Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုံရွာမြို့နယ်အတွင်း သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

          ပြည်သူများအသုံးပြုနေသည့် သောက်ရေသန့်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၏ ထုတ်လုပ်ရောင်းချခွင့် ထောက်ခံချက်ရရှိပြီးမှသာ ထုတ်လုပ်ရောင်းချခွင့်ရှိသဖြင့် ထောက်ခံချက် လျှောက်ထားသည့် သောက်ရေသန့်စက်ရုံများနှင့် လျှောက်ထားမှုမရှိသေးသော စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူများသည်လည်း လိုက်ပါ၍ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူ ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် သောက်ရေသန့်စက်ရုံ(၂၇)ခုခန့်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မုံရွာခရိုင်မှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ ထုတ်လုပ်ရောင်းချခွင့် ထောက်ခံချက်လျှောက်ထားခြင်းမရှိဘဲ ထုတ်လုပ် ရောင်းချနေသော  မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၊ မောင်းခမ်းကျောင်းလမ်းရှိ သောက်ရေသန့် စက်ရုံသို့ ကွင်းဆင်းစစ်ဆေးပြီး၊ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များနှင့်အညီ (FDA) ထောက်ခံချက် အမြန်ဆုံးလာရောက် လျှောက်ထားရန်နှင့် ခွင့်ပြုချက်ရရှိပြီးမှသာ ထုတ်လုပ်ရောင်းချရန် သတိပေး မှတ်တမ်းတင်လက်မှတ်ရေးထိုးစေခဲ့ပါသည်။ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရန်လိုအပ်သော အသားတင်ပါဝင်မှုပမာဏနှင့် ထားသိုသိမ်းဆည်းပုံအညွှန်းကို ဖော်ပြပေးရန် စားသုံးသူရေးရာဦးစီး ဌာနအနေဖြင့် အသိပညာပေးခဲ့ပါသည်။ ပူးပေါင်းလိုက်ပါစစ်ဆေးခဲ့သည့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူကလည်း အခွန်ပေးဆောင်ပြီး စည်ပင်လုပ်ငန်းလိုင်စင် ရရှိမှုရှိ/မရှိနှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများလိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

စစ်ကိုင်းခရိုင်တွင် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာန၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်လင်းသည် (၁၈.၁၂.၂၀၂၀) ရက်နေ့တွင် မိတ်ဖတ်ဌာနများဖြစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာစားသုံးသူရေးရာအဖွဲ့တို့ဖြင့် ရွှေပေါက်ပင်ကျေးရွာရှိ ကုန်စုံဆိုင်များအား ကွင်းအသိပညာပေး စစ်ဆေးခဲ့သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်းနှင့်ပါတ်သက်၍ ကုန်စည်များအပေါ်တွင် မဖြစ်မနေပါဝင်ရမည့် အချက်များဖြစ်သည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ သုံးစွဲပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်များကို ကုန်စည်ပေါ်တွင်  မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာနှင့်ဖြစ်စေ (သို့မဟုတ်) တွဲလျက်ဖြစ်စေ မဖြစ်မနေ ဖေါ်ပြပါရှိရမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကော်ပရှင်၏ (၃.၁၂.၂၀၁၉) ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉  အရ ကုန်စည်အမျိုးအစားအလိုက် အသေးစိတ် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိမရှိ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ဦးစီးမှူးရုံးသစ်ဆောက်လုပ်ခြင်း အိတ်ဖွင့်တင်ဒါပွဲ ကျင်းပ

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ဦးစီးမှူးရုံးသစ် (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်း ရေ၊ မီး၊ မိလ္လာ)(Apron & Drain အပါ) ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းတွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ငွေကျပ် (၁၁၂.၀၀၀) သန်း ကိုလျာထားခဲ့ပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာမြို့၊ ဘက်စုံသုံးခန်းမတွင် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ငန်းစဉ် (၁/၂၀၁၇) နှင့်အညီ ၁၈.၁၂.၂၀၂၀ရက်နေ့ နံနက် (၁၀:၀၀)၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန၊ ဝန်ကြီး ၊ ဦးစိုးဦး ဥက္ကဌ က ဦးဆောင်၍ တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် တင်ဒါခေါ်ယူခြင်းအား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်း ရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

ကသာခရိုင်အတွင်းရှိ ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းပို နှင့် အဖွဲ့သည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများနှင့်အတူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းသော ကုန်စည်များ အသုံးပြုနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပင်လည်ဘူးမြို့နယ်၊ ပင်းကြိုင်းကျေးရွာတွင် လည်းကောင်း၊ ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ကောလင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များ မုန့်ဆိုင်များတွင် လည်းကောင်း၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် ထီးချိုင့်မြို့၊ မောင်းကုန်းစံပြကျေးရွာရှိ ကုန်စုံဆိုင်များတွင် လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနမှ အသိပေး ကြေငြာထားသည့် သုံးစွဲရန် မသင့်သော တားမြစ်ကုန်ပစ္စည်းများ၊ သက်တမ်းလွန်ပစ္စည်းများနှင့် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ကာလအတွင်း စားသောက်ကုန်များ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ရောင်းချသူ ဆိုင်ရှင်များအား ပြည်သူများအား ဘေးအန္တရာယ်ဖြစ်စေသော စားသောက်ကုန်များအား မရောင်းချကြရန်၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား (မြန်မာစာဖြင့်) ပြည့်စုံစွာဖော်ပြ၍ ထည့်သွင်းရောင်းချရန်နှင့် လိုက်နာခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

ကသာခရိုင်
စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖတ် ဌာနများနှင့် ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ကန့်ဘလူမြို့ အမှတ်(၅) ရပ်ကွက် ၌ လည်းကောင်း၊ ၁၇ရက်နေ့တွင် ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက် ၌ လည်းကောင်း၊ ၊ ၁၈ရက်နေ့တွင် ကန့်ဘလူမြို့အမှတ်(၂)ရပ်ကွက် ၌ လည်းကောင်း၊  ၂၁ရက်နေ့တွင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး ၌ လည်းကောင်း  ဈေးကွက်စောင့်ကြည့် ကွင်ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြခြင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်နိုင်ရန် စီးပွားလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။     

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

လက်ဖက်စိုက်ပျိုးခြင်းနှင့် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်း

       "အသီးမှာ သရက် အရွက်မှာလက်ဖက်" ဟုဆိုးရိုးစကားရှိတဲ့အတိုင်း မြန်မာတို့ဟာ ဖန်၊ ချို ၊ခါး အရသာရှိတဲ့ လက်ဖက်စိုကို ကြိုက်နှစ်သက်စွာ စားသုံးကြသလို မြို့တိုင်းနီးပါး လိုလိုပင် လက်ဖက်ရည် အချိုကို လူကြီး၊ လူငယ်များ အသောက်များကြပြီး လက်ဖက်ရည် ဆိုင်ဓလေ့လို ဖြစ်နေပါပြီ။ လက်ဖက်ရည်ကြမ်းခေါ် အခါးရည်ခေါ် ရေနွေးကြမ်းဟာလည်း မြို့ရော တောပါမကျန် အိမ်တိုင်း နီးပါးမှာ ခုံမင်စွာ သောက်သုံးနေကြပါတယ်။ အလှူအတန်းများ၊ သာရေး၊ နာရေး များမှာလည်း လက်ဖက်သုပ်နှင့် လက်ဖက်ရည်ကြမ်းဟာ မပါမပြီးတဲ့  ဓလေ့ တစ်ခုဖြစ်ပါတယ်။  လက်ဖက်ကို ပဲခူး၊ တနင်္သာရီ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှာ စိုက်ပျိုးကြကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်မှာ အများဆုံး စိုက်ပျိုးကြပြီး၊ မန္တလေးတိုင်းဒေသကြီးမှာ ဒုတိယ အများဆုံး၊ ကချင်ပြည်နယ်မှာ တတိယ အများဆုံးနှင့် ချင်းပြည်နယ်မှာ စတုတ္ထအများဆုံး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ လက်ဖက်ဟာ စိမ်းစိုအေးချမ်း ပြီးမြင့်မားတဲ့ တောင်တန်းဒေသ တွေမှာသာ ဖြစ်ထွန်း ပေါက်ရောက်ကြတယ်။ ပေပေါင်း ၃၀၀၀ ကျော်အထက်တွင် ဖြစ်ထွန်းပြီး တောင်စောင်းဒေသတွင်သာ စိုက်ပျိုးနိုင်ပါတယ်။ လက်ဖက်ကို အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများမှာ စိုက်ပျိုးကြပြီး အများအားဖြင့် ကုန်းမြင့် ဒေသများမှာ အမြင့်မီတာ (၂၀၀၀) ပေမှ (၆၀၀၀) ပေကျော် အထိမြင့်တဲ့ ကုန်းမြင့် နေရာထိ စိုက်ပျိုးနိုင်ပါတယ်။ အရည်အသွေးကောင်းတဲ့ လက်ဖက်ထွက်ရှိဖို့အတွက် အသင့်လျော်ဆုံး အပူချိန်ကတော့ (၁၀)°C မှ (၃၀) °C ရှိပြီး တစ်နှစ်မိုးရေချိန် (၁၂၅၀) မီလီမီတာ၊ အသင့်လျော်ဆုံး အပူချိန်ကတော့ (၀.၅) မှ (၁၀)ဒီဂရီထိ ရှိတဲ့ တောင်စောင်းများမှာ စိုက်ပျိုးနိုင်ပါတယ်။ ပင်လယ်ပြင်မှ အမြင့်ပေ ၁၅၀၀ ကျော်ဒေသများမှ အပူချိန် (၁၈) °C မှ (၂၅) °C နှင့် စိုထိုင်းဆ ၇၅ % မှ ၈၅ % ရှိပြီး၊ မိုးရေချိန် (၂၀၀၀) မီလီမီတာ၊ (၈၀)လက်မအောက် ရွာသွန်းတဲ့ဒေသများမှာ အရည်အသွေးကောင်းမွန်တဲ့ လက်ဖက်ခြောက်များ ထုတ်လုပ်ရရှိနိုင်တယ်လို့ သိရပါတယ်။ လက်ဖက်ဟာ မြေချဉ်ကို နှစ်သက်ပြီး  PH ၄.၅ မှ ၅.၅ ရှိကာ ရေစိမ့်ဝင်မှု ကောင်းမွန်တဲ့ မြေမျိုးမှာ အရည်အသေွးကောင်းတဲ့ လက်ဖက်ကို ရနိုင်ပါတယ်။ လေပြင်းတိုက်ခတ်မှု၊ ဆီးနှင်းကျမှုနှင့် မိုးရွာသွန်းမှုများ လွန်းခြင်းဟာ လက်ဖက်အရည်အသွေးကို ကျဆင်းစေပါတယ်။

          ကမ္ဘာပေါ်မှာ လက်ဖက်စိုက်ပျိုးနိုင်တဲ့နိုင်ငံ (၃၀) ခန့်ရှိပြီး အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဂျပန်၊ အင်ဒိုနီးရှား၊ ကင်ညာ ၊ တူရဂီနှင့် ဗီယက်နမ်နိုင်ငံများ ဖြစ်ကြပြီး တရုတ်နိုင်ငံက အများဆုံးထုတ်လုပ် ရောင်းဝယ်ကြောင်း သိရပါတယ်။ လက်ဖက် အမျိုးအစား တွေကတော့ လက်ဖက်ခြောက်စိမ်းလို့ ခေါ်တဲ့   အချဉ်မဖောက်ထားဘဲ ထုတ်လုပ်ထားတဲ့ GreenTea၊ တစ်ဝက်တစ်ပျက် အချဉ်ဖောက် ထုတ်လုပ်ထားတဲ့  လက်ဖက်ခြောက် (Oolong Tea) နှင့် အချဉ်ဖောက် ထုတ်လုပ်ထားတဲ့ လက်ဖက်ရည် ချိုခြောက် (Black Tea) တို့ဖြစ်ပါတယ်။ Oolong Tea ကို တရုတ်ပြည်မကြီးမှာ အများဆုံးထုတ်လုပ်ပြီး ထိုင်ဝမ်ပြည်နယ်က  ဒုတိယအများဆုံး ထုတ်လုပ်တယ်လို့ သိရပါတယ်။ လက်ဖက်စို (Prickle Tea) ကို မြန်မာနိုင်ငံမှာသာ   စားသုံးမှုများတာကို တွေ့ရပါတယ်။ လက်ဖက်ရည်လို့ အများခေါ်နေကြတဲ့ လက်ဖက်ရည်အချို   (Black Tea) သောက်သုံးရာမှာတော့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်များကိုသာ သုံးကြပြီး အများအားဖြင့် နို့ဆီ၊ နို့စိမ်းများကို ထည့်ဖျော် သောက်သုံးကြတာ များပါတယ်။ လက်ဖက်ရည်ကြမ်းလို့ ခေါ်တဲ့ အခါးရည် (ရေနွေးကြမ်း) (Green Tea)ကို နိုင်ငံအနှံ့ သောက်သုံးကြပြီး ကိုးကန့်ခြောက်၊ ပင်လောင်းခြောက်တို့ ထုတ်လုပ်ထွက်ရှိရာ ဒေသအမည်ဖြင့် အမျိုးမျိုးထုတ်လုပ် ရောင်းဝယ်နေကြပါတယ်။ လက်ဖက်စိုမှာတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ်ရှိ ဇယန်းရွာမှ ထွက်ရှိသည့်လက်ဖက်ဟာ အကောင်းဆုံးဖြစ်လို့ နာမည်ကျော်ကြားပြီး ဇယန်းလက်ဖက်လို့ ခေါ်ကြပါတယ်။ လက်ဖက်စိုမှာလည်း ရိုးရိုးလက်ဖက်သား၊ လက်ဖက်ချဉ်စပ်၊ စောင်းလျားလက်ဖက်၊ လက်ဖက်ချဉ်စပ်စသဖြင့် အမျိုးမျိုးပြုပြင် ထုတ်လုပ်ရောင်းချနေကြပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲ့ လက်ဖက်မျိုးများမှာ ကိုးကန့်မျိုး၊ အာသံမျိုး နှင့် အူလုံမျိုးဆိုပြီး အဓိက (၃) မျိုးရှိပါတယ်။

          လက်ဖက်ကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် ခူးဆွတ်ကြကြောင်း သိရပါတယ်။ ရှမ်းပြည်နယ် အနေဖြင့် လက်ဖက် စိုက်ပျိုးမှုမှာ နှစ်စဉ် ဧက (၂)သိန်းကျော် စိုက်ပျိုးပြီး၊ (၁)သိန်းကျော် ပြန်လည် ထွက်ရှိ၍ တစ်ဧကမှာ အထွေထွေ ကုန်ကျစရိတ် အနေနှင့် ၁၁ သိန်း နီးပါးရှိပြီး ၁၁ သိန်းနီး ပါးလောက်ထိ ပြန်လည် မြတ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တွင် လက်ဖက်ကို ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ လွိုင်လင်၊ လဲချား၊ နမ့်စန်၊ ကွန်ဟိန်း၊ ကျေးသီး၊ မိုင်းကိုင်နှင့် မိုင်းရှူးမြို့များတွင် အများဆုံး စိုက်ပျိုးကြပါတယ်။ လက်ဖက်များ ခူးဆွတ်ရာတွင် တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် တစ်လလျှင် လေးကြိမ်၊   တစ်နှစ်လျှင်အကြိမ် ၄၀ ကျော်ခူးဆွတ်ရကြောင်း၊ တစ်ဧက လက်ဖက် အစို ပိဿာ ၈၀၀ မှ ၁၀၀၀ အထိထွက်ရှိကြောင်း လက်ဖက်စိုက်တောင်သူထံမှ သိရပါတယ်။ ဈေးနှုန်းအနေနှင့်ကတော့ အစိုတစ်ပိဿာ ၇၀၀၀ ကျပ်နှင့် အခြောက်တစ်ပိဿာ ၈၀၀၀ကျပ်မှ ၂၀၀၀၀ ကျပ် အထိ လက်ဖက်ခြောက် အမျိုးအစားလိုက် ပေးရကြောင်း သိရပါတယ်။ နမ့်စန်ဒေသမှ ထွက်သော နာမည်ကျော် ရွှေဖီမိုးလွတ် လက်ဖက်မှာ နာမည်ကြီးပြီး လူကြိုက်များသော လက်ဖက်ဖြစ်၍ ရွှေဖီမိုး ဆိုသည်မှာ မိုးမကျမီ သင်္ကြန်မတိုင်မီ ပေါ်ဉီးပေါ်ဖျား လက်ဖက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ မိုးရေလွတ်သည့် အတွက် ရွှေဖီမိုးလွတ်လက်ဖက်ဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ထိုထက်ကောင်းသော လက်ဖက်တစ်မျိုးကတော့ ပြာသို၊ တပို့တွဲ လက်ဖက်ရွက်ကြမ်းများ ဝေကြတော့မည့် ဆဲဆဲတွင် နှင်းအားကို အမှီပြု၍ ထွက်သော လက်ဖက်ရွက်နုကလေး များဖြစ်ပြီး ထို လက်ဖက်ကို နှင်းတက် လက်ဖက်ဟု ခေါ်ကြပြီး ရွှေဖီမိုးလက်ဖက်ကဲ့သို့ ပေါပေါများများ လုံလုံ လောက်လောက်တော့ မရနိုင်ကြောင်း သိရပါတယ်။ ရွှေဖီဉီးမိုး နှင်းတက် လက်ဖက်၊ ရွှေဖီမိုး လွတ်လက်ဖက်၊ ခါးကန်လက်ဖက်၊ ခါးကွက် (ခါးဝှက်) လက်ဖက်၊ ခါးနိုင်လက်ဖက် ဟူ၍ လက်ဖက် အမျိုးမျိုးရှိကြောင်း သိရပါတယ်။

          ရိုးရာနည်း စနစ်ဖြင့် ပေါင်းခံ၊ နေလှန်း အခြောက်ခံသည့် လက်ဖက်ခြောက်သည် အရည်အသွေး ညံ့ဖျင်းခြင်း၊ ဖုန် ၊ သဲအမှိုက်များ ပါဝင်ခြင်း၊ မူလပင်ကိုယ် အနံ့အရသာ ပျက်ယွင်း သွားခြင်းတို့ကြောင့် နိုင်ငံခြား ဈေးကွက်သို့ တိုးဝင်၍ မရကြောင်း သိရပါတယ်။ လက်ဖက်ခူးသော အချိန်မှာ နေအလွန်ပူပျင်းသော တန်ခူး၊ ကုဆုန်လ ရာသီ အချိန် ဖြစ်ပါတယ်။ သို့မှလည်း ထိုခူးသော လက်ဖက်များကို ပေါင်းတင်ကာ နေအခြောက်လှန်းနိုင်မည် ဖြစ်ကြောင်း၊ နေခြောက်အောင် မလှန်းနိုင်၊ နေပူရှိန် ကောင်းစွာ မရသောလက်ဖက်များမှာ လက်ဖက်ခြောက် အဖြစ်သို့ မရောက်ဘဲ အချိုခြောက် (သို့မဟုတ်) လက်ဖက်စို၊ လက်ဖက်စိမ်း အနေဖြင့်သာ ဖြစ်ကြောင်း သိရပါတယ်။ နေမလှန်းမီ ပေါင်းတင်ထားသော လက်ဖက်များကို နယ်သားကျအောင် နယ်ပေးရကြောင်း၊ လက်ဖက်အနယ် ကောင်းမှ လက်ဖက်ကောင်း ထွက်ကြောင်း သိရပါတယ်။ ထို့သို့ နယ်ထားသော လက်ဖက်ကို နေရှိန်ပြင်းပြင်းတွင် နေလှန်းရကြောင်း၊ နေလှန်းရာတွင် နေ့မကူးစေရကြောင်း တစ်နေ့နှင့်အပြီး လှန်း၍ ခြောက်သော လက်ဖက်မှသာ လက်ဖက်ကောင်းဟု ဆိုနိုင်ပါတယ်။ နယ်သား မကျ၍ လည်းကောင်း၊ နေပူမရဘဲ တစ်နေနှင့် မခြောက်လျှင် လည်းကောင်း၊ လက်ဖက်မှာ ပွယောင်း လုံးထွေး သွားတတ်ကာ လက်ဖက်ခြောက် အကောင်းစား မဖြစ်နိုင်ဘဲ ဈေးကျနိုင်ကြောင်း သိရပါတယ်။

          လက်ဖက်သည် မြန့်မာ့ယဉ်ကျေးမှုတွင် ဆေးဖက်ဝင် အပင်လည်းဖြစ်ပါတယ်။ လက်ဖက်ရည်ကို တစ်နေ့လျှင် သုံးလေးခွက် ပုံမှန်သောက်သုံးပေးပါက အသက်ရှည်နုပျိုခြင်း၊ ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း၊ အဆီများချပေးခြင်း၊ နှလုံးနှင့် သွေးကြော ရောဂါများမှကာကွယ်ပေးခြင်း၊ သွားနှင့် သွားဖုံးရောဂါကို အထောက်အကူပြု ကာကွယ်နိုင်ခြင်း၊ ဆီးချို၊ သွေးတိုး ရောဂါ များကို သက်သာစေခြင်း၊ အသည်း လုပ်ငန်း ဆောင်တာမှန်ကန် ကောင်းမွန်ခြင်း၊ ခရမ်းလွန် ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း စသည့် အကျိုးကျေးဇူး များ ရရှိနိုင်သောကြောင့် လူသားတို့၏ ကျန်းမာရေး အတွက် အထောက်အကူပြုသည့် သီးနှံလည်း ဖြစ်ပါတယ်။

          လက်ဖက်စိုက်ခင်းအများစုမှာ အပင်သက် တမ်းကြာနေသည့် အပင်ကြီးများ ဖြစ်ကြပြီး အကိုင်းရှင်း အကိုင်းဖြတ်ပေးမှုများ မရှိဘဲ လိုအပ်သော ပြုစုမှုများ မရှိကြောင်း၊ အသစ် စိုက်ခင်းများကို စနစ်ကျနစွာ စိုက်ပျိုးနိုင်ရေးနှင့် အထူးသဖြင့် ဘိန်းအစားထိုး သီးနှံအဖြစ်တိုးချဲ့ စိုက်ပျိုးသင့်ကြောင်း၊ မြန်မာ့ လက်ဖက်လုပ်ငန်း တိုးတက်အောင်မြင်လာစေနိုင်ရန်အတွက် စိုက်ပျိုးသည့် ဒေသနှင့် ကိုက်ညီနိုင်မည့် လက်ဖက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ကာ သီးသန့်စိုက်ခင်းသစ်များ တည်ထောင် စိုက်ပျိုးနိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိလက်ဖက်စိုက်‌ခင်းများမှာ ဓာတ်မြေဩဇာနှင့် ပိုး၊ မှိုသတ်ဆေးများ အသုံးပြုမှု မရှိသကဲ့သို့ နည်းပါးနေခြင်း အားသာချက်ကို အသုံးပြုကာ ယနေ့ ခေတ်စားနေသည့် အော်ဂဲနစ် လက်ဖက် စိုက်ပျိုးထုတ် လုပ်ရောင်းချနိုင်ရေး စည်းရုံးဆောင်ရွက်ခြင်းဖြင့် လက်ဖက် စိုက်တောင်သူများ ဝင်ငွေပိုမို ရရှိလာနိုင်မည့်အပြင် ပြည်တွင်း ဈေးကွက်သို့ပါ အော်ဂဲနစ် လက်ဖက်ခြောက်များအဖြစ် တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားသင့်ပါကြောင်း၊ အခြားလက်ဖက် စိုက်ပျိုးနေသည့် နိုင်ငံများနှင့် ထုတ်ကုန် အရည်အသွေးနှင့် လက်ဖက် အထွက်နှုန်းများ ယှဉ်ပြိုင်နိုင်ရန်အတွက် မိရိုးဖလာ စိုက်ပျိုးနေသည့် စနစ်များမှ ခေတ်မီစိုက်ပျိုး နည်းစနစ်များ အစားထိုးလာနိုင်ရေးနှင့် ခူးဆွတ်မှု၊ ထုတ်ပိုးမှုစနစ်များကိုပါ စနစ်ကျနစွာ ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်…

ရှမ်းပြည်နယ်(စားသုံးသူရေးရာဦးစီး)

ကမ္ဘာ့နိုင်ငံများရှိ လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်နှင့် အခြားစီးပွားရေးသတင်းများ

ကမ္ဘာ့နိုင်ငံများရှိ လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်နှင့် အခြားစီးပွားရေးသတင်းများ 

ထိုင်းနိုင်ငံ(၂၀၂၀၊ ဇူလိုင်လ)

၁။      ထိုင်းနိုင်ငံ၊ အမျိုးသားဆန်စပါးမူဝါဒကော်မတီသည် ၂၀၂၀-၂၀၂၁ ခုနှစ် သီးနှံရာသီနှစ်အတွက် ဆန်စပါး ဈေးနှုန်း အာမခံချက်အစီအစဉ်ကို ယခင်နှစ်ရာသီကာလနှင့်တူညီသော အာမခံဈေးနှုန်းများ ဖြင့်အတည်ပြုပေးခဲ့ပြီး အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် ၂၀၂၀-၂၀၂၁ ခုနှစ်၊ စက် တင်ဘာလမှမေလအတွင်း ရန်ပုံငွေ ဘတ်(၈၅)ဘီလီယံ အသုံးပြုသွားရန် ခန့်မှန်းထားရာ ဘတ်ငွေ (၂၃.၅) ဘီလီယံကို ဈေးနှုန်းအာမခံချက်အတွက် ဘတ်ငွေ (၅၆) ဘီလီယံကို  လယ်သမားများအတွက် နှင့် ဘတ်ငွေ (၅.၇၂) ဘီလီယံကို ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ၈.၁၂.၂၀၂၀ ရက်နေ့တွင်  ဘတ်ငွေလဲလှယ်နှုန်းသည် ပျမ်းမျှအားဖြင့် အမေရိကန်တစ် ဒေါ်လာလျှင် ၃၀.၂၂ ဘတ် ဖြစ်နေကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံ

၂။       ၂၀၂၀၊ ဩဂုတ်လ ကာလအတွင်း လေ့လာတွေ့ရှိချက်များအရ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့် နှစ်၊ ပထမ (၆)လတာ ကာလအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံနှံ့မှုအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ စတင်၍ နိုင်ငံအတွင်း ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့သော်လည်း ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ် ဆောင်ရွက်နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံပြည်ပကုန်သွယ်မှုအပေါ် ရိုတ်ခတ်မှု ရှိခဲ့ပြီး ကုန်သွယ်မှုပမာဏ ဆက်လက်ကျဆင်းလျက်ရှိကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ် အတွင်း တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုနီးကပ်စွာ ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုပမာဏ တိုးတက်လာကြောင်း၊ ဇူလိုင်လအတွင်း၌ နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် ကုန်စည်များ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တွေ့ရှိခဲ့ရသည့်အတွက် ပြည်တွင်း သို့တင်သွင်းလာမည့် ကုန်စည်များအပေါ် တင်းကြပ်သည့်စီမံဆောင်ရွက်မှုများချမှတ်၍ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ ပြည်တွင်းသို့ ဝင်ရောက်လာခြင်းမရှိစေရန် ကျန်းမာရေးဆိုင်ရာအစီအမံများ ချမှတ် ခြင်း၊ ကုန်စည်တင်သွင်းမှုများ ဆိုင်းငံ့ခြင်း၊ ပြည်တွင်းစားသုံးမှုဖူလုံအောင် စီမံဆောင်ရွက်ခြင်းများ ပြု လုပ်လျက်ရှိကြောင်း၊ အဆိုပါအချက်အလက်များအရ စျေးကွက်တည်ဆောက်မှုပုံစံ ပြောင်းလဲသွား နိုင်ဖွယ်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတို့ တည်ငြိမ်မှုရှိစေရန် လိုအပ်သည့် လုပ် ဆောင်ချက်များအား အချိန်နှင့်တပြေးညီ လိုက်ပါဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ္ဘာ့တန်ဖိုး ချိတ်ဆက် ကူးပြောင်းမှုဖြစ်စဉ်တွင်အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိရာ နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ရောဂါကူး စက်ပျံ့နှံ့မှုကြောင့် ပြည်တွင်းစားသုံးမှုအပါအဝင်စျေးကွက် ဝယ်လိုအားပုံစံ ပြောင်းလဲသွား ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် စားသုံးကုန်ပစ္စည်းများအစားကျန်းမာရေးဆက်စပ်ပစ္စည်းများဝယ်လိုအား မြင့်တက် လျက်ရှိသည့်အတွက် တရုတ်နိုင်ငံမှ ကျန်းမာရေးဆက်စပ်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်တင် ပို့လျက် ရှိပြီး အဆိုပါကုန်ပစ္စည်းများ တင်ပို့မှုပမာဏ တိုးတက်လာသဖြင့်၊ အခြားနိုင်ငံများ၏ စျေးကွက် များ အတွင်းသို့ ချဲ့ထွင်ဝင်ရောက်၍ စျေးကွက်ဝင်အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်းသိရှိရပါသည်။

၃။      ၂၀၂၀ ပြည့်နှစ် ဩဂုတ်လကာလအတွင်း တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါ ပျံနှံ့ဖြစ် ပွားနေစဉ် လုပ်ငန်းများပိတ်ထားခဲ့ရစဉ်အတွင်း လတ်ဆတ်သော ကုန်ပစ္စည်းများအတွက် အွန်လိုင်း ပေါ်မှ ရောင်းချမှုများကို လျင်မြန်စွာဆောင်ရွက်လာနိုင်ခဲ့ရာ ယခုအချိန်တွင် ပြင်ပစတိုးဆိုင်များ ပြန် လည်ဖွင့်လှစ်မှုနှုန်းများ (၅၀ မှ ၇၀) ရာခိုင်နှုန်းကြားရှိကာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ လာသော်လည်း လက်ကိုင်ဖုန်းများမှ  download ရယူနိုင်သော စားသောက်ကုန်စည် အရောင်း ဆိုင်များမှာ (၁၀၀)ကျော်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ၏ နေ့စဉ်ဘဝတွင် E-commerce မှာ မရှိ မဖြစ် ဖြစ်လာကြောင်း၊ မှာယူပြီးသည်နှင့် နာရီဝက်အတွင်း လာရောက်ပို့ဆောင်ပေးနိုင်သည့် အိမ်တိုင်ရာ ရောက်ဝန်ဆောင်မှုများရှိလာသဖြင့် လတ်ဆတ်သောကုန်ပစ္စည်းများကို နှစ်ခြိုက်သည့် တရုတ် လူမျိုး များနှင့် လွန်စွာအဆင်ပြေနေကြောင်းသိရှိရပါသည်။

၄။      တရုတ်နိုင်ငံတွင် မိုဘိုင်းလ်ဖုန်းများ၏ ထိုးဖောက်မှုမှာ မြင့်မားလာပြီး စျေးရောင်းသူများမှာ လည်း လူမှုကွန်ယက်များနှင့်  ထိတွေ့လာကြသဖြင့် ဤအွန်လိုင်းပေါ်မှ စျေးကွက်ဖွံ့ဖြိုးလာမှု၌ နေရာ ယူရန်အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုများကိုလက်လီရောင်းချသူများကဆောင်ရွက်နိုင်လာကြကြောင်း၊ COVID-19 နောက်ပိုင်း ရေတိုကာလတွင် ရပ်ကွက်နှင့် အနီးဝန်းကျင်စတိုးဆိုင်များမှာ အရေးပါသော အခန်းကဏ္ဍမှပါဝင်နေပြီး ၎င်းတို့၏ ကုန်စည်ထောက်ပံ့မှုများကို ခိုင်မာလာစေကြောင်းနှင့် ယှဉ်ပြိုင် နိုင်စွမ်းကို ဆက်လက်ထိန်းထားရန် လုပ်ငန်းဆောင်ရွက်မှုပုံစံအမျိုးမျိုးကိုဆောင်ရွက်ရန် အရေးကြီး သည်ဟု ယုံကြည်ကြောင်း၊ အလီဘာဘာမှ အချက်အလက်များအရ ကပ်ရောဂါကာလအတွင်း အွန်လိုင်းပေါ်မှ စျေးဝယ်သူအသစ်များ တိုးပွားလာကာ (၁၉၆၀) ပြည့်နှစ် နောက်ပိုင်းမွေးဖွားသူတို့၏ အွန်လိုင်းပေါ်မှ မှာယူမှုနှုန်းမှာ ပုံမှန်အချိန်များထက် (၄)ဆကျော် မြင့်မားလာကြောင်း၊ တစ်ကြိမ် မှာယူမှုအဆင်ပြေသွားပြီးနောက် ဆက်လက်ဝယ်ယူလိုလာကြကြောင်း၊နောက်ပိုင်း၌နွေရာသီကာလ တွင် လူကြိုက်များသော အွန်လိုင်းပြင်ပ စဆိုးဆိုင်များနှင့်ညစျေးများကို ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်သော်လည်း E-commerce နည်းလမ်းဖြင့် စျေးဝယ်ယူမှုများမှာ ပိုမိုလွယ်ကူ မြန်ဆန်မှုရှိသဖြင့် စားသုံးသူများကဆက်လက်ဝယ်ယူနေလိမ့်ဉီးမည်ဟုယုံကြည်ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ပြည်တွင်း၌ ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့်နည်းတူ ပြည်ပနိုင်ငံ များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရပါသည်။

၅။      တရုတ်နိုင်ငံသည် ပြည်တွင်း၌ COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးရေး လုပ်ငန်းများ ခိုင်မာအားကောင်းစွာ ဆောင်ရွက်လျက်ရှိသည့်နည်းတူ ပြည်တွင်း/ ပြည်ပ ဈေးကွက် ဝယ်လိုအား မြင့်တက်စေရန်၊ စီးပွားရေးလုပ်ငန်းများ ခိုင်မာအားကောင်း စေရန် ကြိုးပမ်း လုပ်ဆောင် ခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်နီးပါးအတိုင်း ပြန်လည်လုပ်ဆောင် နိုင်ခဲ့သည်ကို လေ့လာ တွေ့ရှိရ ကြောင်း၊ ပြည်တွင်း၌ ခိုင်မာအားကောင်းသည့် စီးပွားရေးဆိုင်ရာ မူဝါဒများ ချမှတ်ခဲ့သည့်အတွက် ပြည်တွင်းလက်လီရောင်းချရမှု တစ်စထက်တစ်စ ပြန်လည်တိုးတက် လာပြီဖြစ်ကြောင်း၊ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အကြပ်အတည်းများ ဖြစ်ပေါ်ခဲ့ပြီး ထုတ်လုပ်မှုနှင့် တင်ပို့မှုများ အပေါ် ဆိုးရွားစွာထိခိုက်ခဲ့ရမှုမှ ပြန်လည်ဉီးမော့လာပြီဖြစ်ကြောင်း၊ ပြင်ပမှ ခြိမ်းခြောက်လျက် ရှိသည့် အန္တရာယ်များ မြင့်တက်လျက်ရှိသော်လည်း ပြည်တွင်း/ပြည်ပမှ ဝယ်လိုအား ပြန်လည် တိုးတက် ကောင်းမွန်လာသည့်အတွက် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်း ဆက်လက်တိုးတက်ခဲ့ပြီး၊ စီးပွားရေး ဆက်လက်တိုးတက် တည်ငြိမ်စေမည့် လက္ခဏာရပ် ဖြစ်ကြောင်းသိရှိရပါသည်။

အိန္ဒိယနိုင်ငံ

၆။      အိန္ဒိယနိုင်ငံ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မုတ်သုံရာသီကာလတွင် မိုးသီးနှံ မတ်ပဲစိုက်ခင်းများ ထိခိုက်ပျက်စီးမှု များပြားခြင်း၊ ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ဧကများ လျော့ကျခြင်းတို့ကြောင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထုတ်လုပ်မှုပမာဏအောက် လျော့နည်းကျဆင်းလျက် ပြည်တွင်း စျေးကွက်လိုအပ်ချက် မြင့်တက်လာဖွယ်ရာရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပမှ ပဲတင်သွင်းမှု ပမာဏကို ပိုမိုတိုးမြှင့်ရမည့်အနေအထားရှိပြီး ၂၀၁၉-၂၀၂၀ ခုနှစ် သီးနှံရာသီကာလ၌ ထွက်ရှိသည့် မြန်မာ့ပဲမျိုးစုံအား အိန္ဒိယစျေးကွက်သို့ တင်ပို့ရောင်းချရန် အလားအလာ ကောင်းမွန်မှုရှိနေမည် ဖြစ် ကြောင်း၊ သို့ရာတွင်ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့် အခြားသောစျေးကွက်ယှဉ်ပြိုင်ဘက်များရှိခြင်း၊ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုရာသီဥတုနှင့် စျေးကွက်စျေးနှုန်းအခြေအနေများက သွင်းကုန် ဆိုင်ရာမူဝါဒကို ပြောင်းလဲမှုဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် ကာလရှည်တွင် မြန်မာ့ပဲမျိုးစုံ စိုက်ပျိုး ထုတ် လုပ်မှုအတွက် စျေးကွက်ခိုင်မာစွာရရှိစေမည့်  Contract Farming ကဲ့သို့သော လုပ်ငန်း အစီအစဉ်များ ဖော်ဆောင်လုပ်ကိုင်နိုင်ရေးကို အိန္ဒိယနိုင်ငံရှိ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်းသိရှိရပါသည်။

စင်ကာပူနိုင်ငံ ထောပတ်သီးဈေးကွက် (၁၀.၁၂.၂၀၂၀)

၇။      စင်ကာပူနိုင်ငံ၏လူဉီးရေမှာ ၅.၇ သန်းခန့်သာရှိသော်လည်း နိုင်ငံ၏ ခရီးသွားလာရေးနှင့် ဆက်စပ်သည့် လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုရှိပြီး ဒေသတွင်း၌ စီးပွားရေးဗဟိုဌာနတစ်ခုအဖြစ် ရပ်တည်နေသည့်အတွက် နိုင်ငံခြားခရီးသည် ဝင်ထွက်သွားလာမှုများပြားခြင်း၊ တစ်ဉီးကျဝင်ငွေ မြင့်မားသောစားသုံးသူများရှိခြင်း၊အထူးသဖြင့် နိုင်ငံ အရွယ်အစားသေးငယ်ပြီး စိုက်ပျိုးမြေ ရှားပါးသော ကြောင့် လတ်ဆတ်သည့်သစ်သီးဝလံများကို ပြည်ပမှ ၁၀၀ ရာခိုင်နှုန်း ဝယ်တင်သွင်းရခြင်း စသည့် အချက်များမှာ သစ်သီးဝလံများတင်ပို့ရောင်းချရန်အတွက် ဈေးကွက်ကောင်းတစ်ခုဖြစ်ကြောင်း၊အခြား တစ်ဖက်တွင်လည်း လတ်ဆတ်သောသစ်သီးဝလံ တင်သွင်းမှုအပေါ် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားခြင်းမရှိသည့်အပြင် ရင်းမြစ်များစွာမှ အလွယ်တကူ ချိတ်ဆက်တင်သွင်းနိုင်မှု၊ ရွေးချယ် ဝယ်ယူနိုင်မှု မြင့်မားလာခြင်းနှင့်အတူ လက်လီရောင်းချသူနှင့် စားသုံးသူတို့၏ ဈေးနှုန်းအပေါ် အကဲဆတ်မှုနှင့်အရည်အသွေးကောင်းမွန်မှုအပေါ် ပိုမိုဉီးစားပေးလာမှုတို့ကြောင့် ယှဉ်ပြိုင်မှု မြင့်မား သောဈေးကွက်တစ်ခုလည်းဖြစ်ကြောင်း၊ စင်ကာပူ၏ ထောပတ်သီး တင်သွင်းမှု၊ တင်ပို့မှုအခြေအနေ အရ ဈေးကွက်အနေအထားမှာ သေးငယ်သော်လည်း ထောပတ်သီးဝယ်လိုအား မြင့်တက်လာသည်မှာ တင်ပို့သူများအတွက် ဆွဲဆောင်မှုရှိသော ဈေးကွက်တစ်ခုဖြစ်စေပါသည်။ စင်ကာပူ၏ ထောပတ်သီး ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံးရရှိထားကြသော နိုင်ငံအချို့၏ အရောင်းမြှင့်တင်ရေး အစီ အစဉ်များကြောင့် စားသုံးသူများ၏ကြိုက်နှစ်သက်မှု တိုးတက်နေသဖြင့် ဉီးစွာဈေးကွက်ထိုးဖောက်သူ များနောက်မှ တင်ပို့ ရောင်းချသူများအတွက် အရောင်းမြှင့်တင်ရေးစရိတ်များ သက်သာခြင်းကဲ့သို့သော “Latecomers’ Advantages” များရှိသောကြောင့် ဈေးကွက်မှလက်ခံနိုင်သည့် အရည်အသွေးနှင့် ဈေးနှုန်းတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်၍ ပို့ကုန်အမယ်သစ် တိုးချဲ့နိုင်မည့်အလားအလာ ရှိနေကြောင်း၊ ဤသို့ စင်ကာပူဈေးကွက်သို့ထိုးဖောက်နိုင်ရန်မှာ တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း အတားအဆီး များကြောင့်မဟုတ်ဘဲ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ တင်ပို့ရောင်းချသည်အထိ ကွင်းဆက် တစ် လျှောက် (Cold Chain စနစ်ဖြင့် ဆောင်ရွက်နိုင်မှုအပါအဝင်) ထိရောက်စွာ ယှဉ်ပြိုင်ဆောင်ရွက်နိုင်မှု အခြေအနေများ အပေါ်တွင် မူတည်နေကြောင်းသိရှိရပါသည်။

ဟောင်ကောင်နိုင်ငံ

၈။      ၂.၉.၂၀၂၀ နေ့စျေးကွက်သတင်းအရ ရှန်ဟိုင်းအခြေစိုက် Pinduoduo ကုမ္ပဏီသည် စိုက်ပျိုးရေး ကဏ္ဍအား အဓိကထား ဆောင်ရွက်ရာ၌ Alibaba Group Holdingနှင့် JD .com တို့၏ ကျေးလက် ဒေသ e-commerce လုပ်ငန်းတွင် (၂)ဆလျော့ကျစေကာ နောင်လာမည့် (၅)နှစ်အတွင်း Pinduoduo ကုမ္ပဏီသည် ယှဉ်ပြိုင်နိုင်မှု ပိုမို မြင့်တက်မည်ဖြစ်ကြောင်း၊ နည်းပညာရပ်များ ရင်းနှီး မြှုပ်နှံလုပ်ကိုင်ခြင်းဖြင့် နောင်လာမည့်(၅) နှစ်အတွင်း စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ တန်ဖိုး ယွမ် (၁) ထရီလီယံကျော်ရန် မျှော်လင့်ထားကြောင်း၊ တရုတ်နိုင်ငံ၏ နံပါတ်(၁)အဆင့်ရှိ စိုက်ပျိုးရေး ထွက် ကုန်များရောင်းချသည့် Platform တစ်ခုဖြစ်လာနိုင်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍသည် လူများစွာ နှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိပြီး လွန်ခဲ့သောနှစ်များက ဒစ်ဂျစ်တယ်လ်စနစ်အသုံးပြုမှု အနည်းဆုံး ဖြစ် ခဲ့ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ တန်ဖိုးကွင်းဆက်တစ်လျှောက်တွင် ထုတ်လုပ်မှုနှင့် လုပ်ငန်းစွမ်းဆောင် ရည်များတိုးတက်နိုင်သော မည်သည့်နည်းပညာအသုံးပြုမှုမဆို ကြီးမားသည့် အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး လယ်သမားများအား ပံ့ပိုးနိုင်ရန် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊သိုလှောင်ရုံများထိန်းသိမ်းခြင်း၊ အစားအစာ ဘေးကင်း လုံခြုံရေးများအတွက်လည်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ Pinduoduo ကုမ္ပဏီသည် စိုက်ပျိုးရေး ကဏ္ဍ၌ နာမည်ကျော်ကြားလာခြင်းမှာ COVID-19 ကာလအတွင်း ပထမဆုံးဖြစ်ပြီး Alibaba Group Holding နှင့် JD .com တို့နှင့် နီးကပ်စွာ ပိုမိုယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ အလုပ်သမား (၄)ဦးတွင်(၁)ဦးမှာ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်လျှက်ရှိကြောင်း ၊ တရုတ်နိုင်ငံ စုစုပေါင်း ဂျီဒီပီ၏ (၁၀) ရာခိုင်နှုန်းခန့်ရှိကြောင်း၊ စားသုံးသူများကို ပိုမိုဆွဲဆောင်နိုင်ရန် COVID-19 ကာလ အတွင်း Alibaba Group Holding၊ Pinduoduo နှင့် JD .com တို့သည် လယ်သမားများအား ပံ့ပိုးရန် အရောင်းမြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အွန်လိုင်းပလက်ဖောင်းရောင်းချမှုအစီအစဉ်များကို အသီးသီးဆောင်ရွက်လျက်ရှိကြောင်း၊ Pinduoduo သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း ယွမ်(၅၀) ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၎င်း၏ e-commerce ပလက်ဖောင်းတွင် ကျေးလက်ဒေသ အွန်လိုင်း အရောင်းဆိုင်(၁) မီလီယံကျော် ရှိလာကြောင်း၊ ကျေးလက် e-commerce လုပ်ငန်းမှာ လာမည့်ကာလ အသစ်တွင် ကဏ္ဍအသစ်တစ်ရပ် ဖြစ်လာပြီး e-commerce ပလက်ဖောင်းတွင် စိုက်ပျိုးရေးကဏ္ဍမှာ အားကောင်းလာမည် ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ ဒုတိယလေးလပတ်အတွင်း Pinduoduo၏ ဝင်ငွေမှာ (၆၇) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ယွမ်(၁၂.၁၉) ဘီလီယံရှိကြောင်းသိရပါသည်။

ဂျပန်နိုင်ငံ(၂၀၂၀ ၊ မတ်လ)သတင်း

၉။      ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့်ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကာလအတွင်းကမ္ဘာ့နိုင်ငံ များအကြား ကူးလူးဆက်သွယ်မှု ယာယီရပ်ဆိုင်းထားခဲ့ခြင်းနှင့် ယာယီပိတ်သိမ်းထားခဲ့မှုနှင့်ဆက်စပ်၍  ၂၀၂၀ ပြည့်နှစ် ၊ မတ်လအတွင်းမှအစပြု၍ဂျပန်နိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံများသို့ တင်ပို့မှု(အထူး သဖြင့် မော်တော်ကားနှင့် မော်တော်ကားအစိတ်အပိုင်းများ)များ ရပ်တန့်နေခဲ့သလို တရုတ်နိုင်ငံသို့ တင်ပို့မှုလည်းကျဆင်းနေခဲ့ရာ အမေရိကန်နိုင်ငံသို့ မတ်လအတွင်း မော်တော်ကားတင်ပို့မှု ၆၃.၃%  ၊ မော်တော်ကားအစိတ်အပိုင်း တင်ပို့မှု ၅၈.၃% ၊အာရှတိုက်သို့ တင်ပို့မှုများအနေဖြင့် ၁၅.၃% ကျဆင်း ခဲ့သော်လည်း ဂျပန်နိုင်ငံဗဟိုဘဏ်ကမူ နိုင်ငံ၏စီးပွားရေးသည် လက်ရှိကျဆင်းနေသည့်အခြေအနေမှ ပြန်လည်ထူမတ်လာနိုင်မည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုအလားအလာမှလည်း ရှောင်လွှဲနိုင်မည်ဖြစ် ကြောင်းသိရှိရပါသည်။

၁၀။    ဂျပန်အစိုးရသည် လာမည့်  ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စတင်မည့် ဘဏ္ဍာရေးနှစ်သစ်အတွက် လျာထားသည့်ဘတ်ဂျတ်သည် အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်ခန့်ရှိမည်ဖြစ်ကြောင်းနှင့် လူမှုဖူလုံရေး ကုန်ကျစရိတ်များနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် သုံးစွဲရ သည့်စရိတ်များတိုးမြင့်လာသည့်အတွက်  ဘတ်ဂျတ်ငွေပမာဏ တိုးတက်လာခြင်းဖြစ်ကြောင်း သိရှိ ရပါသည်။

ဩစတြေးလျနိုင်ငံ

၁၁။    ဩစတြေးလျနိုင်ငံ၏ ကုန်စည်ကူးသန်းရောင်းဝယ်ရေးကဏ္ဍတွင် အဓိက နေရာယူထားသည့် တရုတ် ဈေးကွက်၏ကန့်သတ်မှုများကြောင့် ရိုက်ခတ်မှုရှိလာသည့်အတွက် စီးပွားရေး ထိခိုက်နစ်နာမှု များ ကြုံတွေ့ရလျှက်ရှိကြောင်း၊ ဩစတြေးလျနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း၏ ၃၂% မှာ တရုတ်နိုင်ငံသို့တင်ပို့လျှက်ရှိရာ ကုန်သွယ်မှုတွင် အခြားကုန်သွယ်ဖက်နိုင်ငံများထက် တရုတ်နိုင်ငံ အပေါ် စီးပွားရေးအရမှီခိုမှုကြောင့် ယခုကဲ့သို့ထိခိုက်နစ်နာမှုများရင်ဆိုင်နေရခြင်းဖြစ်ကြောင်း၊ သို့သော် အစိုးရအနေဖြင့် လတ်တလောချုပ်ဆိုလိုက်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်မှတဆင့် ၎င်း၏လယ်ယာထွက်ကုန်များအား အခြားဈေးကွက်များသို့ ဖြန့်ကျက် တင်ပို့နိုင်မည့်အခွင့်အလမ်းများ ရရှိလာသကဲ့သို့ ဝန်ဆောင်မှုကဏ္ဍတွင် ပညာရေး၊ ကျန်းမာရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ပိုမိုတင်ပို့နိုင်မည်ဖြစ်ရာ ကိုဗစ် အလွန်ကာလတွင် စီးပွားရေးပြန်လည်ကုစားနိုင်မည့်အခွင့်အလမ်းများ ပေါ်ထွန်းလာပါကြောင်း သိရှိရ ပါသည်။

နယ်သာလန်နိုင်ငံ

၁၂။  နယ်သာလန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအကြား ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်းမှ စီးပွား ရေးပြန်လည်နာလန်ထူရန် ကောင်းမွန်မှုရှိသည့် အခြေအနေတွင် အဆင့် (၄)၌ ရပ်တည်နေကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်၏ နှစ်စဉ်ကမ္ဘာ့လုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အစီရင်ခံစာအရသိရှိရသည်။ နယ်သာလန်နိုင်ငံအနေဖြင့် ၎င်း၏ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်ပိုင်းကျွမ်းကျင်မှုများတွင် အထူးသဖြင့် အမှတ်ကောင်းများရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ကမ္ဘာ့စီးပွားရေးဖိုရမ်၏ သုံးသပ်ချက် အရ နယ်သာလန်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်ပိုင်းကျွမ်းကျင်မှု ရှေ့တန်းရောက် သည့်အခြေအနေကြောင့် နေအိမ်မှတဆင့် အလုပ်တာဝန်များဆောင်ရွက်နေစဉ်တွင် စီးပွားရေးကို ဆက်လက် ရှင်သန်စေနိုင်ခြင်းဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံအနေဖြင့် အနာဂတ်လုပ်သား ဈေးကွက် အတွင်း ကျွမ်းကျင်မှုပိုင်းနှင့် သင်တန်းပိုင်းနယ်ပယ်များတွင်လည်း အမှတ်ကောင်းစွာ ရရှိထားကြောင်း၊ ကောင်းမွန်သည့် အများပြည်သူ သွားလာရေးစနစ်နှင့် လူမှုရေးဆိုင်ရာ အထောက်အပံ့များ ကြောင့် လည်း ထိုသို့ အမှတ်ကောင်းများ ရရှိစေခဲ့ခြင်းဖြစ်သည်။အသွားအလာကန့်သတ်ပိတ်ဆို့မှုများသည် စီးပွားရေးအတွက် ဆိုးကျိုးသက်ရောက်မှုရှိသော်လည်း နယ်သာလန်နိုင်ငံအနေဖြင့် ယင်းကိုကောင်းစွာ ကိုင်တွယ်ထားနိုင်ကြောင်း၊ သို့ရာတွင် အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှတ်ရရှိမှုသည် နည်းပါးနေသေးကြောင်း၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုတွင် ပိုမိုရင်းနှီးမြုပ်နှံရန် လိုအပ်ပြီး၊ Big data ဉာဏ်ရည်တု (Artificaial Intelligence ) နှင့် စက်ရုပ်တီထွင်အသုံးချမှုပညာစသည့် နည်းပညာ အသစ်များတွင် ယှဉ်ပြိုင်နိုင်စွမ်းတို့ကို ပိုမိုဆောင်ရွက်သင့်ပါသည်။

အာဆီယံ-အီးယူ ကုန်သွယ်မှုဆက်ဆံရေး

၁၃။    အာဆီယံအနေဖြင့် အီးယူနှင့် တရုတ်နိုင်ငံတို့ကဲ့သို့သော ကမ္ဘာ့ကုန်သွယ်မှုတွင် ဦးဆောင်သည့် နိုင်ငံများ၏ အဓိက ကုန်သွယ်ဖက်အဖြစ် ရပ်တည်နေခြင်း၊ အီးယူ၏ ဘဏ္ဍာရေးအကူအညီဖြင့် ဆောင် ရွက်ခဲ့သည့် အာဆီယံအကောက်ခွန်ဖြတ်သန်းသွားလာမှုစနစ် ( ASEAN Customs Transit System -ACTS)ကို စတင်လည်ပတ်နိုင်ပြီဖြစ်ခြင်း၊ ၁-၁၂-၂၀၂၀ရက်နေ့တွက်ကျင်းပခဲ့သည့် အာဆီယံ- အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-အီးယူ ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ ဝန်ကြီး များအဆင့် ပူးတွဲကြေညာချက် (ASEAN -EU Joint Ministerial Statement on Connectivity ) ကို ထုတ်ပြန်ခဲ့မှုအရ အီးယူနှင့် အာဆီယံတို့အကြား ပိုမိုနီးကပ်သော ဒစ်ဂျစ်တယ် ကုန်သွယ်မှုနှင့် ချိတ် ဆက်မှုများကို တိုးမြှင့်သွားရန် နှစ်ဘက်စလုံးမှ ကတိကဝတ်ပြုခဲ့ခြင်းစသည့် အချက်များကြောင့် ကပ်ရောဂါအလွန်ကာလတွင် အာဆီယံ-အီးယူ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် အလား အလာများရှိပါကြောင်း၊

တောင်အာဖရိကနိုင်ငံ၏ ပဲ (အခြောက်) ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ (10.12.2020)

၁၄။    တောင်အာဖရိကနိုင်ငံအတွက် ပဲခြောက် စားသုံးကုန်သည် အဓိကစားသုံးသော အစားအစာ မဟုတ်သော်လည်း ပြည်တွင်းစားသုံးမှုမြင့်တက်ခြင်း၊ ပြည်တွင်းစားသုံးမှု လုံလောက်အောင် ပြည်တွင်း ၌ ထုတ်လုပ်နိုင်မှုမရှိသေးခြင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပဲဝယ်လိုအား အမြဲရှိနေခြင်းတို့ကြောင့် တောင်အာဖရိကနိုင်ငံအနေဖြင့်  ပဲ အသားတင်တင်သွင်းသည့်နိုင်ငံ အဖြစ် ဆက်လက်ရပ်တည်နေရမည် ဖြစ်ကြောင်းသိရှိရပါသည်။

စားသုံးသူများတိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုများ

ပုဂ္ဂလိကကျောင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှု                        

(က)    နေပြည်တော်နေ ကျောင်းသားမိဘများသည် နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်း ဝန်ဆောင်မှုနှင့်ပတ်သက်၍ ၁၁-၆-၂၀၂၀ ရက်နေ့ တွင် နေပြည်တော်ဦးစီးမှူးရုံးသို့ တိုင်ကြားမှုလာခဲ့ပါသည်။ အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ၁၉-၆-၂၀၂၀ ရက်နှင့် ၂၅-၆-၂၀၂၀ ရက်နေ့ တို့တွင် စားသုံးသူရေးရာဦးစီးဌာန၏ တာဝန်ရှိသူများက တိုင်ကြား သူများနှင့် ပုဂ္ဂလိကကျောင်းမှ တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ရာ ကျောင်း သားမိဘများက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း ပြန်အမ်းငွေ ၁၀ဝ ရာခိုင်နှုန်းအပြည့် ပြန်လည်ရယူလိုကြောင်း ဆွေးနွေးခဲ့ပါ သည်။ ထိုသို့ ဆွေးနွေးခဲ့မှုအပေါ် ၃၀-၆-၂၀၂၀ ရက်နေ့တွင် တတိယအကြိမ် ညှိနှိုင်းပေးခဲ့ရာ ပုဂ္ဂလိကကျောင်းမှ ပြန်အမ်းငွေ ၅၀ ရာခိုင် နှုန်းကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ပေးအပ်ခဲ့ပြီး၊ ကျန် ၅၀ ရာခိုင်နှုန်းကို စက်တင်ဘာလ ၄ ရက်နေ့တွင် ပေးအပ်ခဲ့ပြီးဖြစ်ပါသော ကြောင့် ၇-၉-၂၀၂၀ ရက်နေ့တွင် တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။

ခရီးသွားလုပ်ငန်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှု

(ခ)     ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် တိုင်ကြားသူတစ်ဦးသည် ၂၃.၁၀.၂၀၁၉ ရက်နေ့ တွင်  ခရီးသွားလုပ်ငန်းတစ်ခု၏ တာဝန်ရှိသူထံမှ ဘန်ကောက်သို့သွားမည့်ခရီးစဉ်အတွက် လေယာဉ် လက်မှတ်(၆) စောင်ကို မှာယူခဲ့ပြီး ကျသင့်ငွေ ၁၁,၄၈,၀၀၀/- ကျပ်တိတိကို အဆိုပါ တာဝန်ရှိသူ၏ဘဏ်အကောင့်သို့လွှဲပေးခဲ့ကြောင်း၊ ၂၃.၁၀.၂၀၁၉ ရက်နေ့တွင် အဆို ပါခရီးသွားလုပ်ငန်းက လက်မှတ်(၁)စောင်သာ ပေးပို့ခဲ့ပြီး ကျန် (၅) စောင်အား ပေးပို့ခြင်း မရှိပါကြောင်း၊ ၈.၁၁.၂၀၁၉ ရက်နေ့တွင် ကျန်လက်မှတ် (၅) စောင် မှာဝယ်ယူ၍မရကြောင်း ဆက်သွယ်ပြောကြားလာသဖြင့်  လေယာဉ်လက်မှတ်(၆)စောင်ကို အရေးပေါ်ဝယ်ယူခဲ့ရ ကြောင်း၊ ဟိုတယ်အခန်း ဘွတ်ကင်များ အား တစ်ရက်နောက်ဆုတ်ခဲ့ရသဖြင့် အဆိုပါ တစ်ရက်စာအတွက် လျော်ကြေးပေးချေခဲ့ရပါကြောင်း၊ ယင်းသို့သော အဆင်မပြေမှုများစွာအတွက် စုစုပေါင်းငွေကျပ် ၂၂,၂၂,၀၀၀/-ဆုံးရှုံး နစ်နာခဲ့ရပါ ကြောင်း၊ ခရီးသွားလုပ်ငန်းက မိမိ၏ ဆုံးရှုံးနစ်နာမှုအတွက် တာဝန်ယူဖြေရှင်းပေးမည်ဟု ကတိ ပြုခဲ့သော်လည်း ၁၃.၁၁.၂၀၁၉ ရက်နေ့တွင် ငွေကျပ် ၉၀၀,၀၀၀ အား ပေးအပ်ခဲ့ပြီး ကျန်ငွေ ၁,၃၂၂,၀၀၀/-ကျပ်ကို ၂၀.၁၁.၂၀၁၉ ရက်နေ့တွင် ပေးအပ်မည်ဟု ကတိပြုခဲ့သော်လည်း ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ၁၀.၃.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ နှစ်ဦးနှစ်ဖက် ခေါ် ယူတွေ့ဆုံညှိနှိုင်းခဲ့ရာ ခရီးသွားလုပ်ငန်းက လျော်ကြေးအနေဖြင့် တိုင်ကြားသူဘက်မှ တောင်းဆိုသည့် ပမာဏအတိုင်းပေးချေရန် အခက်အခဲရှိပါကြောင်း ပြောကြားလာ၍ ကုမ္ပဏီဘက်မှ တိုင်ကြားခံရသူအား ပေးရန်ကျန်ရှိသည့်ငွေများကို (၆) လအတွင်း ပေးအပ် သွားရန် ညှိနှိုင်းပေးခဲ့ရာ နှစ်ဦးနှစ်ဖက်သဘောတူလက်ခံခဲ့၍ ၁၈.၃.၂၀၂၀ ရက်နေ့တွင် ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ပြီး အမှုအား ပိတ်သိမ်းခဲ့ပါသည်။

ဗန်းမော်မြို့နယ်ရှိ စက်ရုံ၊အလုပ်ရုံများအား ရှောင်တခင်စစ်ဆေးခြင်း

          ခရိုင်အဆင့် Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းဆပ်ကော်မတီ အလိုက် တာဝန်များခွဲဝေပေးအပ်ခဲ့ရာ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး(လက်ထောက်ညွှန်ကြားရေးမှူး)အနေဖြင့်ကော်မတီများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ Covid-19 ကာလအတွင်း ဗန်းမော်ခရိုင်၌ အစိုးရဌာန(၇)ခုဖြင့်ဖွဲ့ စည်းထားသော စက်ရုံ၊အလုပ်ရုံများစစ်ဆေးရေးကော်မတီရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် (၁၄.၁၂.၂၀၂၀) မှ(၁၇.၁၂.၂၀၂၀)ရက်နေ့ထိ ဗန်းမော်မြို့နယ်အတွင်းရှိ နေမင်းဆီစက်၊ ဦးကောင်းဆီစက်၊ D-1 အဆင့်မြင့် ကားပြုပြင်ရေး(ကားလေးဝပ်ရှော့)၊ Vision Fund Myanmar Company Ltd များသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ဆိုင်ရာလိုက်နာရမည့် (A, B, C) စည်းကမ်း သတ်မှတ်ချက်များကို ယခင်ပုံမှန်စစ်ဆေးစဉ် ဆောင်ရွက်ရန်လိုအပ်သည်များ မှာကြားထားမှုအပေါ်လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီစစ်ဆေးခြင်း၊ အဆင့်သတ်မှတ်ချက်များနှင့်ညီသော စက်ရုံ၊အလုပ်ရုံများကို (A) အဆင့်သို့တိုးမြှင့်ပေးခြင်း၊ အဆင့်သတ်မှတ်ချက်များနှင့်မညီသော စက်ရုံ၊အလုပ်ရုံများကို (B,C)သို့လျှော့ချခြင်းတို့ကို ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မိမိဌာနမှလည်း ဌာနလုပ်ငန်းတာဝန်များဖြစ်သော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များထုတ်လုပ်ရောင်းချပါက ထုတ်ပြန်ထားသောဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြပေးရမည် ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားတို့ကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ထားဝယ်မြို့ပေါ်ရှိ ကုန်တိုက်နှင့် စတိုးဆိုင်များတွင် ကလေးနို့မုန့်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

       ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်တိုက်များနှင့် စတိုးဆိုင်များတွင်   ကလေးနို့မုန့်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာအမိန့်ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိစျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ