Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုင်းတုံမြို့၏ အေးခဲအသား တင်သွင်း/ ရောင်းချသော လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်မှူး ဦးဆောင်သည့်  တာဝန်ရှိသူများသည် (၇.၃.၂၀၂၂၂)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)ရှိ ထက်အာကာမင်းကုမ္ပဏီ၏ ထိုင်းနိုင်ငံထုတ် အေးခဲအသား တင်သွင်း/ ရောင်းချမှုအား သိရှိနိုင်ရန် ကွင်းဆင်း လေ့လာမေးမြန်းခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ သက်ဆိုင်ရာဌာန ထောက်ခံချက်များရရှိ ထားကြောင်း၊ ယင်း ကုမ္ပဏီသည် အေးခဲအသားမျိုးစုံကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) သံလွင်အရှေ့ဘက်ခြမ်းထိ ဖြန့်ဖြူး ရောင်းချခွင့်ရှိကြောင်း သိရှိရပါသည်။

          အေးခဲအသားမျိုးစုံကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ထုတ်လုပ်သော စက်ရုံမှ တိုက်ရိုက် ဝယ်ယူ တင်သွင်း/ဖြန့်ဖြူးခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ(မယ်ဆိုင်)မှ တဆင့် တာချီလိတ်မြို့ ချစ်ကြည်ရေး တံတားအမှတ်(၂) သို့ သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ သယ်ယူပြီး ကျိုင်းတုံမြို့သို့ အဲကွန်းပါသောကားဖြင့် တိုက်ရိုက် သယ်ဆောင်၍ အအေးခန်းတွင် သိုလှောင်သိမ်းဆည်းကြောင်း၊ အေးခဲအသားမျိုးစုံကို သိုလှောင်အခန်းအတွင်းတွင် စင်များဖြင့်စနစ်တကျထားရှိသိုလှောင်ပြီး ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ ဖြန့်ဖြူးရောင်းချသော မြို့များမှာ ကျိုင်းတုံမြို့အတွင်း/ပြင်နှင့် မိုင်းပျဉ်းမြို့တို့ ဖြစ်ကြောင်း သိရှိရပါသည်။

          ထက်အာကာမင်းကုမ္ပဏီမှ တင်သွင်းသော ကုန်ပစ္စည်းအချို့တွင် စားသုံးသူရေးရာဦးစီးဌာန မှ ချမှတ်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိရေးနှင့် စပ်လျဉ်းသည့် အချက်အလက်များ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရပြီး ကျန်ရှိနေသော ကုန်ပစ္စည်းများတွင်လည်း ကုန်စည်များတွင် ဖော်ပြရမည့် အသေးစိတ် အချက်အလက်များကို ထည့်သွင်းဖော်ပြနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထက်အာကာမင်းကုမ္ပဏီအား အေးခဲအသားများ သိုလှောင်သိမ်းဆည်းရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပိုမိုစနစ်ကျစေရေး၊ အအေးခန်းကားမှ သိုလှောင်ရုံသို့ ပစ္စည်းများ သယ်ဆောင်သိမ်းဆည်းသော အလုပ်သမားများနှင့် အအေးခန်းအတွင်းသို့ ဝင်ရောက်မည့်သူများအား လက်အိတ်၊ မိုးကာ၊ ဘွတ်ဖိနပ် အရှည်ဝတ်ဆင်ပြီး Covid-၁၉ စည်းကမ်းချက်နှင့်အညီ ဝင်ရောက်ရန် အသိပညာပေးမှုများ ပြုလုပ်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ရှမ်း)

ဇီးကုန်းမြို့‌ဒေသထွက်ကုန် ဝါးခမောက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံလေ့လာ

          ဇီးကုန်းမြို့၏ ဒေသထွက်ကုန် ဝါးခမောက်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လက်ကားဖြန့်ဖြူးရောင်းချနေသော ဝါးခမောက်လုပ်ငန်းရှင်နှင့် (၄.၃.၂၀၂၂)နေ့တွင် တွေ့ဆုံလေ့လာခဲ့ပါသည်။ ဇီးကုန်းမြို့နယ်၊ သရက်တပင်အုပ်စု၊ ဝက်ကော်ကျေးရွာတွင် အိမ်တောင်စု(၅၀)ခန့်တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်း မိရိုးဖလာလုပ်ကိုင်နေကြောင်း သိရှိရပါသည်။

          ဝါးခမောက်လုပ်ငန်းကို (၁၉၀၀)ပြည့်နှစ်ခန့်လောက်စတင်ပြီး ဝက်ကော်ကျေးရွာသို့ ကျောက်မဲရှမ်းများ လာရောက်ပြောင်းရွေ့ အခြေချနေထိုင်၍ ဝါးခမောက်လုပ်ငန်းစတင်လုပ်ကိုင်ခဲ့ရာမှ လုပ်ငန်းပညာရပ်များ ပြန့်ပွားပြီး ဒေသခံများမှ လုပ်ကိုင်နေကြလျက်ရှိကြောင်း သိရှိရပါသည်။ ကုန်ကြမ်းဖြစ်သော ဝါးများကို မင်းလှမြို့နယ်မှရရှိပြီး၊ ဝါးပလပ်များကို ဧရာဝတီတိုင်း ကနောင်၊ မြန်အောင်၊ ကြံခင်းဘက်မှရရှိပါသည်။ ယခင်ဝါးတစ်လုံးလျှင် (၇၀ဝ)ကျပ် ရှိပြီး ယခုအခါ (၈၀၀ မှ ၁၀၀၀)ကျပ်ရှိကြောင်း၊ ဝါးပလပ်အရွက်(၅၀၀) ပါတစ်ထုပ်လျှင် ယခင်(၈၀၀) ကျပ် ယခု(၁၀၀၀ မှ ၁၂၀၀) ကျပ်ထိဝယ်ယူရပြီး ဝါးခမောက် အသုံးပြုရာတွင် သုံးသော ဆက်စပ်ပစ္စည်းများကို စျေးအနည်းငယ်စီမြင့်တက်ပြီး ဝယ်ယူသုံးစွဲရကြောင်း သိရသည်။ ဝါးခမောက် ပြုလုပ်ရန် ဝါးနုကိုသာသုံးစွဲရပြီး ဝါးနုများကို တပို့တွဲလတွင်ကြိုတင်ဝယ်ယူရ၍ ရာသီအလိုက် အသုံးပြုရန် ကြိုတင်ပြုလုပ်ထားရပါသည်။ ခမောက်ရွက်၊ အနားကွပ်အစရှိသော ပစ္စည်းလိုအပ်ပြီး ဝါးခမောက်ခွေရန် ဝါးနု၊ ဝါးပလပ်၊ ကြသောင်းဝါးနု၊ ခမောက်ချုပ်ရန် ချည်၊ ဖယောင်း၊ ခမောက်ရွက်ချုပ်ရန် ချည်ခင် တစ်ပိသာလျှင် (၁၀၀၀ မှ၁၃၀၀)ကျပ်ဈေးဖြင့် ဝယ်ယူသုံးစွဲရပါသည်။ လုပ်သားခအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော ခမောက် (၁၀၀) လုံး ချုပ်လုပ်မှုအပေါ်တွင် မူတည်၍ ဈေးသက်မှတ်ရာ (၄၀၀၀-၄၅၀၀-၅၀၀၀-၁၀၀၀၀) ကျပ်ထိပေးချေသုံးစွဲရပါသည်။ ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး အိမ်တွင်းမှုလုပ်ငန်း တစ်ခုဖြစ်သော ဝါးခ‌မောက် လုပ်ငန်းလုပ်ကိုင်နေသူများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရှိရပါသည်။

           အများဆုံးထုတ်လုပ်သော ခမောက်များမှာ လုပ်ငန်းခွင်သုံးခမောက် (၃)မျိုး၊ရွက်ကြီးရွက်လတ် ကောက်စိုက်မသုံး ခင်သန်းနုခမောက်တို့ဖြစ်ပြီး၊ အလှဆုံးဇာခံခမောက်၊ စျေးကွက်ဝင်ခမောက်များ ထုတ်လုပ်ပြီး ခမောက်ကြမ်း/ချော ပေါ်မူတည်၍ လက်ကားစျေးနှုန်း (၄၀၀) ကျပ်၊ (၅၀၀-၆၀၀) ကျပ်ထိ ရှိကြောင်းသိရှိရပါသည်။ ဝါးခမောက် တင်ပို့ရာဒေသများမှာ ဇီးကုန်းမြို့နယ်၊ ရန်ကုန်-ပြည်ကြား မြို့နယ်များ၊ အောင်လံ ၊သရက်၊ တောင်တွင်း၊ မကွေး၊ နတ်မောက် ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ဖြူး၊ ညောင်လေးပင်၊ ဒိုက်ဦး ၊ ပျော်ဘွယ်မြို့များသို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချနေပါကြောင်း ‌ဝေဠု ဝါးခမောက်လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ကတွတ်ယိုလုပ်ငန်းအကြောင်း တစေ့တစောင်း

          ကတွတ်ပင်သည် သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံ သစ်တောတိုင်းလိုလိုမှာ ပေါက်ရောက်တက်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပိုမိုတွေ့ရတက်ပြီး ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်အတွင်းအနောက်ရွာသစ်ကျေးရွာနှင့် ပျဉ်းပင်ကိုင်း ကျေးရွာအနီး သစ်တောကြိုးဝိုင်းများတွင် အလေ့ကျပေါက်ရောက်နေကြောင်း သိရှိရပါသည်။

          ကတွတ်ပင်သည်နှစ်ရှည်ပင်ဖြစ်ပြီး ညောင်ပင်မျိုးတွင်ပါဝင်၍ အမြဲစိမ်းလန်းသော အပင်မျိုး ဖြစ်ပါသည်။ အသီးမှာအဝါရောင်ရှိပြီး အညိုရောင်အမွှေးနုများ ဖုံးအုပ်ထားပါသည်။ ကတွတ်သီးမှာ အချိုသီးနှင့်အချဉ်သီးဟူ၍ နှစ်မျိုးရှိတက်ပါသည်။

          ကတွတ်သီးကို ရှေးနှစ်ပေါင်း ၅၀၀၀ကျော်ကတည်းက လူတို့စတင်စားသုံးခဲ့ကြပြီး လူ့ခန္ဓာ ကိုယ်အတွက် လိုအပ်သော အာဟာရဓါတ်များ ဖြည့်ဆီးပေးသလို ကျန်းမာရေးအတွက် များစွာ အကျိုးပြုသော အသီးတစ်မျိုးဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။

          ကတွတ်သီးတွင် အမျှင်ဓါတ်များ ကြွယ်ဝစွာပါဝင်၍ အစာချေစနစ်ကို ကောင်းမွန်စေသည့် အတွက် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်ကြောင်းသိရှိရပါသည်။ ဖျားနာမှုကို တိုက်ဖျက်ပေးနိုင် သည့် Bioactive ကွန်ပေါင်း ကင်ဆာဆဲများကိုသေစေနိုင်သလို အမျှင်ဓါတ်ကလည်း ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်း၊ ပိုတက်ဆီယမ်ဓါတ် မြင့်မားစွာပါဝင်သည့်အတွက် သွေးတိုးသမားများ စားသုံးသင့်သလို ကိုယ်ခံအားစနစ်ကို ကောင်း မွန်စေသည့်အတွက် အအေးမိဖျားနာ အလွယ်တကူမဖြစ်နိုင်စေနိုင်ကြောင်း သိရပါသည်။

          သို့သော်လည်း အစားအစာစားသုံးရာတွင် "တန်ဆေးလွန်ဘေး" ဆိုရိုးအတိုင်း ကတွက်သီး ကို အလွန်အကျွံစားသုံးမိပါက အစာအိမ်နာကျင်သည့်ဝေဒနာခံစားနိုင်သလို အစေ့ကလည်း အသည်းကိုထိခိုက်စေနိုင်ပါသည်။ ပိုတက်ဆီယမ်ဓါတ်များ၍ သွေးတိုးဆီးချိုသမားများအတွက် သင့်လျှော်သော်လည်း သွေးအတွင်းသကြားဓါတ်နည်းသူများနှင့် အရေပြားဓါတ်မတည့်သူများအနေ ဖြင့် ချင့်ချိန်စားသုံးသင့်ကြောင်း လေ့လာသိရှိိရပါသည်။

          ကတွက်သီးမှာနှစ်ပတ်လည်သီးသော အသီးမျိုးဖြစ်သော်လည်း ကဆုန်လနှင့် နယုန်လများ တွင် ပထမအကြိမ်အသီးအများဆုံးသီးပြီး ဝါဆို၊ ဝါခေါင်လများတွင် ဒုတိယအကြိမ် အများဆုံးသီး ကြောင်းနှင့် ကျန်လများတွင် အနည်းငယ်သာသီးသလို အရည်အသွေးလည်းမကောင်းကြောင်း သိရှိရပါသည်။

          ကတွက်သီးကို တစ်ချို့က အလုံးလိုက်စားကြသလို တစ်ချို့ကလည်း ထန်းလျှက်၊ ကြံသကာ၊ သကြားတို့ဖြင့် ယိုထိုး၍ ရိုးရာအစားအစာဖြင့်စားသုံးကြကြောင်းသိရပါသည်။ တစ်ချို့ကလည်း ယိုမျိုးစုံလုပ်ငန်းလုပ်ကိုင်၍ ဘုရားဖူးခရီးသွားများအတွက် ဒေသထွက်ကုန် ရိုးရာအစားအစာအဖြစ် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနေကြကြောင်း သိရှိိရပါသည်။

          ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့နယ်အတွင်း ယိုလုပ်ငန်းထုတ်လုပ်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးခန့်ရှိကြောင်းသိရပါသည်။ စာရေးသူမှ ကတွက်ယိုလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး တိုးတက်စေရေးအတွက် ကတွက်ယိုထုတ်လုပ်သည့် လုပ်ငန်းအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား စုံစမ်းမေးမြန်းခဲ့ရာ ကတွက်ယိုသည် နှစ်ပေါက်အောင်နှပ်ထား၍ရသည့် ဓါတုဗေဒကင်းလွတ်စားဖွယ်ရာဖြစ်သဖြင့် အသီးရသမျှ ယိုလုပ်ငန်းမပျက်လုပ်ကိုင်နေရကြောင်း သိရှိရပါသည်။

          ကတွတ်ယိုထိုးရာတွင် ရရှိလာသော အသီးများကို ရေစင်အောင်ဆေးပြီး အသီး၏ အောက်ခြေပိုင်းနှင့် ထိပ်ပိုင်းကိုဓါးဖြင့်လှီး၍ လေးစိတ်စိတ်ပြီး တစ်ဒယ်စာအတွက် အလုံးကြီးလျှင် ၁၁၀၀ ဝန်းကျင်၊ အလုံးသေးလျှင် ၁၅၀၀ ဝန်းကျင်၊ သကြား(၈)ပိဿာခန့်နှင့် ဆားအနည်းငယ် ထည့်၍ ယိုထိုးရမှာဖြစ်ပြီး တစ်ဒယ်လျှင် ကတွက်ယိုအချိန် ၁၀ပိဿာခန့် ရရှိကြောင်း သိရပါသည်။

          ကတွတ်ယိုတစ်ဒယ်စာကုန်ကျမှုအနေဖြင့် ကတွတ်သီး၊ သကြား၊ ပလပ်စတစ်ဘူးနှင့် လုပ်သားခအတွက် ၃၀၀၀၀ကျပ်ဝန်းကျင် ကုန်ကျပြီး အကျိုးအမြတ်အနေနဲ့ တစ်ဒယ်အပေါ် ၃၅၀၀ကျပ် ဝန်းကျင်ရရှိကြောင်း သိရပါသည်။ ထုတ်လုပ်မှုအနေနဲ့ ယခင်က တစ်နှစ်လျှင် ကုန်ချိန် ၁၅၀၀-၂၀၀၀ ပိဿာကျော် ထုတ်လုပ်နိုင်သော်လည်း ယခုကိုဗစ်-၁၉ ကာလအတွင်း ပိဿာချိန် ၅၀၀ခန့်သာထုတ်လုပ်ရောင်းချနိုင်ကြောင်းသိရပါသည်။

          ကတွတ်ယိုလုပ်ငန်းသည် အလေ့ကျပေါက်ပင်မှ ရရှိသောအသီးကို တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် စီးပွားဖြစ်လုပ်ကိုင်၍ ရသော လုပ်ငန်းဖြစ်သဖြင့် အသီးခူးရောင်းချသူများအနေဖြင့် စိုက်စရိတ်၊ အရင်းအနှီးမလိုဘဲ မိသားစုအပိုဝင်ငွေရသလို စီးပွားရေးလုပ်ငန်းရှင်ဘက်ကလည်း အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ်ရရှိစေသော လုပ်ငန်းဖြစ်သည့်အပြင် အနီးပတ်ဝန်းကျင်ရှိ လူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

သဲကုန်းမြို့နယ်တွင် မတ်ပဲများစတင်ရိတ်သိမ်းနေမှုအား ကွင်းဆင်းလေ့လာ

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့်အဖွဲ့သည် ညောင်ဝန်းအုပ်စု၊ ဝဲကြီးကျေးရွာ မတ်ပဲများရိတ်သိမ်းနေသည့် စိုက်ကွင်းသို့ကွင်းဆင်း၍ မတ်ပဲဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ရန် ကွင်းဆင်း လေ့လာ ဆောင်ရွက်ခဲ့ပါသည်။

          ပြည်ခရိုင်အနေဖြင့် မတ်ပဲစိုက်ဧကမှာ ၁၃၃၇၂၅ ဧကစိုက်ပျိုးပြီး သဲကုန်းမြို့နယ်အနေဖြင့် ၃၁၉၂၉ ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ သဲကုန်းမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၇.၃.၂၀၂၂)ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ညောင်ဝန်းအုပ်စု၊ ဝဲကြီးကျေးရွာရှိ မတ်ပဲစိုက်တောင်သူ ဦးမျိုးမြင့်အောင် နှင့်တွေ့ဆုံ၍ မတ်ပဲ ဈေးနှုန်းဈေးကွက်အခြေအနေများအား လေ့လာရာတွင် ပဲစိုက်တောင်သူမှ မတ်ပဲစိုက်ဧက (၅)ဧကရှိပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၅/၁၇ တင်း အထိ ထွက်ရှိကြောင်းသိရပါသည်။ တစ်ဧကထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၃)သိန်းကျပ်ခန့် ကုန်ကျ သဖြင့် အကျိုးအမြတ်အနေဖြင့် တစ်ဧကကို ၃၇၀၀၀၀ကျပ်ခန့်ရရှိသိဟုသိရပါသည်။ မတ်ပဲဈေးနှုန်း များအနေဖြင့် ဇန်နဝါရီလကုန်တွင် တစ်တင်းလျှင် ၄၂၀၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပြီး ယခုလ မတ်လဆန်း ပိုင်းတွင် တစ်တင်းလျှင် ၄၄၇၀၀ကျပ်အထိ ဈေးမြင့်တက်လာခဲ့ပါသည်။ မတ်ပဲဈေးကွက်အနေဖြင့် ကွင်းထဲအရောက်လာဝယ်သော ဝယ်လက်များရှိသလို ပြည်ပပို့ရန် အတွက် ဝယ်ယူမှုရှိသော ဝယ်လက်များရှိသဖြင့် ဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း သိရပါသည်။ ထို့ကြောင့် အချို့ပဲစိုက်တောင်သူများမှာ အလုပ်သမားခရရန် အနည်းငယ်သာ ထုတ်၍ရောင်းချပြီး ကျန်ပဲများကိုမရောင်းသေးဘဲ ဈေးကောင်းစောင့်မျှော်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကျောက်ဖြူခရိုင်မိုးစပါးရိတ်သိမ်းမှုနှင့် ဆန်ဈေးကွက်အခြေအနေ

         ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်တွင် (၂၀၂၁-၂၀၂၂)ခုနှစ် မိုးစပါး(၁၆၂၁၉၄)ဧက စိုက်ပျိုးပြီး ရိတ်ဧက (၁၆၁၄၉၅)ဧကရှိရာ အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် (၅၇.၉၅) အထက်ရှိသဖြင့် စုစုပေါင်း (၉၃၅၈၀၀၀)တင်း ရှိပါသည်။ လူဦးရေး (၄၈၀၀၀၀) ကျော်ရှိပြီး မျိုးဝမ်းစာ အလေအလွှင့် (၆၄)သိန်းကျော်တင်းရှိပြီး ပိုလျှံစပါးတင်း (၂၉)သိန်းခန့်တင်းရှိမှာ ဖြစ်ပါသည်။

           ဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင် စပါးဈေးနှုန်းများမှာ (၄၆)ပေါင်ကိုက်တင်း  ဧည့်မထ (၁၀၀)လျှင် ကျပ်(၅၆၀၀၀၀) ၊ ငစိန် (၁၀၀)လျှင် ကျပ်(၅၅၀၀၀၀) ၊ မြီးဒုံး (၁၀၀)လျှင် (၅၇၀၀၀၀)ကျပ်၊ ဈေးနှုန်းများဖြစ်ပေါ်နေပြီး ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ဧည့်မထကျပ်(၂၆၀၀၀) ၊ ငစိန်တစ်အိတ်လျှင် ကျပ် (၂၅၀၀၀) ၊ မြီးဒုံး တစ်အိတ်လျှင် ကျပ် (၂၇၀၀၀) ဖြစ်ပေါ်လျှက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေပါသည်။

           မြို့ပေါ်နေလူများမှာ အများအားဖြင့် ဆန်ချောများဖြစ်သည့် ပေါ်ဆန်းမွှေးဆန်ကိုသာ စားသုံးသည်ကို တွေ့ရှိရပါသည်။ ပေါ်ဆန်မွှေးများကို ကျောက်တော်၊ မြောက်ဦး မြို့နယ်များတွင် ရွှေဘိုမျိုးကို မိုးတော်ရေတော်ကွင်းမှာ စိုက်ပျိုးပြီး ရခိုင်ရွှေဘို ပေါ်ဆန်းမွေးစပါးများအား ခေတ်မီစက်ကြီးများဖြင့် ကြိတ်ခွဲပြီး ရခိုင်ပြည်နယ်နှင့် ပြည်မသို့ တင်ပို့ရောင်းချပါသည်။ တချို့ကလည်း ဧရာဝတီမှ ပုသိမ်ပေါ်ဆန်းမွေးများကို မှာယူတင်သွင်းရောင်းချကြပါသည်။ ရခိုင်ရွှေဘိုပေါ်ဆန်းမွေး တစ်အိတ်လျှင် ကျပ်(၄၂၀၀၀) ၊ ပုသိမ်ပေါ်ဆန်းမွေး တစ်အိတ်လျှင် ကျပ်(၄၃၀၀၀)ဖြင့် ရောင်းချနေသည်ကို တွေ့ရှိရပါသည်။

DOCA(ရခိုင်)

 

"ပွင့်ဖြူမြို့နယ် ကုလားပဲသီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာ”

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် တာဝန်ခံဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် တိုင်း/ခရိုင်လမ်းညွှန်မှုဖြင့် (၇..၂၀၂၂)နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ပွင့်ဖြူမြို့နယ်၊ ရွာခိုင် ကျေးရွာရှိ ဆောင်းသီးနှံကုလားပဲစိုက်တောင်သူ ဦးဇော်လင်းအောင်နှင့်တွေ့ဆုံ၍ ကုလားပဲစိုက်ပျိုးထွက်ရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်အကျိုးအမြတ်ရရှိမှုအခြေအနေတို့ကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

        နှစ်စဉ်ကုလားပဲသီးနှံကို မိုးစပါးရိတ်သိမ်းအပြီး တန်ဆောင်မုန်းလကုန်ခါနီမှ စတင်စိုက်ပျိုးခဲ့ရာ တပို့တွဲလ၊ တပေါင်းလတို့တွင်ရိတ်သိမ်းကြပါကြောင်း၊ ကုလားပဲသီးနှံကို ယခုနှစ်တွင် (၅)ဧကစိုက်ပျိုးထားပါကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရေမြေရာသီဥတုအနေအထားနှင့် အပင်အားဆေးနှင့် ပိုးသတ်ဆေးထည့်ဖျန်းနိုင်မှုအပေါ်မူတည်၍ တစ်ဧကကိုအနည်းဆုံး တင်း(၂၀)မှ(၂၀)ကျော်အထိ ထွက်ရှိပါကြောင်း၊ တစ်ဧကလျှင် မျိုးနှစ်တင်းခွဲကြဲပက်ရပါကြောင်း မျိုးတစ်တင်းလျှင် ယခင်နှစ်က (၃၅၀၀ဝိ/-) သာရှိ၍ ယခုနှစ်တွင် (၄၈၀၀ဝိ/-)ပေးရပါကြောင်း၊ မျိုးမကြဲခင် ထယ်ရေးဖွင့်ရန်အတွက် စက်မောင်းခ တစ်ဧကလျှင် (၁၅၀၀ဝိ/-)ကုန်ကျပါကြောင်း၊ မျိုးကြဲပြီးအပင်ပေါက်စုံပြီး ရက်(၂၀)သားအရွယ်ရောက်ပါက အပင်အားဆေးနှင့်ပိုးသတ်ဆေးကို (၁၀)ရက်တစ်ကြိမ် (၂)မျိုးစပ်၍ ပက်ဖျန်းရသဖြင့် စုစုပေါင်း(၁၀)ကြိမ် လောက်ပက်ဖျန်းရ၍ ဆေးဖိုးကုန်ကျငွေ(၃၀၀၀ဝိ/-)ခန့်ရှိကြောင်း၊ တစ်လ၊ တစ်လခွဲသားအရွယ်တွင် အညွှန်များခူး၍ ရောင်းချရပါကြောင်း၊ အညွှန့်ခူး၍ ရောင်းရငွေမှာ ဆေးဖိုးနီးနီးရရှိပါကြောင်း၊ အသီးပိုမိုထွက်ရှိစေရန် အညွှန့်များကို ခူးပေးရပါကြောင်း၊ ရက်ပေါင်း(၁၀၀)၊(၁၂၀)သားလောက် အပင်သက်တမ်း ကုန်ချိန်တွင် ပဲပင်နုတ်ရန်အတွက် လုပ်သား(၈)ဦးလိုပါကြောင်း၊ တစ်ဦးလျှင်(၂၀၀ဝိ/-)ဖြင့် (၁၆၀၀ဝိ/-)ကုန်ကျပါကြောင်း၊ နုတ်ပြီးသောအပင်များအား တလင်းထဲသို့ လှည်းဖြင့်သယ်ယူခ လှည်း(၂)စီးအတွက်(၇၀၀ဝိ/-)ကုန်ကျပါကြောင်း၊ ၎င်းအပင်များအား ချွေလှေ့စက်ဖြင့် ချွေခတစ်တင်းလျှင် (၁၅၀ဝိ/-)ပေး၍ချွေပါကြောင်း၊ တစ်ဧကအနေဖြင့် တင်း(၂၀)ကျော်ထွက်ရှိပါကြောင်း ဈေးနှုန်းဈေးကွက်အနေဖြင့်ယခင်နှစ်က(၃၅၀၀ဝိ/-)သာရရှိခဲ့သော်လည်း ယခုနှစ်တွင်တစ်တင်းလျှင် (၄၁၀၀ဝိ/)ဖြင့် ရောင်းချရသည့်အတွက် တစ်ဧကအကျိုးအမြတ်မှာ (၆၂၀၀၀ဝိ/-)အကျိုးအမြတ်ရရှိပါကြောင်း၊ ဈေးကွက်အနေဖြင့် မကွေး၊ မင်းဘူး၊ ကျောက်ပန်းတောင်းမြို့များသို့ သွားရောက်ရောင်းချပါကြောင်း၊ တစ်ဧကအနေဖြင့် ကုန်ကျစရိတ်မှာ (၂၀၀၀၀ဝိ/-)ခန့်ကုန်ကျကြောင်း၊ တောင်သူဦးဇော်လင်းအောင်မှာ အပင်အားဆေးနှင့် ပိုးသတ်ဆေးဖျန်းခြင်းကို ကိုယ်တိုင်ဆောင်ရွက်သည့်အတွက် ကုန်ကျစရိတ်သက်သာကြောင်း ၎င်း၏ ပြောကြားချက်အရ သိရှိရပါသည်။

        ယခုနှစ်အဖို့ သီးနှံများဈေးကောင်းရ၍ ပွင့်ဖြူဒေသမှတောင်သူများမှာ အကျိုးအမြတ်များစွာရရှိသည့်အတွက် တောင်သူပြုံးပျော်ရသည့်နှစ်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မကွေး)

       

ပြည်ကုန်စည်ဒိုင်၏ ပဲအမျိုးအစားအလိုက်ယခင်လ၊ ယခုလ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

စဉ်

ပစ္စည်း

အမျိုးအမည်

ယခင်လ ၂၀၂၂

ဇန်နဝါရီလ

ယခုလ ၂၀၂၂ ဖေဖော်ဝါရီလ

မှတ်

ချက်

အရေ

အတွက်

(တန်)

ကျပ်ထောင်

အရေ

အတွက်

(တန်)

ကျပ်ထောင်

မြေပဲ

၇၂၀

၁၀၈၀၂၅၅

၈၀၀

၁၃၂၂၇၆၂

 

မတ်ပဲ

၃၇၀

၅၁၅၄၇၉

၄၁၀

၅၂၇၂၆၇

 

ပဲတီစိမ်း

၇၀၀

၈၅၇၃၄၆

၅၀၀

၆၄၃၀၀၉

 

ပဲစင်းငုံ

၅၃၀

၆၈၉၇၀၄

၆၀၀

၇၈၉၉၈၃

 

ကုလားပဲ

၄၀၀

၅၇၅၆၄၆

၄၉၀

၆၉၀၁၆၃

 

ဘိုကိတ်

၉၈

၁၁၂၅၂၆

၁၀၂

၁၁၅၅၅၇

 

 

စုစုပေါင်း

၂၈၁၈

၃၈၃၀၉၅၆

၂၉၀၂

၄၀၈၈၇၄၁

 

 

               ပြည်ခရိုင်၊ ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်အနေဖြင့် နှစ်စဉ်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများမှာ အများဆုံးအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်လနှင့် ယခုလ အရောင်းအဝယ်ဖြစ်မှု နှင့် ဈေးနှုန်းအခြေအနေများအား အောက်ပါအတိုင်းလေ့လာသိရှိရပါသည်။

မတ်ပဲ

          ပြည်မြို့ရှိကုန်စည်ဒိုင်တွင် ယခင်လဇန်နဝါရီလ ပထမပတ်တွင် ပဲတစ်တင်းကို ၄၁၅၀၀ကျပ်၊ ဒုတိယပတ်တွင် ၄၃၈၀၀ - ၄၄၅၀၀ကျပ်ဖြင့် တစ်နေ့လျှင်အိတ် ၂၀၀/၂၅၀ခန့် အရောင်း အဝယ် ဖြစ်ခဲ့ပါသည်။ တတိယပတ်တွင် ၄၅၀၀၀-၄၅၅၀၀ကျပ်ထိ ဈေးမြင့်ခဲ့ပြီး စတုတ္တပတ်တွင် ၄၂၅၀၀-၄၃၅၀၀ကျပ်ဖြင့် တစ်နေ့လျှင်အိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်ဝယ်လက်ရှိခဲ့ပါသည်။ ဖေဖော်ဝါရီ ပထမပတ်တွင် ဈေးကျလာပြီး ပဲတစ်တင်းလျှင် ၄၀၀၀၀-၄၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ပါသည်။ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ၃၈၀၀၀-၃၉၀၀၀-၃၉၅၀၀ကျပ်ထိ ဈေးကျခဲ့ပြီး တစ်နေ့လျှင် အိတ် ၁၅၀/၂၀၀ခန့် ရန်ကုန်အဝယ်ရသည့်အတွက် တတိယပတ်တွင် ၄၀၃၀၀-၄၁၈၀၀ ကျပ်ထိ ဈေးပြန်တက်လာခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ၄၁၅၀၀-၄၁၇၀၀ကျပ် ဈေးဖြင့် အရောင်း အဝယ် ဖြစ်ပြီး တစ်နေ့လျှင် အိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်သို့တင်ပို့မှုရှိခဲ့ပါသည်။

ပဲတီစိမ်း

          ယခင်လ ဇန်နဝါရီလတွင် ပုံမှန်ဈေးပဲတစ်တင်းကို ၃၈၀၀၀-၃၉၀၀၀-၄၀၀၀၀ကျပ်၊ ထိပ်စ ဈေး ၄၁၀၀၀- ၄၂၀၀၀ကျပ်ခန့်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်နေ့လျှင် အိတ် ၁၅၀/၂၀၀ခန့်၊ မန္တလေး အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ် ပုံမှန်တစ်တင်းကို ၃၉၀၀၀ကျပ်ဈေးဖြင့် ဈေးအေးနေခဲ့ပြီး တတိယ ပတ်တွင်    ထိပ်စတစ်တင်းကို    ၄၂၀၀၀ကျပ်ဈေးဖြင့်    အရောင်း  အဝယ်ရှိခဲ့ပါသည်။ ဖေဖော်ဝါရီ လပထမပတ်တွင် ပုံမှန်တစ်တင်းကို  ၃၈၀၀၀-၃၉၀၀၀ကျပ်၊ ထိပ်စ ၄၂၀၀၀ ကျပ်ဖြင့် ဖေဖော်ဝါရီလ ဈေးငြိမ်နေခဲ့ပြီး လက်ကျန်လည်းနည်းနေပြီဖြစ်ပါသည်။ ရန်ကုန် မန္တလေး အဝယ်ရှိပြီး တစ်နေ့လျှင် အိတ် ၁၅၀/၂၀၀ခန့်သာရှိ၍ အရောင်းအဝယ်လည်းနည်းနေပြီ ဖြစ်ပါသည်။

ပဲစင်းငုံ

          ပြည်ကုန်စည်ဒိုင်ရှိ ပဲစင်းငုံသီးနှံမှာ ယခင်လဇန်နဝါရီလပထမပတ်တွင် ပဲသစ်များလည်း ဝင်စပြုနေပြီး ပန်းတောင်း၊ ကံမ၊ မင်းတုန်းဘက်မှ အဝင်ရှိသည့်အတွက် ပဲတစ်တင်းကို ၃၆၅၀၀ကျပ်ဈေးဖြင့် ဈေးစဖွင့်ခဲ့ပါသည်။ တစ်နေ့လျှင်အိတ် ၂၀၀/၃၀၀ခန့် အဝင်ရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့၍ တစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲဈေးတက်ခဲ့ပြီး ပဲတစ်တင်းကို ၄၂၀၀၀-၄၃၀၀၀ကျပ်ထိ ဈေးမြင့်ခဲ့ပြီး တတိယ ပတ်တွင် ၄၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲတစ်တင်းကို ၄၂၀၀၀-၄၂၂၀၀ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပြီး တစ်နေ့လျှင်အိတ် ၃၀၀/၄၀၀ခန့် ရန်ကုန်ဝယ်လက်နှင့် လှောင်လက်သမားများ အဝယ်ရှိခဲ့ပါသည်။ ယခုလ ဖေဖော်ဝါရီလ ပထမတ်တွင် ပဲစင်းငုံသီးနှံတစ်တင်းကို ၄၃၀၀၀ကျပ် ဒုတိယပတ်တွင်  ၄၁၀၀၀ ကျပ်ဈေးဖြင့် ဈေးကျခဲ့ပါသည်။ တတိယပတ်တွင် ၄၂၀၀၀ကျပ်ဈေးဖြင့် ဈေးပြန်တက်ခဲ့ပြီး ရန်ကုန်ဝယ်လက်အဝယ်ရှိ၍ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲတစ်တင်းကို ၄၃၀၀၀ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး အရောင်းအဝယ်မှာ အိတ် ၃၀၀/၄၀၀ခန့်သာ ရန်ကုန်တင်ပို့မှုရှိခဲ့ပါသည်။

ကုလားပဲ

          ယခင်လ ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲဈေးမြင့်ခဲ့ပြီး ပဲတစ်တင်းကို  ၄၆၅၀၀ကျပ်၊ ဒုတိယပတ်တွင် ၄၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ခွဲစက်သမားနှင့် ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းလျှင် ၄၆၀၀၀ကျပ်၊ စတုတ္ထပတ်တွင် ၄၆၀၀၀ကျပ်ဈေးဖြင့် ဈေးငြိမ်နေခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ကုလားပဲသစ်များ စတင်ဝင်စပြုနေပြီး မင်းတုန်း၊ ကံမနှင့် ပန်းတောင်းဘက်မှ အဝင်ရှိပြီး ပဲသစ်အဖွင့်ဈေးမှာ တစ်တင်းကို ၄၆၀၀၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပါသည်။ ဖေဖော်ဝါရီ ပထမပတ်တွင် ဈေးအနည်းငယ်ကျခဲ့ပြီး တစ်တင်းကို ၄၄၅၀၀-၄၃၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပါသည်။ ဒုတိယပတ်တွင်ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပြီး တတိယပတ်တွင် ၄၁၀၀၀ကျပ်ဖြင့် ဈေးပြန်တက်ခဲ့၍ ဝယ်လက်မှာ ခွဲစက်သမားများ၊ ရန်ကုန်ဝယ်လက်များ တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ ပဲခွဲခြမ်းများကို နယ်စုံအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

ဘိုကိတ်ပဲ

          ယခင်လ ဇန်နဝါရီလတွင် ဘိုကိတ်တစ်တင်းကို ၃၇၅၀၀ကျပ်၊ ယခုလ ဖေဖော်ဝါရီတွင် ပဲတစ်တင်းကို ၃၁၅၀၀ကျပ်ဖြင့် လက်လီ/လက်ကားပါ အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခုလ အရောင်းအဝယ်ဖြစ်မှုမှာ ယခင်လထက် ပိုကောင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

         

ပေါင်းတည်မြို့နယ်ရှိ ဖူးစားပြောင်းစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအားကွင်းဆင်းလေ့လာ

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် (၂၈.၂.၂၀၂၂) နေ့ နေ့လည် (၁:၀၀)အချိန်တွင် မန်ကျည်းပင်အုပ်စု ကံသာရွာရှိ ပြောင်းဖူးစိုက်တောင်သူနှင့် တွေ့ဆုံ၍ ဖူးစားပြောင်းဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။

          ပြည်ခရိုင်တွင် ပြောင်းဖူးစိုက်ဧကမှာ ၁၄၀၀၉ ဧကစိုက်ပျိုးပြီး ပေါင်းတည်မြို့နယ်အနေဖြင့် ၂၅၈ ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ပေါင်းတည်မြို့နယ် မကျည်းပင်အုပ်စု ကံသာရွာရှိ ဖူးစားပြောင်းစိုက်တောင်သူနှင့် တွေ့ဆုံရာတွင် ပြောင်းဖူးစိုက်တောင်သူ မမာမာကြီးမှ ပြောင်းဖူးကို တန်ဆောင်မုန်း လဆန်းတွင် စတင်စိုက်ပျိုးပြီး ပြာသိုလတွင်စတင်ထွက်ရှိပါသည်။ ပြောင်းဖူး တစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ ၇၈၀၀၀၀ခန့်ကုန်ကျပြီး တစ်ဧကလျှင် ပြောင်းဖူး (၁၀၀၀၀)ခန့်ထွက်ရှိသည့်အတွက် တစ်ဖူးလျှင် ၁၃၀-၁၅၀ကျပ်ခန့်အထိ ရောင်းချပါသည်။ ထွက်ရှိလာသော ပြောင်းဖူးများကို ပေါင်းတည်မြို့ရှိ ရန်ကုန်-ပြည် ကားလမ်းဘေးဝဲယာတွင် ပြောင်းဖူးကို အစိမ်းလိုက်ရောင်းချသလို ပြောင်းဖူးဖုတ်၊ ပြောင်းဖူးစေ့ကြော်၊ ပြောင်းဖူးပေါက်ပေါက်နှင့် ပြောင်းဖူးပြုတ်များကို ရောင်းချကြပါသည်။ ထို့ပြင် ဆိုင်ကယ်နှင့် ပြောင်းဖူးများ လိုက်လံရောင်းချသူများရှိကြောင်းကိုလည်း သိရှိရပါသည်။

          ပြောင်းဖူးစိုက်တောင်သူများအနေဖြင့် တစ်ဧကစိုက်ပျိုးလျှင် အသားတင်အမြတ်မှာ ၅၂၀၀၀၀ကျပ် ခန့်ရရှိသဖြင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးပြီး အခြားဒေသများသို့လည်း တင်ပို့ရောင်းချနိုင်လျှင် ပိုမိုအကျိုးအမြတ်များဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မအူပင် မတ်ပဲဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၃.၂၀၂၂)နေ့နံနက် (၁၀:၃၀)အချိန်တွင် တပင်ရွှေထီးဆန်စပါးနှင့် ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံသို့ သွားရောက်၍ မတ်ပဲဈေးနှုန်း မတ်ပဲထွက်ရှိမှု တင်ပို့မှုနှင့် ဈေးကွက် အခြေအနေများကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် တပင်ရွှေထီး ဆန်စပါးနှင့်ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံမှတာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်းရာတွင် လက်ရှိမတ်ပဲတစ်တင်းကို (၄၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နေ့စဉ်မတ်ပဲတင်း(၁၀၀၀)ခန့် လာရောက်ရောင်းချလျှက်ရှိကြောင်း သိရှိရပြီး လာရောက်ရောင်းချသည့် ညောင်ပင်ဂရက်ကျေးရွာမှ ဦးသိန်းသန်းစိုးနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးရာ မိမိမိုးစပါးရိတ်သိမ်းပြီးချိန်တွင် မတ်ပဲများစိုက်ပျိုးခဲ့ပြီး သွင်းအားစုအနည်းငယ်သာ အသုံးပြု၍ တစ်ဧကလျှင် (၁၀)တင်းနှုန်းခန့်ထွက်ရှိပြီး ယခုဈေးနှင့် ရောင်းရသည့်အတွက် တွက်ခြေကိုက်မှုရှိကြောင်း ပြောကြားခဲ့ပါသည်။

         ထို့အပြင် စစ်ချောင်းကျေးရွာမှတောင်သူဒေါ်သန်းဌေးနှင့်တွေ့ဆုံရာ ညောင်ပင်ဂရက်ကျေးရွာသည် အနိမ့်ကွင်းဖြစ်ပြီး ကုန်းတန်းဖြစ်သော စစ်ချောင်း၊ နတ်စဉ်၊ ကျွဲဒုံး ကျေးရွာများတွင် တစ်ဧက လျှင်မတ်ပဲ(၁၈)တင်းခန့် ထွက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

          တပင်ရွှေထီးဆန်စပါးနှင့် ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံအနေဖြင့် နေ့စဉ်ဝယ်ယူရရှိသော မတ်ပဲများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ရွှေပြည်သာစက်မှုဇုန်သို့ အဆက်မပြတ်ပေးပို့လျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံ၌ ကုလားပဲစိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

        မြန်မာနိုင်ငံ၏အလယ်ပိုင်း အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းတွင်ပါဝင်သော မြင်းခြံခရိုင်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကို အဓိကထား စိုက်ပျိုးလေ့ရှိကြပါသည်။ကုလားပဲစိုက်ပျိုးမှုအနေဖြင့် ဗမာကုလားပဲ(ဝါ)၊အထွက်တိုး ကုလားပဲ၊ကုလားပဲဖြူလုံးကြီးခေါ် V2၊V7၊929 စသည်ဖြင့် အမျိုးအစားများစွာ စိုက်ပျိုးကြပါသည်။ကုလားပဲသီးနှံကို စိုက်ပျိုးမှုအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ၊ဖေဖော်ဝါရီလ၊မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ် လေ့ရှိကြောင်း သိရှိရပါသည်။

     ကုလားပဲစိုက်ဧကများအနေဖြင့် မြင်းခြံခရိုင်တွင် ယခုနှစ်စိုက်ပျိုးထားရှိမှုဧကမှာ(၃၀၁၄၂) ဧက စိုက်ပျိုးခဲ့ပြီး၊ယခင်နှစ် ကာလတူစိုက်ဧကမှာ (၂၉၈၃၈)ဧကသာ စိုက်ပျိုးနိုင်ခဲ့သဖြင့် (၃၀၄)ဧက ခန့် ယခုနှစ်တွင် ပိုမို၍စိုက်ပျိုးလာနိုင်ကြောင်း သိရှိရပါသည်။ခရိုင်အတွင်း မြို့နယ်များအလိုက် စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင်(၁၀၈၈၃)ဧက၊ တောင်သာမြို့နယ်တွင်(၇၀၅၆)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၈၃၁၆)ဧက၊ငါန်းဇွန်မြို့နယ်တွင်(၃၈၈၇)ဧက စသည်ဖြင့် အသီးသီးစိုက်ပျိုးခဲ့ကြပြီး ယခုအချိန်တွင် နွားထိုးကြီးမြို့နယ်ရှိ စိုက်ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် တစ်ဧကပျမ်းမျှ အထွက် နှုန်းမှာ(၆.၅၃)တင်းဖြင့် တင်းပေါင်း(၅၄၃၀၃)တင်း ထွက်ရှိခဲ့ကြောင်းသိရပါသည်။

     အညာဒေသဖြစ်သော မြင်းခြံခရိုင်တွင် ကုလားပဲကို ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင်တစ်ရာသီသာ စိုက်ပျိုးကြပါသည်။ကုလားပဲ၏ အရသာမှာ ချိုစိမ့်ပြီး နှုတ်ကိုမြိန်စေလျက် ခွန်အားကို ဖြစ်စေ၍ မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးလေ့ရှိကြပြီး ထမင်းစားသုံးရာတွင် ပဲဟင်း၊ ကုလားနှပ်အဖြစ် လည်းကောင်း၊အလှူမင်္ဂလာပွဲများတွင်လည်း တွင်ကျယ်စွာ စားသုံးလေ့ရှိသော အဓိကပဲတစ်မျိုးဖြစ်ပြီး၊ ပဲခြမ်းကြော်၊ကုလားပဲလုံးကြော်၊ ကုလားပဲမှုန့်၊ ကုလားပဲချောင်းကြော်စသည့်အစားအသောက်များအဖြစ်လည်း ပြုလုပ်၍ စားသုံးလေ့ရှိကြပါသည်။

    ကုလားပဲဈေးနှုန်းများအနေဖြင့် ယခင်နှစ်ကာလတူ ကုလားပဲဖြူလုံးကြီးV2 တစ်ပိဿာလျှင် (၁၃၀၀)ကျပ်ဈေးရှိခဲ့သော်လည်း၊ယခုနှစ် ကာလတူတွင်တစ်ပိဿာလျှင်(၂၁၅၀)ကျပ်ထိ ပေါက်ဈေးရှိ၍ ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသော ပဲမျိုးစုံ များအနက် ကုလားပဲမှာ လူကြိုက်များပြီး စားသုံးမှုအမြင့်ဆုံးဖြစ်ကြောင်းသိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း