Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်မှဝန်ထမ်းများသည် စားသုံးသူရေးရာကော်မတီ ( ၂/၂၀၂၂ ) အစည်းအဝေးတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရေး၊ အရည်အသွေးနှင့်အလေးချိန်အချင်အတွယ်မှန်ကန်စေရေးနှင့် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ညီညွတ်မှုမရှိပါက အရေးယူနိုင်ရေးအတွက် တစ်နှစ်တာအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစာပေးဆောင်ရွက်သွားမည့် ကုန်စည်အမျိုးအစားများမှာ စားသုံးဆီ၊ အချိုရည်၊ အသင့်စား ခေါက်ဆွဲခြောက်၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ ဆပ်ပြာမှုန့်၊ စက်သုံးဆီ၊ အသားချောင်း၊ အသားလုံး စသည့်တို့ကို ဆုံးဖြတ်ခဲ့မှုအရ ကလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကုန်မျိုးစုံဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်းဆောင်ရွက်၍ ကလေးမြို့၊ ကလေးဝမြို့၊ တမူးမြို့၊ ဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့များတွင် ဩဂုတ်လ၊ တတိယပတ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ စားသုံးဆီများနှင့်ပတ်သက်၍ တွေ့ရှိချက်များအနေဖြင့် ဆီဗူးများပေါ်တွင် အသားတင်အလေးချိန်ဖော်ပြချက်များအနေဖြင့် လီတာဖြင့် ဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရေကြည်၌ ကရေကရာထုတ်လုပ်ရောင်းချသူနှင့် လုပ်ငန်းရှင်တွေ့ဆုံ၍ အသိပညာပေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် တာဝန်ခံရုံးမှ ဒေါ်ချယ်ရီမြင့်သည် ဩဂုတ်လ ၁၉ ရက်တွင် ရေကြည်မြို့၊ ယိုးဒယားတက် ကျေးရွာရှိ ကရေကရာလုပ်ငန်းရှင် အားတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သော နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

          ထိုသို့ဆွေးနွေးရာတွင် ကုန်စည်အုပ်စု(၈)ခုအနက် အုပ်စု(က)ဖြစ်သော အစားအသောက် ကုန်စည်အုပ်စုတွင်ပါဝင်သော စားသောက်ကုန်များကို အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့် အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်ကြောင်း၊ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့်စားသောက်ကုန် အမျိုးမျိုးတို့ကို အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်ပစ္စည်းများကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ် ဖြစ်သော ပိဿာ/ ကျပ်သားတို့ဖြင့်သာ ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ကိုက်ညီမှုရှိ၊မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြ လျှောက်ထားရန်နှင့် ကုန်အညွှန်းအမှတ်အသားရရှိပြီးမှသာလျှင် ဈေးကွက်တွင်ဖြန့်ဖြူး ရောင်းချရမည် ဖြစ်ကြောင်း၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ ပြစ်မှု/ ပြစ်ဒဏ်များကျခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဝဲကလေးကျေးရွာ အထက(ခွဲ)ကျောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၂၀.၈.၂၀၂၂)ရက် နေ့လယ် (၁၂:၃၀) နာရီတွင် မြောင်းမြမြို့နယ် ဝဲကလေးကျေးရွာ အထက(ခွဲ)ကျောင်းတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူးမှ ဦးစွာမိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး၊ ကျောင်းသား/သူများ အစားအသောက်နှင့်ပတ်သက်၍ စားသောက်ရန်မသင့်သော အစားအသောက်များအကြောင်း၊ ဓါတုဆိုးဆေးများလွန်ကဲစွာအသုံးပြုထားသောမုန့်များ၊ အချိုရည်များ စားသောက်မိပါက ကျန်းမာရေးဆိုင်ရာဘေးထွက််ဆိုးကျိုးများအကြောင်း၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁ ပုဒ်မခွဲ(က)(ဂ)နှင့်(ဆ)တို့ပါကုန်စည်၏ တံဆိပ်အမှတ်အသား၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ဘေးထွက်ဆိုးကျိုး(သို့) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူဦးစီးဌာနအနေနှင့် စားသုံးသူပြည်သူများ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေးကို အစဉ်ဂရုပြု ဆောင်ရွက်လျက်ရှိရာ ကျောင်းကုန်းမြို့နယ်တာဝန်ခံသည် (၁၉.၈.၂၀၂၂) ရက်နေ့တွင် မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့အတွင်းရှိ TS နှင့် Petroland အစရှိသည့် စက်သုံးဆီဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          စစ်ဆေးဆောင်ရွက်ရာတွင် အလေးချိန်ပြည့်မီစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေးတို့ကို အလေးထားစစ်ဆေးဆောင်ရွက်ခဲ့ရာ ၎င်းဆိုင်များမှာ သတ်မှတ်ရည်ညွှန်းဈေးနှင့် အချိန်အတွယ်ပြည့်မီစွာ စားသုံးသူပြည်သူများထံသို့ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

IQ သောက်ရေသန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူးရုံးရှိ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၂.၈.၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ရပ်ကွက်(၄) အတွင်းရှိ IQ အမှတ်တံဆိပ်သောက်ရေသန့်ထုတ်သည့်လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ရေး စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးနှင့် ပတ်သက်၍ ပြည်စုံစွာပါရှိနိုင်ရေး ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ပါသည်။

    စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် သောက်ရေသန့်လုပ်ငန်းရှင်ကို စက်ရုံဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုတစိုက်ပြုလုပ်ကြရန်၊  စနစ်တကျ ထုတ်ပိုးဖြန့်ဖြူးရောင်းချရန်၊ နေရောင်ခြည်နှင့်တိုက်ရိုက်မထိတွေ့စေရေး နေကာ-မိုးကာများကာကွယ်၍ သယ်ယူပို့ဆောင်မှု စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ စက်ရုံဝန်ထမ်းများအား ခေါင်းစောင်း၊ ခြေအိတ်နှင့် လက်အိတ်များ စနစ်တကျ ဝတ်ဆင်ကြရန်၊ ရေသန့်ထုတ်လုပ်သော စက်ကိရိယာ၏ ရေဖိအား၊ ရေဖြတ်နှုန်း၊ လျှပ်စစ်အားစသည်တို့ကို စဉ်ဆက်မပြတ် စစ်ဆေး၍ မှတ်တမ်းတင်ထားရန်၊ သောက်ရေသန့် ထည့်သွင်းအသုံး ပြုမည့် ရေသန့်ဘူးများသည် PET, HDEP, PE ပလပ်စတစ်အမျိုးအစားဘူးများသာ အသုံးပြုရန်၊ R.O.U.V ရေသန့်စင်စက်တွင် အသုံးပြုသော ဓာတုပစ္စည်းများ၊ ရေစင်များ (Resin)၊ ရေစစ်များ (Filter) လဲလှယ်ခြင်း၊ ဓာတုဂုဏ်သတ္တိပြန်လည်ရရှိစေရေး (Reactivation) ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

      ထို့အပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များရရှိရေးနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်၊ အဆိုပါဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များကို သိရှိလိုက်နာနိုင်စေရန်အတွက် အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

       ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် ၂၂.၈.၂၀၂၂ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ ရွှေနှင်းဆီဆားမုန့် လုပ်ငန်းတွင် လုပ်သားများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

       စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့်စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကိုကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း အခြားသူအတွက် သော်လည်းကောင်းရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများဖြစ်ကြောင်း ၊ ကုန်စည်ဆိုသည်မှာ စားသုံးသူအတွက် သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်းရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုသောအရာဝတ္ထုကို ဆိုလိုကြောင်း၊ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးကိစ္စရပ် များလည်းပါဝင်ကြောင်း၊ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်းသို့မဟုတ် လုပ်ဆောင်ချက်အသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ဆိုလိုကြောင်းတို့ကို အကျယ်တဝင့်ဟောပြာရှင်းလင်းခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

မိုးညှင်းမြို့၊ ထန်းတပင်ကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

           ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၂၂.၈.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့၊ ထန်းတပင်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူ၏ အခွင့်အရေးများဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ မစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

မော်လမြိုင်မြို့၊ အထက (၇) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် မော်လမြိုင်မြို့၊ အထက (၇)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်သိန်းကြည် က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန်များ၊ စားသုံးသူထိခိုက်နစ်နာ ဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Call Center နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြော ဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများ၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဆိုင်ရာ သိကောင်းစရာများအား ဆွေးနွေးခဲ့ပါသည်။   

             ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၂၁၀) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စစ်တွေမြို့ လမ်းမတော်ရပ်ကွက် အ.မ.က(၂၀)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ  အသိပညာပေးဟောပြောခြင်း

           ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  (၁၈-၈-၂၀၂၂)ရက်နေ့ နေ့လယ် (၂:၀၀)အချိန်တွင် စစ်တွေမြို့ လမ်းမတော်မြောက်ရပ်ကွက် အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စစ်တွေမြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးနေသည့် အကြောင်းအရာများအားလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍  စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား အဓိကဦးစားပေးဖတ်ရူ သင့်ကြောင်း စားသောက်ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် ဓာတု ဆိုးဆေးများ အသုံးပြုထားသော စားသောက်ကုန်ပစ္စည်းများကို ရှောင်ရှားဝယ်ယူ အသုံးပြုကြရန် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/သူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)

အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

          ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၅)ဦးသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ် လ(၁၉)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ရာ ဆရာ/ဆရာမနှင့်ကျောင်းသား/ ကျောင်းသူစုစုပေါင်း( ၂၁၄ )ဦးတက်ရောက်ခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်မြို့ရီ ( ဦးစီးအရာရှိ )က စားသုံးသူအခွင့်အရေးများ၊နစ်နာဆုံးရှုံး မှုအတွက်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ဆွေးနွေး့ပြီး ဒေါ်သက်မာအောင်      ( အကြီးတန်းစာရေး )ကကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ ကုန်စည်(သို့)ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အချက်များကိုလည်းကောင်း၊ စားသုံးသူများ လိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ ကုန်အညွန်းအမှတ် အသားနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကို လည်း ကောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး ဌာန သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ Consumer call center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း  ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းများကိုသက်ဆိုင်ရာ ကျောင်းအုပ် ဆရာမကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ