Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူခရိုင်၏ ဇူလိုင်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

      ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ ဘေးအန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိစစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ မြို့မဈေးရှိ “ဒေါ်မြင့်” ကုန်စုံဆိုင်၊ အမှတ်(၄)ရပ်ကွက်ရှိ “ကိုနွေဦး+မဖြူ”ကုန်စုံဆိုင်တို့အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “ဦးနိုင်မျိုးလတ် +ဒေါ်ဝင်းရွှေ”ကုန်စုံဆိုင်၊ သစ်ရာမြိုင်ဈေးရှိ “သာထက်စံ”ဆေးဆိုင်တို့အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်နှင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ရေတမာ”စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ “UTN”  စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့်ကုန်စည်များ၊ စံမညီဆေးဝါးများ စသည်တို့ကိုရောင်းချခြင်းမပြုကြရန် အသိပညာပေးမှာကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ဇူလိုင်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

      စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုင်ပိုင်ခွင့်အခွင့်အရေးများကိုသိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

         ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲမျာကို ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၅)(အ.လ.က)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း၊ ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) သည် ကန့်ဘလူမြို့၊ အမှတ်(၂)မူလွန်ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း ဆွေးနွေးဟောပြောခြင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံအနေဖြင့်  ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ မြင့်မိုရ်ထွန်းသောက်ရေသန့်စက်ရုံရှိ လုပ်သားများကိုလည်းကောင်း၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလည်းကောင်း သိရှိနားလည်းထားရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application ၊ ဌာန၏ Website၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့်(CICC)များသို့ လူကိုယ်တိုင်လာရောက်၍သေ်လည်းကောင်း၊ Consumer Call Center 1535 ကိုခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၈/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏တိုက်ခန်း၌ (၂၅-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၈/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ပေးခဲ့ရာ ဝန်ထမ်း(၁၀)ဦးတက်ရောက်ခဲ့ပါသည်။

       အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရာ၌ အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အကြောင်းများကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား စစ်ဆေးခြင်း

    ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၊ ၁ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ရုံးချုပ်၊ နေပြည်တော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများအရ ဒေသတွင်း စားသုံးသူ ပြည်သူများ စားဆန်များအား သင့်တင့်မျှတသောစျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆန်လက်လီ/လက်ကားရောင်းချသည့် ဆန်ဆိုင်ကြီးများ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များဖြင့်ပူးပေါင်း၍  မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒေသတွင်း ဆန်လက်လီ/လက်ကားအရောင်းဆိုင်ကြီး ဖွင့်လှစ်ရောင်းချနေမှုအခြေအနေများ၊ ဆန်အမျိုးအစားအလိုက် ဒေသတွင်း သင့်တင့်မျှတသော ‌စျေးနှုန်းများဖြင့် ရောင်းချနေမှု များရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကျင်းပ

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး ၃/၂၀၂၄ ကို ၃၀-၇-၂၀၂၄ ရက်နေ့၊ နံနက် ၈:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ နိုင်လယိတမနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

     အစည်းအဝေးတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ နိုင်လယိတမက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန်အတွက် အရှိန်အဟုန်မပြတ်ဆောင်ရွက်ကြရန်၊ စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအား တာဝန်များနှင့်တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတိပြုရမည့်အချက်များ၊ အွန်လိုင်းတွင် ကုန်စည်ဝယ်ယူရာ၌ စားသုံးသူများနစ်နာမှုမရှိစေရန် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်အကြား နှစ်ဦးနှစ်ဖက်ရရှိနိုင်သော အကျိုးရလဒ်များကိုလည်းထည့်သွင်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက ဖြည့်စွ်အကြံပြုဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။

        အခမ်းအနားတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင် (၇) ဦးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း (၈) ဦး၊ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

      ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် စျေးအတွင်းရောင်းချနေသော ရောနှောဆီ(Blanded Oil)များအား မြန်မာနိုင်ငံဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်သည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ဦးစားပေးကုန်စည်များမှ တစ်မျိုးအပါအဝင်ဖြစ်သည့် ကော်ဖီမစ်အမှတ်တံဆိပ်အမျိုးမျိးအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုက်မရောမြို့နယ်၌ စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည်  ၂၉-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောဈေးအတွင်းရှိသော ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊  သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက် ခဲ့သည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိကြောင်းသိရှိရပါသည်။ 

DOCA(မွန်)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စနစ်သစ်ဖြင့်ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ နေ့လယ် (၁၁း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်း ယာဉ်ရပ်နားစခန်းသို့ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ယာဉ်မောင်း  ဦးသန်းဝင်း၊ ယာဉ်အမှတ် (4F-5045 FUSO) မော်တော်ယာဉ်ဖြင့် တင်ဆောင် လာသော Kaung Hlyan New Asia ကုမ္ပဏီမှ (စနစ်သစ်)ဖြင့် တင်ပို့‌‌‌ရောင်းချသည့် စားအုန်းဆီ (၁) ပေပါလျှင် (၁၁၀) ပိဿာပါ၊ စားအုန်းဆီ (၆၆) ပေပါသည် ရောက်ရှိလာခဲ့ သဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါ စားအုန်းဆီ (၆၆)ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် (၁၄)ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ခွဲဝေ‌ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည်  ၂၉-၇-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ Mero Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင် Mero Online Sale လုပ်ငန်းရှင်က Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများနှင့် မှတ်ပုံတင်လျှောက်ထားမှုအဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကိုတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Shop Owner ၏ မှတ်ပုံတင်၊ Owner ၏ နေထိုင်ခြင်းလိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Shop ၏ Logo များကိုပြင်ဆင်ထားရန်၊ Online Sale လျှောက်ထားရာတွင် အသုံးပြုမည့် email (သို့မဟုတ်) Mobile Phone Number ဖြင့် Sign Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

ထားဝယ်မြို့ နိဗ္ဗာန်လမ်းရှိ SAN ဘက်ထရီအရောင်းဆိုင်အားစစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များဖြစ်သော မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့စု၊ မူးယစ်ရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့် ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ SAN ဘက်ထရီအရောင်းဆိုင်သို့ သွားရောက်၍ ဘက်ထရီများတွင် ပြန်လည်ထည့်သွင်းအသုံးပြုသည့် အက်စစ်များအား သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းသိုလှောင်မှုများရှိ/မရှိ သွားရောက်စစ်ဆေးခြင်းနှင့် တရားမဝင်တင်သွင်းသိုလှောင်ထားရှိမှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ