတ်ကုန်များမှ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအထောက်အကူဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့် ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည် ၇-၇-၂၀၂၃ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်မှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းတိုးတက်စေရေး ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေနိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ကာ ဒေသဖွံဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးထုတ်လုပ်မှသည် အစုအဖွဲ့ဖြင့် ပမာဏများများ တိုးချဲ့ဆောင်ရွက်နိုင်ပါက ဒေသတွင်းစားသုံးပိုလျှံမှုမှ ပြည်တွင်ကုန်သွယ်မှုအဖြစ်ပါ ထုတ်လုပ်ရောင်းချနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးအားကောင်းလာပါမှ ပြည်ပကုန်သွယ်မှုအထိပါ တိုးချဲ့မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းရှင် ဦးနေတိုးနှင့် ဦးတင်စိုးတို့မှ လက်ရှိဆောင်ရွက်လျက်ရှိသော စိုက်ပျိုး မွေးမြူရေးလုပ်ငန်း အခြေအနေများနှင့် လုပ်ငန်းလည်ပတ်ပုံ၊ တွက်ခြေကိုက်မှု ၊ အရှုံး/အမြတ်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အားသာချက်/အားနည်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ဌာနမှဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်လျက်ရှိသော နည်းပညာ၊ ငွေကြေးအရင်းအနှီးနှင့် မြေလိုအပ်ချက်များအပေါ် နိုင်ငံတော်မှ  နိုင်ငံစီးပွားမြှင့်တင်ရေး ကဏ္ဍမှ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများကိုလည်းကောင်း ၊ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရန်အတွက် မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသော SME HELP DESK CENTER ဖွင့်လှစ်၍ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

    စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင် ဦးနေတိုးနှင့် ဦးတင်စိုးတို့သည် တိရစ္ဆာန်အစားအစာ နေဗီယာမြက်နှင့် ဝက်မွေးမြူရေးလုပ်ငန်းများကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ရွှေဂွန်းကျေးရွာတွင် စွန့်ဦးတည်ထွင် စတင်လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ယခုအခါ နေဗီယာမြက်စိုက်ပျိုးမှုနှင့် အသားတိုးဝက်လုပ်ငန်းများကို ဒေသခံများ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် မျိုး၊ သားပေါက်နှင့် တိရစ္ဆာန်အစားအစာများ ပံ့ပိုး၍ စည်းရုံးဆောင်ရွက်ခဲ့ရာ ယခုအခါ ဒေသခံစိုက်မွေး တောင်သူ ၂၅ ဦးခန့် လိုက်ပါဆောင်ရွက်၍ အကျိုးအမြတ်ရရှိလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

         

မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် အစည်းအဝေး (၂/၂၀၂၃) ကျင်းပခြင်း

    ၂၀၂၃ခုနှစ်၊ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီ အချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် အစည်းအဝေး (၂/၂၀၂၃)ကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဆန်စက်လုပ်ငန်းရှင်များအသင်း နာယက၊ ဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အမှုဆောင်များ၊ အသင်းဝင်များ၊ NEI မှ တာဝန်ရှိသူများ၊ ဘဏ်လုပ်ငန်းရှင်များ၊ စုစုပေါင်း(၃၁)ဦး တက်ရောက်ခဲ့သည်။

 မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း နာယကမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက ဆန်စပါးကိစ္စရပ် များနှင့်ပတ်သက်ပြီးလာရောက်ဆွေးနွေးပေးကြသောလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပေးသော UAB ဘဏ်မှတာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဌမှ အသင်း၏ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်များကိုရှင်းလင်းတင်ပြပြီး NEI မှတာဝန်ရှိသူက ဆန်စက်အသင်း အတွက် PROFILE ဆောင်ရွက်မှုအစီစဉ်ကို ပြောကြားခဲ့သည်။ ထို့နောက် အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့ပြီး အစည်းအဝေးအား ညနေ(၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

မြို့သစ်မြို့၊ မြို့မဈေး၌ စားသောက်ကုန်နှင့် မုန့်မျိုးစုံရောင်းချနေသောဆိုင်များကို ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တာဝန်ခံသည် (၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူပူးပေါင်း၍ မြို့သစ်မြို့၊ မြို့မစျေးအတွင်းရှိ စားသောက်ကုန်နှင့် မုန့်မျိုးစုံရောင်းချနေသောဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိတို့ကို  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီးနောက် အသိပညာပေးမှုများဆောင်ရွက်ခဲ့ပါသည်။       

 ထိုသို့ ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က ဈေးသည်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးရန်မသင့်တားမြစ်ထားသော စားသောက်ကုန်များကို ဖြန့်ဖြူးရောင်းချခြင်းမပြုကြရန်ဖြစ်ကြောင်းနှင့် စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

ကလေးငယ်များ အသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေး ဟောပြောပေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့်( ၅.၇.၂၀၂၃ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ရာပြည့်စံကိုယ်ပိုင် အထက်တန်းကျောင်း၌အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ (၁၂၀) ဦးနှင့် ဆရာ၊ ဆရာမ (၂၀) ဦး စုစုပေါင်း (၁၄၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲတွင် ရာပြည့်စံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဦးမြတ်မင်းက ဌာန၏သမိုင်းကြောင်း၊ ယခုလက်ရှိ ဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉) ပါ စားသုံးသူများ ရရှိသည့်အခွင့်အရေး (၈)ချက်ကိုလည်း ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည် စေရန် ဥပမာများဖြင့် ရှင်းလင်းခြင်းနှင့် စားသုံးသူများလိုက်နာရမည့်တာဝန် (၄) ချက်ကိုလည်း ဆွေးနွေးပြောကြားခဲ့ပြီး အခုလိုသိရှိမှသာ မိမိတို့ရရှိမည့် အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ် ကြောင်း၊ စားသုံးသူများ လိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန် လိုအပ်ကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ 

       ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးက စားသုံးသူကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်ကို တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများအား ရှင်းလင်းလွယ်ကူ သိသာစေရန် နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်း မပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ယခုလိုစားသုံးသူမိဘပြည်သူများကို အသိပညာပေးခြင်းသာမကလုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းရမည့် အချက်များပါဝင်နိုင်ရေး ဌာနမှ သွားရောက်ဆွေးနွေး အသိပညာပေးကြောင်း သို့မှသာ ကုန်ပစ္စည်းများတွင် ထည့်သွင်းရမည့် အချက်များ ပါဝင်လာပြီး စားသုံးသူများအတွက်လုံခြုံစိတ်ချရသည့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သို့မှသာ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

    ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများ အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှု ရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ပါကြောင်း၊ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center (1535) သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားလျှင် ဖြေရှင်းဆောင်ရွက်ပေးလို့မရသည့် ကိစ္စများနှင့် တိုင်ကြားနိုင်သူများအကြောင်း  ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ