Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ “အောင်” ကြိမ်၊ဝါး၊ဗေဒါ လုပ်ငန်းရှင် ဦးအောင်လွင်နှင့် တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ရာတွင် ကြိမ်၊ဝါး၊ ဗေဒါ လက်မှုလုပ်ငန်းများမှ ဦးထုပ်၊ ဖိနပ်၊ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ တစ်ရှုးဘောက် စသည့်တို့ကို အရွယ်အစားပုံစံ အမျိုးမျိုးအား နေ့စဉ်အလုပ်သမား(၁၅)ဦးခန့်ဖြင့် အိမ်တွင်းလက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမားများ လုပ်ဆောင်နိုင်သည့်အပေါ်မူတည်၍ တစ်နေ့လျှင် ၄၀၀ဝိ/- မှ ၇၀၀ဝိ/- အထိ ရရှိကြကြောင်းသိရှိပါသည်။

            ဗေဒါလက်မှုလုပ်ငန်းဆောင်ရွက်ရန် ကုန်ကြမ်းကို ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီး ချောင်းများ၊ အင်းအတွင်း သဘာဝအလျောက် ပေါက်ရောက်နေသော ဗေဒါပင်များမှရ၍ ချောင်းဖျားပတ်ဝန်းကျင်ရှိရွာများမှ ၂ ပေ(တစ်ထောင့်ထွာ)ခန့်ရှည်သော ဗေဒါအခြောက် တစ်ပင်လျှင် (၅)ကျပ်နှုန်းဖြင့် အပင်(၁၀၀)ပါ တစ်စည်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူလျက်ရှိ၍ ချောင်းဖျားဝန်းကျင်မှရွာသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိလျက် ဝင်ငွေတိုးနေကြပါသည်။ ဝါးခမောက်များကို တက်ဆိပ်၊ သောင်ကြီး၊ ဒေါင့်ကြီး၊ သရက်ချောင်း စသည့်အုပ်စု(၂၀)မှ ဝါးခမောက် အကြမ်းယက်လုပ်လျှက်ရှိပြီး တစ်လုံးလျှင် ၁၀၀ဝိ/-မှ ၃၀၀ဝိ/-ထိဈေးရှိ၍ ဗေဒါလက်ကိုင်အိတ် အမျိုးမျိုးမှာ တစ်လုံးလျှင် ၆၀၀ဝိ/- မှ ၁၂၀၀ဝိ/- ၊ ဗေဒါဖိနပ် တစ်ရံလျှင် ၁၅၀ဝိ/-မှ ၆၀၀ဝိ/-ထိရှိပါသည်။ ၎င်းလက်မှုပစ္စည်းများအား ပဲခူး၊ ရန်ကုန်၊ ကျိုက်ထီးရိုး၊ မန္တလေး၊ ပုဂံ၊ ညောင်ဦးမြို့များသို့ ပို့ဆောင် ရောင်းချခဲ့ပြီး Online မှ အမှာ များကိုလည်း ရောင်းချလျက်ရှိ၍ဒေသတွင်းရှိ အလုပ်သမားများ အလုပ်အကိုင်ရရှိစေရေးနှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များပါရရှိစေရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

လက်ပံတန်းမြို့၏ ဓာတ်မြေသြဇာနှင့် ဘိလပ်မြေစျေးကွက်

 

             ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ ကုမ္ပဏီများနှင့် အရောင်းဆိုင်များတွင် ဓာတ်မြေသြဇာအမျိုးမျိုး ရောင်းချလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်သူများအနေဖြင့် ပုလဲဓာတ်မြေသြဇာများဖြစ်သည့် မြင်းပျံ၊ သြဘာ၊ ရွှေနဂါး၊ အာမို ၊ ကောမတ်ဓာတ်မြေသြဇာများအား အများဆုံးအသုံးပြုလျက်ရှိပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် ဓာတ်မြေသြဇာနှင့် ဘိလပ်မြေစျေးများ မြင့်တက်လျက်ရှိပြီး စျေးကွက်အတွင်း အရောင်းအဝယ်အေးလျက် ရှိကြောင်း သိရှိရပါသည်။ ဓာတ်မြေသြဇာစျေးနှုန်းများမှာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ တတိယအပတ်တွင် ယူရီးယား (မြင်းပျံ) တစ်အိတ်လျှင် ၉၀၀၀၀ကျပ်  ၊ ယူရီးယား (မိုးနဂါး) တစ်အိတ်လျှင် ၈၅၀၀၀ကျပ် ၊ တီစူပါ (သံကွင်း)တစ်အိတ် လျှင် ၆၆၀၀၀ကျပ် ၊ ကွန်ပေါင်း( အာမို) တစ်အိတ်လျှင် ၈၅၀၀၀ကျပ်တို့ဖြင့် စျေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်း  သိရှိရပါသည်။

           ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင် (အနီ) တစ်အိတ်လျှင် ၉၀၀၀ကျပ် ၊ အယ်ဖာတစ်အိတ်လျှင် ၉၅၀၀ကျပ် ၊ အပါချီတစ်အိတ်လျှင် ၈၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ပြည်ခရိုင်တွင် ပဲစင်းငုံသစ်များစတင်ထွက်ပေါ်

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ပဲစင်းငုံများ  စိုက်ပျိုး၍ စိုက်ပျိုးဧကမှာ ၁၈၃၄၇ ဧကခန့်စိုက်ပျိုးပြီး အထွက်နှုန်းမှာ ၁၆.၃၁ တင်းခန့် ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုအခါပဲစင်းငုံအသစ်များ ပန်းတောင်းမြို့နယ်ဘက်မှ အများဆုံးဝင်ပြီး မကွေးတိုင်း၊ မင်းတုန်း၊ ကံမဘက်မှလည်း ပြည်ပွဲရုံများသို့ အဝင်ရှိပါသည်။ ယခုနှစ် ပဲသစ်တစ်တင်း ၄၀၀၀၀ကျပ်ဖြင့် စျေးဖွင့်ခဲ့ပြီး ပဲကုန်သည်များမှာ ပဲတစ်တင်းလျှင် ကွင်းစျေး ၃၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်၍ ပွဲရုံများသို့ ၄၀၀၀၀ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။

          ယခုရက်အတွင်းပဲဝင်ရောက်မှုမှာ စတင်ထွက်ပေါ်ချိန်ဖြစ်၍ တစ်ရက်ကို အိတ် ၃၀/၄၀ ခန့်သာရှိပြီး အရောင်းအဝယ်အနေဖြင့် လှောင်လက်များသာ အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ပဲစပေါ်ချိန် ပဲတစ်တင်းလျှင် ၂၇၀၀၀ကျပ်ဖြင့် စျေးစဖွင့်ခဲ့ပြီး ယခုနှစ်စျေးနှင့် နှိုင်းယှဉ်လျှင် ၁၃၀၀၀ ကျပ်ခန့်ပိုမိုရရှိသဖြင့် ယခင်နှစ်ကထက်စျေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် ကြံသီးနှံဈေးကွက်

        ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြံစိုက်ပျိုးသည့်မြို့နယ် (၆)မြို့နယ် တို့မှာ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိမြို့နယ်တို့ ဖြစ်သည်။ အဆိုပါ မြို့နယ်များအနက် လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ကြံစိုက်ပျိုးသည့်ဧရိယာ အများဆုံး ဖြစ်သည်။ ယခုအခါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း၌ လည်ပတ်နေသော သကြားစက် (၃)စက်ရှိပြီး ပျဉ်းမနားမြို့နယ်တွင် ပျဉ်းမနားသကြားစက်၊ တပ်ကုန်းမြို့နယ်တွင် ဒဟတ်ကုန်း သကြားစက်၊ လယ်ဝေးမြို့နယ်တွင် တောင်ဇဉ်အေး(သာဝတ္ထိ)သကြားစက်တို့ဖြစ်ပြီး ဒဟတ်ကုန်း သကြားစက်နှင့် တောင်ဇဉ်အေးသကြားစက်တို့ကို International Gate Ways ကုမ္ပဏီလီမိတက်မှ လည်းကောင်း၊ ပျဉ်းမနားသကြားစက်ကို ယုဇနကုမ္ပဏီလီမိတက်မှလည်းကောင်း တာဝန်ယူ လည်ပတ်လျက် ရှိပါသည်။ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်တို့မှ စိုက်ပျိုး ထွက်ရှိသော ကြံများကို ဒဟတ်ကုန်းသကြားစက်သို့လည်းကောင်း၊ ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်တို့မှ ထွက်ရှိသောကြံများကို ပျဉ်းမနားသကြားစက်သို့လည်းကောင်း၊ လယ်ဝေးမြို့နယ် အတွင်းမှ ထွက်ရှိသောကြံများကိုတောင်ဇဉ်အေး သကြားစက်သို့လည်းကောင်း ရောင်းချလျက် ရှိပါသည်။ ယခု နှစ်တွင် ပျဉ်းမနားသကြားစက်အနေဖြင့် ကြံတန်ချိန်(၂၅၀၀၀)၊ ဒဟတ်ကုန်းသကြားစက် အနေဖြင့် တန်ချိန်(၆၀၀၀၀)၊ တောင်ဇဉ်အေးသကြားစက် အနေဖြင့် တန်ချိန်(၈၀၀၀၀)ဝယ်ယူ သွားမည် ဖြစ် ကြောင်း သိရှိရပါသည်။

          ၂၀၂၁ ခုနှစ် ကြံစိုက်ရာသီတွင် (၁၀၀၂၉)ဧက စိုက်ပျိုးခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်းနိုင်ခဲ့ရာ တစ်ဧကအထွက်နှုန်းမှာ (၂၂)တန်ခန့် ထွက်ရှိသဖြင့် စုစုပေါင်း တန်ချိန်(၂၂၀၆၃၈)ထွက်ရှိမည်ဟု ခန့်မှန်း ရပါသည်။ အထက်ပါစက်ရုံ(၃)ရုံမှ ဝယ်ယူမည့် လျာထားတန်ချိန်မှာ (၁၆၅၀၀၀)တန် ဖြစ်သော ကြောင့် ပိုနေသည့်ကြံများကို မျိုးပွားကြံနှင့် အခြားသုံးဖြစ်သော ကြံသကာချက်ခြင်း၊ ကြံရည် ကြိတ်ခြင်း၊ စားသုံးခြင်းစသည်တို့အတွက် အသုံးပြုရမည်ဖြစ်ကြောင်း ကြံစိုက်ပျိုးသည့် တောင်သူ များထံမှ သိရှိရပါသည်။ ကြံဈေးနှုန်းအနေဖြင့် စက်ရုံအရောက်ဈေးနှင့် ကွင်းဈေးဟူ၍ (၂)မျိုး ခွဲထား သည်။ စက်ရုံအရောက်ဈေးမှာ ကြံတစ်တန်လျှင် (၅၂၅၀၀)ကျပ်ဖြစ်ပြီး ကွင်းဈေးမှာ (၄၃၀၀၀) ကျပ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။

          ယခုနှစ်တွင် မိုးရေချိန်လုံလောက်စွာရရှိသောကြောင့် ကြံအထွက်နှုန်းကောင်းသည်ဟု ဆိုနိုင် ပါသည်။ ယခင်နှစ်များတွင် တစ်ဧကလျှင် ကြံတန်ချိန် တန်(၂၀)ခန့်သာ ထွက်ရှိသည်ဟု တောင်သူများ ထံမှ သိရပါသည်။ ၂၀၂၁ခုနှစ် ကြံစိုက်တောင်သူများ၏ တွက်ခြေကိုက်မှုအခြေအနေနှင့်ပတ်သက်၍  ကြံစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်မှာ (၇၂၀၀၀၀)ကျပ် ဝန်းကျင်ဖြစ်ပြီး တစ်ဧကအကျိုးအမြတ်မှာ (၄၃၅၀၀၀)ကျပ်ရှိကြောင်း တောင်သူများထံမှ သိရပြီး၊ ကြံရာသီကြိတ်ခွဲထုတ်လုပ်မှုကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်ထိ စက်ရုံများ လည်ပတ်သွားမည် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပြည်ထောင်စုနယ်မြေ)

တောင်း၊ဆန်ကော၊ဆန်ကာ ယက်လုပ်ခြင်းလုပ်ငန်း

         မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ နွားစားငုတ်ကျေးရွာနေ ပြည်သူများသည် လက်မှုလုပ်ငန်းဖြစ်သော တောင်း၊ဆန်ကော၊ဆန်ကာ ယက်လုပ်ခြင်း လုပ်ငန်းကို ယခင်က ကျေးရွာတစ်ရွာလုံး မိရိုးဖလာ လုပ်ကိုင်လာခဲ့ကြရာမှ ယခုအခါ အကျိုးအမြတ်နည်းပါးခြင်း၊ ဝယ်ယူအသုံးပြုမှုနည်းပါးခြင်း၊ အခြား လုပ်ငန်းဖြစ်သော ပန်းရံ၊ လက်သမား၊ ဆံပင်ကျွတ်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာကြခြင်းတို့ကြောင့် တောင်း၊ဆန်ကော၊ ဆန်ကာယက်လုပ်ခြင်းလုပ်ငန်းကို အဓိက လုပ်ကိုင်သူ နည်းပါးလာကြောင်း သိရှိရပါသည်။ သို့သော် အပိုဝင်ငွေ ရရှိသည့် လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းများ ရှိကြောင်း သိရှိရပါသည်။

          တောင်း၊ဆန်ကော၊ဆန်ကာများ ယက်လုပ်ရန် ကုန်ကြမ်းပစ္စည်းအနေဖြင့် ဝါး၊ထမ်းလျှော်နှင့် ကြိမ်များ ကိုဝယ်ယူအသုံးပြုရပါသည်။ ဝါးများကို နီးစပ်ရာဝါးအရောင်းဆိုင်များတွင် ဝယ်ယူကြရပြီး ထမ်းလျှော်နှင့်ကြိမ် များကို နီးစပ်ရာ(၅) ရက်တစ်ပတ်စျေးများတွင် ဝယ်ယူကြပါသည်။ ဝါး(၁)လုံးလျှင် ၁၀၀၀ ကျပ်၊ ထမ်းလျှော် (၁) ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြိမ်(၁)လုံး (၅၀၀) ကျပ် စျေးရှိပါသည်။

          ယက်လုပ်သောပစ္စည်း အမျိုးအစားများမှာ ၁၆ ပြည့်ဝင် တောင်းကြီး(ကြမ်း/ချော)၊၈ပြည်ဝင် ခွဲတောင်း (ချော)၊ ဆန်ကော(ကြမ်း)၊ ဆန်ကာ(ကြမ်း)၊ ပွဲတင်တောင်း(ကြမ်း) ဟူ၍ ယက်လုပ်ကြပါသည်။ တောင်းကြီး (ကြမ်း) တစ်လုံး ယက်လုပ်လျှင် ကုန်ကျစရိတ်(၁၀၀၀)ကျပ် ခန့်ကုန်ကျပြီး ရောင်းရငွေ (၂၅၀၀)ကျပ်ရရှိသဖြင့် တစ်လုံးလျှင် လုပ်အားခငွေ (၁၅၀၀)ကျပ် ရရှိကြောင်း၊ တနေ့လျှင် ၂ လုံးခန့် ပြီးစီးအောင် ယက်လုပ်နိုင်၍ တနေ့ဝင်ငွေ (၃၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ တောင်းကြီးချောတစ်လုံး ယက်လုပ်လျှင် ကုန်ကျစရိတ်(၁၈၀၀) ခန့် ကုန်ကျပြီး ရောင်းရငွေ(၃၅၀၀) ကျပ်ရရှိ၍ တစ်လုံးလျှင် (၁၇၀၀) ကျပ်ရရှိကြောင်း၊တနေ့လျှင် ၂ လုံးပြီးစီး အောင် ယက်လုပ်နိုင်၍ တနေ့ဝင်ငွေ (၃၄၀၀) ကျပ်ခန့်ရရှိ တောင်း၊ဆန်ကော၊ဆန်ကာများသည်လည်း တနေ့ (၅)ချပ် ပြီးစီးအောင်ယက်လုပ်ရောင်းချ နိုင်သော်လည်း တစ်ရက်လုပ်အားခ (၃၀၀၀) ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။

          စျေးကွက်အနေဖြင့် ထွက်ရှိလာသော တောင်း၊ဆန်ကော၊ဆန်ကာများကို မိတ္ထီလာမြို့ စည်အင်သာယာ စျေးသို့လည်ကောင်း၊ (၅) ရက် တစ်ပတ်စျေးများတွင်လည်းကောင်း၊ တောင်သူလုပ်ငန်း အသုံးပြုရန်အတွက် ရွာသို့လာရောက်ဝယ်သူများထံသို့လည်ကောင်း ရောင်းချရကြောင်းသိရှိရပါသည်။

          တောင်း၊ ဆန်ကော၊ ဆန်ကာ ယက်လုပ်ခြင်းလုပ်ငန်းအနေဖြင့် အကျိုးအမြတ် ရရှိလာမှုနည်းသည်ဟု ယူဆဖွယ် ရှိသော်လည်း ဒေသခံများအနေဖြင့် အပိုဝင်ငွေ ရရှိရေးအတွက် ၎င်းတို့၏ မိရိုဖလာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

ပဲတီရွှေဝါစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

              ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ပဲတီရွှေဝါအသစ်များ ဈေးကွက်အတွင်း အဆက်မပြတ် ဝင်ရောက်လျက်ရှိရာ ယခင်ကာလတူနှစ်များထက် အဖွင့်ဈေးကောင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် အသစ်ပေါ်လာသည့် ပဲတီရွှေဝါများမှာ အရည်အသွေးကောင်းသောကြောင့်  ဈေးကောင်းရရှိနေပြီး ယခင်နှစ် ပဲတီရွှေဝါတစ်တင်းလျှင် ကျပ် ၄၀၀၀၀ခန့်ရှိပြီး ယခုနှစ် ဇန်နဝါရီလ ပဲပေါ်ချိန်တွင် ပဲတီရွှေဝါ တစ်တင်းလျှင် ကျပ် ၄၄၅၀၀ အထိ ရနေကြောင်း သိရသည်။၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ထိရရှိထားသော သတင်းအချက်အလက်များအရ အိန္ဒိယအစိုးရက မတ်ပဲအပါအဝင် ပဲစင်းငုံနှင့် ပဲတီစိမ်းများကို ကန့်သတ်ကုန်စည်အဖြစ်မှ ပယ်ဖျက်ထားကာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိလွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည့်အတွက် မြန်မာနိုင်ငံမှ ပဲဈေးကွက်အတွင်း အရောင်းအဝယ်သွက်လာပြီး ဆက်လက်စျေးမြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီရွှေဝါများသည် ရန်ကုန်မှ ကုမ္ပဏီများသို့ အများဆုံး ပို့ဆောင်လျက်ရှိကြောင်းသိရပြီး ယခုနှစ် အထွက်နှုန်းအနေဖြင့် ယခင်နှစ်များကဲ့သို့ ပုံမှန်ထွက်ရှိနေသည့်အတွက် တောင်သူများအနေဖြင့် ယခုပဲပေါ်ချိန်တွင် ဈေးနှုန်းကောင်းများ ရရှိနေခြင်းကြောင့် အကျိုးအမြတ် ရရှိနေကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့နယ်တွင် နွေစပါးများစိုက်ပျိုး

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကျေးလက်ဒေသများတွင် နွေစပါး စိုက်ပျိုးရန် တောင်သူဦးကြီးများ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာကြပါသည်။ ၂၀၂၁ ခုနှစ်၊ မိုးစပါးကာလ မေလမှ အောက်တိုဘာလကုန်အထိ ၆ လတာ ကာလအတွင်း ရွာသွန်းသောမိုးရေချိန် မှာ ၇၂.၃၅ လက်မရှိကြောင်း တောင်ငူခရိုင်  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းအရ သိရပါသည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝနှင့် ပတ်ဝန်းကျင်၏ အလေးသာမှု ကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူဦးကြီးများကို ကောင်းကျိုးပြုလျက်ရှိပါသည်။

          တောင်ငူမြို့နယ်အတွင်း ပသိဆည်၊ ကမ်းနီဆည်၊ ကရင်ချောင်းဆည်၊ ခပေါင်းဆည်၊ ချောင်းပိတ်တမံပိတ်၊ အင်းအိုင်များ၊ စစ်တောင်းမြစ်ကိုအမှီပြု၍ မြစ်ရေတင်စီမံကိန်းများဖြင့် နွေစပါး များ စိုက်ပျိုးကြပါသည်။ ဆည်များအားလုံးတွင် နွေစပါးစိုက်ပျိုးရန် ရေလုံလောက်စွာ ရရှိပါသည်။ ဆည်များတွင် မိုးရေစုဆောင်းထားမှု လုံလောက်စွာရှိသောကြောင့် ခပေါင်းဆည်ရေ သောက် ၁၁၂၅၀ ဧက၊ ပသိဆည်ရေသောက် ၁၁၆၈ ဧက၊ ကမ်းနီဆည်ရေသောက် ၁၂၂၀ ဧက၊ ကရင် ချောင်းဆည်ရေသောက ၆၁၆ ဧက၊ ချောင်းပိတ်တမံပိတ်ရေသောက် ၆၂၅ ဧက၊ အင်းအိုင် ၁၂၉၉ ဧက၊ သဖန်းပင်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ အနောက်ရွာတန်းရှည်ကျေးရွာအုပ်စု ၂၁၇ ဧကနှင့် သဖန်းပင်ကျေးရွာအုပ်စုမှ ၁၉၀ ဧကဖြင့် တောင်ငူမြို့နယ်အတွင်း စုစုပေါင်းနွေစပါး ၁၆၆၆၅ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရပါသည်။

          နွေစပါးကို ရက် ၉၀၊ ရတနာတိုး၊ နယူးဧရာ၊ ထိုင်းနှံကောက်စသည့် စပါးမျိုးများကို စိုက်ပျိုးကြပါသည်။ ထိုင်းနှံကောက်စပါးသည် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ ရာသီနှင့်ကိုက်ညီခြင်း၊ ဈေးကွက်ဝယ်လိုအား ရှိခြင်းတို့ကြောင့် အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှလည်း စပါး မျိုးသန့်များ ရောင်းချပေးလျက်ရှိပြီး ဆန်သည် မြန်မာပြည်သူတို့၏ အဓိက စားသုံးကုန်ဖြစ်ခြင်း၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသည့် အဓိက ပို့ကုန်သီးနှံဖြစ်ခြင်းနှင့် မဟာဗျူဟာကျသော သီးနှံတစ်မျိုးဖြစ်ခြင်းကြောင့် တောင်သူဦးကြီးများ အားထား စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပခုက္ကူမြို့နယ်အတွင်းရှိ CP ကြက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်သည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပြည်တွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၁၃.၁.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့နယ်၊ ဆွဲကြီးကျေးရွာရှိ CP ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင် ဦးကျော်နိုင်သို့သွားရောက်မေးမြန်းခဲ့ရာ CP ကြက်မျိုးအနေဖြင့် ရာသီဥတုဒဏ်ခံနိုင်သော (Bel Ga) မျိုးကို မွေးမြူကြောင်း၊ တစ်နှစ်ပတ်လုံး(၆)ကြိမ်မွေးမြူပြီး၊ တစ်ကြိမ်မွေးမြူရာတွင် မျက်စိပွင့်စ အရွယ်ကြက်ပေါက်တစ်ကောင်လျှင်(၉၅၀)ကျပ်ဖြင့် အကောင်ရေ(၁၅၀၀)ခန့် မွေးမြူကြောင်း၊ ကြက်ပေါက်စလေး များအား(၂၆)ရက်သားအထိ မီးခန်းထဲတွင် စပါးခွံချ၍ အပူပေးပြီး မွေးမြူရကြောင်း သိရှိရပါသည်။

          ကြက်အစာအနေဖြင့် (၂)ပတ်သားအရွယ်တွင် 6010(အသားတိုးကြက်ငယ်စာ)၊ (၃)ပတ်သား အရွယ်တွင် 6020 (အသားတိုးကြက်လတ်စာ)၊ (၄)ပတ်သားအရွယ်တွင် 6030 (အသားတိုးကြက်ကြီး စာ)တို့အား အရွယ်အစားအလိုက် အစာကျွေးရပါကြောင်း၊ ကြက်အကောင်ရေ(၁၅၀၀)အတွက် (50) ကီလိုဝင် ကြက်အစာအိတ်(၁၅၀)ကျွေးရကြောင်း၊ (၇)ရက်သားမှ ရောင်းချသည့်အချိန်ထိ  ကာကွယ်ဆေး နှင့်ဓာတ်ဆားအားဆေးများကိုလည်း ရေဖျော်စနစ်ဖြင့် ကျွေးမွေးရကြောင်းသိရှိရပါသည်။

          CP ကြက် (Bel Ga)မျိုးကို (၄၅)ရက်သားမှ (၆၀)ရက်သားအတွင်းရောင်းချရကြောင်း၊ ကြက်အကောင်ကြီးထွားမှုပေါ်မူတည်၍ ပိဿာချိန်ထွက်ရှိမှု ကွဲပြားကြောင်း၊ တစ်ကောင်လျှင် ပျမ်းမျှ တစ်ပိဿာငါးဆယ်ကျပ်သားမှ တစ်ပိဿာရှစ်ဆယ်ကျပ်သားအထိရှိကြောင်း၊ ယခုပေါက်ဈေး အနေဖြင့် တစ်ပိဿာလျှင်(၄၂၅၀)ကျပ်ခန့်ဖြင့် ရောင်းချလျက် မြစ်ခြေမြို့နယ်ဒေသတွင်းနှင့် ပခုက္ကူ မြို့ပေါ်သို့ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

    တစ်ကြိမ်မွေးမြူလျှင် မွေးမြူသည့်အချိန်မှ ရောင်းချသည့်အချိန်ထိ သုံးစွဲမှုကုန်ကျစရိတ်မှာ ကြက်ပေါက်အကောင်ရေ (၁၅၀၀)ဝယ်ယူခ ၊ ကြက်စာဖိုး၊ ကာကွယ်ဆေးအားဆေးဖိုး၊ အလုပ်သမား ငှားရမ်းခအပါအဝင် စုစုပေါင်း(၈၁)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ ရောင်းချချိန်တွင် စုစုပေါင်း ပိဿာချိန်(၂၇၀၀)ခန့် ကုန်ချိန်ထွက်ရှိပြီး တစ်ပိဿာလျှင် (၄၂၅၀)ကျပ်ဖြင့် လက်လီရောင်းချသူ များသို့ ဖောက်သည်ပေးခဲ့ရသည့်အတွက် ဝင်ငွေမှာ ကျပ်သိန်း(၁၁၀)ခန့်ဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် သိန်း(၂၀)ကျပ်ဝန်းကျင်ခန့်ရရှိသော်လည်း ကနဦးခြံဆောက်လုပ်စရိတ်မှာ သုံးဆယ်ငါးသိန်းမှ သိန်းလေးဆယ်ကြားရှိကြောင်းသိရှိရပါသည်။

          ယခင်နှစ်က CP ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခဲ့ရာတွင် ကြက်များပျက်စီးမှုရှိခြင်း၊ ရောင်းချရာတွင် ဈေးနှုန်း/ဈေးကွက် ကောင်းမွန်မှုနည်းခြင်း၊ ကြက်စာဈေးနှုန်းများ ကြီးမြင့်ခြင်းတို့ ကြောင့် အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်တွင် CP  ကြက်မွေးမြူသူများအနေဖြင့်  ဝယ်လိုအားမြင့် တက်လျက်ရှိပြီး ဈေးနှုန်း/ဈေးကွက်ကောင်းမွန်သောကြောင့် အကျိုးအမြတ်ရရှိကြောင်း  သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ပြည်ခရိုင်တွင်မတ်ပဲဈေးနှုန်းများဆက်လက်ဈေးကောင်းရ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မတ်ပဲသီးနှံများ စိုက်ပျိုးမှုမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ၄၀၀၃၈ ဧကစိုက်ပျိုးခဲ့ပြီး သဲကုန်းမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ် နှင့် ပေါင်းတည် မြို့နယ်များမှာ အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။ လယ်ယာမြေတွင် စိုက်ပျိုးသော မတ်ပဲသစ် များမပေါ်သေးသော်လည်း ကုန်းတန်းများတွင် အလျဉ်းသင့်သလို ဆောလျှင်စွာ စိုက်ပျိုးသည့် မတ်ပဲသစ်များထွက်ပေါ်လျက်ရှိရာ အဆိုပါ ကုန်းတန်းမတ်ပဲသစ်များနှင့် လက်ကျန် ပဲအဟောင်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလကုန်ပိုင်းမှာ မတ်ပဲတစ်တင်းလျှင် ၄၀၅၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်မှာ ၄၃၈၀၀မှ ၄၄၇၀၀ကျပ်ထိ ဈေးမြင့်တက်လျက်ရှိ ကြောင်းသိရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ (၁)ရက်လျှင် အိတ် ၃၀၀/၅၀၀ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပြည်ခရိုင်ပန်းတောင်းမြို့နယ်ရှိ ပဲစျေးနှုန်းစျေးကွက်အခြေအနေ

               ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ဥသျှစ်ပင်မြို့၊ ဝိသာခါ ဆန်၊ ပဲ၊ နှမ်းပွဲရုံသို့ (၆.၁.၂၀၂၂)ရက်နေ့တွင် ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် ပဲစျေးနှုန်းစျေးကွက်နှင့် တင်ပို့မှု့အခြေအနေတို့အား သွားရောက်လေ့လာခဲ့ပါသည်။ ထိုသို့သွားရောက်လေ့လာရာတွင် လက်ရှိဖြစ်ပေါ်နေသော ပဲမျိုးစုံပေါက်စျေးနှုန်းများမှာ မတ်ပဲတစ်တင်းလျှင် ၄၂၀၀၀ ကျပ်၊ ပဲတီစိမ်း အလတ်စ တစ်တင်းလျှင် ၃၉၀၀၀ကျပ်၊ ထိပ်စတစ်တင်းလျှင် ၄၂၀၀၀ကျပ်၊ ဝါးခယ်မမျိုး တစ်တင်း လျှင် ၅၀၀၀၀ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် ၃၈၀၀၀ကျပ်၊ မြေပဲဆန်(အနီ) တစ်ပိဿာလျှင် ၂၆၀၀ကျပ်၊ မြေပဲဆန် (အဖြူ)တစ်ပိဿာလျှင် ၂၉၀၀ကျပ်နှင့် ဘိုကိတ်ပဲ တစ်တင်း လျှင် ၃၆၅၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          ပန်းတောင်းမြို့နယ်တွင် ယခင်နှစ် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံစျေးနှုန်း များမှာ မတ်ပဲတစ်တင်းလျှင် ၃၂၀၀၀ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင် ၄၁၀၀၀ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် ၂၃၀၀၀ကျပ်၊ ဘိုကိတ်ပဲတစ်တင်းလျှင် ၃၅၀၀၀ကျပ်နှင့် မြေပဲဆန်(အနီ)တစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ (အဖြူ)တစ်ပိဿာလျှင် ၂၆၀၀ကျပ်ဖြစ်သည့်အတွက် ယခုနှစ်အနေဖြင့် ယခင်နှစ်ထက် ပဲစျေးနှုန်းများကောင်းမွန်လျှက်ရှိကြောင်းလေ့လာတွေ့ရှိရပါသည်။

          ပန်းတောင်းမြို့နယ်အနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲတို့ကို စိုက်ပျိုးထုတ်လုပ်လျှက်ရှိရာ လတ်တလောတွင် ကုန်းတန်းများ၌ စောလျင်စွာစိုက်ပျိုးသော မတ်ပဲသစ်များ ခူးဆွတ်ရောင်းချလျှက်ရှိရာ စျေးနှုန်းမှာ ၄၂၀၀၀ကျပ်ခန့်ရရှိသည့်အတွက် တောင်သူများ အဆင်ပြေလျှက် ရှိကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း