Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“သြဂုတ်လလယ်ပိုင်းတွင် ကြက်သွန်နီစျေးမြင့်လာ”

          မိတ္ထီလာစျေးကွက်အတွင်း သြဂုတ်လလယ်ပိုင်း၌ ကြက်သွန်နီစျေးမှာ နယ်စပ်လမ်းကြောင်းများ မှ အဝယ်လိုက်သဖြင့် စျေးနှုန်းသိသာမြင့်တက်လာကြောင်း သိရသည်။ သြဂုတ်လလယ်ပိုင်းအတွင်း ရန်ကုန်သို့ (၁၂) ဘီးကား(၂) စီး မူဆယ်သို့တွဲကား (၃) စီးတင်ပို့ခဲ့ကြောင်း သိရသည်။ ကုန်တင်ခအနေ နှင့်တစ်ပိဿာလျှင်ရန်ကုန်သို့ (၁၁၀ိ/-)၊မူဆယ်သို့ (၁၅၀ိ/-)(၁၆၀ိ/-)ရှိပါသည်။ မြဝတီနှင့် ဘင်္ဂလားဒေ့ရ် သို့တင်ပို့ရန်အတွက်လှောင်လက်များကလည်း အဝယ်လိုက်ခြင်းကြောင့်တစ်ပိဿာ(၂၂၀၀ိ/-)(၂၅၀၀ိ/-) ထိ စျေးမြင့်လာကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၈၆၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဩဂုတ် 2၁ 

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး  စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၈၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

          ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Pageနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                               

မုံရွာမြို့၊ပွဲစားတန်းလမ်း၊ဘုရားကြီးရပ်ကွက်ရှိ ပလတ်စတစ်ပုံး ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု- ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၂)ဦး တို့သည် (၁၇.၈.၂၀၂၂)  ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင်မုံရွာမြို့၊ပွဲစားတန်းလမ်း၊ ဘုရားကြီးရပ်ကွက်ရှိ “ခင်ဌေးဌေးချွန်” ပလတ်စတစ်ပုံး လက်ကားရောင်းဝယ်ရေးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

        ထိုသို့ တွေ့ဆုံခဲ့ရာတွင် “ခင်ဌေးဌေးချွန်” ပလတ်စတစ်ပုံး လက်ကားရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်ခင်ဌေးဌေးချွန်မှ  ပလတ်စတစ်ပုံးများ ရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သည် မှာ  နှစ်ပေါင်း(၃၅)နှစ်ကျော် ရှိပြီဖြစ်ကြောင်း၊ ပုံးများကို မန္တလေးမြို့မှ အဓိကမှာယူတင်သွင်းပြီး သောက်သုံးရေ၊ စားသုံးဆီ ၊ စက်သုံးဆီများ ထည့်ရန်အတွက် ပြန်လည်ဝယ်ယူ ရောင်းချကြ ကြောင်း၊ မုံရွာ၊ ဘုတလင်၊ အရာတော်၊ ချောင်းဦး မြို့များအပြင် ယင်းမာပင်မြို့၊ ပုလဲမြို့၊ ကလေး မြို့၊ ကလေးဝမြို့၊ မော်လိုက်မြို့၊ ဟုမ္မလင်းမြို့များသို့ တင်ပို့ပေးရကြောင်း၊ ပုံးအရွယ်အစားအလိုက် ဈေးနှုန်းများလည်း မတူညီကြောင်း၊ ပုံးအဝါများကိုသောက်သုံးရေနှင့် စားသုံးဆီထည့်ရန်အတွက် ဝယ်ယူကြပြီး (၁၀)ပိဿာဝင်ပုံး တစ်ပုံးလျှင် (၃၃၀၀)ကျပ်ဖြစ်ပြီး (၁၀)ပုံးဈေး (၃၂၀၀၀) ကျပ်၊ (၅)ပိဿာဝင်ပုံး တစ်ပုံးလျှင် (၁၇၀၀) ကျပ်ဖြစ်ပြီး (၁၀)ပုံးဈေး (၁၆၀၀၀)ကျပ်၊ (၃) ပိဿာဝင် ပုံးအဖြူတစ်ပုံးလျှင် (၁၃၀၀)ကျပ်ဖြစ်ပြီး (၁၀)ပုံးဈေး (၁၂၀၀၀)ကျပ်၊ (၂) ပိဿာဝင် တစ်ပုံးလျှင် (၁၀၀၀)ကျပ်ဖြစ်ပြီး (၁၀)ပုံးဈေး(၉၅၀၀)ကျပ်၊ (၁) ပိဿာဝင် တစ်ပုံးလျှင် (၆၀၀) ကျပ် ဖြစ်ပြီး (၁၀)ပုံးဈေး(၅၅၀၀)ကျပ် အသီးသီးရှိကြောင်း၊ ပုံးအပြာများကို စက်သုံးဆီထည့်ရန် ဝယ်ယူကြပြီး (၆)ဂါလံဆံ့ပုံး (၁)ပုံးလျှင် (၄၀၀၀)ကျပ်ဖြစ်ပြီး (၁၀)ပုံးဈေးမှာ (၃၅၀၀၀)ကျပ် ဖြစ်ကြောင်းသိရှိ ရပါသည်။

        ယခုအခါတွင် စားသုံးဆီ၊ သိုလှောင်ရန်အတွက် ပုံးများကိုပိုမိုဝယ်ယူကြကြောင်း၊ တစ်နေ့ လျှင် ပုံးအမျိုးအစားအပေါ်မူတည်၍  ပျမ်းမျှအလုံးရေ (၅၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရပြီး ဌာနမှတာဝန်ရှိသူများကလည်း စားသုံးသူများရရှိသည့် အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များဘက်မှ လိုက်နာရမည့်တာဝန်များကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကသာခရိုင် ဧရာမင်းဆန်ဈေးကွက် မြှင့်တက်

            ကသာခရိုင် မြို့နယ်(၄)မြို့နယ်တွင် ယခင်နှစ် မိုးစပါးစိုက်ဧက (၁၇၃၆၀၈)ဧကရှိပြီး ဧရာမင်း စပါးစိုက်ဧက (၃၀၆၇)ဧကရှိကြောင်း သိရှိရပါသည်။ ဧရာမင်းစပါးသည် အခြားစပါးများထက် ဈေးနှုန်းမြှင့်မားပြီး ငွေကြေးတတ်နိုင်သူများသာ စားသုံးကြသည့်အတွက် ခရိုင်အတွင်းစိုက်ပျိုးမှု အနည်းငယ်သာရှိကြောင်း သိရသည်။

             ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဌဖြစ်သည့်ဦးမောင်မောင်မှ “ ဒေသတွင်း တိုင်းရင်းသားပြည်သူများအနေနှင့် ဆန်အမာ စားသုံးမှုနည်းပြီး ဆန်အစီးကိုသာ စားသုံးကြပါတယ်။ တောင်သူ အများစုကတော့ ဆင်းဧကရီ (၃)စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးသူများသလို တရုတ်ပြည်တင်ပို့မှု လည်းရှိပါတယ်။ ဧရာမင်းဆန်က ဆန်အမာအမျိုးအစားမှာပါတဲ့အတွက် ဒေသတွင်းမှာ အနည်းငယ် သာစားကြပါတယ်။ စပါးအထွက်နှုန်းလည်း အခြားစပါးများထက်နည်းတဲ့အတွက် တောင်သူတွေ အစိုက်နည်းကြပါတယ်။ သို့သော်လည်း ဈေးကောင်းရတဲ့အတွက် စိုက်ပျိုးမှုရှိပါတယ်။ ၂၀၂၂-ခုနှစ် ဩဂုတ်လ ပထမပတ်မှစပြီး ဧရာမင်းဆန်ဈေးနှုန်းမှာ ရုတ်တရက်မြှင့်တက်လာခဲ့ပါတယ်။ ရွှေဘို၊ မန္တလေး၊ မတ္တရာ၊ ကောလင်းမြို့များမှ ဆန်ကုန်သည်များလာရောက်ပြီး ဧရာမင်းတစ်မျိုးတည်းကို သာ တင်းတစ်ရာ (၁၅)သိန်းဈေးဖြင့် ဈေးမြှင့်ပေးဝယ်ခဲ့ကြတဲ့အတွက် ယခင်တင်းတစ်ရာ (၁၁) သိန်း ဈေးမှ (၁၅)သိန်းဈေးကို ခုန်တက်ခဲ့တာဖြစ်ပါတယ်။ အခြားစပါးများက ဒေသတွင်းလက်ကျန်နည်း ချိန် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း အနည်းငယ်မြှင့်တက်မှုရှိပြီး သိသိသာသာမြှင့်တက်မှုမရှိကြောင်း တွေ့ရပါတယ်” ဟု ဆွေးနွေးပြောကြားခဲ့သည်။

         ကသာခရိုင်အတွင်း ၂၀၂၂ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့ ဆန်စပါးပေါက်ဈေးမှာ ဧရာမင်း တင်းတစ်ရာ (၁၅)သိန်းကျပ်၊ ဆန်တစ်အိတ် (၅၅၀၀၀)ကျပ်၊ မှော်ဘီတင်းတစ်ရာ (၁၀၀၀၀၀၀) ကျပ်၊ ဆန် တစ်အိတ်(၄၈၀၀၀)ကျပ်နှင့် ဆင်းဧကရီ(၃) တင်းတစ်ရာ (၈၅၀၀၀၀)ကျပ်၊ ဆန် တစ်အိတ်(၃၅၀၀၀) ကျပ် ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

တောင်ငူခရိုင်အတွင်း အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချ

            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တောင်ငူခရိုင် ဆန်ကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၅ ရက်နေ့က တောင်ငူ ခရိုင်အတွင်း အခြေခံလူတန်းစားများသို့ ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါ သည်။

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်သောအဖွဲ့သည် တောင်ငူမြို့ မြစည်းခုံဘုရားဈေး၌ လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်းဖြင့် ဆန်အိတ် ၂၀ အိတ် စုစုပေါင်း လူဦးရေ ၂၄၀ ကိုလည်းကောင်း၊ အုတ်တွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီ ဦးဆောင်၍ စားသုံးသူ ရေးရာဦးစီးဌာန မြိုနယ်တာဝန်ခံ ဒေါ်အေးအေးခိုင် ပါဝင်သောအဖွဲ့သည် အုတ်တွင်းမြို့ မဲဘုန်း ရပ်ကွက် နှင့် ကြက်သွန်ခင်း ၂ ရပ်ကွက်တို့တွင် လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်းဖြင့် ဆန် ၁၀ အိတ် လူဦးရေ ၁၂၀ ကိုလည်းကောင်း ရောင်းချပေးခဲ့ကြောင်းသိရပါသည်။

           တောင်ငူခရိုင်အတွင်း သက်သာသောနှုန်းထားဖြစ်သည့် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ လူတစ်ဦးလျှင် ၂ ပြည်နှုန်းဖြင့် ရောင်းချပေးကြောင်း၊ သက်သာသောနှုန်းထားဖြင့် ဆန်များကို အခြေခံလူတန်းစားများသို့ ဆက်လက်ရောင်းချပေးမည်ဖြစ် ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

အဝေးရောက်တောင်ငူသူ တောင်ငူသားများအလွမ်းပြေ တောင်ငူမုန့်ဟင်းခါး

               တောင်ငူမြို့တွင် ရန်ကုန်မုန့်ဟင်းခါး၊ မန္တလေးမုန့်တီသုတ်၊ တောင်ငူမုန့်ဟင်းခါး စသည်ဖြင့် ဒေသအခေါ်မုန့်ဟင်းခါးများ ရှိပါသည်။ တောင်ငူမုန့်ဟင်းခါးကို တောင်ငူသူ တောင်ငူသားများ သာမက အခြားမြို့များမှ လာရောက်သည့် ဧည့်သည်များပါ နှစ်ခြိုက်စွာ စားသုံးလေ့ရှိပါသည်။ အိမ် တွင်လည်း အလွယ်တကူချက်ပြုတ် စားသောက်နိုင်ပါသည်။

            တောင်ငူမုန့်ဟင်းခါးသည် ငါးခူငါးပိကို အဓိကထား၍ ချက်ပါသည်။ ငါးခူကို စပါးလင်၊ ဂျင်းတို့ဖြင့် ပြုတ်ရပါသည်။ ပြုတ်ထားသည့်ငါးကို အရိုးထွင်ပြီး ကြက်သွန်ဖြူ၊ ဂျင်းတို့နှင့် ရဲနေအောင် ဆီသတ်၍ ရေနွေးပွက်ပွက်ဆူသော ရေတွင်ထည့်ပြီး ကြက်သွန်နီ၊ ငရုပ်ကောင်း၊ အချိုမှုန့်အနည်းငယ်၊ ငံပြာရည်တို့နှင့် အရည်သောက်ချက်ရပါသည်။ ကြက်သွန်ဖြူ အကွင်းလိုက်လှီးပြီး ဆီများများနှင့် ဆီချက်၊ ငရုပ်သီးအခြောက် ညက်ညက်ထောင်း၊ ငံပြာရည်၊ ပဲကပ်ကြော်၊ ကောက်ညှင်းဆန်နှင့် ပြလုပ်ထားသော ဆန်လှော်မှုန့်၊ ပဲမှုန့်အကျက်တို့နှင့် မုန့်ဖတ်ကို သုပ်၍ဖြစ်စေ၊ အရည်ဖျော်ဖြစ်စေ စားသုံးနိုင်ပါသည်။

            မုန့်ဖတ်ပြုလုပ်ရန် ဆလတ်ကျိုးခေါ် တပိုင်းကျိုးဆန်ကို အသုံးပြုကြပါသည်။ ယခင်က ဆထတ်ကျိုးတစ်အိတ်လျှင် ၂၀၀၀၀ ကျပ်ဖြင့် ဝယ်ယူစဉ်က မုန့်ဖတ်အစို တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး ယခုအခါ ဆလတ်ကျိုးတစ်အိတ်လျှင် ၃၃၀၀၀ ကျပ်ဖြင့် ဝယ်ယူရသဖြင့် မုန့်ဖတ် တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊ ယခင်က မုန့်ဟင်းခါးတစ်ပွဲလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချရမှာ ယခုအခါ ၆၀၀ ကျပ်ဖြင့်ရောင်းချပါကြောင်း၊ မုန့်ဖတ်ခြောက်များလည်း ၂၀ ကျပ်သား တစ်ထုပ်လျှင် ယခင်က ၃၅၀ ကျပ်ရောင်းချရာမှ ယခုအခါ ၄၅၀ ကျပ် ရောင်းချရကြောင်း မုန့်ဟင်းခါးဖတ်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

 

                                                                            

ဖြူးမြို့နယ်၏ ငါးပိဈေးကွက်

             မြန်မာ့ရိုးရာ ထမင်းဝိုင်းတွင် မပါမဖြစ်သော ဟင်းတစ်ခွက်ကို ပြပါဆိုလျှင် ငါးပိရည်ဘဲဖြစ်မည် ထင်ပါသည်။ ဟင်းဘယ်လောက်ကောင်းကောင်း ငါးပိရည်မပါလျှင် တစ်ခုခုလိုနေသလို ခံစားရပါသည်။ အခြေခံစားသောက်ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော ငါးပိဈေးကွက်ကို ဖြူးမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကိုဘိုဘို + မဇင်တို့၏ ငါးပိပွဲရုံတွင် သွားရောက်လေ့လာခဲ့ပါ သည်။

             ဖြူးမြို့ရှိ ငါးပိပွဲရုံများတွင် အဓိကအားဖြင့် ငါးရံ့ငါးပိ၊ ငါးပြေမငါးပိနှင့် ငါးဇင်ရိုင်းငါးပိ ဟူ၍ အမျိုးအစား (၃)မျိုးရှိပါသည်။ ဈေးနှုန်းမှာ ငါးရံ့ငါးပိ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ငါးပြေမ ငါးပိနှင့် ငါးဇင်ရိုင်းငါးပိ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

             ဖြူးမြို့ဈေးအတွင်းရှိ ငါးပိပွဲရုံများအနေဖြင့် အဓိကကုန်ကြမ်းဖြစ်သော ဆားနယ်ထားသော ငါးအကောင်များအား ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံမှ မှာယူကြောင်း၊ မလောက်ငှပါက အင်းပေါရာ သနပ်ပင်၊ ဝေါမြို့နယ်များမှ မှာယူတင်သွင်းကြောင်း သိရှိရပါသည်။

          ထိုသို့ ဆားနယ်ထားသော ငါးများအား မိမိတို့ပွဲရုံမှ အသင့်ကျိုချက် စားသုံးနိုင်အောင် ပြန်လည်ပြုပြင်မွမ်းမံ၍ ရောင်းချကြောင်း၊ မိမိတို့ပွဲရုံအနေဖြင့် မြို့မဈေးအတွင်းတွင် ရောင်းချသည့်အပြင် အနီးပတ်ဝန်းကျင်မြို့များသို့လည်း ဖြန့်ဖြူးရောင်းချပေးကြောင်း ပွဲရုံပိုင်ရှင်မဇင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

ထင်းအစားထိုးလောင်စာ ဝါးတူစက်ရုံမှ စွန့်ပစ်ဝါးဖတ်နှင့်ဝါးဆစ်များ

          စားသောက်ဆိုင်များတွင် လူအများအသုံးပြုလျှက်ရှိသော ဝါးတူများ ပြုလုပ်ရာမှ စွန့်ပစ်ပစ္စည်းများဖြစ်သော ဝါးဖတ်များနှင့်ဝါးဆစ် အတိုအစများသည် ကျေးလက်နေပြည်သူများ၏ အဓိက လက်စွဲ ထင်းအစားထိုးလောင်စာဖြစ်ပါသည်။ ထင်းတောတက်ရန်၊ ထင်းခုတ်ရန်မလိုဘဲ အဆင်သင့် သုံးစွဲနိုင်သဖြင့် အိမ်ရှင်မများအတွက် အလွန်အဆင်ပြေပါသည်။

          ဝါးဖတ်များသည် အိုးဖုတ်ရာတွင် အလွန်အသုံးဝင်ပါသည်။ ဝါးဆစ်အတိုအစများသည် အဆစ်ထူသဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် မီးသွေးနီးပါး အလွန်အသုံးဝင်ပြီး ကုန်ကျစရိတ်လည်း သက်သာသည့် လောင်စာဖြစ်ပါသည်။

        တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ မင်းလမ်းရွာရှိ ရွှေဝါး ဝါးတူစက်ရုံမှ စွန့်ပစ် ဝါးဖတ်နှင့်ဝါးဆစ်များကို ထော်လာဂျီအကြီး တစ်စီးစာ သိုလှောင် ထားပါက ၄ လခန့် သုံးစွဲနိုင်ကြောင်း၊ ထော်လာဂျီတစ်စီးလျှင် ၃၅၀၀၀ ကျပ်နှုန်းဖြင့် အိမ်အရောက် ပို့ဆောင်ပေးကြောင်း၊ ယခုအခါ လျှပ်စစ်မီးအသုံးပြုသူ များပြားလာခြင်းနှင့် မိုးကာလဖြစ်ခြင်းကြောင့် ထော်လာဂျီတစ်စီးလျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့် လျှော့ချရောင်းချကြောင်း၊ စက်ရုံတွင် စွန့်ပစ် ဝါးအတိုအစများကို မှာယူနိုင်ကြောင်း စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ရာသီပေါ်  နာနတ်သီးဈေးကွက်

          တောင်ငူမြို့ပေါ်တွင် ရာသီအလိုက် သစ်သီးဝလံရောင်းချသည့် ဆိုင်များ ပေါများလှပါသည်။ ယခုအခါတွင် နာနတ်သီးကာလဖြစ်သဖြင့် နာနတ်သီးများကိုလည်း သစ်သီးဆိုင်တိုင်းတွင် တွေ့ရပါသည်။

           ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ကိုယ်တိုင်စိုက်ပျိုးပြီး တောင်ငူမြို့တွင် လာရောက် ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သီပေါမြို့မှ တောင်ငူမြို့သို့လာရောက် ရောင်းချရာတွင် ၆ ဘီး ကားတစ်စီးလျှင် နာနတ်သီး အလုံး ၁၀၀၀၀ ခန့်ပါကြောင်း၊ လမ်းခရီး ၃၆ နာရီခန့် ကြာကြောင်း၊ နာနတ်သီးတစ်ပင်လျှင် ၃ လုံးမှ ၄ လုံးအထိ ထွက်ကြောင်း၊ နာနတ်သီး အသေး(၁)လုံး လျှင် ၃၀၀ ကျပ်၊ အလတ်တစ်လုံးလျှင်  ၅၀၀ ကျပ်နှင့် အကြီး (၁)လုံးလျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရပါသည်။

            ဒေသအလိုက် ကျောက်စိမ်းသီး ဟူ၍လည်း အခေါ်အဝေါ်ရှိပါကြောင်း ၊ ဖြူးမြို့   မြို့မအနောက်ရပ်ကွက်၊ ကော်ပတ်ခြံ(၃)လမ်းတွင်လည်း ပွဲရုံရှိပြီး ရာသီအလိုက် ထွက်ရှိသော သီးနှံမျိုးစုံများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့နယ်သို့ လာရောက်ရောင်းချသော မုံရွာဖရဲသီး

             တောင်ငူမြို့သို့ မုံရွာမြို့မှ ဖရဲသီး(ဟီးရားသီး)များကို မော်တော်ယဉ်များဖြင့် လာရောက် ရောင်းချလျှက်ရှိပါသည်။

            ထိုသို့လာရောက်ရောင်းချရာတွင် မုံရွာမြို့မှ တောင်ငူမြို့သို့ တိုက်ရိုက်လာရောက်ခြင်းဖြစ်ကြောင်း ၊ ဖြူးမြို့   မြို့မအနောက်ရပ်ကွက်၊ ကော်ပတ်ခြံ(၃)လမ်းတွင်လည်း ပွဲရုံရှိကြောင်း၊ ကားတစ်စီးလျှင် အလုံး ၃၀၀၀ ခန့်ပါကြောင်း၊ တစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချရ ကြောင်း မုံရွာဖရဲသီး (ဟီးရားသီး) ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

              မုံရွာဖရဲသီး (ဟီးရားသီး)တွင် အဝါသီးနှင့် အနီသီးနှစ်မျိုးရှိပြီး အနီသီးမှာ ဈေးသက်သာ၍ အဝါသီးမှာ ဈေးပိုကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း