Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်း(၂)ဦးသည် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ၅-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်းပြီး (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိခြင်းရှိ/ မရှိ၊ (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းပါရှိခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)

“သုံးခွမြို့နယ်တွင် အလှကုန်အမျိုးမျိုး (၁၀)ဂရမ်နှင့်အထက် ရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းနှင့် ရပ်ကွက်ရှိ အလှကုန်အမျိုးမျိုးရောင်းချသောဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ပြည်တွင်း၊ ပြည်ပမှထုတ်လုပ်လာသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/ မရှိ စောင့်ကွက်စောင့်ကြည့်စစ်ဆေးခြင်းအား နိုဝင်ဘာလ (၆)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းနှင့် ရပ်ကွက်ရှိ အလှကုန်အမျိုးမျိုးရောင်းချသော ခရိုင်များတွင် ရောင်းချလျက်ရှိသည့် အလှကုန်အမျိုးမျိုး (၁၀)ဂရမ်အထက်နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် အလှကုန်အမျိုးမျိုးတို့အား ရောင်းချခြင်းမပြုကြရန်နှင့် ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်များသို့ သွားရောက်အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်၌ စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း ”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စားသုံးသူအသိပညာပေးဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ နိုဝင်ဘာလ (၅)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် အ.ထ.က တောကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးရဲတင့်က လူငယ်နှင့်အနာဂတ်အကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်စာပေအကြောင်း၊ မြို့နယ်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ လူငယ်နှင့် အားကစားအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူမှနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူခြင်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာများ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဆရာ/ မများနှင့် ကျောင်းသား/ သူစုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)

ညောင်လေးပင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ညောင်လေးပင်မြို့အတွင်းရှိ လက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များ သိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်နှင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချ နိုင်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ အ.ထ.က(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူဝန်ထမ်းများသည် (၇.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် တောင်ငူမြို့ ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့် အမှာစကားပြောကြားပြီး ပဲခူးမြို့နယ်တာဝန်ခံ ဦးမြင့်သူမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူများ၏ အခွင့်အ‌ရေးနှင့်တာဝန်များကို အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်မှ အွန်လိုင်းမှတဆင့် ဝယ်ယူရောင်းချခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာ ချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှ လိမ်လည်မှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး အွန်လိုင်းရောင်းဝယ်မှု ပြုလုပ် မည်ဆိုပါက မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးနှင့် ဆရာ/ဆရာမ (၆၀)ဦး တက်ရောက်ကာ ဟောပြောဆွေးနွေးပွဲကို နံနက် (၁၁:၃၅) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ် ကေတုမတီမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် စစ်ဆေးရေးမှူးများပါဝင်သောအဖွဲ့သည် တောင်ငူခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ နိုဝင်ဘာလ ၇ ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့နယ် ကေတုမတီမြို့ရှိ ကေတုမတီဈေးနှင့် ဈေးပြင်ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

     ပူးပေါင်းအဖွဲ့သည် ကေတုမတီဈေးနှင့် ဈေးပြင်ပကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးများ ပါဝင်မှုရှိ/မရှိနှင့် သက်တမ်း လွန်/မလွန်ကို လည်းကောင်း၊ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် အိမ်သုံးဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးများ ပါဝင်မှုရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေး ဆောင်ရွက်ရန် ဆိုင်ပိုင်ရှင် များနှင့် ကိုယ်စားလှယ်များအား မှာကြားခဲ့ပါသည်။

      ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်ဇင်မေဌေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကိုကို၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကေတုမတီကျန်းမာရေးဌာနခွဲမှ Midwife ဒေါ်စိုးယုမွန် ဦးဆောင်သော ဝန်ထမ်းများပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

သနပ်ပင်မြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၇.၁၁.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် သနပ်ပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချ ဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ် မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိ သည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များကိုထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်း (၃) ဦးတို့ သည် (၇-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့ဆောင်ရွက်ရာ၌ မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

ဝေါမြို့တွင်အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဝေါမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုး ရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအား ကွင်းဆင်းကာ ပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြင်းမူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း Talk Show ပြုလုပ်

စားသုံးသူရေးရာဦးစီးဌာန၊ မြင်းမူမြို့နယ်တာဝန်ခံ ဒေါ်သင်းယုနွယ်သည် မြင်းမူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နိုဝင်ဘာလ ၄ရက်နေ့က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
အဆိုပါ Talk Show တွင် ဒေါ်သင်းယုနွယ်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက် (၈)ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကိုကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကိုထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့်လည်း အထက်ပါအချက်(၈)ချက်ကို လေ့လာကြည့်ရှုပြီး အနည်းဆုံး ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲဖြစ်သည့် Expire Date ကို သတိပြုဝယ်ယူသုံးစွဲကြပါရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ