Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နွေစပါးစိုက်ကွင်းသို့ကွင်းဆင်းလေ့လာ

               ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် နတ်မောက်အုပ်စု၊ ညောင်ကုန်းကျေးရွာသို့သွားရောက်၍ နွေစပါးစိုက်ပျိုးနေမှု၊ တစ်ဧကကုန်ကျစရိတ်များအား သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၁၉.၃.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင် နတ်မောက်အုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ကွင်းအမှတ် (၉၇)တွင် နွေစပါးများ စိုက်ပျိုးသူ တောင်သူဦးခင်ဌေးနှင့်တွေ့ဆုံပြီး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် နွေစပါး တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်များအား မေးမြန်းခဲ့ပါသည်။

          ပြည်ခရိုင်အနေဖြင့် နွေစပါးစိုက်ဧကမှာ ၄၅၉၄၈ ဧက ရှိပြီး ပန်းတောင်းမြို့နယ်အနေဖြင့် လျာထားစိုက်ဧကမှာ ၁၈၄ ဧကရှိပြီး ၅၂ ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ နွေစပါးကို ဒီဇင်ဘာ လကုန်ပိုင်းနှင့် ဇန်နဝါရီလဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုး၊ ထိုင်းနှံကောက်မျိုးနှင့် ရက်(၁၂) သက်တမ်းမျိုးတို့ဖြစ်ပါသည်။ နွေစပါးစိုက်ပျိုးသူ ဦးခင်ဌေးအနေဖြင့် စိုက်ဧက (၄.၅၀)ဧကတွင် ထိုင်းနှံကောက်မျိုးကိုသာစိုက်ပျိုးပါသည်။ တစ်ဧကစိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ ၄၅၀၀၀၀ ကျပ်ခန့် ကုန်ကျသည်ဟုသိရပါသည်။ နွေစပါးများ အထွက်နှုန်းကောင်းမွန်စေရေး၊ မြေဩဇာစနစ်တကျသုံးစွဲတတ်ရန်နှင့် ပိုးမွှားကျရောက်မှုကို စနစ်တကျ ကာကွယ်နှိမ်နင်းစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေး ဆောင်ရွက်လျှက်ရှိသဖြင့် ယခုနှစ်တွင် နွေစပါးအထွက်နှုန်းကောင်းမည်ဟု မျှော်လင့်လျှက်ရှိပါသည်။ နွေစပါးများ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းအနေဖြင့်လည်း စပါးတင်း(၁၀၀)လျှင် ကျပ် (၅)သိန်း ကျော်ရရှိပါက နွေစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းလည်းကောင်း၊ ဈေးကောင်းလည်းရရှိမည်ဆိုလျှင် ပိုမို၍တွက်ချေကိုက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ငှက်ပျောစိုက်ပျိုး တောင်သူများ ဝင်ငွေကောင်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာတွင် ငှက်ပျောတိုးချဲ့စိုက်ပျိုးလာ ကြပြီး အရောင်းအဝယ်သွက်လျက်ရှိ‌ကြောင်းသိရှိရပါသည်။
ဒေသတွင်းတွင် ဖီးကြမ်းငှက်ပျော(ရိုးရိုး)နှင့် ဖီးကြမ်း(ကျောက်စိမ်း) (၂)မျိုးကိုသာ အများဆုံးစိုက်ပျိုးကြပြီး ငှက်ပျောသားပေါက်များကို တစ်ပင်လျှင် ၃၅၀ ကျပ်နှုန်းဖြင့် ကနီမြို့နယ်မှ ဝယ်ယူစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပုံမှာ တစ်ဧကလျှင် အပင်ရေ(၈၀၀)ခန့် စိုက်ပျိုးကြောင်း၊ မစိုက်မီ ထယ်နှစ်စပ်ထိုး၍ တစ်ပင်နှင့်တစ်ပင် ၉ပေခန့် အကွာအဝေးဖြင့် ရေသွင်း စိုက်ပျိုးကြောင်း၊ စိုက်ပင် ၁၅ ရက်သားတွင် အရွက်မထွက်သည့်အပင်များကို ထိပ်ဖွင့်ပြီး ၂၀ ရက်သား တွင် အပင်မပေါက်သည်များကို ဖာထေး၍ ၃၅ ရက်သားတွင် ရိုလာစက်ဖြင့် ပေါင်းသတ်ပေးပြီး ၄၅ ရက်သားတွင် ထယ်တစ်စပ်ထိုးကာ ရေသွင်းပေးရကြောင်း၊ ငှက်ပျောစိုက်ပင် (၁၀)လသားအထိ တစ်လတစ်ကြိမ် ထယ်တစ်စပ်ထိုး၊ ရေတစ်ကြိမ်သွင်းပြီး သားပင်များကို တံဇဉ်ဖြင့် ထိပ်ဖြတ်ပေးရ ကြောင်း၊ ငှက်ပျော(၁၃)လသားအရွယ်တွင် ငှက်ပျောပင်အားလုံး အခိုင်ထွက်ပြီး တစ်ပင်လျှင်တစ်ခိုင်၊ တစ်ခိုင်လျှင် (၁၀)ဖီးခန့်ပါရှိပြီး ရောင်းတန်းဝင်(၅)ဖီးရယူကြောင်း၊ မြေဆီမြေသားကောင်းမွန်မှုနှင့်ရေရ ရှိမှုအပေါ်မူတည်၍ ငှက်ပျောစိုက်ပင်သက်တမ်း(၅)နှစ်မှ (၇)နှစ်ခန့်အထိ ရောင်းတန်းဝင်ငှက်ပျောခိုင် များ ထွက်ရှိကြောင်း၊ ထွက်ရှိသော ငှက်ပျောများကို မြို့ပေါ်ရှိကုန်သည်များမှ ခြံအရောက် တစ်ဖီး လျှင် ၈၀၀ ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူကြပြီး မြို့တွင်းလက်လီဈေးများတွင် ပြန်လည်ရောင်းချမှု များ ရှိသောကြောင့် ငှက်ပျောစိုက်တောင်သူများအနေဖြင့် တွက်ခြေကိုက်ကာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရပါသည်။

နာဂဒေသ ဘိလပ်မြေဈေးနှုန်းမြင့်တက်

          ပွင့်လင်းရာသီဖြစ်သဖြင့် နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ကုန်စည်စီး ဆင်းမှုသွက်လျက်ရှိပြီး အိမ်ဆောင်ပစ္စည်းတစ်ချို့နှင့် ဘိလပ်မြေများ မြို့နယ်တွင်းသို့ တင်သွင်းလျှက်ရှိကြောင်း သိရှိရပါသည်။ ယခုမတ်လတွင် ဘိလပ်မြေဈေးနှုနန်းများမှာ Alpha ဘိလပ်မြေနှင့် Crown ဘိလပ်မြေ တစ်အိတ်လျှင် (၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇန်နဝါရီလတွင် Alpha ဘိလပ်မြေနှင့် Crown ဘိလပ်မြေ တစ်အိတ်လျှင် (၁၈၀၀၀)ကျပ်သာရှိခဲ့ပြီး ဇန်နဝါရီလနှင့် မတ်လနှိုင်းယှဉ်ကြည့်လျှင် ဘိလပ်မြေတစ်အိတ်လျှင် (၂၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက် လျှက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် သယ်ယူစရိတ်ကြီး မြင့်လာခြင်းကြောင့်ဖြစ်သည်ဟု အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာယာဝတီခရိုင်၌ ပဲပုတ် ဈေးကောင်းရရှိ

             သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပဲပုတ်သီးနှံ ယခုနှစ်စိုက်ပျိုး ဧကမှာ( ၁၁၂၃၄) ဧက ရှိပြီးသာယာဝတီခရိုင်အတွင်း စိုက်ဧကစုစုပေါင်း(၁၆၄၅၃) ဧကရှိသဖြင့် မိုးညိုမြို့နယ်သည် ပဲပုတ်အဆုံး စိုက်ပျိုးထားသောမြို့နယ် ဖြစ်သည်။ ယခုနှစ်တွင် ပဲပုတ်ပေါ်စအချိန်မှ လှိုင်လှိုင်ပေါ်ချိန်အထိ ဈေးကောင်းရရှိနေသည်။

            မိုးညိုမြို့ပေါ်ရှိ ကုန်သည်ကြီးများမှ စိုက်ခင်းများအထိ ယခုလက်ရှိ ပေါက်ဈေး ပိဿာ(၂၀) ဈေးနှုန်း (၅၀၀၀၀/) ကျပ် ဈေးဖြင့် ကွင်းထိ လာရောက် ဝယ်ယူကြောင်း သိရသည်။ ယခင်နှစ် ပဲပုတ်ပေါက်ဈေး ပိဿာ(၂၀) ဈေးနှုန်းမှာ (၂၅၀၀၀/)ကျပ်သာ ပေါက်ဈေးရှိခဲ့ပါသည်။ မိုးညိုမြို့ပေါ်တွင် ယခုလက်ရှိ ပွဲရုံ ပေါက်ဈေး တစ်တင်းလျှင် ( ၅၀၅၀၀/ ) ကျပ်ဈေးရှိနေပြီး၊ ရန်ကုန်ပဲပြားစက်ရုံပေါက်ဈေး တစ်တင်း (၅၂၅၀၀/) ကျပ် ပေါက်ဈေး ဖြင့်၎င်း၊ မန္တလေးပဲပြားစက်ရုံ ပေါက်ဈေး တစ်တင်းလျှင်(၅၄၅၀၀/) ကျပ်နှုံးဖြင့်၎င်း ပြန်လည် တင်ပို့ ရောင်းချကြကြောင်း သိရသည်။ ပဲပုတ် တစ်ဧကကုန်ကျစရိတ်အနေဖြင့် နှစ်သိန်းငါးသောင်းကျော် ဝန်းကျင်ခန့် ကုန်ကျပြီး တစ်ဧက အထွက်တင်းအနေဖြင့် (၁၅တင်း-မှ၂၀) ကြား ထွက်ရှိကြောင်းသိရသည်။ တစ်ဧကဝင်ငွေမှာ (၇၅၀၀၀၀/) ကျပ် ဝင်ငွေရရှိနိုင်ပြီး အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀ /) ကျပ် နီးပါးအကျိုး/အမြတ် ရရှိနိုင်ကြောင်း သိရသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ် ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှု

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဆောင်းသီးနှံနေကြာများအား (၂၀၂၁-၂၀၂၂)ခုနှစ် ဆောင်းသီးနှံနေကြာများကို ကျေးရွာအုပ်စု(၂၃) အုပ်စု၊ ကျေးရွာခွဲ(၂၆) ရွာတွင်တောင်သူ (၁၀၃) ဦးမှ မတ်ပဲစိုက် လယ်မြေများတွင် သီးညှပ်အဖြစ်(၁၃၉)ဧကအား စိုက်ပျိုး ထားရှိပါသည်။ တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ သက်လျင်ဆင်းရွှေကြာ(၂) သဘာဝ ဝတ်မှုန်ကူးမျိုးကို ဖြန့်ဝေပေးထားကြောင်း သိရှိရသည်.။ ယခု လက်ရှိတွင်ဆောင်းသီးနှံသီးညှပ် (၇၅) ဧကခန့် ရိတ်သိမ်း/ပြီးစီး ထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင်  (၁၀.၅) တင်းမှ ၁၁တင်းနှုန်းခန့် ထွက်ရှိကြောင်းသိရသည်။ ဆီကြိတ်ခွဲ ထွက်ရှိမှုအနေဖြင့် နေကြာစေ့ တစ်တင်းလျှင် ဆီ (၂.၅) ပိဿာနှုန်း ထွက်ရှိနိုင်ကြောင်း သိရသည်။  ဆောင်းသီးနှံနေကြာအား မင်းလှမြို့နယ်တွင်(၂၀၂၂-၂၀၂၃) ခုနှစ်အတွက် ကျေးရွာအုပ်စု (၅၆) အုပ်စုတွင် လယ်မြေသီးညှပ် (၂၈၄၀) ဧက၊ ကိုင်း/ကျွန်း သီးညှပ် (၂၇၁၀) ဧက၊နေကြာ သီးသန့် (၅၀) ဧက၊  စုစုပေါင်း (၅၅၅၀) ဧက ၊ တိုးချဲ့စိုက်ပျိုးရန်  စိုက်ပျိုးရေးဦးစီးဌာနမှ လျာ ထားကြောင်း သိရှိရသည်။

DOCA(ပဲခူး)

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီးခွဲစက်များအား ကွင်းဆင်းလေ့လာခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သောအဖွဲ့သည် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးပြီးပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ရေး အထောက်အကူပြုရန်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ ဈေးနှုန်း၊ဈေးကွက် သုတေသနနှင့် ကုန်စည်စီးဆင်းမှု လေ့လာသုံးသပ်ပြီး၊ သတင်းများ ထုတ်ပြန်၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်ရန်အတွက်  ရည်ရွယ်၍ မတ်လ (၂၂)ရက်၊ နံနက်(၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ စက်မှုဇုန်ရှိ ဆီးခွဲစက်လုပ်ငန်းများသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ပထမဦးစွာ ခရိုင်ဦးစီးမှူးမှ "အောင်သမာဓိ" ဆီးခွဲစက် လုပ်ငန်းရှင် ဦးအောင်ဇော်သင်းနှင့် တွေ့ဆုံမေးမြန်းရာတွင် လုပ်ငန်းရှင်မှ စက်မှုဇုန်တွင် ဆီးခွဲစက်အလုံးရေ(၁၅)လုံးခန့် လည်ပတ် ကြောင်း၊ ပခုက္ကူမြို့ရှိ ဆီးခွဲစက်များမှာ ဆီးသီးခြောက်ကိုသာ ဝယ်ယူကြောင်း၊ ဆီးသီးအစိုမှာ ပျက်ဆီးမှုများနိုင်ပြီး သိုလှောင်ရန် နေရာအခက်အခဲရှိသောကြောင့် မဝယ်ယူကြောင်း၊ ဆီးသီး အစို(၅)တင်း အခြောက်လှန်းလျှင် (၄)တင်းခန့် ကျန်ရှိနိုင်သည်ဟုခန့်မှန်းရကြောင်း၊  ပခုက္ကူမြို့ပေါ်ရှိပွဲရုံများနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ တောင်သူထံမှဝယ်ယူကြောင်း၊ ယခင်နှစ်က ဆီးသီးအစို(၁)တင်း(၂၅၀ဝိ/-)၊ အခြောက်(၁)တင်း(၄၀၀ဝိ/-)ဖြင့် ဝယ်ယူပြီး ယခုနှစ်တွင် ဆီးသီး အစို(၁)တင်း(၃၆၀ဝိ/-၃၇၀ဝိ/-)၊ အခြောက်(၁)တင်း(၅၅၀ဝိ/-)ဖြင့်ဝယ်ယူရကြောင်း၊  ယခုအချိန်ထိ ကုန်ကြမ်းဆီးသီးအခြောက်တင်း(၂၀၀၀၀)ခန့် ဝယ်ယူထားပြီး ရာသီချိန်မကုန်သေးသောကြောင့် ဆက်လက်ဝယ်ယူရန်ရှိသေးကြောင်း၊ ယခုနှစ်တွင် ဆီးသီးအခြောက်တင်း(၃၀၀၀၀) ခန့်သာဝယ်ယူကြိတ်ခွဲနိုင်မည်ဟုခန့်မှန်းရကြောင်း၊ ယခင်နှစ်ဆိုလျှင် မီးမှန်သည့်အတွက် တင်း(၅၀၀၀၀)ခန့် ဝယ်ယူကြိတ်ခွဲကြောင်း၊ မိမိတွင်ဆီးခွဲစက်(၆)ခုံ၊ သန့်စင်စက်(၂)ခုံဖြင့် လုပ်ငန်းလည်ပတ်ကြောင်း၊ ဆီးသီးခြောက်(၁)တင်းကြိတ်ခွဲလျှင် ဆီးဆံ(၂၅)ကျပ်သားခန့်ရရှိပြီး ယခုနှစ်သည် လျှပ်စစ်မီးအားနည်းသည့်အတွက် ကြိတ်ခွဲခုံ(၄)ခုံဖြင့်သာလည်ပတ်ကြောင်း၊ ယခင်နှစ်ထက် ထက်ဝက်ခန့် ထုတ်လုပ်မှုလျော့နည်းကြောင်း၊ ယခုအချိန်ထိ ကုန်ချောဆီးဆံပိဿာ(၂၀၀၀)ခန့် ကြိတ်ခွဲပြီးကြောင်း၊ ကြိတ်ခွဲရရှိသည့် ဆီးဆံကို  တစ်ပိဿာ (၂၄၀၀၀)ကျပ်ဖြင့် မန္တလေးမြို့ တရုတ်ကုန်သည် များသို့ရောင်းချကြောင်း၊  ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့သည်ဟုသိရှိရပါကြောင်း၊ ယခင်နှစ်က ဆီးဆံတစ်ပိဿာကို (၂၃၀၀၀)ကျပ်ဖြင့်ရောင်းရပြီး ဆီးဆံဈေးနှုန်းမှာ ပြောင်းလဲမှု နည်းပါကြောင်း၊ ဆီးခွဲခြမ်းကို ပဲကြော်ဖိုများအတွက် လောင်စာအဖြစ် အသုံးပြုရန်လာရောက် ဝယ်ယူကြကြောင်း၊ ဆီးဖတ်နှင့် ဆီးမှုန့်များကို တိရိစ္တာန်စာအဖြစ် ရောင်းရပြီး တစ်ပိဿာကို (၅၀/၁၀၀) ကျပ်ဖြင့် အရည်အသွေးပေါ်မူတည်၍  ရောင်းချရကြောင်း သိရှိရပါသည်။

          လုပ်သားဦးရေမှာ အမျိုးသား(၈)ဦးရှိပြီး ဆီးခွဲခြမ်းများ ပြာတီးသန့်စင်နေသည့် အမျိုးသမီး များအများအပြားတွေ့ရကြောင်း၊ လုပ်အားခမှာ အမျိုးသားတစ်ဦး(၈၀၀၀)ကျပ်ပေးရပြီး၊ အမျိုးသမီးတစ်ဦး(၅၀၀၀)ကျပ်ပေးရကြောင်း၊ အလုပ်ချိန်မှာ နံနက်(၇:၀၀)နာရီမှ ညနေ(၅:၀၀)နာရီထိ လုပ်ငန်းလည်ပတ်ကြောင်း၊ ဆီးသီးရာသီချိန်မှာ (၆)လသာ ဆောင်ရွက်ရသောကြောင့် ကျန်သည့်အချိန်ကို ပဲခွဲစက်များလည်ပတ်၍ အလုပ်အကိုင်ရရှိစေရန် ဆောင်ရွက်ထားပါကြောင်း၊ လုပ်ငန်းရှင်၏အခက်အခဲမှာ လျှပ်စစ်မီးအားနည်းမှုကြောင့် ကြိတ်ခွဲထုတ်လုပ်မှုလျော့ကျပြီးအဝယ်ရှိသလောက် မတင်ပို့နိုင်ကြောင်း၊ စက်သုံးဆီဈေးနှုန်းမြင့်မားမှုကြောင့် စက်သုံးဆီဖြင့် မလည်ပတ်နိုင်ဘဲ လျှပ်စစ်မီးကိုသာ နေ့စဉ်မျှော်၍ လုပ်ငန်းဆောင်ရွက်ရပါကြောင်း လုပ်ငန်းရှင်၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံရောင်းဝယ်ဖြစ်မှုအခြေအနေ

    မကွေးကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံသည် ယခင်အပတ်(၁၈.၃.၂၀၂၂)မှ ယခုအပတ် (၂၅.၃.၂၀၂၂) အထိ အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ဈေးနှုန်းများပြောင်းလဲမှုမရှိဘဲ နှမ်းနက်စမုံ(၅၀.၁၂)တန်၊ နှမ်းနက်ရိုးရိုး(၂၀.၈၄)တန်၊ နှမ်းဖြူ(မကွေး)(၄၀.၃၂)တန်၊ နှမ်းနီ(၁၀.၄၃)တန်၊ နှမ်းညိုကြား (၂၀.၂၈)တန် တို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ပဲမျိုးစုံအနေဖြင့် ကုလားပဲကြီး ( 929) (၁၉) ပိဿာ (၁) တင်းလျှင် ယခင်အပတ် (၄၃၀၀၀) ကျပ်၊ ယခုအပတ် (၄၁၅၀၀)ကျပ်ဖြစ်၍ (၁၅၀၀)ကျပ်ဈေးလျော့၊ ကုလားပဲလုံးသေး(၁၉)ပိဿာ (၁) တင်းလျှင် ယခင်အပတ်(၄၂၀၀၀)ကျပ်၊ ယခုအပတ်(၄၀၀၀၀)ကျပ်ဖြစ်၍ (၂၀၀၀)ကျပ်ဈေးလျော့၊ ကုလားပဲ (HL) (၁၉)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၄၂၈၀၀)ကျပ်၊ ယခုအပတ်(၄၁၀၀၀)ကျပ် ဖြစ်၍ (၁၈၀၀)ကျပ်ဈေးလျော့၊ ထောပတ်ပဲ(၁၉)ပိဿာ (၁) တင်းလျှင် ယခင်အပတ်(၄၇၀၀၀)ကျပ်၊ ယခုအပတ်(၄၃၀၀၀)ကျပ်ဖြစ်၍ (၄၀၀၀)ကျပ်ဈေးလျော့၊ စားတော်ပဲ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၉၅၀၀၀)ကျပ်၊ ယခုအပတ်(၈၉၀၀၀)ကျပ်ဖြစ်၍ (၆၀၀၀)ကျပ်ဈေးလျော့၊ မတ်ပဲ(၂၀) ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၄၄၅၀၀)ကျပ်၊ ယခုအပတ်(၄၇၀၀၀)ကျပ်ဖြစ်၍ (၂၅၀၀)ကျပ် ဈေးမြင့်၊ ပဲစဉ်းငုံနီ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၄၃၅၀၀)ကျပ်၊ ယခုအပတ်(၄၃၇၀၀) ကျပ်ဖြစ်၍ (၂၀၀)ကျပ်ဈေးမြင့်ပြီး ကျန်ပဲအမျိုးအစားများဖြစ်သော ပဲတီစိမ်း၊ ပဲနောက်၊ ပဲလွန်းဝါ ၊ ပဲကြီးဖြူနှင့် ပဲကြီးမဲတို့မှာ ဈေးနှုန်းတည်ငြိမ်လျက် ရှိပါသည်။

    ယခင်အပတ်(၁၈.၃.၂၀၂၂)မှ ယခုအပတ်(၂၅.၃.၂၀၂၂)အထိ ပဲနောက်(၅.၇၆)တန်၊ ပဲလွန်းဝါ (၃၅.၃၈)တန်၊ ကုလားပဲသေး(၄၀၀.၄၂)တန်၊ ပဲကြီးဖြူ (၁၀၀.၄၆)တန်၊ စားတော်ပဲ (၃၀.၃၃)တန်၊ မတ်ပဲ(၆၀.၂၀)တန်၊ ထောပတ်ပဲ(၂၀၀.၃၃)တန်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မကွေး ကုန်စည်ဒိုင်မှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် သင်ဖြူးဖျာ စျေးကွက်

               စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ တွင် သင်ဖြူးဖျာများ ရက်လုပ်ခြင်းလုပ်ငန်းကို မိသားစု တနိုင်တစ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိသည်။

             ကျေးရွာများမှထွက်ရှိသည့် သင်ဖြူးဖျာစျေးကွက်တွင် ကြမ်းချော ၅ပေခွဲ× ၆ပေတစ်ချပ် လျင် ကျပ်၄၂၀၀၀မှ ကျပ်၄၃၀၀၀၊ အချော၅ပေခွဲ× ၆ပေတစ်ချပ်လျင် ကျပ်၄၃၀၀၀ မှ ကျပ်၄၅၀၀၀၊ ကြမ်းချော ၅ပေ×၆ပေ တစ်ချပ်လျင် ကျပ်၂၉၀၀၀မှကျပ်၃၁၀၀၀၊ အချော ၅ပေ×၆ပေ တစ်ချပ်လျင် ကျပ်၃၂၀၀၀မှ ကျပ်၃၅၀၀၀၊ ကြမ်းချော ၄ပေခွဲ ×၆ပေတစ်ချပ်လျင် ကျပ်၁၉၀၀၀မှ ကျပ်၂၁၀၀၀၊ အချော ၄ပေခွဲ ×၆ပေတစ်ချပ်လျင် ကျပ်၂၂၀၀၀မှကျပ်၂၅၀၀၀၊ ကြမ်းချော ၄ပေ×၆ပေတစ်ချပ်လျင် ကျပ်၁၈၀၀၀မှကျပ်၂၀၀၀၀၊ အချော ၄ပေ×၆ပေတစ်ချပ် လျင် ကျပ်၂၀၀၀၀မှ ကျပ်၂၃၀၀၀၊ ကြမ်းချော ၃ပေခွဲ×၆ပေတစ်ချပ်လျင် ကျပ်၁၂၀၀၀ မှ ကျပ်၁၄၀၀၀၊ အချော ၃ပေခွဲ×၆ပေတစ်ချပ်လျင် ကျပ်၁၄၀၀၀ မှ ကျပ်၁၆၀၀၀၊ တရားထိုင် သင်ဖြူး ဆိုဒ်ကြီးတစ်ချပ်လျင် ကျပ်၆၀၀၀၊ ဆိုဒ်သေး ကျပ်၄၅၀၀နှုန်းဖြစ်ပြီး ရက်လုပ်ထား သော သင်ဖြူးဖျာအကြီးအသေးပေါ်မူတည်ပြီး ရောင်းချရသောကြောင့် စျေးနှုန်းကွာဟမှုများ လည်းရှိသည်။ ၎င်းစျေးနှုန်းများသည် အနားကွပ်ပါပြီးစျေးနှုန်းများဖြစ်သည်။

             အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် မြန်မာသင်ဖြူးဖျာရက်လုပ်ခြင်းကို စျေးကွက်အနေဖြင့် မိမိမြို့နယ်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကလေးမြို့၊ မုံရွာမြို့၊ မြစ်ကြီးနားမြို့နယ်များအထိ တင်ပို့၍ လက်လီ၊ လက်ကားပေးပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

          အောင်လံကုန်စည်ဒိုင်တွင် နှမ်း(စမုံနက်)ဈေးနှုန်းမှာ ယခင်အပတ်(16.၃.၂၀၂၂)ရက်နေ့နှင့် ယခုအပတ် (23.၃.၂၀၂၂)ရက်နေ့အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခုအပတ်နှမ်းစမုံနက်(၄၅)ပိဿာ (1)အိတ်လျှင် (၁၉၀၀၀ဝိ/-၂၀၀၀၀ဝိ/)ဈေးရှိခဲ့ပြီး ယခုအပတ် (၁၉၀၀၀ဝိ/-)ရှိခဲ့၍ (၁၀၀၀ဝိ/-)ကျပ်ဈေးနှုန်း လျော့ခဲ့ပြီး ကျန်နှမ်း(ပြာ)၊ နှမ်းဖြူနှင့် နှမ်းနီတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းစမုံနက်(၁၃၅၀)အိတ်၊ နှမ်းပြာ(၄၈၀) အိတ်၊ နှမ်းနီ(၁၆၀)အိတ်၊ နှမ်းဖြူ(၁၀၀)အိတ်တို့ ဖြစ်ပါသည်။

            ပဲမျိုးစုံအနေဖြင့် ဈေးကွက်မှာ ပဲတီစိမ်း(၄၅)ပိဿာ(၁)အိတ်လျှင် (၄၂၀၀ဝိ/-)ဈေးနှုန်းဖြင့် (၈၀ဝ) အိတ်အရောင်းအဝယ်ရှိခဲ့ပြီး ပဲစဉ်းငုံ(နီ) ယခင်အပတ်(၄၃၈၀ဝိ/-) ယခုအပတ်(၄၄၀၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-)ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ မတ်ပဲ ယခင်အပတ်(၄၄၅၀ဝိ/-) ယခုအပတ်(၄၆၅၀ဝိ/-)ဖြစ်၍ (၂၀၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(H.L) ယခင်အပတ်(၄၄၇၀ဝိ/-) ယခုအပတ်(၄၄၅၀ဝိ/-)ဖြစ်၍ (၂၀ဝိ/-) ဈေးလျော့၊ ကုလားပဲ (မြကြေး)နှင့် ဘိုကိတ်(ပြာ)ဈေးနှုန်းမှာ ယခင်အပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှု မရှိဘဲ၊ ပဲကြီး ယခင်အပတ်(၅၉၀၀ဝိ/-) ယခုအပတ်(၅၆၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-)ဈေးလျော့၊ မြေပဲ (လုံးဆံဖြူ) ယခင်အပတ်(၃၈၀ဝိ/-) ယခုအပတ်(၃၆၀ဝိ/-)ဖြစ်၍ (၂၀ဝိ/-)ဈေးလျော့ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲစဉ်းငုံနီ (၈၈ဝ)အိတ်၊ ကုလားပဲ(HL)(၁၂၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၁၁၅၀)အိတ်၊ ဘိုကိတ်ပြာ(၅၅၀)အိတ်၊ မြေပဲလုံးဆံဖြူ (၁၀၀၀)အိတ်၊ ပဲကြီး(၉၇၀)အိတ်၊ မတ်ပဲ (၁၈၀)အိတ် ဖြစ်ကြောင်း သိရှိရပါသည်။

            ဝါသီးနှံမှာ ယခင်အပတ်တစ်ပိဿာ(၁၈၅ဝိ-၁၉၅ဝိ)ဖြစ်ပြီး ယခုအပတ်(၁၉၀ဝိ-၂၀၀ဝိ)ရှိသည့် အတွက် (၅ဝိ/-)ကျပ်ဈေးမြင့်ခဲ့ပြီး ပိဿာချိန်(၃၈၀၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

လွိုင်ကော်မြို့ရှိ ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း တည်ငြိမ်လျက်ရှိ

                လွိုင်ကော်မြို့၊ မတ်လ တတိယပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများမှာ ပြည်နယ်အတွင်း လင်ဖုံလေးဒေသမှ ထွက်ရှိသော ခရမ်းချဉ်သီးများဖြစ်ပြီး၊ ယခင်က မိထ္တီလာ၊ အင်းလေး၊ ပင်လောင်းဘက်မှ ဝင်လာသော ခရမ်းချဉ်သီးများကို မှာယူရောင်းချကြသော်လည်း ယခုအခါတွင် သယ်ယူစရိတ်များ များသောကြောင့် ဈေးကွက်အတွင်း ဒေသမှထွက်သော ခရမ်းချဉ်သီးများကို အလုံး အကြီးအသေးပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ်(၅၀၀၊ ၆၀၀)ဈေးနှုန်းဖြင့် ရောင်းချကြပြီး ဈေးနှုန်းတည်ငြိမ်လျက် ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကယားပြည်နယ်

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း