Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဒေသရဲ့ ဩဇာသီးဈေးကွက်

         ပြည်ဈေးကွက်သို့ ယခု ဩဂုတ်လ အတွင်းတွင် ဩဇာသီးများစတင်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဩဇာသီးများကို ပန်းတောင်းမြို့နယ်ဘက်ရှိ ကျေးရွာများဖြစ်သော ဗြူးကုန်းရွာ၊ ရွှေဘုံသာရွာ၊ ညောင်ပင်သာရွာ၊ ရွာသစ်ရွာနှင့် သစ်စိမ့်ပင်ကျေးရွာများမှ ဝင်ရောက်မှုရှိသလို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာနှင့် တောင်လုံးညိုကျေးရွာတို့မှ လာရောက် ရောင်းချသည်ကို တွေ့ရှိရပါသည်။ ဩဇာသီးဈေးများမှာ ပေါ်ခါစဖြစ်သဖြင့် အကြီးတစ်လုံးလျှင် ၅၀၀-၈၀၀ကျပ်ခန့်ရှိပြီး၊ အသေးတစ်လုံးလျှင် ၃၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ စားသုံးသူများအနေဖြင့် ဩဇာသီးကို ကြိုက်နှစ်သက်ကြသဖြင့် ပေါ်ခါစတွင် ဈေးကောင်းပေး၍ ဝယ်ယူကြသည့်အတွက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်နှမ်းအရောင်းအဝယ်ဖြစ်ပြီး ဈေးဆက်လက်မြင့်တက်

         ပြည်ဈေးကွက်သို့ ဩဂုတ်လ စတုတ္ထပတ်တွင် မြန်အောင်၊ ကြံခင်း၊ မိုးညို၊ ကြို့ပင်ကောက်၊ ပန်းတောင်း၊ ဥသျှစ်ပင်နှင့် ပေါက်ခေါင်းဘက်မှ နေ့စဉ်ဝင်ရောက်မှုရှိသဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်လျှက်ရှိပါသည်။ နှမ်းအထွက်လှိုင်လာချိန်ဖြစ်သဖြင့် နေ့စဉ်ဝင်ရောက်မှုမှာ နှမ်းအိတ် (၁၀၀၀)ခန့် ဝင်ရောက်မှုရှိသည်ကို တွေ့ရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ ဝင်သလောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မန္တလေးဝယ်လက်များသည် နှမ်းနက်များကို အဝယ်ရှိပြီး၊ ဆီစက်လုပ်ငန်းရှင်များမှာ နှမ်းနီကိုအဝယ်ရှိသဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ပုံမှန် ဖြစ်လျှက်ရှိပါသည်။ နှမ်းဈေးများမှာ နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၂၃၀၀၀၀ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၂၄၀၀၀၀ကျပ် နှင့် စမုံနက်နှမ်း(၃)တင်းတစ်အိတ်လျှင် ၂၆၀၀၀၀ ကျပ်ဖြင့် ယခင်ဩဂုတ်လ ဒုတိယပတ်ထက်စာလျှင် (၃)တင်းတစ်အိတ်လျှင် ၃၅၀၀၀-၄၀၀၀၀ ကျပ်ခန့် ဈေးများ ဆက်လက်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာလျှင် ၁၂၀၀၀-၁၃၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြေပဲဆန်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်

      ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ယခုဩဂုတ်လ စတုတ္ထပတ်တွင် ဈေးငြိမ်နေသည်ကို တွေ့ရှိ ရပါသည်။ ပြည်-အောင်ကြားရှိကျေးရွာများမှ နေ့စဉ်အဝင်ရှိသလို ဝက်ထီးကန်နှင့် ရွှေတောင် ဘက်မှလည်း နေ့စဉ်အဝင်ရှိသဖြင့် တစ်နေ့လျှင် မြေပဲဆန်အိတ် ၁၀၀၀ခန့်ဝင်ရောက်မှုရှိပါသည်။ ဝင်ရောက်လာသောမြေပဲဆန်များမှ လုံးဆန်ကိုမြဝတီဝယ်လက်များက အဝယ်ရှိသလို ဆီဆန်ကို ဆီစက်သမားများက အဝယ်ရှိသဖြင့် တစ်နေ့လျှင်အိတ် (၁၀၀၀) ခန့် ဝင်သလောက် အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ ဝင်ရောက်မှုရှိပြီး အရောင်းအဝယ်ဖြစ်သော်လည်း မြေပဲဆန်ဈေးမှာ ယခင်ဩဂုတ်လ ဒုတိယပတ်အတိုင်း ငြိမ်နေသည်ကို တွေ့ရှိရပါသည်။ မြေပဲဆန်စျေးများမှာ ဆီဆန် တစ်ပိဿာလျှင် ၅၈၀၀ကျပ် နှင့် လုံးဆန်တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်လျှက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဝယ်လက် မတ်ပဲနှင့်ပဲစင်းငုံဈေးနှုန်းများမြင့်တက်လာခဲ့

       ပြည်ပဲမျိုးစုံ ဈေးကွက်တွင် ပြည်ပဝယ်လက်ပဲများ ဈေးပြန်လည်မြင့်တက်လာခဲ့သောကြောင့် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများမှာ ကျပ် ၆သောင်းကျော်အထိ ဈေးမြင့်လာခဲ့ကြပါသည်။ ဩဂုတ်လ ဆန်း ရက်က မတ်ပဲနှင့် ပဲစင်းငုံသီးနှံဈေးမှာ ကျပ် ၆သောင်းအောက်သာရှိခဲ့ပြီး မတ်ပဲ ဈေးနှုန်းသည် ပဲစင်းငုံဈေးထက် ဈေးပိုနေသော်လည်း ယခုရက်ပိုင်းတွင်  ပဲစင်းငုံဈေးနှုန်း သိသိသာသာ မြင့်တက်လာခဲ့သောကြောင့် မတ်ပဲသီးနှံဈေးထက် ဈေးပိုမြင့်တက် အရောင်းအဝယ် ဖြစ်လျှက်ရှိခဲ့ပါသည်။ ပဲလက်ကျန်များရှိခဲ့သော်လည်း နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရက်ခြားသာ ရောင်းဝယ်မှု ဖြစ်ခဲ့ ကာ အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ် ၂၀၀/၃၀၀ကျော်ထိ ရောင်းချမှုရှိခဲ့ပါသည်။ ရန်ကုန် ဝယ်လက်အဓိကထားဝယ်ယူသော်လည်း လှောင်ပဲသမားများမှာ ဈေးအခြေအနေပေါ်မူ တည်၍ တစ်ချို့ကလည်း ရောင်းချမှုမရှိသေးကြောင်း သိရှိရပါသည်။ ယခင်နှစ်များက ယခုကာလတွင် မတ်ပဲနှင့်ပဲစင်းငုံသီးနှံမှာ မတ်ပဲတစ်တင်း ၄၄၀၀၀ ကျပ်နှင့် ပဲစင်းငုံတစ်တင်း ၃၈၅၀၀ကျပ် တို့ဖြင့် ရောင်းဝယ်ခဲ့ကြသည့်အတွက် ယခုနှစ်တွင် ပဲဈေးနှုန်းများသည် အမြင့်ဈေးတွင်  ရောင်းဝယ်လျှက်ရှိခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲကြီးသီးနှံဈေးကွက် ဈေးမြင့်တက် အရောင်းအဝယ်ဖြစ်

    ပြည်ပဲဈေးကွက်အတွင်း ဈေးမြင့်တက်နေသော်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေသော ပဲသီးနှံမှာ  ပဲကြီးသီးနှံဖြစ်နေပြီး ပဲကြော်ဖိုလုပ်ငန်းသမားများ ဝယ်ယူလျှက်ရှိခဲ့ကြပါသည် ။  တစ်ခါတစ်ရံ ရန်ကုန်ဝယ်လက်သမားအချို့ ဝယ်ယူမှုရှိသော်လည်း ဒေသတွင်း ဝယ်လက်သမားများမှာ ဝယ်လိုအား ပိုကောင်းခဲ့သောကြောင့် နေ့စဉ်အိတ် ၂၀၀/၃၀၀ကျော် အဝယ်ရှိခဲ့ကြပါသည်။  ပဲဈေးနှုန်းမှာ ရွှေကျွန်းတစ်တင်း ၇၆၀၀၀ကျပ်၊ ကမ်းနားတစ်တင်း ၇၃၀၀၀ကျပ် တို့ဖြင့် အသီးသီး ရောင်းဝယ်လျှက်ရှိပြီး ယခင်အပတ်ကထက် ဈေးပိုမြင့်တက်လာသလို ယခင်နှစ်က ဈေးထက်လည်း ဈေးပိုရခဲ့ပါသည်။  ယခင်နှစ်က ဩဂုတ်လအတွင်း ပဲဈေးနှုန်းမှာ တစ်တင်း ၅သောင်းကျပ်နှင့် အထက် ၆သောင်းနီးပါးရလို့ ပဲဈေးကွက်မှာ ဈေးအမြင့်ရခဲ့သော်လည်း ယခုနှစ်တွင် ဈေးထပ် မမြင့်တက်ခဲ့၍ ပြည်တွင်းဝယ်လိုအား ပဲဈေးကွက်မှာ ဈေးကောင်းဝင်သီးနှံဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အဝင်ရှိပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ချင်းနှင့် ပြည်ဒေသထွက် မန်ကျည်းမှည့်ဟောင်း နယ်တင်ပို့မှုရှိနေ

     ယခုအပတ် ပြည်ချင်းဈေးကွက်သို့ အောင်ပန်းချင်းများ တစ်နေ့လျှင် ၁၅ပိဿာဝင် အိတ် ၂၀၀ခန့် အဝင်ရှိပါသည်။ အရောင်းအဝယ်အနည်းငယ်အေးနေပြီး ဒါးလှီးချင်းဖက်သမားများနှင့် လက်လီသမားတို့သာ အဝယ်ရှိနေကြောင်း သိရှိရပါသည်။ ယခု ဩဂုတ်လ စတုတ္ထပတ် ချင်းဈေး များမှာ ချင်းတက်ပွဲရုံဈေး တစ်ပိဿာလျှင် ၁၄၀၀-၁၅၀၀ကျပ်နှင့် လက်လီဈေးတစ်ပိဿာလျှင် ၂၂၀၀-၂၃၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိပြီး ယခင်အပတ်ထက်စာလျှင် တစ်ပိဿာလျှင် ၂၀၀ကျပ် ဈေးမြင့်လာခဲ့ပါသည်။

     မန်ကျည်းမှည့် ပွဲရုံများတွင် ကျောက်ပန်းတောင်း၊ ပျော်ဘွယ်စသည့် အညာဒေသထွက် မန်ကျည်းမှည့်များ ဝင်ရောက်မှု့အနည်းငယ်ရှိနေပါသည်။ မန်ကျည်းမှည့်ဈေးများမှာ ပွဲရုံဈေး တစ်ပိဿာလျှင် ၃၈၀၀-၄၀၀၀ကျပ် ဖြစ်ပြီး ဒေသထွက်မန်ကျည်းမှည့် လက်ကျန်အဟောင်းဈေးမှာ ပွဲရုံဈေး တစ်ပိဿာလျှင် ၃၅၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဒေသထွက် မန်ကျည်းမှည့်အား ရန်ကုန်နှင့် ရခိုင်သို့ အပတ်စဉ် ပုံမှန်အဝင်ရှိနေသောကြောင့် နယ်တင်ပို့မှုဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကြက်သွန်ဖြူ အရောင်းအဝယ်အေး

       ပြည်ကြက်သွန်ဖြူ ပွဲရုံများတွင် ယခင်ရက်များက ဒေသတွင်းရှိ လက်လီ/လက်ကား ဝယ်ယူသူများ အခြားမြို့နယ်များနှင့် တိုင်းများမှ အဝယ်ရှိနေခဲ့သည့်အတွက် အရောင်းအဝယ် ကောင်းခဲ့သော်လည်း ယခုရက်ပိုင်းတွင်  အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ဈေးနှုန်း အနေဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်လာသည်ကို တွေ့ရှိရပါသည်။ ယခင်ကတစ်နေ့ကို အိတ် ၂၀၀ မှ ၃၀၀အတွင်း ရှမ်းပြည်နှင့် မန္တလေးမှ အဝင်ရှိသော်လည်း ယခုရက်ပိုင်းတွင် တစ်ရက်ကို အိတ် ၁၀၀ မှ ၁၅၀ အတွင်းသာ အဝင်ရှိနေသောကြောင့် အဝင်နည်းနေသည့်အတွက် ကြက်သွန်ဖြူ ဈေးမြင့် တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ရှမ်းစတစ်ပိဿာလျှင် လက်ကား(ပွဲရုံဈေး) ကျပ် ၃၂၀၀-၃၅၀၀-၃၆၀၀၊ လက်လီဈေး ကျပ် ၃၅၀၀-၄၀၀၀ဈေးရှိ၍ ကြူကုတ် တစ်ပိဿာ လက်ကား (ပွဲရုံဈေး) ကျပ် ၄၀၀၀-၄၁၀၀၊ လက်လီ တစ်ပိဿာလျှင် ကျပ် ၄၀၀၀-၄၅၀၀ဖြင့် အရောင်းအဝယ် အေးနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်အာလူးဈေးငြိမ်

      ပြည်ဈေးကွက်တွင် အာလူးတစ်ပိဿာလျှင် ယခင်အပတ်ကထက် လက်ကားဈေးတစ်ပိဿာ ၁၅၀၀-၁၇၀၀-၁၈၀၀-၂၀၀၀ ကျပ်၊ လက်လီဈေး ကျပ် ၂၅၀၀-၂၈၀၀ ဖြင့် ဒေသတွင်း လက်လီ လက်ကား ဝယ်ယူသူများနှင့် အခြားခရိုင်နှင့် တိုင်းများသို့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ရောင်းအဝယ်အေးနေကြောင်း သိရှိိရပါသည်။ ရှမ်းအာလူးများတစ်နေ့လျှင် အိတ် ၅၀ မှ အိတ်၁၀၀အတွင်း အဝင်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေးတစ်ပိဿာလျှင် ကျပ် ၂၀၀၀-၂၂၀၀-၂၃၀၀၊ လက်လီဈေးတစ်ပိဿာလျှင် ကျပ် ၂၄၀၀-၂၅၀၀ဈေးဖြင့် အာလူးအရွယ်အစားပေါ်လိုက်၍ ဈေးနှုန်းကွာခြားမှုများလည်း ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဆေးဖက်ဝင်ကျောက်ဖယုံသီးများ လှိုင်လှိုင်ပေါ်ပြီ

      တောင်ငူမြို့ရှိ ဈေးများတွင် ကျောက်ဖယုံသီးများ လှိုင်လှိုင်ဝင်ရောက်နေပြီ ဖြစ်ပါသည်။ ကျောက်ဖယုံသီးကို ကျေးရွာများတွင် တပိုင်တနိုင်စိုက်ပျိုးကြပါသည်။ မိုးရာသီတွင် ဖြစ်ထွန်းသော ကျောက်ဖယုံသီးများမှာ ယခုအခါတွင် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်ထွန်းလျှက် ရှိနေပါ သည်။ ကျောက်ဖယုံသီးသည် မြန်မာတို့အတွင် ထမင်းမြိန်စေသည့် ရာသီပေါ်ဟင်းတစ်ခွက် ဖြစ်ပါ သည်။

      ကျောက်ဖယုံသီးသည် အခွံမာသော်လည်း အသားမှာ နူးညံ့၍ အရသာကောင်းပြီး ဆေး ဖက်လည်းဝင်ပါသည်။ ကျောက်ဖယုံသီးကို စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ချေ လျော့ကျသည်ဟု မှတ်သားရပါသည်။ ကျောက်ဖယုံသီးသည် ကယ်လိုရီနည်းပြီး အမျှင်ဓါတ်၊ ရေ ဓါတ်များ ကြွယ်ဝသဖြင့် ကျန်းမာရေးကို အထောက်အကူပြုသည့် သစ်သီးဝလံ တစ်မျိုးဖြစ်ပါသည်။

     တောင်ငူမြို့ ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးသည့် ကျောက်ဖယုံသီးများမှာ ယခုအခါ  တောင်ငူမြို့ရှိ ဈေးအသီးသီးသို့ ဝင်ရောက်လာပြီဖြစ်ပါသည်။ ဈေးနှုန်းမှ အလုံးအကြီးအသေးအပေါ် မူတည်၍ တစ်လုံးလျှင် ၄၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးမှ ကျောက်ဖယုံသီးရောင်းချသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့ ရွှေနီငှက်ပျောသီးဈေးကွက်

       ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတွင် ရွှေနီငှက်ပျော၊ သီးမွှေးငှက်ပျော၊ ဖီကြမ်း ငှက်ပျောနှင့် ရခိုင်ငှက်ပျောကိုစိုက်ပျိုးကြရာတွင် ဈေးကွက်အတွင်း ရွေနီငှက်ပျောမှာ ဈေးကောင်း ရလျက်ရှိပါသည်။ ငှက်ပျောသီးကို စားသုံးမှုအတွက်မကဘဲ မြန်မာ့ယဉ်ကျေးမှုအရ ဘုရားပွဲ၊ နတ်ပွဲများတွင်လည်း အသုံးပြုကြသဖြင့် ဈေးကွက်ခိုင်မာသော သစ်သီးဝလံတစ်မျိုး ဖြစ်ပါသည်။

     ရွှေနီငှက်ပျောသည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်၊  ဘောကလိ၊ လိပ်သို၊ ယာဒို၊ သံမိုးတောင်၊ မြင်းသီလာ၊ ထုံးဘိုကြီး၊ တောပြာကြီး၊ ရေတံခွန် ကျေးရွာနှင့် တောင်ငူ ခရိုင်၊ ရေတာရှည်မြို့နယ် ရေနီမြို့များမှ ထွက်ရှိပြီး တောင်ငူမြို့သို့ အများဆုံး တင်သွင်းလျက်ရှိသော ပို့ကုန်တစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။ တောင်ငူမြို့သို့ အဝေးမှလာရောက်လည်ပတ်ကြသော မိတ်ဆွေများအား လက်ဆောင်ပေးရာတွင် ရွှေနီငှက်ပျောမှာလည်း မျက်နှာကောင်းရသော သစ်သီး ဝလံ တစ်မျိုးဖြစ်ပါသည်။

      ယင်းသံတောင်ကြီးဒေသထွက် ငှက်ပျောသီးများအား တောင်ငူမြို့၊ ဘုရင့်နောင်ဈေးရှိ ငှက်ပျောသီးဆိုင်များသို့ တင်သွင်းလျက်ရှိသည်။ ငှက်ပျောသီး ဈေးကွက်ဈေးနှုန်းများအနေဖြင့် ရွှေနီငှက်ပျောသီး အကြီးတစ်ဖီးလျှင် ၅၀၀၀ ကျပ်၊ အလတ်တစ်ဖီးလျှင် ၃၀၀၀ ကျပ် နှင့် အသေးတစ်ဖီးလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအတွင်းရှိ ငှက်ပျောသီးဆိုင်များမှ စုံစမ်းသိရှိခဲ့ပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း