Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့၏ ကန်စွန်းဥဈေးကွက်

      ပြည်ခရိုင်၊ ပြည်မြို့ရှိ စည်ပင်သာယာဈေးကြီးများနှင့် ရပ်ကွက်ဈေးများတွင် ကန်စွန်းဥ များရောင်းချလျှက်ရှိပါသည်။ ဈေးကွက်တွင်ရောင်းချနေသော ကန်စွန်းဥအမျိုးအစားမှာ မြန်မာ ကန်စွန်းဥ နှင့် ကိုရီးယား ကန်းစွန်းဥဟူ၍ အမျိုးအစား(၂)မျိုးရှိပါသည်။ ရောင်းချသော ကန်စွန်းဥ ဈေးများမှာ မြန်မာကန်စွန်းဥ တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ကိုရီးယားကန်စွန်းဥ တစ်ပိဿာလျှင် ၁၈၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ ကိုရီးယားကန်စွန်းဥမှာ မြန်မာ ကန်စွန်းဥ ထက်စာလျှင် အရသာ အနည်းငယ်ပိုရှိသည့်အတွက် ကိုရီးယားကန်စွန်းဥက မြန်မာကန်စွန်းဥထက်စာလျှင် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ဈေးဆက်လက်မြင့်တက်လာသည့် ပြည်နှမ်း

    ယခုစက်တင်ဘာပထမပတ် ပြည်ဈေးကွက်သို့ မိုးနှမ်းများ တစ်နေ့လျှင် အိတ် ၈၀၀/၉၀၀ခန့် ဝင်ရောက်မှုရှိပြီး အရောင်းအဝယ်ပုံမှန်ဖြစ်လျှက်ရှိပါသည်။ ပြည်ခရိုင် အတွင်းရှိ ပေါက်ခေါင်း၊ ဥသျှစ်ပင်၊ ပန်းတောင်း နှင့်ရွှေတောင်ဘက်မှ ဝင်ရောက်မှုရှိသလို အခြားတိုင်းဖြစ်သော မင်းတုန်း၊ မြန်အောင်နှင့် ကြံခင်း ဘက်မှ နေ့စဉ်အဝင်ရှိကြောင်း သိရှိရပါသည်။ အောင်လံနှင့် မန္တလေးဘက်မှ နှမ်းနက်နှင့် စမုံနက်နှမ်းကို အဝယ်ရှိသလို မြို့တွင်းဆီစက်များနှင့် နယ်ဆီစက်များကလည်း နှမ်းနီကို အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၉၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။  ယခုစက်တင်ဘာလဆန်းတွင် နှမ်းနီ (၃)တင်း တစ်အိတ်လျှင် ၂၄၅၀၀၀ ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၂၄၅၀၀၀-၂၇၀၀၀၀ကျပ် နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၂၇၀၀၀၀ ကျပ်ဖြင့် ယခင် ဩဂုတ်လ နောက်ဆုံးပတ်ထက်စာလျှင် ဈေးနှုန်းများမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ် လျှက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်မြေပဲဆန်ဈေး ဆက်လက်ငြိမ်

     ပြည်ဈေးကွက်၌ စက်တင်ဘာလဆန်းပိုင်းတွင် မြေပဲဆန်ဈေးများ ဆက်လက်တည်ငြိမ် နေသည်ဟု သိရှိရပါသည်။ ဈေးကွက်သို့ မိုးမြေပဲများ‌နေစဉ်ဝင်ရောက်မှုရှိသဖြင့် အရောင်းအဝယ် သွက်နေသော်လည်း  ဈေးငြိမ်နေကြောင်း သိရှိရပါသည်။ ရွှေတောင်၊ ပေါက်ခေါင်း၊ ပြည်-အောင်လံကြား ကျေးရွာများနှင့် ပန်းတောင်း၊ ဥသျှစ်ပင်ဘက်မှ တစ်နေ့လျှင် အိတ်၃၀၀/၄၀၀ခန့် ဝင်ရောက်မှုရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆန်ဈေးများမှာ ယခု စက်တင်ဘာလဆန်းပိုင်းတွင် မြေပဲ ဆန်(ဆီဆန်) တစ်ပိဿာလျှင် ၅၈၀၀ကျပ်ဖြင့် (အဖြူ၊ အနီ) ဈေးငြိမ်နေပြီး၊ မြေပဲဆန်(လုံးဆန်) တစ်ပိဿာလျှင် (အဖြူ၊ အနီ) ၆၂၀၀ကျပ်ဖြင့် ယခင် ဩဂုတ်လ နောက်ဆုံးပတ်အတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ မြေပဲဆန် ရွေးဆန်(ရှယ်)ဈေးမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်မတ်ပဲနှင့် ပဲစင်းငုံ ဈေးပြိုင်ရလျှက်ရှိ

      ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်ပဝယ်လက်သီးနှံများဖြစ်သော မတ်ပဲနှင့် ပဲစင်းငုံသီးနှံများမှာ ဩဂုတ်နောက်ဆုံးပတ်တွင် ဈေးနှုန်းသိသိသာသာ မြင့်တက်လာခဲ့ပြီး ယခင်သီတင်းပတ် တစ်ပတ်လုံးတွင် ကျပ် ၆သောင်းအထက်ရရှိနေခဲ့ကာ မတ်ပဲသီးနှံအနေဖြင့် လက်ကျန်ပဲအချို့ ရှိခဲ့သော်လည်း အရောင်းအဝယ်နေ့စဉ်မဖြစ်ဘဲ ရက်ခြားသာအရောင်းအဝယ်ဖြစ်ခဲ့ပါသည် ။ ပဲစင်းငုံ သီးနှံမှာ မတ်ပဲ သီးနှံလောက် လက်ကျန်မများသော်လည်း တစ်ခါတစ်ရံ အရောင်းအဝယ်ဖြစ်သည့်အခါ အိတ် ၂၀၀/ ၃၀၀ကျော် ရောင်းချမှုဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ပြည်ပဝယ်လက်ပဲများမှာ ပြည်ပ ဝယ်လက်အပေါ်မူတည်သလို ပြည်တွင်းငွေကြေး ဈေးနှုန်း ပေါ်မူတည်၍ ဈေးနှုန်းများ မြင့်တက် လာခဲ့ကြောင်း တွေ့ရှိရပြီး ယခုရက်ပိုင်းတွင် ဈေးအနည်းငယ်ပြန်လျော့ခဲ့ကာ မတ်ပဲ ပိဿာ၂၀ တစ်တင်းလျှင် ၆၅၀၀၀ကျပ်မှ ၆၆၀၀၀ကျပ် အကြား ဈေးရခဲ့ကာ ပဲစင်းငုံသီးနှံနှင့် ဈေးတူရနေခဲ့သည်ကို တွေ့ရှိရပါသည် ။ ယခင်နှစ်က ကာလတူအချိန် အဆိုပါ ပဲများမှာ မတ်ပဲတစ်တင်း ၅၅၀၀၀ကျပ်နှင့် ပဲစင်းငုံတစ်တင်း ၄၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြသည့်အတွက် မတ်ပဲသီးနှံမှာ ယခင်နှစ်ဈေးထက် ကျပ် ၁သောင်းကျော် ဈေးမြင့်တက်လာသလို ပဲစင်းငုံသီးနှံမှာ တစ်တင်းကျပ် ၂သောင်းကျော်အထိ ဈေးရရှိခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ကယားရိုးရာ “အဲ့ဒိုပေါ်မီ၏ပြယုဒ်(သို့မဟုတ်) ဒီးကူ”ပွဲတော်အကြောင်း

      ကယားရိုးရာ“ဒီးကူ”ပွဲတော်ကို “အဲ့ဒိုပေါ်မီ”ဟုလည်း ခေါ်ကြပါသည်။ “အဲ့ဒို”ဟူသည် ကွန်လွန်ပြီးသည့် မိဘဆွေမျိုးများကို အောက်မေ့သတိရသည့်အနေဖြင့် ကွယ်လွန်ပြီးသော မိဘဆွေမျိုးများနှင့်သက်ရှိထင်ရှားရှိသည့် မိဘဆွေမျိုးများအတွက် ကောင်းမှုပြုလုပ်ခြင်းဟူ၍ လည်းကောင်း၊ “ပေါ်မီ”သည် မကောင်းဆိုးဝါးများနှင့် ကျူးကျော်လာသည့် ရန်သူများကို မောင်းထုတ်ခြင်း ဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ “ဒီးကူ”ကို မြန်မာဘာသာသို့ ဆီလျော်အောင် ဘာသာပြန်ဆိုရမည်ဆိုပါက “ဒီး” ဟူသည် ထမင်း/ ကောက်ညှင်းဟူ၍ လည်းကောင်း၊ “ကူ”ဟူသည် ထုပ်ပိုးသည်၊ “ဒီးကူ”ရွက် ဟူ၍လည်းကောင်း၊ တစ်နည်းအားဖြင့် “ထုပ်ပိုးထားသည့် ကောက်ညှင်းထုပ်”ဟု အနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။

     “ဒီးကူ”ပွဲတော်ဖြစ်ပေါ်လာပုံမှာ ရှေးခေတ်စော်ဘွားများလက်ထက်တွင် ယွန်းရှမ်းလူမျိုး တို့သည် ကယားပြည်နယ်အား နှစ်ပေါင်းရာချီအုပ်ချုပ်ခဲ့ကြသည်။ ကယားပြည်နယ်သို့ ယွမ်းရှမ်း လူမျိုးစုတို့ ဦးစွာရောက်ရှိပြီးနောက် ခရစ်နှစ်(၁၀၇၇)ခုနှစ်တွင် ကယားလူမျိုးစုတို့ ရောက်ရှိပျံ့နှံ့ နေထိုင်ခဲ့ကြသည်။ ယွန်းရှမ်းတို့၏ နှစ်ပေါင်းများစွာ အုပ်ချုပ်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်လာသော ကယားလူမျိုးစုတို့သည် ယွန်းရှမ်းတို့ကို ပြန်လည်တိုက်ထုတ်လာကြသည်။ စစ်ပွဲများတွင် ကယားစစ်သည်တို့သည် ကြာရှည်စွာ စားသုံးနိုင်သော “ဒီးကူ”များကိုစား၍ တိုက်ပွဲများကို နေ့ရော ညပါ ဆင်နွဲခဲ့ကြသည်။ ယွန်းရှမ်းတို့၏ ဖိနှိပ်ချုပ်ချယ်မှုအောက်မှလွတ်မြောက်ရန် အတူတကွ တိုက်ထုတ်ခဲ့ကြသော ကယားလီ၊ ကယန်း၊ ကယောစသည့်မျိုးနွယ်စု(၃)စုကို ဂုဏ်ပြုသောအားဖြင့် “ဒီးကူ”ထုတ်ရာတွင်(၃)ခုကို တစ်တွဲစုပေါင်း၍ ထုတ်ကြခြင်းဖြစ်ပါသည်။ ထိုသို့ထုတ်ရခြင်း၏ အခြားရည်ရွယ်ချက်များစွာလည်း ရှိပါသေးသည်။ ကယားမျိုးနွယ်စုများ ဥမကွဲသိုက်မပျက်ဘဲ သွေးစည်းညီညွတ်ခြင်းကို ပြသခြင်းလည်းဖြစ်ကြောင်း သိရပါသည်။ ယွန်းရှမ်းတို့ကို တိုက်ထုတ် အောင်မြင်ခဲ့သည့် ကယားရိုးရာလများဖြစ်သည့် လခု(ဩဂုတ်လ)၊ လဲရှေးမိုး(စက်တင်ဘာလ)၊ လဲရှေးကျယ်(အောက်တိုဘာလ)များတွင် နှစ်စဉ်ရွာအလိုက် ကြက်ရိုး ထိုးပြီး ရက်သတ်မှတ်ကာ ဂုဏ်ပြုကျင်းပကြသည်။

    ပွဲတော်ကျင်းပပြုလုပ်ရန် ရိုးရာခေါင်ရည်နှင့်အသားများကို ကြိုတင်စုဆောင်းကြရသည်။ ရိုးရာ “အဲ့ဒိုပေါ်မီ” ကျင်းပပြုလုပ်ရာတွင် ယေဘုယျအားဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့်ရှိပါသည်။ “ဒီးကူ” ရွက်ခူးခြင်း၊ “ဒီးကူ” ထုပ်ပိုးချက်ပြုပ်ခြင်းနှင့် “ဒီးကူ”ဖြင့် လှူဒါန်းကျွေးမွေးခြင်းတို့သည် “အဲ့ဒိုပေါ်မီ”၏ လုပ်ငန်းစဉ်အဆင့်ဆင့်တွင် မပါမဖြစ်အရေးကြီးသော အခန်းကဏ္ဍများ ဖြစ်ကြပါသည်။ “အဲ့ဒိုပေါ်မီ”၏ လုပ်ငန်းစဉ်တစ်ခုမှာ ဒီးကူရွက်ခူးယူမည့်နေ့ရက်ကို ကြက်ရိုးထိုး၍ သတ်မှတ်ခြင်းဖြစ်သည်။

   ကြက်ရိုးထိုးခြင်းအမှုကို ကေးဗျားကျယ် (ခေါ်) ရိုးရာအကြီးအကဲမှ ဦးဆောင်ပြုလုပ်ကြရ သည်။ ကြက်ရိုးထိုးပြီးသတ်မှတ်သည့်နေ့ရက်၌သာ “ဒီးကူ”ရွက်ကို ခူးယူကြရသည်။ သတ်မှတ် ရက် မတိုင်မီနှင့်သတ်မှတ်ထားသည့်ရက် နောက်ပိုင်းတို့တွင် “ဒီးကူ”ရွက် ခူးယူရိုးထုံးစံမရှိကြပါ။ “ဒီးကူ” ရွက်ခူးမည့် နေ့ရက်ကို ကြက်ရိုးထိုး၍သတ်မှတ်ရာ၌ ရည်ရွယ်ချက်၊ တည်ကြည်လေးနက် မှုနှင့် တန်ဖိုးထားမှုများမှာလည်း နက်ရှိုင်းလှပါသည်။

ကယားသူရဲကောင်းများ ဦးဆောင်၍ ရန်သူများနှင့် မကောင်းဆိုးဝါးများကို တိုက်ထုတ် အောင်မြင်ခဲ့သည့် အချိန်အခါသမယကို ဂုဏ်ပြုသည့် ရိုးရာကို စတင်တော့မည်ဖြစ်ကြောင်း တိုင်တည်ခြင်း၊ “ဒီးကူ”စားသုံး၍ တိုက်ပွဲဝင်ခဲ့သည့်သူရဲကောင်းများနှင့် ကွယ်လွန်လေပြီးသော မိဘဘိုးဘွားများ၏ ဂုဏ်ကျေးဇူးကို အမှတ်ရလျှက် “အဲ့ဒို” ခေါ် ကောင်းမှုပြုလုပ်ခြင်းနှင့် လှူဒါန်းကျွေးမွေးခြင်းအမှုတို့ကို စတင်တော့မည်ဖြစ်ကြောင်း တိုင်တည်ခြင်း၊ တစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် “အဲ့ဒိုပေါ်မီ” အချိန်အခါသမယတွင် ရပ်ရွာအေးချမ်း၍ အန္တရာယ်ကင်းစေခြင်း အလို့ငှာ “ပေါ်မီ”ခေါ်ရွာတွင်းရွာပြင်အိမ်တွင်းအိမ်ပြင်၌ ကပ်ခိုနေနိုင်သော မကောင်းဆိုးဝါးများ ကို နှင်ထုတ်ခြင်းအမှု စတင်တော့မည်ဖြစ်ကြောင်း တိုင်တည်ခြင်းစသည်ဖြင့် လေးနက်မှုရှိပါ သည်။

   “ဒီးကူ”ပွဲတော်ကို(၃)ရက်ခန့် ကျင်းပပြုလုပ်ကြသည်။ ကေးဗျာကျယ် (ခေါ်)ရိုးရာအကြီး အကဲသည် အထက်ဖော်ပြပါ အဓိဌာန်ပြုတိုင်တည်ခြင်းကို အခြေပြုကြက်ရိုးထိုး၍ “ဒီးကူ”ခူးမည့် နေ့ရက်ကို သတ်မှတ်ပြီးပါက ရိုးရာ “အဲ့ဒိုပေါ်မီ”ကို စတင်ပြုလုပ်ကြသည်။ ပထမနေ့တွင် ခူး၍ရသော “ ဒီးကူ”ရွက်များကို သန့်စင်၍ ကောက်ညှင်းထုတ်ကြသည်။ ကောက်ညှင်းအား သုံး ထောင့်ပုံသဏ္ဍာန်မျိုးထုတ်၍ သုံးခုကိုတွဲကာ အတွဲပေါင်းများစွာကို တစ်ရေခန်း၊ နှစ်ရေခန်းသည် အထိ တစ်ညလုံးပြုပ်ကြရသည်။ ဒုတိယနေ့တွင် ကောက်ညှင်းထုတ်များကို ဦးဦးဖျားဖျား နတ် ပူဇော်ပြီး စားသောက်ကြသည်။ တတိယနေ့တွင် အလည်လာသော ဧည်သည်များအား ဆက်လက်စည်ကားစွာ ဖိတ်ခေါ်ကျွေးမွေးကြသည်။ ပွဲတော်ရက်များအတွင်းတွင် တစ်ရွာနှင့် တစ်ရွာအပြန်အလှန် လည်ပတ်ကခုန်ပျော်မြူးစွာ ကျင်းပကြသည်။ “ဒီးကူ” အက ကကြရာတွင်လည်း ရိူးရာ “ဒီးကူ”အတီးအမှုတ်ကို တီးမှုတ်ပြီး ကခုန်ကြသည်။ “ဒီးကူ”အကများသည် တစ်ရွာနှင့်တစ်ရွာ မတူညီ ကြပေ။

   “ဒီးကူ”ပွဲသို့ အလည်လာသည့် ဧည်သည့်များအား လူမျိုးဘာသာမရွေး အိမ်တိုင်းသို့ ဖိတ်ခေါ်ပြီး “ဒီးကူ”ထုပ်ကျွေးခြင်း၊ (ကယားရိုးရာ)ထမင်းဟင်းလျာ အစားအစာများဖြင့် ဧည့်ခံ ခြင်း၊ ရိုးရာခေါင်ရည်၊ အရက်များဖြင့် ဧည့်ခံခြင်း စသည်ဖြင့် ကျင်းပကြသည်။ ထို့ပြင် ဒီးကူပွဲတော်မှ မိမိဒေသများသို့ ပြန်သွားကြသော ဧည့်သည်များအား ခေါင်ရည်၊ ဒီးကူ၊ ဟင်းလျာအချို့ လက်ဆောင်ပေးကာ လှူဒါန်းပေးကမ်းမှု ပြုလုပ်ကြသည်။ “ဒီးကူ”ရွက်ခူးယူ ခြင်းမှစ၍ “ဒီးကူ”ထုပ် ပိုးချက်ပြုပ်မှုအပါအဝင် လှူဒါန်းကျွေးမွေးသည့် ကိစ္စအားလုံးသည် သတ်မှတ်ထားသည့် “အဲ့ဒိုပေါ်မီ” အချိန်အခါသမယအတွင်း၌သာ တန်ဖိုးထားလေးစားလိုက်နာ ဆောင်ရွက်ကြရသည် ဖြစ်ပါသည်။

   ထိုသို့သောရည်ရွယ်ချက်များ၊ တည်ကြည်လေးနက်မှုများနှင့် တန်ဖိုးထားမှုများကို လက်ကိုင် ပြု၍ အချိန်အခါမဟုတ် “ဒီးကူ”ကို စီးပွားဖြစ်ရောင်းချခြင်းစသည်တို့ မပြုလုပ်မိစေရန် အလေး အနက်ထားပြီး အမြဲရှောင်ကြဉ်ရပါသည်။ ထိုကဲ့သို့ ရှောင်ကြဉ်မှုမပြုလုပ်ဘဲ ရိုးရာနှင့်ဖီလာ ဆန့်ကျင်ခြင်းသည် မိဘဘိုးဘွားတို့အား မလေးစားရာရောက်သကဲ့သို့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုများကိုလည်း ဖျက်ဆီးခြင်းဖြစ်သည်ဟု ခံယူထားကြပါသည်။အကျိုးဆက်အားဖြင့် မကောင်းသောအချင်းအရာများ ထိခိုက်ခံစားနိုင်ရခြင်းနှင့် ဘေးအန္တရာယ်များ ကျရောက်ခြင်း တို့ကိုလည်း ကြုံတွေ့ရနိုင်ကြောင်း လက်ခံယုံကြည်ထားကြပါသည်။ အနယ်နယ်အရပ်ရပ်ရှိ မိတ်ဆွေ သူငယ်ချင်းများအနေဖြင့် နှစ်စဉ်ရိုးရာမပျက် ကျင်းပပြုလုပ်သည့် ဒီးကူပွဲတော်သို့ အခွင့်အခါကြုံ၍ အချိန်အခါသင့်ပါက လာရောက်ဆင်နွှဲကြပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ခေါ် အပ်ပါသည်။

DOCA(ကယား)

ပြည်လက်လီပဲဈေးကွက်တွင် စားတော်ပဲဈေးအမြင့်ဆုံးရနေ

    ပြည်ပဲဈေးကွက်တွင် ပြည်ပဝယ်လက်ပဲများ ဈေးကောင်းရ၍အရောင်းအဝယ်ဖြစ်နေသလို ပြည်တွင်းစားသုံးမှုအနေဖြင့် လက်လီရောင်းဝယ်မှုဖြစ်တဲ့ ပဲများလည်းဈေးကောင်းရခဲ့ကြကာ စားတော်ပဲ သီးနှံအနေဖြင့် တစ်တင်း ၁၃၀၀၀၀ကျပ်အထိ ဈေးကောင်းရလျှက် ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံး ရနေခဲ့ကြောင်း သိရှိရပါသည်။ လက်လီရောင်းဝယ်မှုသာ ဖြစ်သည့်အတွက် တစ်ရက် အိတ် ၂၀ကျော် ပုံမှန်ရောင်းဝယ်ခဲ့ရပြီး ပဲအဝင်မရှိဘဲ လက်ကျန်ပဲများဖြင့် အရောင်းအဝယ်  ဖြစ်နေခဲ့ပါသည်။ စားတော်ပဲသီးနှံမှာ နှစ်စဉ်လိုလို ဈေးကောင်းရခဲ့သောကြောင့် ယခင်နှစ်က စက်တင်ဘာလအတွင်း တစ်တင်း ၇သောင်းကျပ်ရခဲ့ကာ ယခုနှစ်တွင် ယခင်နှစ်ထက် ကျပ် ၅သောင်း ကျော်ခန့် ဈေးမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တစ်နှစ်ပတ်လုံးထွက်ရှိသည့် ငရုတ်သီးနှင့် ဈေးကွက်

    မြန်မာနိုင်ငံ၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုသည် နေရာဒေသအနှံ့တွင် တစ်နှစ်ပတ်လုံး ထွက်ရှိ နေသည်ဟု ဆိုရပါမည်။ ဒေသအလိုက် ငရုတ်သီးပေါ်ချိန် ကွာခြားသကဲ့သို့ ဈေးကွက် အတက်၊ အကျ ကလည်း ဟန်ကျလိုက် မကျလိုက်နှင့် ငရုတ်သီးထွက်ရှိချိန်ကာလအလိုက်  ဖြစ်ပေါ်နေသည်။ ကြက်သွန်၊ ခရမ်းချဉ်၊ ငရုတ်သည် ဈေးကွက် မတည်ငြိမ်သေးသော ဟင်းသီးဟင်းရွက် သီးနှံများ ဖြစ်ကြသည်။

    ငရုတ်အမျိုးအစား အဓိကခွဲခြားရာတွင် အရသာအနေဖြင့် အချိုမျိုး၊ အစပ်မျိုး နှစ်မျိုးရှိသည်။ အချို့ကလည်း ငရုတ်ဆိုတာစပ်မှ ကြိုက်သည်။ ဆန့်ကျင်ဘက်အားဖြင့် ချိုသော ငရုတ်ကိုလည်း စားချင်ကြသေးသည်။ ငရုတ်သီးစပ်သည်မှာ Capsicum ဓာတ်ကြောင့်ဖြစ်သည်။ ငရုတ်မျိုးကို မူတည် ခွဲခြားလိုက်လျှင် မိုးပေါ်ထောင်မတ်သီးသော မိုးမျှော်ငရုတ်ရှိသကဲ့သို့ အပင်မှ အောက်ငိုက်သီးသော ငရုတ်မျိုးရှိကြသည်။ တဖန် ငရုတ်သီး၏ ပုံသဏ္ဍာန်ကို မူတည်ပြီး ခွဲခြားမည် ဆိုပါက  ငရုတ်သီးအရှည်၊ ငရုတ်သီးအပု၊ ငရုတ်သီးအပွ လုံးဝိုင်းပုံရှိသည်။ အချို့ ငရုတ်သီးမှာ လုံးဝိုင်း၍ သေးငယ်လွန်းလှသည်။ အချို့ ငရုတ်သီးမှာ အရွယ်ကြီး၍ အသီးပွင့်သည်။

    ငရုတ်သီးအရောင် ခွဲခြားကြည့်ပါက အဖြူရောင်၊ ဆင်စွယ်ရောင်၊ အဝါနုရောင်၊ အဝါရင့်ရောင်၊ အစိမ်းရောင်ရှိကြသကဲ့သို့ မှည့်လျှင် နီရဲသောအရောင်၊ ဝါဝါလွင်လွင် ရှိသောအရောင်နှင့် ယခုအခါ ခရမ်းရောင်၊ အနက်ရောင် ငရုတ်သီးအထိ မျိုးလိုက်၍ အမျိုးမျိုးပြောနိုင်ပါလိမ့်မည်။ အကောင်းဆုံး မြေမှာ သဲနုန်းမြေဖြစ်သည်။  ရာသီဥတုမှာ ပူနွေးမှုကြိုက်သည်။ မိုးရေချိန်မှာ မိုးများ ရေဝပ်လျှင် မကြိုက်။ မိုးရေချိန်လက်မ ၃၀ မှ လက်မ ၅၀ ဆိုလျှင် ငရုတ်ပင်စိုက်ပျိုး၍ ဖြစ်ထွန်းသည်။ ငရုတ် စိုက်ပျိုးသော ဒေသအများစုသည် ပူပြင်းသောအညာနှင့် မြေလတ်ဒေသ ဖြစ်ကြသော်လည်း အလွန် ပူပြင်းသော အချိန်ကာလများတွင် အပွင့်၊ အသီး ဖြစ်ထွန်းမှု နည်းပါးသည်။ အကောင်းဆုံးအပူချိန်မှာ  ၂၀ ဒီဂရီစင်တီဂရိတ်နှင့် ၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ၁၅ ဒီဂရီစင်တီဂရိတ်ထက် နိမ့်လျှင်ဖြစ်လျှင် ဖြစ်စေ၊ ၃၂ ဒီဂရီစင်တီဂရိတ်ထက် များလျှင်ဖြစ်စေ အပင်မသန်၊ အသီးထွက်နည်းသည်။

    ထို့ကြောင့်လည်း အညာနှင့် မြေလတ်ဒေသတွင် နွေ၊ မိုး၊ ဆောင်း၊ မိုးကြို၊ နွေကြို၊ ဆောင်းနှောင်း စိုက်ပျိုးကြသော်လည်း မိုးများသော မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးရာသီ မစိုက်ပျိုးကြဘဲ ဆောင်းရာသီမှာ စိုက်ပျိုးကြသည်။ ဒေသအလိုက် ငရုတ်စိုက်ပျိုးချိန်မှာ မိုးကြိုငရုတ် ကို   ဖေဖော်ဝါရီလ၊ မတ်လ ပျိုးထောင်၍ ဧပြီလ၊ မေလ စိုက်ကြပြီး ဇူလိုင်လ၊ ဩဂုတ်လ ခူးကြ သည်။ ဆောင်းငရုတ်ကို အောက်တိုဘာလ ပျိုးထောင်၍ နိုဝင်ဘာ၊ ဒီဇင်ဘာလစိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ မတ်လ ခူးဆွတ်ကြသည်။ ငရုတ်ကို ပျိုးထောင်စိုက်ပျိုးကြသလို ပျိုးပင်ဝယ်၍လည်း စိုက်ပျိုးကြသည်။

    တစ်ခါတစ်ရံ ငရုတ်ဈေးကလည်း ကောင်းမည်။ စိုက်ပျိုးသူကလည်းများပြီဆိုလျှင် ငရုတ် မျိုးစေ့ ဈေးကြီးပေးဝယ်ရပြီး လိုသလောက်ဝယ်မရခြင်းမျိုးရှိသည်။ ငရုတ်မျိုးများစွာ၊ မျိုးကောင်း မျိုးသန့်များစွာ ပြည်ပမျိုးများရှိကြသည်။ ရွှေငရုတ်၊ မိသားစု၊ သာမို၊ မောင်းတိန်း၊ ထိုင်ဝမ်၊ တောင်သုံးလုံး စသည်ဖြင့် အမည်မှည့်ခေါ်ကြသည်။ ငရုတ်စိုက်ပျိုးမှုများပြားသော အချို့ တိုင်းဒေသကြီးများတွင် ငရုတ်စိုက်ပျိုးဧက သောင်းဂဏန်းရှိ၍ အထွက်ပိဿာချိန် သိန်းရာကျော် ရှိကြသည်။ စိုက်ပျိုးမှု နည်းသည်၊ များသည်မှာ ဝယ်လိုအား ဈေးကွက်ပေါ်မူတည်နေပါသည်။

  ထို့ကြောင့် ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြသော အသင်းအဖွဲ့များရှိပြီး စံချိန်မီ၊ အရည်အသွေးကောင်းသည့် လုံခြုံစိတ်ချရသော အထူးသဖြင့် မှိုရောဂါ (အဖရာတော့ဆင်-ဘီဝမ်း)ကင်းသည့် ငရုတ်သီးများရရှိရန် ဂျီအေပီ (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း) နည်းပညာပေး ဆောင်ရွက်နေကြရသည်။ မှိုဆိပ်ပါဝင်မှုသည် မြေပဲနှင့် ငရုတ်သီးတွင် အများဆုံး ပါဝင်မှုရှိနေသဖြင့် စိုက်ပျိုးသောစနစ်၊ စိုက်ပျိုးသောမြေမျိုးပြုစုမှုတွင် အဓိကဖြစ်သည်။ မှိုဆိပ်သည် စိုက်ခင်းမှစ၍ ပါဝင်နိုင်ပါသည်။

    ငရုတ်သီးအစိုနှင့် ငရုတ်သီးအခြောက် ဈေးကွက်၌ ငရုတ်သီးအခြောက်တွင် မှိုဆိပ်များစွာ ပါဝင်နေကြသည်။ အဖရာတော့ဆင်သည် ပြောင်း၊ ငရုတ်ကောင်း၊ နနွင်း၊ ပဲ၊ နေကြာတို့တွင်လည်း ပါရှိနိုင်သော်လည်း မြေပဲနှင့်ငရုတ်တွင် အများဆုံးပါရှိသည်ဟု သိရသည်။ မှိုဆိပ်ပါဝင်မှုမှာ အပူချိန် နှင့် စိုထိုင်းဆအပေါ် မူတည်နေသည်။ မြေ၊ မျိုး၊ ပျိုး၊ သိုလှောင်မှုစနစ်တို့ကြောင့်လည်း ပါနိုင်သည်။ ငရုတ်သီးမှုန့်နှင့် အရောင်တင်မှုန့်တွင် အဖရာ‌တော့ဆင်ပါဝင်မှု ၂၀ ppb ထက်များလျှင် အန္တရာယ်ရှိ သည်ဟု ကျန်းမာရေးရှု့ထောင့်က သတ်မှတ်သည်။ မှိုဆိပ်ကင်းသော ငရုတ်သီးဖြစ်ရန် စိုက်ပျိုးသူ တောင်သူများက ဂျီအေပီ စိုက်ပျိုးမှု အလေ့အကျင့် ဆောင်ရွက်ကြရပါမည်။ ဤသည်မှာ ပထမဆုံး ဂရုပြုရမည့်လုပ်ငန်း ဖြစ်ပါသည်။

   ငရုတ်သီးခူးဆွတ်ပြီးလျှင် ခြောက်သွေ့အောင် နေလှန်းရမည်။ မြေကြီးပေါ်တွင် အခင်းအကာ မပါဘဲ နေလှန်းမှု၊ အခြောက်ခံစက်ဖြင့် အချိန်တိုတိုအတွင်း အခြောက်မခံနိုင်မှု၊ ပတ်ဝန်းကျင် စိုထိုင်းဆနည်းအောင် ပြုလုပ်မပေးနိုင်မှု၊ ခြောက်သွေ့သော အပူချိန် မရရှိမှု၊ နေလှန်းချိန် ကြာမြင့်မှု တို့ကြောင့် မှိုအဆိပ်ဖြစ်ကြသည်ဟု သုံးသပ်ကြသည်။ ငရုတ်သီး၏ ဈေးကွက်အားသာချက်မှာ အစိုဈေးမကောင်းလျှင် အသီးကို အပင်မှာထား၍ အမှည့်ခံခူးပြီး အခြောက်ခံရောင်းချနိုင်သည်။

    ငရုတ်စိုက်ခင်း တစ်ဧက ခူးဆွတ်သူ ၁၂ ဦးဖြင့် ငါးရက်တစ်ကြိမ် ခူးကြသည်။ ငရုတ်သီးဈေး ကောင်းလျှင် စစ်ကိုင်းတိုင်းဒေသကြီးထဲမှ သခွားမွှေးစိုက်ခင်းများတွင် ငရုတ်သီးညှပ်ထည့်ပြီး စိုက်ကြ သေးသည်။ ချောင်းဦး၊ မုံရွာ၊ ဘုတလင် ဒေသတို့၌ ဆောင်းရာသီစိုက် သခွားခင်းထဲ၌ ငရုတ်ပင်သီးညှပ်စိုက်ကြလေ့ရှိသည်။ ဒေသငရုတ်မျိုး၊ ပြည်ပငရုတ်မျိုးစုံ စိုက်ပျိုးကြသည်။ နှစ်ပတ် တစ်ကြိမ် ငရုတ်သီးအစို ခူးယူကြသည်။ အမှည့်သီးကို တစ်လကြာထားပြီးမှ ခူးဆွတ်ကြသည်။

    ငရုတ်သီးစိမ်းဈေးကွက်သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ ချောင်းဦး၊ မြောင်၊ ဘုတလင် ဒေသတို့က များပြား၍ ငရုတ်သီးခြောက်ဈေးကွက်သည် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း၊ ကူမဲ၊ ကျောက်ဆည်ဒေသတို့က ပိုများသည်။

    ငရုတ်သီး၏ ပြည်ပဈေးကွက်သည် ကလေး၊ တမူးမှ အိန္ဒိယသို့ တစ်လမ်း၊ မင်းဘူး၊ တောင်ကုတ်မှ ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်သို့ တစ်လမ်း၊ မန္တလေး၊ မူဆယ်မှ တရုတ်သို့တစ်လမ်း ရှိသည်ဟု ဈေးကွက်ထံမှ သိရှိရသည်။

    ငရုတ်ပျိုးခင်းတွင် ခါးရိရောဂါ၊ ပင်ညှိုးရောဂါ ကျတတ်သည့် ငရုတ်ပင်တွင် ကျသော သရစ်ပိုးမှာ ငရုတ်နှင့်ကြက်သွန်နီ သီးညှပ်စိုက်လျှင် ပြောင်းစိုက်ပျိုးပြီး ငရုတ်ထပ်မံစိုက်လျှင် ကျလေ့ ရှိသည်။ ငရုတ်ခူးမည်ဆိုပါက အသီးအရွယ် ပုံမှန်ရောက်ရှိချိန်၊ အစိမ်းခူးက အစိမ်းရောင်ရင့်ချိန် အခြောက်ခံမည်ဆိုပါက အနီရောင်မှည့်ချိန် ခူးရသည်။ များသောအားဖြင့် ငါးရက်တစ်ကြိမ် ခူးလေ့ ရှိသည်။ ငရုတ်သီးအခြောက်ခံရာတွင် ရေနွေးပူဖြင့် ရေနွေးဖြော အခြောက်ခံခြင်းမှာ မှိုပါဝင်မှု ကင်းရန်ထက် ငရုတ်သီးခြောက် အရောင်လှအောင် ပြုလုပ်ခြင်း ဖြစ်သည်။

    များသောအားဖြင့် အခွံပွသော ငရုတ်မျိုး၊ အတောင့်ကြီးသော ငရုတ်မျိုး၊ ငရုတ်ချိုမျိုးများကို ရေနွေးဖြော အခြောက်ခံတတ်ကြပြီး အခွံပါး အတောင့်သေး ငရုတ်မျိုးကို နေလှန်း အခြောက်ခံ ကြသည်။ တစ်ဧက ငရုတ်သီးခြောက် ပိဿာ ၃၀၀ ကျော် ထွက်ရှိပြီး အစိုမှာ အခြောက်ထက် လေးဆပိုထွက်သည်။ မျိုးစေ့အဖြစ် ထားလိုလျှင် ရင့်မှည့်မှ ခူးကြရပြီး အသီးစိုမှ မျိုးစေ့ထုတ်ယူ၍  အရိပ်ထဲတွင် အခြောက်ခံရသည်။ ယခုအခါ စနစ်တကျ စိုက်ပျိုးလျှင် တစ်ဧက ငရုတ်သီးအစို ပိဿာ ၃၀၀၀ မှ ပိဿာ ၄၀၀၀ ၊ ငရုတ်သီးခြောက် ပိဿာ ၄၀၀၊ ပိဿာ ၆၀၀ ထွက်ရှိသော ငရုတ်သီး မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးလျက်ရှိနေကြပါသည်။

DOCA(စစ်ကိုင်း)

ဈေးမြင့်လာတဲ့ ပြည်ကြက်သွန်ဖြူ

    ပြည်ဈေးကွက်အတွင်းရှိ ကြက်သွန်ဖြူဈေးများမှာ တစ်ပတ်ထက်တစ်ပတ် ဈေးမြင့်တက်နေသည်ကို  တွေ့ရှိရပါသည် ။ အရောင်းအဝယ်အနေဖြင့် ယခင်စက်တင်ဘာလပထမပတ်တွင် အရောင်းအဝယ် အေးနေခဲ့ရာ ယခုတစ်ပတ်တွင်လည်း အရောင်းအဝယ်အေးနေဆဲဖြစ်ပါသည်။ အဝင်အနေဖြင့် ယခင် တစ်ပတ်မှစ၍ အဝင်လျော့နည်းခဲ့ခြင်းဖြစ်ရာ ယခုတစ်ပတ်မှာလည်း တစ်နေ့လျှင်အိတ် ၁၀၀ မှ ၁၅၀ အတွင်းသာ အဝင်ရှိကြောင်းသိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ(ကြူကုတ်) လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၄၅၀၀-၅၀၀၀၊ လက်လီဈေး ကျပ် ၅၅၀၀-၆၀၀၀ဖြင့် လည်းကောင်း၊ ရှမ်းစလက်ကား(ပွဲရုံ) တစ်ပိဿာလျှင် ၄၇၀၀-၅၃၀၀၊ လက်လီဈေးကျပ် ၅၅၀၀-၆၀၀၀ဖြင့် ဒေသတွင်း လုပ်ငန်းရှင်များ လက်လီဝယ်ယူသူများဖြင့် အရောင်းအဝယ်အေးလျှက်ရှိပါကြေင်း သိရှိရပါသည်။

DOCA(ပဲခူး)

အာလူးဈေးမြင့်တက်လာသည့် ပြည်ဈေးကွက်

    ပြည်ဈေးကွက်ရှိ ရှမ်းအာလူးများမှာ တောင်ကြီး၊ အောင်ပန်းမှ နေ့စဉ် ပုံမှန်အဝင်ရှိနေပြီး ဈေးနှုန်းအနေဖြင့် ယခင်စက်တင်ဘာလ ပထမပတ်ကထက် တစ်ပိဿာကို ကျပ် ၄၀၀ခန့် ဈေးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရှိ လက်လီဝယ်ယူသူများ၊ အာလူးကြော် လုပ်ငန်းရှင်များနှင့် နယ်မြို့များမှ ဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်၍ ယခင်ထက် အရောင်းအဝယ် အေးနေကြောင်း သိရှိရပါသည်။ အခြားတိုင်းများသို့ တင်ပို့ရောင်းချမှုအနေဖြင့် အိတ်အနည်းငယ်သာရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် လက်ကား(ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၂၄၀၀-၂၆၀၀ဖြင့် လည်းကောင်း၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၇၀၀-၂၈၀၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

ပြည်ကြက်သွန်နီဈေးနှုန်းများ ဆက်လက်မြင့်တက်

     ယခု စက်တင်ဘာလ ပထမပတ် ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ယခင်အပတ်ထက် ကျပ် ၄၀၀ခန့် ဆက်လက်မြင့်တက်သွားကြောင်း သိရပါသည်။ ဆိပ်ဖြူ၊ အောင်လံဘက်မှ ကြက်သွန်နီ (၂၅)ပိဿာ ဝင်အိတ် ၃၀၀ခန့် နေ့စဉ်အဝင်ရှိနေပါသည်။ ပန်းတောင်း(ဥသျှစ်ပင်)၊ သာယာဝတီခရိုင်နှင့် ဧရာဝတီ (ကြံခင်း) ဘက်တို့သို့ စီးဆင်းရောင်းဝယ်မှုနဲ့ အတူ ပြည်ဒေသတွင်း ဈေးကွက် ရောင်းဝယ် မှုအပါအဝင် ဝင်ရောက်မှုရဲ့ ထက်ဝက်ခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးနှုန်း များအနေနဲ့ ပွဲရုံဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး) ကျပ် ၃၂၀၀/၃၃၀၀/၃၄၀၀ တို့ရှိပြီး လက်လီ ဈေးအသေး များတွင် ကြီး/လတ်/သေး ကျပ် ၃၅၀၀/၃၇၀၀-၃၈၀၀/၃၉၀၀-၄၀၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ် လျှက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း