Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့ “Royal King” သောက်ရေသန့်စက်ရုံသို့ SMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း

    စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၄.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဟင်္သာတမြို့နယ်၊ တလုတ္ထော်ရှိ “Royal King” သောက်ရေသန့်စက်ရုံသို့  SMEs ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးစီးဌာနမှ “Royal King” သောက်ရေသန့်သည် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ခြင်း ရှိ/မရှိ၊ကျန်းမာရေးနှင့် ညီညွှတ်စွာထုတ်ပိုးရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍  မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ စက်ရုံအတွင်း/အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာ တွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့ Online မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၄.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော အဝတ်အထည်၊ အလှကုန်အမျိုးမျိုးနှင့် ကလေးကစားစရာများ ရောင်းချသော လုပ်ငန်းများသို့ အွန်လိုင်းမှတ်ပုံတင်ထားမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ Online စနစ်ဖြင့်ရောင်းချ နေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင် ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထား သော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှု ရှိ/မရှိ ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်ရှိ ဆန်ဆိုင်သိုလှောင်ရုံများတွင် ဆန်ပြတ်လပ်မှုရှိ/ မရှိနှင့် ကုန်ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများတွင် ဆန်သိုလှောင်ထားရှိမှု၊ ဆန်ရောင်းချမှုဈေးနှုန်းအခြေအနေများတည်ငြိမ်မှုရှိစေရေးနှင့် မြို့နယ်တွင် ဆန်ပြတ်လပ်မှုရှိ/ မရှိတို့ကို အဖွဲ့စုံဖြင့် (၄-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံက မြို့နယ်မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့စုံနှင့်အတူ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများ၌ ဆန်အိတ်လက်ကျန်နှင့်၊ တစ်နေ့ဆန်ရောင်းချမှုဈေးကွက်ဈေးနှုန်းအခြေအနေများကိုစစ်ဆေးခြင်း၊ စပါးပေါပြီးဖြစ်၍ ဆန်ဝယ်ယူမှုဆန်ပြတ်လပ်မှုမရှိစေရေးနှင့် ဆန်ဈေးနှုန်းများကို MRFမှထုတ်ပြန်သော သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန် တင်း၊ ပြည်၊ အရေအတွက်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းပြုလုပ်ကြရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် ဆန်အိပ်အရေအတွက် (၁၀၀၀)နှင့်အထက် သိုလှောင်ထားရှိပါက မှတ်ပုံတင်ထားရန်ကိုလည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို ဆန်ဆိုင်လုပ်ငန်းရှင် များကို အသိပညာပေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)

မြန်အောင်ခရိုင် ဆန်စပါး ကုန်သည်များအသင်းအား ဖွဲ့စည်းခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်တာဝန်ခံများသည်(၄.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ရုံးလမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် ဆန်စပါးကုန်သည်အသင်းများမှ ကိုယ်စားပြုရွေးချယ်ထားသော ကိုယ်စားလှယ်(၅)ဦးစီအား ဖိတ်ကြား၍ မြန်အောင်ခရိုင် ဆန်/စပါးကုန်သည်များအသင်း ဖွဲ့စည်းခြင်း အစည်းအဝေးကို  ဆောင်ရွက်ခဲ့ပါသည်။

      ထိုအစည်းအဝေးတွင် ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆန်စပါးကုန်သည်များအသင်း ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်များ၊ ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အသင်းဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ဟင်္သာတခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က အသင်းအဖွဲ့ ရွေးချယ်မှုဆိုင်ရာ ရွေးချယ်ပုံအဆင့်ဆင့်၊ အသင်းအဖွဲ့သတ်မှတ်ချက်များ၊ အသင်းအဖွဲ့စည်းမျဉ်း၊ အသင်းအဖွဲ့မှတ်တမ်းများနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်ရသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။မြို့နယ်များမှ ရွေးချယ်ထားသည့် အလုပ်အမှုဆောင် (၁၅)ဦး တက်ရောက်ပြီး ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်ရွေးချယ်၍   ကျန်အလုပ်အမှုဆောင် (၉)ဦိးသည် အဖွဲ့ဝင်အဖြစ် စုစုပေါင်း(၁၅)ဦးဖြင့် မြန်အောင်ခရိုင် ဆန်စပါးကုန်သည်များအသင်းအား ဖွဲ့စည်းပြီးကြောင်း သိရှိရပါသည်။ အဆိုပါ အစည်းအဝေးကို နံနက်(၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားကွဲလွဲမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ လိုက်နာဆောင်ရွက်နိုင်မှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်ခြင်းများ၊  စစ်ဆေးခြင်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်လျက်ရှိရာ (၂၂.၁၀.၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဌာန ပူးပေါင်းအဖွဲ့များနှင့်အတူ မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်းအပြင်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းတွင် အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက လူထုကျန်းမာရေးဆိုင်ရာ သတိပေးထုတ်ပြန်ခဲ့သည့် အဖွားလက်ရာအမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများမှာ ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့်စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များသည် တူညီမှုမရှိဘဲ ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါ ကွဲလွဲမှုကြောင့် စားသုံးသူများနားလည်မှုလွဲမှားစေနိုင်သည့်အတွက် အဆိုပါကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများကွဲလွဲမှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ အဖွားလက်ရာ အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ အခြားအမှတ်တံဆိပ်ဖြစ်သည့် A1 ၊ Golden ၊   Hi-Q စသည့်ငါးသေတ္တာဗူးများကိုသာ ရောင်းချမှုရှိကြောင်းနှင့် ၎င်းအမှတ်တံဆိပ်များသည် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ကုန်ပစ္စည်း ရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ဥပဒေများနှင့် အညီထုတ်လုပ်ထားသော ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်ရောင်းချရန်၊ သက်တမ်းလွန် ကုန်ပစ္စည်းများရောင်းချမှုမပြုရန်၊ ဥပဒေပါပြဌာန်းချက်များ၊ ညွှန်ကြားချက် များကိုလိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ အသိပညာပေးကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

 

 

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ရှိ ပဲပူးကြော်နှင့်ပဲကြော်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် ညောင်ဦးခရိုင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၇.၉.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ညောင်ဦးမြို့နယ်ရှိ ပဲပူးကြော်နှင့် ပဲကြော်လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား ဦးသန်းစိုး(လက်ထောက်ညွှန်ကြား ရေးမှူး)မှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများမှ စ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ သုံးစွဲထုတ်လုပ်ကြရန် လိုအပ်ပါကြောင်း၊ ထုတ်လုပ်သည့်လုပ်ငန်းစဉ်တလျှောက်တွင်လည်း အသုံးပြုရသည့် ပစ္စည်းများသန့်ရှင်း စင်ကြယ်ရန်နှင့် ထုတ်လုပ်မှုလုပ်ငန်းခွင်ရှိ အစားအစာများကို ထိတွေ့ပြုလုပ်သူ လူပုဂ္ဂိုလ်များမှာလည်း သန့်ရှင်းသပ်ရပ်ပြီး၊ ကျန်းမာရေးကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီဖော်ပြရမည့်အချက်များ၊ မိမိထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူမှ တစ်စုံတစ်ခု ထိခိုက်နစ်နာဆုံးရှုံးမှုများရှိလာပြီး အရေးဆို တိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်းနှင့် ပဲပူးကြော်နှင့်ပဲကြော်လုပ်ငန်းများနှင့်သက်ဆိုင်သည့် ဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ သိရှိလိုသည့်အချက်များအား ရှင်းလင်းဆွေးနွေး၍ လုပ်ငန်းခွင်များသို့ ကြည့်ရှု့စစ်ဆေးခဲ့ပြီး  စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှလည်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍လည်း ရှင်းလင်း‌ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

“IQ” သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရပ်ကွက် (၅) အတွင်းရှိ “IQ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “IQ” အမှတ်တံဆိပ် သောက် ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

   ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ထားဝယ်မြို့၊ TRCCI အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

        ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဆင်ပုရှိ TRCCI အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဒေသတွင်းအသင်းအဖွဲ့များ ပိုမိုအားကောင်းလာစေရေး၊ ခရိုင်အသင်း၊ တိုင်းဒေသကြီးအသင်းများ တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊  မိမိတို့ဌာနအနေဖြင့်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍  လိုအပ် သည်များကို တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ တဂူသိမ်စျေးအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ တဂူသိမ်ရပ်၊ တဂူသိမ်စျေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ဦးစားပေးကုန်စည်များမှ ဟင်းချိုမှုန့်အမျိုးမျိုးနှင့် အလှကုန် များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ မှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များ ပါရှိမှု ရှိ/မရှိ ၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိ

     အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်   နန္ဒဝန်ဈေး စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရှိရာ (၅-၁၁-၂၀၂၄) ရက်နေ့တွင် ဈေးအတွင်း ရှိ ဆန် လက်လီရောင်းချနေသော ဆန်ဆိုင်(၇)ဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုနှင့်ပတ်သက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ နိုဝင်ဘာလအတွက်သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်မှာ များစွာမရှိဘဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန်နှင့်  လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ