Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လိမ္မော်သီးများ ဈေးကောင်းရရှိနေ

             လိမ္မော်သီးသည် အေးမြသောရာသီဥတုတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ရွာငံ၊ရပ်စောက်၊ပင်းတယနှင့် မိုင်းကိုင်မြို့နယ်များ၌ အများအပြားစိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် လိမ္မော်သီး (၁၀၉၉၆)ဧကစိုက်ပျိုးပြီး (၂၁၀၇၈၀) တန် စိုက်ပျိုးထွက်ရှိပြီး၊  လိမ္မော်သီးတစ်ပင်လျှင် တစ်နှစ်အသီးထွက်ရှိမှုနှုန်းမှာ (၁၀)ပိဿာမှ (၁၂)ပိဿာခန့်အထိ ထွက်ရှိပြီး ဒေသတွင်းစားသုံးမှုဖူလုံသည့်အပြင် မြန်မာနိုင်ငံအနှံ့အပြားသို့ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့ရှိ ပွဲရုံများမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

              ရှမ်းပြည်နယ်(တောင်ပိုင်း)မှထွက်ရှိသော လိမ္မော်သီးလက်ရှိဈေးနှုန်းမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး) (၁၇၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ဈေးကွက်၌အရောင်းအဝယ် ပြုလုပ်လျက်ရှိပါသည်။ ယခင်နှစ်က လိမ္မော်သီးတစ်ပိဿာ ကျပ်(၈၀၀-၁၀၀၀)ရရှိရာမှ ယခုနှစ်တွင် တစ်ပိဿာ ကျပ်(၁၇၀၀-၂၀၀၀)ထိ ဈေးကောင်းရရှိခဲ့သဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။ လိမ္မော်သီးအရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိပြီး တစ်ပိဿာလျှင် (၁၉)လုံးမှ (၂၀)လုံးပါအရွယ်အစားရှိ လိမ္မော်သီးဈေးနှုန်းမှာ (၁၄၀၀)ကျပ်၊ (၁၄)လုံးမှ (၁၅)လုံးပါ အရွယ်အစား တစ်ပိဿာလျှင် (၁၇၀၀)ကျပ်နှင့် (၁၂)လုံးမှ (၁၃)လုံးပါ အရွယ်အစားတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရွယ်အစားအပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရပါသည်။ လိမ္မော်သီးသည် နှစ်စဉ် နိုဝင်ဘာလတွင် စတင်ထွက်ပေါ်ပြီး ဇန်နဝါရီလတွင် ကုန်ဆုံးကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

ပြည်တွင်းစျေးကွက်ကောင်းရရှိနေသည့် ပဲခူးသကြားစက်များ

              မြန်မာနိုင်ငံ၏ ပထဝီအနေအထား ၊ ရာသီဥတု ၊ ရေမြေတောတောင်တည်ရှိမှုများ ပေါ်မူတည်၍ ကြံစိုက်ပျိုးထွက်ရှိမှုများလည်း ကွာခြားလျှက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးသည် ဆန်၊ စပါး၊ ပဲမျိုးစုံအပြင် စက်မှုသီးနှံဖြစ်သော ကြံသီးနှံကိုလည်း စိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ စိုက်ဧကအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ခင်းသစ် (၃၂၇၃၂) ဧက ၊ လမိုင်း (၁၅၂၃၆)ဧက ၊ စုစုပေါင်း (၄၇၉၆၈)ဧက စိုက်ပျိုး၍  ပြည်ခရိုင်တွင်   ပျှမ်းမျှအထွက်နှုန်း တစ်ဧကလျှင် (၂၂) တန်ရှိသောကြောင့် ကြံတန်ချိန်ပေါင်း (၇၁၄၆၂၈) ထွက်ရှိရန်လျာထားပြီး တောင်ငူခရိုင်တွင် ပျှမ်းမျှ အထွက်နှုန်း(၂၂.၇၇) တန်ထွက်ရှိ၍ ကြံတန်ချိန်ပေါင်း (၃၆၁၄၅၂)တန်ထွက်ရှိရန် လျာထားကြောင်း သိရှိရသည်။

             ပဲခူးတိုင်းဒေသကြီးတွင် ကြံစိုက်ပျိုးသကဲ့သို့ သကြားစက်များလည်း ကြိတ်ခွဲလည်ပတ်လျက်ရှိရာ ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ်တွင် အင်းငါးခွသကြားစက်၊ ပြည်မြို့နယ်တွင် နဝဒေးသကြားစက်၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ဗောဓိကုန်းသကြားစက် ၊ ရေတာရှည်မြို့နယ်တွင် အောင်ချမ်းသာသကြားစက်နှင့် မြို့လှသကြားစက် ၊ ဖြူးမြို့နယ်တွင် ဇေယျဝတီသကြားစက်တို့ တည်ရှိပါသည်။

ကြံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

             ပဲခူးတိုင်းဒေသကြီးအတွင်း ကြံစိုက်ပျိုးသီးနှံကို ပြည်ခရိုင်ရှိ မြို့နယ်(၆)မြို့နယ်နှင့် တောင်ငူခရိုင်ရှိ  မြို့နယ် (၅)မြို့နယ်တွင်  အဓိကထား စိုက်ပျိုးလျက်ရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ဧကပေါင်း (၄၇၉၆၈) ဧက စိုက်ပျိုးပြီး စုစုပေါင်း ၁၀၈၀၂၄၆တန် ထွက်ရှိကြောင်း သိရှိရပါသည်။

ကြံစိုက်တောင်သူများ၏ တစ်ဧကအပေါ် အကျိုးအမြတ်

            ကြံစိုက်တောင်သူများသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကြံ (၁)ဧကကုန်ကျစရိတ်အနေဖြင့် (၇)သိန်းဝန်းကျင်ခန့် ကုန်ကျလျက်ရှိပြီး ကြံ(၁)တန် စက်ရုံအရောက်ဝယ်စျေးမှာ ခင်းသစ်ကြံ ၄၀၀၀ဝိ-/ ကျပ် ၊ လမိုင်းကြံ ၃၆၀၀ဝိ-/ ကျပ်ဖြင့် ဝယ်ယူကြောင်း သိရှိရပါသည်။ ကြံစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ကြံတစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ သွင်းအားစုများ စျေးမြင့်ခြင်း၊ ထွန်ယက်ခစျေး ကြီးမြင့်လာခြင်းတို့ကြောင့် ခုတ်သိမ်းပြီးစက်အရောက် ကုန်ကျစရိတ်မှာ တစ်ဧကလျှင် (၇၅၀၀၀၀ - ၈၀၀၀၀၀)ကျပ် ကုန်ကျသည်ကို သိရှိရပြီး ကြံတစ်တန်စက်အရောက် ပေးချေမှုနှုန်းမှာ (၅၄၀၀၀-၅၅၀၀၀)ကျပ် ရရှိသည့်အတွက် ကြံတစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း (၂၂)တန်ခန့်ထွက်ရှိပါက တစ်ဧကဝင်ငွေအဖြစ် ( ၁၁၈၈၀၀၀-၁၂၁၀၀၀၀)ကျပ်ခန့်ရရှိပြီး  တစ်ဧကလျှင် (၃၈၀၀၀၀)ကျပ်မှ (၄၀၂၀၀၀)အထိ အကျိုးအမြတ်ရရှိ၍ အထွက်နှုန်းနှင့် အရည်အသွေးပေါ် မူတည်၍ အကျိုးအမြတ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

သကြားစက်များ၏ သကြားထုတ်လုပ်နိုင်မှုအခြေအနေ

            တောင်ငူခရိုင်  ၊ ရေတာရှည်မြို့နယ်ရှိ ( Delicious Company ) သကြားစက်သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကြံတန်ချိန် (၅)သောင်းဝယ်ယူရန်လျာထားပြီး သကြားတန်ချိန် (၅၀၀၀)တန်ထွက်ရှိရန် လျာထားကြောင်း၊  မြို့လှရှိ ( Gate Way )သကြားစက်သည် ကြံတန်ချိန် (၇၀၀၀၀) တန် လျာထားဝယ်ယူ၍ သကြားတန်ချိန် (၇၀၀၀)တန်ခန့်ထုတ်လုပ်ရန် လျာထားကြောင်း ၊  အုတ်တွင်းမြို့ ဗောဓိကုန်းသကြားစက်သည် ကြံတန်ချိန် (၈၀၀၀၀)တန်ဝယ်ယူရန် လျာထား၍ သကြားတန်ချိန် (၈၀၀၀)ခန့်ထုတ်လုပ်ရန် လျာထားကြောင်း၊  ဖြူးမြို့နယ် ဇေယျဝတီသကြားစက်သည် ကြံတန်ချိန် (၃၀၀၀၀) တန်လျာထားဝယ်ယူပြီး သကြားတန်ချိန်(၃၀၀၀)ခန့် ထုတ်လုပ်ရန် လျာထားလျက်ရှိကြောင်း သိရှိရပါသည်။ ပြည်ခရိုင်ရှိ နဝဒေးသကြားစက်သည် ယိုးဒယားကုမ္ပဏီဖြစ်သည့် စူးတက်ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ကြံတန်ချိန် (၂၃၀၀၀၀) ခန့်ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန် (၂၃၁၀၀)တန် ထုတ်လုပ်ရန် လျာထားလျက်ရှိကြောင်း၊  အင်ငါးခွ သကြားစက်သည် မြန်မာ့ဦးပိုင်လီမိတက်မှ ပိုင်ဆိုင်ပြီး ကြံတန်ချိန် (၁၅၀၀၀၀) ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန်ပေါင်း (၁၅၃၅၀) ထုတ်လုပ်ရန် လျာထားလျက်ရှိကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် သကြားတန်ချိန်ပေါင်း (၆၁၄၅၀)ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်းသိရှိရပါသည်။

ကြံ၊ သကြားစျေးနှုန်းစျေးကွက်အခြေအနေ

         တောင်ငူခရိုင် ၊ ရေတာရှည် (Delicious Company) သကြားစက်သည် ဒေသအတွင်းသို့ ဖြန့်ဖြူးမှုမရှိဘဲ စက်ရုံပိုင် စူပါကော်ဖီမစ် ထုတ်ကုန်အတွက်သာ အသုံးပြုလျက်ရှိပြီး မြို့လှ  (Gate Way) သကြားစက်သည် ဒေသအတွင်းနှင့် မန္တလေးတိုင်းဒေသကြီးသို့ စက်ရုံစျေး သကြား(၁)ပိဿာလျှင် (၁၆၀၀) ကျပ်ဖြင့် ရောင်းချဖြန့်ဖြူးကြောင်း သိရှိရပါသည်။ အုတ်တွင်းမြို့ (ဗောဓိကုန်း) သကြားစက်သည် ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ပြီး ရိုးရိုးသကြားမှ ပြန်လည်သန့်စင်ပြီး အဆင့်မြင့် သကြားဖြူ (၁)ပိဿာလျှင် (၂၀၀၀)ကျပ် ဖြန့်ဖြူးရောင်းချကြောင်းသိရှိရပြီး ဖြူးမြို့နယ် (ဇေယျဝတီ)သကြားစက်သည် ရိုးရိုးသကြားဖြူအား (၁)ပိဿာလျှင် (၁၆၀၀) ကျပ်ဖြင့် ဒေသတွင်း အနည်းငယ်သာ ရောင်းချပြီး အရက်ချက်စက်ရုံ၌သာ အသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။ ပြည်ခရိုင်၌ ထွက်ရှိသော သကြားများအား ပြည်တွင်းစျေးကွက်၌သာ အများဆုံးရောင်းချ၍ သကြား (၁)ပိဿာ လျှင် (၁၈၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်တွေ့ရှိချက်

            ကြံစိုက်ဧကများ၏ တစ်ဧကအထွက်နှုန်းလျော့နည်းလာခြင်း၊ တစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်ခြင်း၊ သကြားစက်သို့ တင်ပို့ရာတွင် (၂)ရက်မှ (၃)ရက်အထိ ကြန့်ကြာနေသဖြင့် ကြံများအရည်အသွေးကျဆင်း၍ အလေးချိန်လျော့နည်းခြင်း ၊ မိမိမြို့နယ်အတွင်းရှိ စက်ရုံသို့သယ်ပို့  ရောင်းချလိုသော်လည်း အခြားစက်ရုံများသို့ သွားရောက်ရောင်းချရ၍ သယ်ယူစရိတ်ပိုမို ကုန်ကျနေခြင်း၊  ကြံစျေးမကောင်းခြင်းတို့ကြောင့် ယခင်နှစ်ကထက် ကြံဧကလျော့၍ စိုက်ပျိုး လာကြောင်းကို လေ့လာတွေ့ရှိရပါသည်။

          ကြံစိုက်တောင်သူများ အထွက်တိုးလာစေရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေးသော မျိုးကောင်းမျိုးသန့်ကြံမျိုးများကို အသုံးပြုသင့်ပြီး ယင်းဌာနမှ ထုတ်ပြန်ထားသော စိုက်ပျိုးရေးနည်းစနစ်များဖြင့်  စိုက်ပျိုးသင့်ခြင်း  အခြားနိုင်ငံများတွင် စိုက်နည်းစနစ်များ အားကောင်းခြင်းကြောင့် တစ်ဧကလျှင် တန် ( ၄၀) ၊ တန်(၆၀) အထိထွက်ရှိနေပြီး မြန်မာနိုင်ငံတွင် လက်ရှိ ကြံတစ်ဧကလျှင် တန်(၂၀) ခန့်သာ ထွက်ရှိနေသေးသည့်အတွက် စိုက်နည်းစနစ်များ အားနည်းနေခြင်း၊ တစ်ဧက ကုန်ကျစရိတ်မြင့်မားနေမှုအတွက် အထွက်နှုန်းတိုးမြှင့်ခြင်းဖြင့် ကုန်ကျစရိတ်ကို လျော့ချနိုင်သကဲ့သို့ သွင်းအားစုများ စျေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်ရေး ထွန်ယက်ခများ သက်သာစေရေးတို့အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ ပံ့ပိုးကူညီ ဆောင်ရွက်စေခြင်း ၊ အရည်အသွေးမြှင့် သန့်စင်သကြားထုတ်လုပ်နိုင်မှု နည်းပါးသေးသည့်အတွက် လက်ရှိ သကြားစက်များအား ရင်းနှီးမြှပ်နှံ၍ ခေတ်မီ သကြားစက်များ အသွင်ပြောင်းလဲစေခြင်း ၊ ကြံသီးနှံသည် ဘက်စုံသုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်ပြီး အဓိကထွက်ကုန် သကြားအပြင် ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိသော တင်လဲရည်ကို အရက်ချက်လုပ်ခြင်း၊ အီသနောချက်၍ ကားတွင်ထည့်မောင်းနိုင်သော စွမ်းအင်ထုတ်လုပ်၍ ရနိုင်ပါက ပြည်ပမှ တင်သွင်းသော ဓာတ်ဆီ ၊ ဒီဇယ်ဆီ အတွက် နိုင်ငံခြားငွေ ပေးသွင်းရမှု သက်သာစေခြင်း၊ ကြံကြိတ်ဖတ်မှတစ်ဆင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်၍ ရခြင်း ၊ ကြံမြှုပ်ချေး နှင့် ကြံစိုက်ကွင်းမှ ခုတ်သိမ်းပြီးသော ကြံသီးနှံအကြွင်းအကျန်များအား ဇီဝလောင်စာဆီ ၊ သဘာဝမြေသြဇာ ၊ စက္ကူ ၊ ဘုတ်ပြား၊ အသုံးအဆောင်ပစ္စည်း၊ အဆောက်အဦ ပစ္စည်းများတွင် ထုတ်လုပ်သုံးစွဲနိုင်သည့်အတွက် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ပါက နိုင်ငံစီးပွား ရေးတွင် များစွာအထောက်အကူပြုပြီး ကြံစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ သကြားထုတ်လုပ်မှုများတိုးတက်လာပါက နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုတန်ဖိုးများ တိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာခြင်း ၊ ကြံသီးနှံ၏ ဘေးထွက်ပစ္စည်းများမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပါက နိုင်ငံတော်၏ အဓိကစီးပွားရေးကဏ္ဍတစ်ခုဖြစ်သော သွင်းကုန်အတွက် နိုင်ငံခြား ငွေပေးချေရမှုများ လျော့နည်းလာနိုင်သည့်အတွက် နိုင်ငံတိုးတက်ရာတွင် များစွာအထောက်အကူပြုပြီး အခြားနိုင်ငံ၏ သွင်းအားစုများအား မှီခိုရယူမှု နည်းပါးသွားမည်ဖြစ်သည်နှင့်အညီ ကြံစိုက်တောင်သူများ၏ လူနေမှုဘဝသည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

 

 

 

 

ရှမ်း(တောင်)သို့ ဆောင်းကြက်သွန်နီများစတင်ဝင်ရောက်လာ

       ရှမ်းပြည်နယ်(တောင်ကြီး)ဈေးကွက်သို့ ဆောင်းကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်နီကို ရှမ်း(တောင်)တွင် စိုက်ပျိုးဖြစ်ထွန်းမှုနည်းသဖြင့် စိုက်ဧကအနည်းငယ်သာ စိုက်ပျိုးမှုရှိပါသည်။ ပြည်နယ်၏ စားသုံးမှုလိုအပ်ချက်အရ ပြည်မမှ ထွက်ရှိသော ကြက်သွန်နီများကို တင်သွင်းသုံးစွဲရပါသည်။ ပြည်မမှထွက်ရှိသော ကြက်သွန်နီနှင့် ရှမ်းပြည်နယ်မှထွက်သော ကြက်သွန်နီမှာ အရသာကွာခြားမှုရှိတယ်လို့ သိရှိရပါသည်။ ပြည်မကြက်သွန်နီများမှာ တာရှည်အထားခံပြီး ဒေသကြက်သွန်နီများမှာ အစိုဓာတ်များပြီး တာရှည်အထားမခံကြောင်း၊ ပြည်မဘက်မှထွက်ရှိသော ကြက်သွန်နီမှာ အရသာ ပိုချိုပြီး အထားလဲပိုခံတာကြောင့် အိမ်ထောင်ရှင်မများက အိမ်တွင်းသုံးရန်အတွက် ပိုမိုနှစ်သက် ကြကြောင်း သိရှိရပါသည်။ ရှမ်း(တောင်)မှ ထွက်ရှိသည့်ကြက်သွန်နီမှာ ဥအရွယ်အစားအနည်းငယ် ပိုကြီးလို့ဆိုင်သုံးသမားများက ကြိုက်ကြတယ်လို့လည်းသိရှိရပါသည်။ပြည်မထွက်ကြက်သွန်နီများ မှာ(၁၀)ပိဿာဝင်တစ်အိတ်လျှင် ဈေးနှုန်း(၁၀၀၀ဝိ-)ရှိပြီး တစ်ပိဿာဈေးနှုန်းမှာ အကြီး၊ အသေးပေါ်မူတည်ပြီး ကျပ်(၁၂၀ဝိ-)မှ(၁၃၀ဝိ-) ဈေးရှိပါသည်။ရှမ်းပြည်နယ်(ရပ်စောက်)မှ ထွက်သောကြက်သွန်နီမှာ တစ်ပိဿာလျှင် ကျပ်(၁၃၀ဝိ-)ဈေးရှိပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

ရွာငံမြို့ရှိ ကော်ဖီစိုက်တောင်သူများ ဈေးကောင်းရရှိ

           ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရွာငံ၊ ပင်းတယ၊ ပင်လောင်း၊ ရပ်စောက် စသောမြို့များသည် ကော်ဖီစိုက်ပျိုးရာဒေသများဖြစ်သည့်အနက် ရွာငံမြို့နယ်သည် ကော်ဖီအဓိက စိုက်ပျိုးသောဒေသဖြစ်ပါသည်။ ရွာငံမြို့မှ ထွက်ရှိသော ကော်ဖီသည် အဆင့်မြင့်တန်းဝင်သော ကော်ဖီအမျိုး အစားဖြစ်၍ ပြည်တွင်းသာမက ပြည်ပနိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခင်နှစ်တွင် သီးစိမ်း တစ်ပိဿာလျှင် (၇၅၀)ကျပ်မှ (၈၀၀)ကျပ်အထိသာရှိခဲ့ပြီး ယခုနှစ် လက်ရှိစတင်ထွက်ပေါ်ချိန်တွင် သီးစိမ်း တစ်ပိဿာလျှင် (၁၈၀၀)ကျပ်အထိရှိလာပြီး ကော်ဖီသီး အမှည့်(ရှယ်) တစ်ပိဿာ ဈေးနှုန်းမှာ (၂၀၀၀)ကျပ်မှ (၂၂၀၀)ကျပ် အထိမြင့်တက်လာကြောင်းသိရှိရပါသည်။ ယခုနှစ်ထွက် ကော်ဖီစေ့များကို အခွံချွတ်ပြီး (ရိုးရိုး) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၆၀၀၀)ကျပ်၊ အခွံချွတ်ပြီး (ရှယ်) တစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ် အထိရှိကြောင်းနှင့် ကော်ဖီစေ့လှော်ပြီးသား ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၀၀၀၀)ကျော်အထိ ရရှိနေကြောင်း သိရပါသည်။ ကော်ဖီသီးများကို အစို(၅)ပိဿာ အခြောက်ခံလျှင် အခြောက်(၁)ပိဿာ ရရှိကြောင်း၊ အခြောက်(၁)ပိဿာကို ပထမအခွံခွာလိုက်လျှင် အဆံ(၈၀)ကျပ်သား ရရှိကြောင်းနှင့် အဆံ(၁)ပိဿာ လှော်လိုက်လျှင် (၁)ကီလိုဂရမ် ရရှိကြောင်း သိရှိရပါသည်။

          ယခုနှစ်တွင် ရွာငံဒေသမှထွက်ရှိသော ကော်ဖီစေ့များကို ထိုင်းနိုင်ငံမှ အများဆုံးဝယ်ယူလျက် ရှိကြောင်းနှင့်  အခြားဒေသနှင့် ရေမြေရာသီဥတုတူသော်လည်း ရွာငံဒေသထွက်ကော်ဖီသည် အထွက်နှုန်းတိုးပြီး အရည်အသွေးကောင်းမွန်သောကြောင့် နာမည်ကောင်းဖြင့် ကျော်ကြားလျက်ရှိပြီး ပြည်တွင်း ဈေးကွက်တွင်သာမက ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်ကျယ်ပြန့်လာသောကြောင့် ကော်ဖီစိုက်တောင်သူများ ဝင်ငွေတိုးလာပြီး နိုင်ငံ့စီးပွားရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

စားသုံးသူ‌ရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

၁၈.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၈.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၁၇.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၇.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၁၄.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၄.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

“အိမ်တွင်းမှုစီးပွားရေး တစ်ပိုင်တစ်နိုင်မှ မီးသွေးအစားထိုးလောင်စာတောင့် စက်ရုံကြီးဆီသို့”

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဒေါ်စုစုထွန်းနှင့် မြို့နယ်တာဝန်ခံဦးမြင့်ကြည်တို့သည် မင်းဘူး၊ စကုမြို့နယ် မီးသွေးအစားထိုးလောင်စာတောင့် ထုတ်လုပ်သည့်နေရာသို့ (၁၀.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။ ထိုသို့ကွင်းဆင်းရာတွင် မီးသွေးအစားထိုးလောင်စာတောင့်ကို ကုန်ကြမ်း ဝယ်ယူရလွယ်ကူပါက ရန်ကုန်ဈေးကွက်မှ ပို့သလောက်ဝယ်ယူပါကြောင်း၊ ရန်ကုန်သို့တင်ပို့ရာတွင် (6)ဘီးကားတစ်စီးလျှင် အလုံး(၄၀)ပါလောင်စာတောင့်(၆၅၀)အိတ်ပါရှိပါကြောင်း၊ ရန်ကုန်ဈေးကွက်တွင် အလုံး(40)ပါ တစ်အိတ်ကို (၂၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် (၁၆၂၅၀၀ဝိ/-)ကျပ်ရရှိ၍ စရိတ်နုတ်ပြီး(650000)ကျပ် အကျိုးအမြတ်ရရှိပါကြောင်း၊ လက်ရှိလုပ်သား(၇)ဦးရှိပြီး အကျိုးအမြတ်ရရှိမှုနှင့် အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ ကုန်ကြမ်းရရှိမှုအပေါ်မူတည်ပါကြောင်း၊ ကုန်ကြမ်းရရှိမှု လွယ်ကူလျင်မြန်ပါက အိမ်တွင်းမှုတစ်ပိုင်တစ်နိုင်မှသည် ပို၍တိုးတက်အောင်မြင်သော စီးပွားရေးလုပ်ငန်းကြီးဖြစ်လာနိုင်မည်ဟု သိရှိရပါကြောင်း၊ မိမိဒေသတွင်း အလုပ်လက်မဲ့ဦးရေ နည်းပါးလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု သိရှိရပါကြောင်း လောင်စာတောင့်ထုတ်လုပ်သည့် တာဝန်ခံဦးကျော်ခိုင်ဦးထံမှ သိရှိရပါသည်။

          ကုန်ကြမ်းရရှိမှုခက်ခဲရသည့် အဓိကအကြောင်းအရင်းအနေဖြင့် လောင်စာတောင့်ထုတ်လုပ်ရာ တွင်ကုန်ကြမ်းအဖြစ် မီးသွေးမှုန့်၊ လွှစာမှုန့်၊ ဖွဲပြာ၊ မြေကြီးတို့ဖြစ်ပြီး အရှားပါးဆုံး ဝယ်ယူရအခက်အခဲဆုံး ကုန်ကြမ်းမှာ လွှစာမှုန့်ဖြစ်သည်ကို သိရှိရပါကြောင်း၊ ကုန်ကြမ်းရရှိမှုလွယ်ကူပါက ဒေသတွင်းအလုပ်အကိုင်များ ဖန်တီးပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် အောင်မြင်မှုရရှိလာနိုင်သည့် မီးသွေးအစားထိုးလောင်စာတောင့် စက်ရုံကြီးတည်ထောင်နိုင်မည်ဟု ယုံကြည်ယူဆမိပါ ကြောင်းဝမ်းမြောက်ဂုဏ်ယူစွာ ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

ချောက်မြို့နယ်၌ ဇီးပန်းသီးခြံ စိုက်ပျိုးတောင်သူများအထွက်နှုန်းကောင်း၍လုပ်ငန်းအဆင်ပြေ

         မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်တို့သည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်(၁၁:၀၀)နာရီချိန်၌ ချောက်မြို့နယ်၊ ကိုးဆူကျေးရွာရှိ ဇီးပန်းသီးခြံ (၅)ဧက စိုက်ပျိုးသော တောင်သူ(ဦးစံသိန်း)နှင့်တွေ့ဆုံ၍ ခြံစိုက်တောင်သူများ၏ သစ်သီးဝလံရောင်းချမှုအကျိုးအမြတ်ရရှိမှု အခြေအနေအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။အဆိုပါမေးမြန်းခဲ့ရာ       ဒေသခံတောင်သူမှ မေ၊ ဇွန်၊ ဇူလိုင်လမှစ၍ ကိုင်းကူးပျိုးပင်ကို တစ်ပင်(၃၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင် ရောင်းချကြကြောင်း၊ (၁)ဧကလျှင် (၁၅)ပေ×(၁၅)ပေအကျယ်ဖြင့် အပင်(၁၀၀) စိုက်ပျိုးပြီး(၅)ဧကအတွက် ကုန်ကျစရိတ်(၁၅)သိန်းခန့်ရှိကြောင်း၊ ခူးဆွတ်သောအချိန်၌ တစ်နေ့လျှင်ဇီးပန်းသီးအရွယ်စုံပြည်(၅၀)ခန့်ရှိပြီး လုပ်သားခမှာ လုပ်သား(၈)ဦးအတွက် တစ်နေ့ (၃၅၀၀၀) ကျပ်ပေးရပါကြောင်း၊ ရောင်းချရာတွင် တစ်ပြည်(၁၀၀၀)ကျပ်နှုန်းဖြင့်ရပြီး မကွေး-ချောက် ကားလမ်းမကြီးဘေးတွင် ဆိုင်ခင်းရောင်းချပြီး တောင်ကြီး၊ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့များသို့လည်း တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်လလျှင်(၄၅၀၀၀၀)ကျပ်ဖြင့် သုံးလ (၁၃၅၀၀၀၀)ကျပ်ဝင်ငွေရရှိကာ စီးပွားရေးတွက်ချေကိုက်ကြောင်း၊ ဒေသခံခြံစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးသည့်ဇီးပန်းသီးများ အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်းကောင်း၍ စီးပွားရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိကြကြောင်း သိရှိခဲ့ရပါသည်။

          ချောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးအတွက် စပါး၊ ပဲ၊ နှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံဆွေးနွေး၍လည်းကောင်း၊ သစ်သီးဝလံ၊ ပန်းမန်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၍လည်းကောင်း၊ စျေးနှုန်း၊ စျေးကွက်စိုက်ပျိုးထုတ် လုပ်မှု အကျိုးအမြတ်အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးသူမိဘပြည်သူများ အစားအသောက်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စျေးကွက်အတွင်း ကွင်းဆင်းခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ၊ စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

ဈေးကောင်း၊ အရောင်းသွက်၊ ပြည်ပခရီးထွက် နှမ်းလုံးသီးနှံဈေးကွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် နှစ်စဉ်အမြောက် အများ စိုက်ပျိုးသော နှမ်းလုံးသီးနှံမှာ ယခင်နှစ်တွင် ဈေးကွက်ကောင်းရရှိနေပြီး ဒေသတွင်း တောင်သူများ အကျိုးအမြတ်ကောင်းစွာ ရရှိနေကြောင်းသိရှိရပါသည်။ နှမ်းလုံးသီးနှံအား ဇူလိုင်လတွင် ပျိုးခင်းထောင်၍ ပျိုးသက်တစ်လတွင် စိုက်ခင်းပေါ် ရွှေ့ပြောင်းစိုက်ပျိုးရသည်။ စိုက်ခင်းထိန်းသိမ်းပြုစုခြင်း၊ ရိတ်သိမ်းခြင်းလုပ်ငန်းများမှာ အခြားသီးနှံများထက် လွယ်ကူသက်သာစေခြင်းတို့ကြောင့် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ သီးနှံသက်တမ်း (ဇူလိုင်လ မှ နိုဝင် ဘာလအထိ) (၅)လသာရှိပြီး စိုက်ပျိုးမှု တစ်ဧကလျှင်(၃၂၀)ပိဿာခန့် ထွက်ရှိပါသည်။ နှမ်းလုံး သီးနှံ၏ ၂၀၂၀ခုနှစ် အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၆၇၀၀)ကျပ်ထိရှိခဲ့ရာမှ (၂၀၂၁)ခုနှစ်၏ လက်ရှိကာလပေါက်ဈေးမှာ တစ်ပိဿာလျှင်(၈၂၀၀)ကျပ်ရှိနေကြောင်း သိရှိရပါသည်။ တရုတ်နှင့် ကိုးရီးယားနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိပြီး အဆင့်မြင့်မုန့်လုပ်ငန်းများတွင် သုံးစွဲကြောင်း သိရှိရပါသည်။ ဒေသတွင်းတွင် ရိုးရာဒေသအစားအစာဖြစ်သော ခေါပုတ်များတွင် အများဆုံး အသုံးပြုပါသည်။ စိုက်ပျိုးစရိတ်နည်းပါးခြင်း၊ ခိုင်မာသောပြည်တွင်း၊ ပြည်ပဈေးကွက်ရှိခြင်း၊ တည်ငြိမ်သောဈေးနှုန်း ရရှိခြင်းတို့ကြောင့် တိုးချဲ့စိုက်ပျိုးသင့်သော ပြည်ပပို့ကုန် နှမ်းလုံးသီးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရှမ်းပြည်နယ်

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း