Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြဝတီမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ထိုင်းနိုင်ငံထုတ် ရသေ့ဆေးများ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေး

        ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ထိုင်းနိုင်ငံ မှ တင်သွင်း ရောင်းချပြီး ထိုင်းနိုင်ငံ FDAမှ သောက်သုံးရန်မသင့်ဟု တားမြစ်ထားသော ရသေ့တံဆိပ် ဆေးများအား မြဝတီမြို့ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        မြဝတီမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်((၁၀)ဆိုင်တွင် FDA မှ တားမြစ်ထုတ် ပြန်ထားသော ရသေ့တံဆိပ်ဆေးများနှင့် စပ်ဆေးများ ရောင်းချနေသော ဆိုင်များမှခန့်မှန်းတန် ဖိုးငွေ ၂၂၆၂၀၀/- ကျပ်တန်းဖိုးရှိသော  ပစ္စည်းများကို ပူးပေါင်းအဖွဲ့ဖြင့် သိမ်းဆည်းရရှိခဲ့ပါသည်။

       အဆိုပါ စစ်ဆေးရေးအဖွဲ့သည် သိမ်းဆည်းရမိသည့်ပစ္စည်းများမှာ ထိုင်းနိုင်ငံထုတ် ရသေ့ တံဆိပ်ဆေး ၁၈ ပုလင်း၊ ၁ပုလင်း လျှင် ၈၀၀၀/-ကျပ်နှုန်းဖြင့် ၁၈၀၀၀၀/-၊ ထိုင်းနိုင်ငံထုတ် မီးမကင် ဆေး ၆ဗူးတစ်ပါကင် ၁၆၂၀၀/-ကျပ်၊ အရိုးအကြောပျောက် စပ်ဆေးထုတ် ၁၆ထုတ် ၊ ရွှေစင် တံဆိပ် စပ်ဆေးထုတ် ၁၉ထုတ်၊ အကြောပြေ စပ်ဆေးထုတ် ၂၅ထုပ် စုစုပေါင်း အထုတ်၆၀ တန်ဖိုးငွေ ၃၀၀၀၀/-ကျပ်နှုန်း စုစုပေါင်းတန်ဖိုးငွေ ၂၂၆၂၀၀/-ကျပ်ကို ပူးပေါင်းအဖွဲ့စုံဖြင့် သိမ်းဆည်းခဲ့ ကြောင်းနှင့် ဖျက်ဆီးမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း  လေ့လာသိရှိရပါသည်။

ဆေးဖက်ဝင် ပျားထောပတ် ရှားစောင်းလက်ပပ်ယို လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်အဖွဲ့သည် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင် ပါဝင်ရမည့်ကုန်အညွှန်းအမှတ်အသားများ၊ မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြရမည့် အချက်များအား သိရှိစေရန်ရည်ရွယ်၍  (၂၄.၃.၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁၁)ရပ်ကွက်ရှိ ပိုင်ပြည့်စုံ ဆေးဖက်ဝင် ပျားထောပတ်ရှားစောင်းလက်ပပ်ယို ပြုလုပ်သောလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။

       ရှားစောင်းလက်ပပ်ယိုလုပ်ငန်းရှင်နှင့် တွေ့ဆုံရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍  အာမခံချက်ပေးရမည့်အချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး‌ ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉)အရ ကုန်စည်အုပ်စုအမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ “ပိုင်ပြည့်စုံ” ကုန်အမှတ်တံဆိပ်အား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီး ထပ်မံဖြည့်စွက်ရန်လိုအပ်သည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြင်ဆင်ဖြည့်စွက်ပြီးပါက စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့ ကုန်အမှတ်တံဆိပ်စိစစ် ခွင့်ပြုချက်လျှောက်ထားနိုင်ပါကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ရှားစောင်းလက်ပပ်ယို ထုတ်လုပ်ပုံအဆင့်ဆင့်အား မေးမြန်းရာတွင် လုပ်ငန်းရှင်က ယခုလုပ်ငန်းအား လုပ်ကိုင်သည်မှာ (၆/၇)လအချိန်ခန့်သာ ကြာမြင့်သေးကြောင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမဟုတ်ဘဲ လိုအပ်သူများမှ မှာယူမှသာလျှင်ပြုလုပ်ပေးကြောင်း၊ ယခုအခါစားသုံးသူများသုံးစွဲမှုအရ ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့ တိုးချဲ့ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ ယိုပြုလုပ်ရာတွင် ရှားစောင်းလက်ပပ်အားခုတ်ပြီး၊ အစေးထုတ်၊ အပြင်မှဆူးများဖျင်၍ ခေါင်းဖြတ်၊ ထိပ်ဖြတ်ပြီး ၂ မီလီ၊ ၃ မီလီ အထူလှီး၍ ရေဆေးရေစိမ်ရကြောင်း၊ ရေဆေးရေစိမ်ပြီး ရှားစောင်းလက်ပက်များအား ဆယ်ယူ၍ ရေနာနေသော ရှားစောင်းလက်ပပ်များအားဖယ်ပြီး အလျား ၄ ပေ၊ အနံ ၂ ပေ၊ အမြင့် ၆ လက်မရှိသော စတီးဗန်းပေါ်တွင် လှီးပြီးသား ရှားစောင်းလက်ပပ်ချပ်များအား (၂)နာရီ၊(၃)နာရီခန့် နေလှန်းရကြောင်း၊ နေလှန်းပြီး ရှားစောင်းလက်ပပ်များကို အရိပ်ထဲတွင်(၂)နာရီ အအေးခံပြီးမှကျိုရကြောင်း၊ ရှားစောင်းလက်ပပ်များအား ပြင်ဆင်နေချိန်တွင် တဖက်မှလည်း ပါဝင်ပစ္စည်းများဖြစ်သော ထန်းလျက်ရည်ကျိုခြင်း၊ ကျိုပြီးသားထန်းလျက်ရည်အား သဲ၊ ခဲများ မပါရှိစေရန်ဇာဖြင့် စစ်ရခြင်း၊ မန်ကျည်းနှစ်ကျိုခြင်း၊  ဇာဒိတ်ဖိုသီး အခွံနွာ၍ အမှုန့်ကြိတ်ခြင်း၊ သစ်ဂျပိုးခေါက်နှင့် ခွေးလျား သီးစေ့များအား ရေဆေးနေလှန်း၍ အမှုန့်ကြိတ်ခြင်း၊ ဂျင်းနက်ကို ရေဆေးပြုတ်ပြီး နေလှန်းအမှုန့်ကြိတ်ခြင်း၊  ဂျင်းအား အခွံမခွာဘဲ ရေဖွဖွဆေး၍ ရေစိမ်နေလှန်းအမှုန့်ကြိတ်ခြင်းစသည့် လိုအပ်သည်များအား ကြိုတင်ပြုလုပ်ထားရကြောင်း၊ ထို့နောက်ရှားစောင်းလက်ပပ်ယိုကျိုရန်အနေအထားရရှိသည့်အချိန်တွင် တစ်ဒယ်လျှင် ရှားစောင်း လက်ပပ်လှီးသား (၅)ပိဿာ၊ ထန်းလျက်ရည် (၆)ပိဿာ၊ မန်ကျည်း နှစ်(၇၀) ကျပ်သားနှင့် ဇာဒိတ်ဖိုသီး၊ မန်ကျည်းစေ့၊ သစ်ဂျပိုးခေါက်၊ ခွေးလျားသီးစေ့၊  ဂျင်းနက်၊ ဂျင်း၊ ပျားရည်စစ်စစ်၊ ထောပတ်သန့်သန့်တို့အား ပါဝင်ရမည့်အချိုးအစားအတိုင်းထည့်ပြီး ကျိုလျှင် ရှားစောင်းလက်ပပ်ယို (၃)ပိဿာခန့် ထွက်ရှိကြောင်း၊ ဈေးကွက်သို့ ရှားစောင်းလက်ပပ်ယို (၂၀၀)ဂရမ်ပါ တစ်ဗူးလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချပြီး၊ အမှာရှိမှသာလျှင် အခြားမြို့နယ်သို့ ရောင်းချပေးကြောင်း လုပ်ငန်းရှင်၏ ပြောကြားချက်အရသိရှိရပါသည်။

          ယခုကဲ့သို့ ရှားစောင်းလက်ပပ်များကို  တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြလာရေး အသိပညာပေးရှင်းလင်းခြင်းဖြင့် မိမိတို့ထုတ်ကုန်အား ပြည်တွင်းသာမက ပြည်ပနိုင်ငံများပါ ဈေးကွက်ထိုးဖောက်ဝင်ရောက်နိုင်ပြီး ဒေသတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ကာ တိုင်းပြည်စီးပွားရေး ပိုမိုဖွံဖြိုးတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

 

ကြက်သွန်ဖြူ(ရှမ်းခွံနီ)အသစ်များ အဝယ်ဒိုင်သို့စတင်ဝင်ရောက်၍ဈေးကောင်းရနေ

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့မှ ထွက်ရှိသောကြက်သွန် ဖြူ(ရှမ်းခွံနီ)များကို မတ်လတတိယအပတ်အတွင်း စတင်သိမ်းယူနေပြီး တာချီလိတ်အဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချကာ ဈေးကောင်းရရှိနေပါသည်။

          မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတွင် ယခုနှစ်ကြက်သွန်ဖြူ(ရှမ်းခွံနီ) စိုက်ဧက(၁၄၅၅) ခန့်ရှိပြီး(၇၀၆)ဧက ရိတ်သိမ်းပြီးဖြစ်သည်။ ယခုနှစ်ကြက်သွန်ဖြူ တစ်ဧကအထွက်နှုန်းမှာ (၁.၇၁၆) တန် ထွက်ရှိသည်ဟု မိုင်းတုံမြို့နယ်စိုက်ပျိုးရေးဌာနမှ သိရှိရသည်။

          တာချီလိတ်အဝယ်ဒိုင်များတွင် ယခုနှစ်ကြက်သွန်ဖြူ(ရှမ်းခွံနီ)အသစ်များကို တစ်ကီလို (၂၀၀၀)ကျပ်မှစတင်၍ ဈေးကောင်းပေး၍ ဝယ်ယူနေပါသည်။ ယခင်နှစ်ကကြက်သွန်ဖြူ(ရှမ်းခွံနီ) အသစ်ရိတ်သိမ်းပြီးစတွင် တစ်ကီလို ၁၉၀၀ကျပ် ဈေးစတင်ရရှိခဲ့ကာ နောက်ပိုင်းကာလများတွင် တစ်ကီလို(၂၁၀၀)ကျပ်အထိ ဈေးပေးဝယ်ယူခဲ့ကြောင်း ဟောင်လိတ်ကြက်သွန်ဖြူ အဝယ်ဒိုင် (တာချီလိတ်)မှ သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ယခုနှစ်ကြက်သွန်ဖြူ(ရှမ်းခွံနီ)များ ပေါ်ဦးပေါ်စတွင်ဈေးကောင်းရရှိနေပြီး ကြက်သွန်ဖြူစိုက်တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေနေပါကြောင်း ရေးသားလိုက်ရပါ သည်။

DOCA(ရှမ်း)

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုး အစားများ  ဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၅၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း (တရုတ်))တစ်အိတ် (၈၀၀၀၀)ကျပ်၊ နိုက်ထိဖောစကာ (သြဘာ) တစ်အိတ် (၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုး အစားများဖြစ်သည့် ပိုး(၃)ကောင် (မြန်မာ့ သြဘာ) တစ်ထုပ် (၁၆၅၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ)တစ်ဗူး(၁၆၃၀၀)ကျပ်၊ အစီဖိတ် (သြဘာ)တစ်ဗူး (၁၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း   သိရှိရသည်။

                ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်)) တစ်အိတ် (၈၀၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၈၅၀၀၀)ကျပ်၊ နိုက်ထိဖော စကာ (သြဘာ) တစ်အိတ်(၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုး အစားများဖြစ်သည့် ပိုး(၃)ကောင် (မြန်မာ့သြဘာ)တစ်ထုပ် (၁၆၀၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ)တစ်ဗူး(၁၆၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) တစ်ဗူး(၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ စတုတ္ထပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၈၅၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၄၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၈၇၅၀၀၊ တန်အားဖြင့် ၄၃၇၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၄၀၀၊ မန္တလေးသို့ အိတ်ရေ ၄၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၂၄၀၀၊ တန်အားဖြင့် ၅၁၂၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၁၄၉၀၀၊ တန်အားဖြင့် ၇၄၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ မတ်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ်၁၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၅၃၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျင် ကျပ်၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ထန်းလျက်အကြောင်း သိကောင်းစရာ

       ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာတို့၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ ထန်းလျက်ကို အစားအစာနှင့် မုန့်များတွင်ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဝါးအဖြစ်လည်း အသုံးပြု ကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်လည်း အသုံးပြုကြသည်။ ထန်းလျက်ကို အညာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း မြို့နယ်များမှ အများဆုံးထွက်ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမှ ထွက်ရှိသောထန်းလျက်သည် လူကြိုက်များ၍ နာမည်ကြီးသည်။

      ထန်းရည်ချိုအများဆုံးထွက်ရှိသည့်အချိန်သည် တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင် စသည့်လများတွင် ထန်ရည်လှိုင်လှိုင်ပေါ၍ ထန်းပင်ပိုင်ဆိုင်သူများနှင့် ထန်းလျက်ထုတ်လုပ် သူများအတွက် အကောင်းဆုံအချိန်ဖြစ်သည်။ နွေရာသီနှင့် မိုးရာသီများတွင် ထန်းလျက်ချက်လုပ်မှု အများဆုံးပြုလုပ်ကြသည်။ ထိုရာသီများသည် ထန်းရည်ပေါ်ချိန်ဖြစ်သောကြောင့် ကုန်ချောအများ ဆုံးထုတ်လုပ်နိုင်သည်။ မိုးနည်းသည့် နှစ်များတွင် ထန်းရည်အထွက်နည်းသည်။

       ထန်းလျက်ချက်လုပ်ရာတွင် ထန်းပင်မှကျသည့်အရည်သည် ပထမဦးရေဖြစ်ပြီး ၎င်းထန်းပင် မှကျလာသည့် ထန်းရည်ချိုအား ထန်းလျက်အဖြစ် စတင်ချက်လုပ်ရသည်။ ထန်းရည်ပိုချို၍ ထန်း လျက်ချက်လုပ်နိုင်စေရန် ထန်းရည်ခံမြေအိုးထဲသို့ တည်ခေါက် ထည့်ပေးရသည်။ ထန်းလျက်အညို ချက်လုပ်ရာတွင် ထန်းရည်ချိုအား အပူပေးထားသည့် သတ္ထုဒယ်ထဲတွင် ထန်းရည်များပွတ်လာ၍ အရည်ပျစ်လာသည်အထိ မီးအချိန်အဆပေါ်မူတည်၍မွှေပေးရသည်။ မွှေချိန်(၁၅) မိနစ်ခန့်ကြာပြီး ထန်းလျက်အလုံးများပြုလုပ်နိုင်သည့် အနေအထားမျိုးတွင် မီးဖိုမှချကာ (၁၀) မိနစ်ခန့် ပြန်မွှေပြီး ခပ်နွေးနွေးအနေအထားတွင် ထန်းလျက်အလုံးများ စတင်ပြုလုပ်နိုင်ပြီဖြစ်သည်။ ထန်းလျက်အဖြူ ချက်ရာတွင် ထန်းရည်ချို၏ အပေါ်ရည်ကိုသာခပ်ယူပြီး သေချာစွာသန့်စင်ကာ ကျိုချက်ရသည်။ ထန်းလျက်သည် ထန်းဖိုထန်းလျက်နှင့် ထန်းမထန်းလျက်ဟူ၍ နှစ်မျိုးရှိသည်။ ထန်းဖို ထန်းလျက် ဆိုသည်မှာ  အသီးမသီးသော ထန်းဖိုပင်၏အဖူးမှရရှိသော ထန်းရည်ချိုကို ကျိုချက်၍ ရလာသော ထန်းလျက်ကိုခေါ်သည်။ ထန်းမ ထန်းလျက်ဆိုသည်မှာ အသီးသီးသော  ထန်းမပင်၏ထန်းနုခိုင်တွင်  အသီးခိုင်ကိုထု၍ ရလာသောထန်းရည်ချိုကို ကျိုချက်ရသော ထန်းလျက်ကိုဆိုသည်။ ထန်းဖို ထန်းလျက်နှင့် ထန်းမထန်းလျက်တွင် ထန်းဖိုထန်းလျက်သည် ပို၍ဆေးဖက်ဝင်ကြောင်းသိရသည်။ ထန်းရည်ချို  ၁၂ ပိဿာ (မြေအိုး ၆) လုံးကျိုချက်လျင် ၂ ပိဿာနှုန်းထွက်ရှိပြီး ထန်းအပင် ၄၀ တွင် ထန်းလျက်အချိန်ပေါင်း ၂၅ ပိဿာခန့် ထွက်ရှိကြောင်း သိရသည်။

         ထန်းလျက်သည် ထန်းပေါ်ဦးထန်းလျက်၊ အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ နှမ်း ထန်းလျက်၊ မြေပဲထန်းလျက်၊ သံပုရာထန်းလျက်၊ ဂျင်းထန်းလျက် ဟူ၍ရှိပြီး  အုန်းထန်းလျက်နှင့် ဇီးထန်းလျက်ကို လူကြိုက်အများဆုံးဖြစ်သည်။  ထန်းလျက်ကို ကြံသကာများ၊ သကြားများနှင့်ရော ၍ချက်လုပ်မှုများလည်းရှိနေသည်။  သို့သော် ထန်းလျက်အစစ်နှင့် အတုမှာ စားကြည့်ရုံမျှနှင့် ကွဲပြား မှုရှိသည်။  ဆောင်းရာသီ အချိန်ကာလများ၌ ကုန်ကြမ်းရှားပါးခြင်းကြောင့်  သိုလှောင်ထားသည့် ထန်းလျက်များကိုသာ ရောင်းချနေရ၍ ဆောင်းရာသီသည် ထန်းလျက်ဈေးနှုန်းအမြင့် ဆုံးအချိန် ဖြစ်သည်။ ကုန်ကြမ်းပေါများချိန်တွင် ၁ပိဿာလျှင် ၁၈၀၀ ခန့်ပေးရသော်လည်း ကုန်ကြမ်းမရရှိနိုင် သည့် အချိန်တွင် ၁ပိဿာ ၃၀၀၀ ခန့်ပေးရကြောင်း သိရသည်။ ယခုနှစ် ထန်းလျက်ဈေးနှုန်းများမှာ  ရိုးရိုးထန်းလျက်နှင့် ထန်းပေါ်ဦးထန်းလျက်တို့သည် ၁ပိဿာ ၁၉၀၀-၂၀၀၀ ခန့်ရှိပြီး၊ အုန်းထန်း လျက်၊ ဇီးထန်းလျက်တို့သည် ၁ပိဿာ ၃၀၀၀ ဝန်းကျင်ရှိကာ နှမ်း၊ မြေပဲ ထန်းလျက်များကို ၅၀ ကျပ်သားနှင့် အထက်ကြိုတင်မှာယူမှသာ ပြုလုပ်ပေးပြီး ဈေးနှုန်းမှာ ၁ ပိဿာ ၄၀၀၀ ကျပ်ခန့် ရှိကြောင်းသိရသည်။                                                   

DOCA(စစ်ကိုင်း)                                                                                               

“မိတ္ထီလာမြို့ခရိုင်အတွင်းရှိ နွားနို့ခဲလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း’’

             စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂၁.၃.၂၀၂၂) ရက်နေ့ (၉:၃၀)အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်အဖွဲ့ သည် မိတ္ထီလာမြို့နယ်ရှိမွေ‌ကျေးရွာမှ ဒေါ်သန်းသန်းဆင့် နွားနို့ခဲလုပ်ငန်းသို့ သွားရောက်လေ့လာဆွေးနွေးခဲ့ပါသည်။

            နွားနို့ခဲလုပ်ငန်းသည် မိရိုးဖလာလုပ်ငန်းဖြစ်ပြီး မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း၊ နွားနို့ခဲကျိုရာတွင်နွားနို့ကိုရေစစ်နှင့် စစ်ပြီးအိုးသန့်သန့်နှင့်ကျိုရကြောင်း၊နွားနို့်ထဲသို့ မရိုးစေးအားထည့်ရကြောင်းနှင့် ပထမဆုံးမီးပြင်းပြင်းနှင့် ကျိုပြီးနွားနို့ပွက်လျှင် မီးအေးအေးနှင့် ထားရကြောင်း၊ နွားနို့ခဲကို (၁) နာရီခွဲ (၂) နာရီခန့် ကျိုရကြောင်း၊ နွားနို့အဖတ်နှင့်အရည်ကွဲသွားပြီဆိုလျှင် ပိတ်ပါးလေးများနှင့် အထုတ်ကလေးများထုတ်ပြီး ရေစစ်ထားရကြောင်း၊ ရေစစ်သွားလျှင် မီးအေးအေးနှင့်ကင်ရကြောင်း သိရှိရပါသည်။

         နွားနို့ခဲပြုလုပ်ရာတွင် နွားနို့ကို နွားခြံများသို့ သွားရောက်ဝယ်ယူရကြောင်း၊ နွားနို့ (၁) ပိဿာလျှင် (၁၅၀၀) ကျပ်ဝယ်ယူရကြောင်း၊ တစ်နေ့နွားနို့အချိန် (၃၀) ခန့် ကျိုရကြောင်း၊ နွားနို့အချိန် (၁၀) ကျိုလျှင် နွားနို့ ခဲ (၂.၂၅) ပိဿာခန့်ထွက်ရှိကြောင်း၊ နွားနို့ခဲ (၁) ပိဿာလျှင် (၁၀၀၀၀) ကျပ် ရောင်းချရပြီး၊ နွားနို့ခဲရေခြောက်လျှင် (၃) ရက်ခန့်အထားခံသဖြင့် အညာဒေသလက်ဆောင်အဖြစ် ရန်ကုန်၊မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များသို့ တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                    

           

“မိတ္ထီလာမြို့ခရိုင်အတွင်း အရောင်းတွင်ကျယ်လျှက်ရှိသော မီးဖိုလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း ’’

           စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ၊ ဦးသန်းစိုးနှင့်အဖွဲ့သည် ၂၀၂၂ခုနှစ်၊ မတ်လ (၂၃ ) ရက်နေ့တွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product) အဖြစ်လုပ်ကိုင်သော  မီးဖိုလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။

           ထင်းမီးဖို၊ မီးသွေးမီးဖိုပြုလုပ်ရာတွင် မြေအမျိုးအစား (၂) မျိုးဖြစ်သည့် စေးကပ်သောမြေနှင့် သဲမြေတို့ကို အသုံးပြုကြပြီး တစ်ချို့မှာ မြေစေးတစ်မျိုးတည်းကိုသာ အသုံးပြုကြကြောင်း၊ မြေကို ရေနှင့်နှပ်ထားပြီး မြေနယ်စက်ထဲ လောင်း၍နယ်ထားရကြောင်း၊ မြေနယ်စက်မရှိသူများသည် ခြေထောက်နှင့် နင်းနှယ်ရကြောင်း၊ နှယ်ပြီးသောမြေကို ပုံစံခွက်(မို)ထဲတွင်ထည့်၍ ပုံကြမ်းလောင်းပြီး၊ ထွက်ရှိလာသော ပုံကြမ်းကို အတိုင်းအတာမှတ်၍ ဓါးဖြင့်လှီးကာ အချောကိုင် ပုံသွင်းရကြောင်း၊ တစ်နေ့လျှင် (၃၅) လုံးခန့်ထွက်ရှိကြောင်း၊ ထွက်ရှိလာသော မီးဖိုများကို ပက်လက်ရိုးရိုး (၃) ရက်၊ မှောက်လျှက် (၃) ရက် အခြောက်လှန်းထားရကြောင်း၊ ထွက်ရှိလာသော မီးဖိုများကို တစ်ပတ်လျှင် တစ်ကြိမ်မီးဖုတ်ခြင်း လုပ်ငန်းကိုလုပ်ကိုင်ရကြောင်း၊ မီးဖုတ်ရာတွင် အောက်တွင် ထင်းခင်း၍ မီးဖိုများစီရကြောင်း၊ အလုံးရေ အုပ်စုံ (၂၁၀) ခန့်ဆန့်၍ ဘေးပတ်လည်တွင် ထင်းများစီ၍ မီးဖုတ်ရကြောင်း၊ မီးဖိုအလွတ်များကို မြေနီသုတ်ထည့်ပြီး၊ ပုံချောအထိသံပုံး၊သံကိုင်းတပ်ဆင်မည့်မီးဖိုများကို မြေနီမသုတ်အလွတ် မီးဖုတ်ကြောင်းသိရှိရပါသည်။

        မီးဖိုပြုလုပ်ရာတွင် အသုံးပြုသော မြေဝယ်ယူရာတွင် ထော်လာဂျီတစ်စီးလျှင် (၁၂၀၀၀) ကျပ်၊ ထင်း ထော်လာဂျီတစ်စီးလျှင် (၇၀၀၀) ကျပ်ဖြင့်ဝယ်ယူရပြီး၊ မီးဖိုတစ်လုံးလျှင် ပုံသွင်းလက်ခအနေဖြင့် (၂၀၀) ကျပ်၊ ဓါးလီးခ (၁၅၀) ကျပ်၊ဓါတ်ဆီဖိုး (၅၀) ကျပ်၊ ထင်း (၂၀၀) ကျပ် စုစုပေါင်း ကုန်ကျစရိတ် (၇၀၀)ကျပ်ခန့် ကုန်ကျကြောင်းနှင့် ၎င်းအကာမပါ မီးဖိုအလွတ်အလတ် (၈၀၀) ကျပ်၊ အကြီး(၁၀၀၀) ကျပ်နှုန်းဖြင့် ဖောက်သည်သွင်းရကြောင်း၊ ၎င်းအကာမပါမီးဖိုအလွတ်အား သံပြား၊ အကာ၊ သံကိုင်းတပ်၊ အင်းဂတေတို့ဖြင့် အဆင့်ဆင့်မွမ်းမံ ထားသော မီးဖိုတစ်လုံးလျှင် (၃၅၀၀) ကျပ်ဖြင့် စျေးဆိုင်များမှ လာရောက်ဝယ်ယူကြောင်း သိရှိရပါသည်။

       မီးတစ်ခါဖုတ်လျှင် တစ်ပတ်အလုံးရေ ၂၁၀ ခန့်ထွက်ရှိရာ၊ တလလျှင်အလုံးရေ (၈၄၀) ခန့်ထွက်ရှိပြီး တစ်လလျှင် ပျမ်းမျှဝင်ငွေ (၂၀၀၀၀၀) ကျပ်ခန့်ရှိကြောင်း ထွက်ရှိသောမီးဖိုများကို လွှိုင်ကော်၊ တီဂျစ် ၊ မြင်းခြံ၊ တောင်သာမြို့များသို့ ပို့ရကြောင်းနှင့် ထွက်ရှိသလောက်ဖြန့်ဖြူးရောင်းချရကြောင်း သိရှိရပါသည်။

      ယခုအခါ သာစည်မြို့နယ်၊ လှိုင်းတက်၊ မယ်ဇလီကန်ကျေးရွာတွင် တစ်ရွာလုံးနီးပါး အိုးလုပ်ငန်းနှင့် မီးဖိုလုပ်ငန်းကို လုပ်ကိုင်ကြပြီး၊ မီးဖိုမှာအလတ်စား ၊ အကြီးစား(၂) မျိုးထုတ်လုပ်ပြီး၊ ထင်းဖို၊ မီးသွေးဖို၊ထင်းမီးသွေးဖို၊ စံပြမီးဖိုစသည်ဖြင့် (၅) မျိုးထုတ်လုပ်ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။    

DOCA(မန္တလေး)                                             

ဈေးကောင်းရနေသည့် အစေ့ထုတ်ပြောင်း (မိုးကြိုး) များ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ

          မုံရွာမြို့တဖက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မြေနုကျွန်းများနှင့် ရေဝင်အင်းများတွင် ဆောင်းသီးနှံ (မြေပဲ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ပဲကြား) များရိတ်သိမ်းပြီးသည့် ရိုးပြတ်များတွင် မတ်လဆန်းမှစ၍ အစေထုတ်ပြောင်း (မိုးကြိုး)များ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

          ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရေဝင်ဒေသများဖြစ်သည့် လက်ပံတောင်၊ ကြီးဝဲကွဲ၊ နတ်ကျွန်း၊ ရွှေကုန်း၊ သဲတောကြီး၊ ထန်းတောကြီးကျေးရွာနှင့် ထန်းဇင်ကျေးရွာများသည် အစေ့ထုတ် ပြောင်း(မိုးကြိုး) ကို မြေအောက်ရေဖြင့် နှစ်စဉ်စိုက်ပျိုးလျှက်ရှိသည့် ဒေသများဖြစ်သည်။ ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်မှုရှိသော်လည်း အစေ့ထုတ်ပြောင်း ဈေးကွက် ကောင်းရ ရှိနေသည့်အတွက် တောင်သူများစိုက်ပျိုးမှုများပြား လာကြောင်း သိရှိရပါသည်။ ဆောင်းသီးနှံများ ရိတ်သိမ်းပြီးသည့်ရိုးပြတ်များတွင် ထွန်စက်ဖြင့် ထွန်ယက်ပြီး ဘောင်ဆွဲကာ စိုက်ပျိုးခြင်းဖြစ်သည်။ ထွန်စက်ခအနေဖြင့် ယခင်နှစ်က တစ်နာရီကို (၁၈၀၀၀)ကျပ် ပေးရ သော်လည်း ယခုနှစ်တွင် တစ်နာရီကို (၂၅၀၀၀) ကျပ်ပေးချေနေရကြောင်း၊ တစ်ဧကလျှင် (၂) နာရီမျှ ထွန််ယက်ပြီး နွားထွန်ဖြင့် ဘောင်ဆွဲကာ ရေသွင်း၍ စိုက်ပျိုးရကြောင်း သိရှိရသည်။

          ယခုလက်ရှိ စိုက်ပျိုးနေသည့်မျိုးများမှ ထိုင်းနိုင်ငံမှတင်သွင်းလာသည့် SP-888 မျိုးများဖြစ်ပြီး မျိုးစေ့ (၅)ကီလိုတစ်ထုပ်လျှင် (၄၅၀၀၀) ကျပ်ဖြင့် ဝယ်ယူရရပြီး တစ်ဧက( ၂)ထုပ်နှုန်းအသုံးပြုကာ စိုက်ပျိုးရကြောင်း သိရှိရသည်။ ယခုနှစ်တွင် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် (၅)သိန်းကျော်ခန့် ကုန်ကျမည်ဖြစ်ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် တင်း( ၇၀-၈၀) ခန့်ထွက်ရှိနိုင်ကြောင်း လေ့လာ သိရှိရပါသည်။ ယခုစိုက်ပျိုးသည့် SP-888 မျိုးမှာ ရေငတ်ဒဏ်ခံနိုင်ခြင်း၊ အမြစ်နှစ် ထပ်ကုပ်ပြီး လေတိုက်သည့်ဒဏ်ကိုလည်းခံနိုင်ကြောင်း၊ အပင်ပေါ်တွင် အဖူးကြာ ရှည် အထားခံ ကြောင်း၊ အစေ့၏အတွင်းမှာ လိမ္မော်ရောင်တောက်ပြီး အလေးချိန်စီးကြောင်း တောင်သူများ၏ ပြောပြချက် အရ သိရှိရပါသည်။

          ယခုမတ်လတွင် မုံရွာကုန်စည်ဒိုင်ဈေးကွက်၌ အစေ့ထုတ်ပြောင်း တစ်တင်းအနိမ့်ဈေး( ၁၆၅၀၀)ကျပ်နှင့် အမြင့်ဈေး(၁၈၃၀၀)ကျပ် ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဒေသတွင်းတိရိစ္ဆာန်အစာ စက်ရုံများနှင့် ရန်ကုန်၊ မန္တလေးရှိ တိရိစ္ဆာန်အစာစပ် စက်ရုံများမှ ဝယ်ယူမှု များရှိနေသလို ပြည်ပနိုင်ငံများမှလည်း ဝယ်လိုအားရှိနေကြောင်း မုံရွာဈေးကွက်ရှိ ပြောင်းကုန် သည်များထံမှ သိရှိရပါသည်။ ယခင်နှစ်မတ်လအတွင်း အစေ့ထုတ်ပြောင်း တစ်တင်း အနိမ့်ဈေး (၇၉၀၀) ကျပ်နှင့် အမြင့်ဈေး (၈၂၀၀)ကျပ်သာ ပေါက်ဈေးရှိခဲ့သည့်အတွက် ယခုနှစ်တွင် အစေ့ထုတ် ပြောင်းတစ်တင်းလျှင် (၈၀၀၀-၁၀၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက် လျှက်ရှိကြောင်း သိရှိရပါသည်။

          ယခုလက်ရှိမုံရွာဈေးကွက်တွင် အစေ့ထုတ်ပြောင်းဈေးကောင်းရနေသည့်အတွက် ဒေသတွင်း မှ ပြောင်းစိုက်တောင်သူများ အစေ့ထုတ်ပြောင်း (မိုးကြိုး) စိုက်ပျိုးရန်လည်း တောင်သူများ စီစဉ်ဆောင်ရွက်လျက်ရှိနေသည့်အတွက် ယခင်နှစ်ကထက် အစေ့ထုတ်ပြေင်း(မိုးကြို) စိုက်ပျိုးမှုများ ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း  တင်ပြလိုက်ရပါသည်။

အရောင်းအဝယ်ပါးသည့် မုံရွာအာလူး

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအာလူးပွဲရုံများသို့ ဒေသတွင်း အဝင်မရှိဘဲ အောင်ပန်း မှ တစ်ပတ်လျှင် ၁၂ဘီးကား ၂စီးဖြင့် တအိတ်လျှင် အချိန်၄၀ပိဿာပါ အိတ် ၈၀၀-၁၀၀၀ခန့် ပုံမှန် အဝင်ရှိနေပါသည်။ အောင်ပန်းအာလူး ဆိုဒ်စုံအဝင်ရှိပြီး အရည်အသွေး အလုံးအကြီးအသေးအလိုက် ပွဲရုံဈေး၁ပိဿာ လျှင်  ၁၅၀၀- ၁၆၀၀ -၂၀၀၀ ခန့်ဖြစ်ပြီး လက်လီဈေး ၁ပိဿာလျှင် ၂၄၀၀- ၂၅၀၀ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်း အားလူးကြော်လုပ်ငန်း၊ စမူဆာကြော်လုပ်ငန်း၊ မုန့်လုပ်ငန်းရှင်များနှင့် လက်လီအရောင်းဆိုင်များမှ ဝယ်ယူသော်လည်း ယခုအခါတွင် အ‌ရောင်းအဝယ်ပါးလျက်ရှိကြောင်း သိရှိရပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း