Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာ၌ ကုလားပဲစိုက်တောင်သူများ ဈေးကောင်းရနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကုလားပဲကို တောင်သူတော်တော်များက စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါတယ်၊ မြေတစ်ဧကကို မျိုးစေ့ ၂ တင်းမှ ၃ တင်းခန့်စိုက်ပျိုးကြရပြီး ကုလားပဲမျိုးစေ့များမှာ 929, V2 ,V3, V7 အများအပြားရှိသော်လည်း တောင်သူများက အထွက်ကောင်းသည့် 929, V2 မျိုးကိုသာစိုက်ပျိုးကြကြောင်း မျိုးစေ့ ၁တင်းလျှင် ကျပ်(၄၀၀၀၀) ပေးဝယ်ရကြောင်း၊ မျိုးစေ့ (၃)တင်း (၁၂၀၀၀၀) ကျပ်ပေးဝယ် ရပါကြောင်း ၊မြေတစ်ဧကကို  ယခုနှစ်တွင် နွားရှည်းများဖြင့် မထွန်ယက်တော့ပဲ ထွန်စက်ကြီးများနှင့် ထွန်ယက်ခ တစ်ဧကကို သုံးခါထွန်(၉၀၀၀၀)ကျပ်ဖြင့် ပေး၍ထွန်ယက်ကြပါကြောင်း၊ စိုက်ပျိုးပြီး ၁လကျော်လျှင် ပိုးသတ်ဆေးနှင့် မှိုသတ်ဆေး၊အားဆေးများဖျန်းပေးရပါကြောင်း၊ ကုလားပဲကို ‌အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြကြောင်း၊ မတ်လတွင် ရိတ်သိမ်းရကြောင်း၊ ရိတ်သိမ်းချိန် ရောက်လျှင် လူတစ်ဦးလျှင် တစ်နေကုန် ကျပ် (၅၀၀၀) နှုန်းဖြင့် တစ်ဧကကို ၁၀ ယောက် ငှား၍ရိတ်သိမ်းရပါကြောင်း၊ ရိတ်သိမ်းပြီး အပင်များကို စိုက်ခင်းမှ အိမ်အရောက် ထော်လာဂျီဖြင့် ငှား၍ တစ်စီးလျှင် သယ်ခ ကျပ် (၁၂၀၀၀)နှင့်၊ ရိတ်သိမ်းပြီး အပင်များကို စက်ဖြင့် ခြွေလှေ့လျှင် ၁နာရီလျှင် ကျပ်(၁) သောင်းနှုန်းပေးရကြောင်း၊ ယခင်နှစ် ရာသီကုန်ကုလားပဲ လက်ငုတ် ဈေးကောင်းမွန်ခဲ့သည့်အတွက် ယခုနှစ်တွင် ကုလားပဲစိုက်ဧက ပိုမိုများလာကြောင်း၊ ကုလားပဲများကို ဒေသခံ ပွဲရုံများသို့ ရောင်းချခြင်း၊မုံရွာမြို့ရှိ ပွဲရုံများသို့ရောင်းချခြင်း၊ သီးနှံပေါ်စတွင် ကုလားပဲ တစ်တင်း (၄၃၀၀၀)ကျပ်ဖြင့်ရောင်းချရသဖြင့် အကျိုးအမြတ် ရရှိခဲ့ကြောင်း၊ ရာသီကုန်အထိ သိုလှောင်ထားနိုင်သည့် တောင်သူများအနေနဲ့ အကျိုးအမြတ်ပိုမို ရရှိခဲ့ကြောင်း ၊ယခုပေါက်ဈေးမှာ ကုလားပဲ တစ်တင်းလျှင် ကျပ် ၄၀၀၀၀ မှ ၄၃၀၀၀ ထိရှိပါကြောင်း၊ တောင်သူများမှာ ကုလားပဲကို ၆ဧကမှ ၇ ဧကထိ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ကုလားပဲသည် ပြည်တွင်းပို့ကုန်အဖြစ် အသုံးပြုရောင်းချကြောင်း၊ ဈေးပေါ်မူတည်သော်လည်း ယခုနှစ်တွင် စိုက်ပျိုးသူများ ဈေးကောင်းရနေ၍ အမြတ်ပိုမိုရရှိနေကြောင်း၊ ကုလားပဲကို မုံရွာမြို့ရှိ ပွဲရုံများသို့ သွားရောက်ရောင်းချလျက်ရှိပါကြောင်း၊ လက်ရှိဒေသတွင်း ဈေးကွက်၌လည်း ကုလားပဲသီးနှံမှာ အခြားExport ပဲများနှင့်အတူ ဈေးမာလျှက်ရှိကြောင်း၊ လက်ရှိကုလားပဲတစ်တင်း (၄၃၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက တစ်တင်း ကျပ်(၁၀၀၀၀)ကျော် မြင့်တက်လျှက်ရှိကြောင်း၊ Export ဝယ်လက် နည်းပါး သော်လည်း ပြည်တွင်းသုံးစွဲမှုများပြီး ဈေးကွက်ဝယ်လိုအား ရှိနေသည့်အတွက် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ဒေသတွင်း ပဲခွဲစက်၊ ကြာဇံစက်၊ ပဲကြော်လုပ်ငန်းများနှင့်  မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ ပခုက္ကူ မြို့ကြီးများမှ ဝယ်ယူလျှက်ရှိကြောင်း သိရှိရပါတယ်။      

 စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုလားပဲစိုက်ဧက(၄၂၆၈၈၄) ဧကစိုက်ပျိုးခဲ့ပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင် ကုလားပဲစိုက် ဧက(၄၁၇၂၃၁) ဧကစိုက်ပျိုးကြောင်း၊ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် စိုက်ဧက(၉၆၅၃)ဧကလျော့နည်းစိုက်ပျိုးပါကြောင်း၊ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၂၅၆၅၀၀) ကျပ်ခန့် ကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၄၃၀၀၀)ကျပ်ခန့် ရရှိပါကြောင်း၊ တစ်ဧက ပျမ်းမျှ အထွက်နှုန်းအနေဖြင့် (၂၀)တင်း ခန့် ထွက်ရှိပါကြောင်း၊ တစ်ဧကဝင်ငွေအနေဖြင့် (၈၆၀၀၀၀)ကျပ်ခန့်ရရှိသဖြင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် (၆၀၃၅၀၀)ကျပ်ခန့် ရရှိသဖြင့် တောင်သူများအတွက် တွက်ချေကိုက်သည့် သီးနှံဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်ရှိ ကြောင်ဝပ်ကြီး ကျေးရွာနှင့် ကြက်သွန်ဈေး ကျေးရွာများရှိ တောင်သူများထံမှ သိရှိရသည်။

     ပြည်တွင်းသုံးကုလားပဲများနှင့် အခြားပဲမျိုးစုံဈေးကွက် ယခင်ပတ်တွင် ဈေးနှုန်း အနည်းငယ်ကျဆင်းမှု ဖြစ်သော်ခဲ့သော်လည်း ယခုမတ်လတတိယပတ်တွင် ဈေးပြန်လည်မြင့်တက်လာတာကြောင့်  အမြင့်ဈေးဖြင့် ရောင်းအဝယ်သွက်နေကြောင်း ပဲသစ်ရာသီဖြစ်သည့်အတွက် ပဲအဝင် အကောင်းဆုံးအချိန်ဖြစ်ပေါ်နေသည့် ဈေးကွက်ဖြစ်ကြောင်း ကုလားပဲနှင့် အခြားပဲမျိုးစုံဈေးများလည်း ဆက်လက်မြင့်တက်နိုင်ကြောင်း ပဲကုန်သည်များထံမှ သိရှိရပါတယ်။

      ယခုနှစ် ကုလားပဲစိုက်တောင်သူများအတွက်ကတော့ သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည့်အတွက် ယခင်နှစ်ကထက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်မားခဲ့သော်လည်း အောင်မြင်ဖြစ်ထွန်းသဖြင့် ကုလားပဲစိုက်တောင်သူဦးကြီးများသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက  အရင်းအနှီးနည်း၍ ဝင်ငွေကောင်းသော ဝယ်သူလည်းတန်း ရောင်းသူလည်း ကျန်သည့် မိမိ၏ ကုလားပဲစိုက်ခင်းများအား ပီတိ‌ဖြာ ကြည့်ရှု့ငေးမောရင်း မြေကြီးမှ ရွှေသီးနေသည့် အခင်းကို မျှော်ကြည့်ရင်း လာမည့်နှစ်တွင် ကုလား ပဲစိုက်တောင်သူများ ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း  ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာဖွယ်ရှိကြောင်း သုံးသပ်တင်ပြရ လိုက်ရပါတော့သည်။

DOCA(စစ်ကိုင်း)

 

ဖျာပုံမြို့တွင်အထူးဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ဖျာပုံမြို့နယ်ရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ဧပြီလ(၁)ရက်နေ့နံနက်(၀၇:၀၀)နာရီအချိန်က မြို့မဈေးကြီးတွင်ရောင်းချလျက်ရှိရာ ခရိုင်ဦးစီးမှူးဦးထွေးသိမ်း ဦးဆောင်၍ မြို့နယ်တာဝန်ခံဦးမင်းဇော်၊ စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများလိုက်ပါ၍ ဈေးအတွင်း စားအုန်းဆီရောင်းချပေးနေမှုအားလိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

          အဆိုပါစားအုန်းဆီများ၊ ရောင်းချပေးရာတွင် စားအုန်းဆီများသက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ(၅၈၀၀)ကျပ်နှုန်းဖြင့် တစ်ဦးလျှင်တစ်ပိသာနှုန်းရောင်းချပေးကာပိဿာချိန်(၂၇၅၀)အား ပြည်သူများလက်ဝယ်သို့ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မန္တလေးမြို့ပေါ်ဈေးများတွင် သက်သာသောဈေးနှုန်းများဖြင့် စားအုန်းဆီများအား ရောင်းချလျက်ရှိ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် စက်သုံးဆီနှင့် စားအုန်းဆီများကို ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်ရာ Stakeholder များနှင့် ပူးပေါင်း၍ တင်သွင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် အခါအားလျော်စွာ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

            မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ ဈေးများဖြစ်သော နန်းရှေ့ဈေး၊ ညောင်ပင်ဈေး၊ ပြည်ကျော်ဈေး၊ ဘုရားကြီးဈေးနှင့် တံခွန်တိုင်ဈေးများတွင် (၁-၄-၂၀၂၂) ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်မှစတင်ပြီး စားသုံးသူပြည်သူများသို့ စားအုန်းဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒသကြီး ဦးစီးမှူးရုံးမှ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသူများအား အပတ်စဉ်ထုတ်ပြန်ပေးသည့် လက်ကားရည်ညွှန်းဈေးအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချသွားရန် ကွင်းဆင်းစိစစ်ကြပ်မတ်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

           လာရောက်ဝယ်ယူသည့် စားသုံးသူများအား မေးမြန်းခဲ့မှုအရ လက်ရှိကာလတွင် စားအုန်းဆီ ပြင်ပပေါက်ဈေး (၁)ပိဿာလျှင် (၆၃၀၀)ကျပ်နှင့် (၆၅၀၀)ကျပ်ကြားတွင်ရှိပြီး ယခု လာရောက်ရောင်းချသည့်စားအုန်းဆီဈေးမှာ (၁)ပိဿာလျှင် (၅၉၀၀) ကျပ်နှင့် (၆၀၀၀) ကျပ်ခန့်သာရှိသည့်အတွက် ၎င်းတို့အနေဖြင့် (၁)ပိဿာလျှင် (၄၀၀/၅၀၀)ကျပ်ခန့် သက်သာကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုအပေါ် စားသုံးသူပြည်သူများမှ အဆင်ပြေလျက်ရှိပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှလည်း အခါအားလျော်စွာ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာမြို့နယ် မြို့မစျေးအတွင်း အထူးစျေးနှုန်းဖြင့် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း”

              စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ ၊ မြို့နယ်စည်ပင် ၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်  မတ်လ ၃၀ ရက်နေ့တွင် အထူးစျေးနှုန်းဖြင့် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပြည်ပမှစားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံမှ စားသုံးဆီများ တိုက်ရိုက်ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများဖြင့် စားသုံးသူပြည်သူများအား ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ရောင်းချနေသည့် စားအုန်းဆီများ၏ အလေးချိန်နှင့်ဈေးနှုန်းမှန်ကန်ရေး၊ခွဲတမ်းရစားအုန်းဆီများ အမှန်တကယ်ရောင်းချစေရေး စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးကို စျေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ယခုလအတွင်း ဆီကုန်သည်များအသင်းက ဆီတစ်ပိဿာလျှင် (၅၉၀၀) ကျပ်နှုန်းဖြင့် ဆီပီပါ  (၁၅၀) ကို မိတ္ထီလာမြို့ရှိ ပြည်သူများထံသို့ အိမ်ထောင်စု (၁) စုလျှင် ဆီ (၁) ပိဿာနှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးဆီများ၌ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil နှင့် Cooking Oil)ဟူ၍ ဖော်ပြခြင်းမပြုပဲ ပါဝင်ပစ္စည်းများကို အခြေခံ၍ မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရန် ကုန်စည်၏ အသားတင်ပမာဏ၊ အရွယ်အစားကိုလည်း မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ဥပမာအနေဖြင့် ဟင်းသီး ဟင်းရွက်ဆီ (စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်းကို စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၂၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက် (၁/၂၀၂၁)နှင့်ပတ်သက်၍ (၂၀.၆.၂၀၂၂) ရက်နေ့တွင်စတင် အာဏာတည်မည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်အား လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

“မြေဆီမြေနှစ် ပြန်လည်ကောင်းဖို့ ပိုက်ဆံလျှော်ပင် စိုက်ကြစို့ ”

            ပိုက်ဆံလျှော်ပင်သည် လျှော်အဖြစ်ထုတ်လုပ်နိုင်သည့်အပြင် သစ်စိမ်းမြေသြဇာအဖြစ်လည်း အသုံးဝင်လှသော စိုက်ပျိုးရေးကဏ္ဍမှာ အရေးပါသည့် အပင်ဖြစ်သည်။ စိုက်ပျိုးရေးပညာရှင်များသည် ပိုက်ဆံလျှော်၏ အသုံးဝင်မှုများအပြင် အခြားသီးနှံများ မဖြစ်ထွန်းနိုင်သောအခြေအနေတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်သောကြောင့် စိုက်ပျိုးရေးအတွက် အ‌ရေးပါသော သီးနှံဖြစ်ကြောင်းဆိုပါသည်။

            ပိုက်ဆံလျှော်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်သည်၊၊ ပိုက်ဆံလျော်အစေ့သည် ကျွဲ၊နွားတိရိစ္ဆာန်အစာ အဖြစ်လည်းကောင်း၊ မြစ်ပုတ်ရောဂါကိုဖြစ်စေသောနီမတုတ်ကို ခံနိုင်ရည်ရှိကြောင်း၊ ယခုအခါ ပိုက်ဆံလျှော်ကို အပူပိုင်း၊ သမပိုင်းနှင့် အချို့အအေးပိုင်းဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးမှုရှိလာသည်ကို တွေ့ရပါသည်။ပိုက်ဆံလျော်မှ ရရှိသော လျှော်ဖြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သည့်အပြင် တိရိစ္ဆာန်စာနှင့် မြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက အခြားသီးနှံများ နှစ်သက်သော အဟာရတန်ဖိုးများစာ ရရှိမည်ဖြစ်ပါသည်။ အဟာရပါဝင်မှုမှာ အပင်၏ အစိတ်ပိုင်းအလိုက်ကွဲပြားမှုရှိသည်ကို တွေ့ရှိရပါသည်။ အရွက်တွင်အဟာရတန်ဖိုး အများဆုံးဖြစ်ပြီး နိုက်ထရိုဂျင် ၄.၅၂ %အထက်ပါဝင်ကြောင်းသိရပါသည်။

           ပိုက်ဆံလျှော်ပင်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက စိုက်ကွင်းအတွင်း စိုက်ပျိုးပြီးထယ်မှောက်ရန်‌ မြေဆီလွှာနှင့် ရောနှောရမည်။ သို့မဟုတ် စိုက်ပျိုးပြီးသော ပိုက်ဆံလျှော်ပင်များအား အခြောက်လှန်း၊ ထုထောင်းပြီး မြေဩဇာအစားထိုးအသုံးပြုနိုင်ပါသည်။ သဘာဝသစ်စိမ်းမြေဩဇာဖြစ်သည့်အတွက် မြေဆီလွှာအတွက် အထူးအသုံးဝင်သော အပင်ဖြစ်ပါသည်။

            သစ်စိမ်းမြေဩဇာရရှိရန် မျိုးစေ့ တစ်ဧကလျှင်  လေးပြည်မှ ငါးပြည်လိုအပ်ပါသည်။ မျိုးစေ့ကြဲပြီး ၂ရက် ၊ ၃ရက်အတွင်း အပင်ပေါက်လာမည်ကို တွေ့ရမည်။ အပင်ပေါက်မြန်သော အမျိုးအစားဖြစ်၍ ပေါင်းမြက်များကို နှိမ်နှင်းနိုင်သည်။

        သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက စိုက်ပျိုးပြီးနောက် ရက် ၆၀ အတွင်း ထယ်မှောက်ကာ အသုံးပြုရမည်။ ပိုက်ဆံလျှော်ပင်၏ အဟာရများဖြစ်သော နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်နှင် ကယ်လဆီယမ်တို့ပါဝင်သည်။ ကာဗွန်ဟိုက်ဒြိတ်နှင့် ဆူးဒရိုက်ပါဝင်မှုလည်း အမြင့်ဆုံးဖြစ်သည်။ ယူရီးယား မြေဩဇာတစ်အိတ်နှင့် ညီမျှပါသည်။ထို့အပြင် မြေဆီလွှာအတွင်း ကာဗွန်သိုလှောင်မှုကို မြင့်မားစေသည်။ မြေဆီလွှာအား ပြန်လည်ကောင်းမွန်ပြည့်ဖြိုးစေပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို တားဆီးရာရောက်၍ ယူရီးယား တစ်အိတ်နှင့် ညီမျှသောကြောင့် ပိုက်ဆံလျှော်ပင်အား စိုက်ပျိုးကြရန်  ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာခရိုင်တွင်း  ခရမ်းသီးစိုက်ပျိုးမှု”

            ခရမ်းပင်ဟာ ပူနွေးသောရာသီဥတုရှည်ကို ကြိုက်သော အပင်ဖြစ်သည်။ အပူချိန် (၁၃) ဒီဂရီမှ (၂၅) ဒီဂရီတွင် အသင့်တော်ဆုံးဖြစ်သည်။ ခရမ်းပင်မျိုးစေ့အားပျိုးထောင်ရန် ကောင်းစွာဆွေးမြေ့သောနွားချေး၊ သစ်ရွက်စိမ်းမြေသြဇာများ အသုံးပြု၍(၃) ပေအကျယ် (၁၀) ပေအရှည် ဘောင်များပြုလုပ်ပျိုးထောင်ရပါသည်။ တစ်ဧကအတွက် မျိုးစေ့ (၃၀၀) ဂရမ်နှုန်းဖြင့် စိုက်ပျိုးရပြီး ၊ ပျိုးပင်များ ကြပ်မနေစေရန်မျိုးစေ့အား ခပ်ကြဲကြဲဖြူးပေးရပါသည်။

               ပျိုးထောင်ချိန်တွင် စိုက်ခင်းကို မြေပြုပြင်ထားရကြောင်း၊ ထယ် (၃) စပ်ထိုး၍ ထွန်‌ရေးညက်သည့်အထိ ထွန်ပေးရကြောင်း၊ မျိုးကိုလိုက်၍ ပင်ကြားတန်းကြားအကွာအဝေး ကွာခြားတတ်သော်လည်း အများအားဖြင့် တန်းကြား (၃-၄) ပေ၊ ပင်ကြား (၂-၃) ပေထား၍ ရွှေ့ပြောင်းစိုက်ပျိုးကြပါသည်၊

           အချိန်မှန်စွာ ပေါင်းရှင်းပေးခြင်း၊ မိုးစိုက်ခရမ်းဖြစ်ပါက ရေမဝပ်စေရန် မြေတောင်မြှောက်ပေးခြင်း၊ ဘောင်လုံးခြင်း ဆောင်းစိုက်ခရမ်းတွင် အစိုဓါတ်ထိန်းနိုင်ရန် ကောက်ရိုး၊ မြက်ခြောက်များ အုပ်ပေးခြင်း၊ မြေတောင်မြှောက်ချိန်တွင် ယူရီးယားကို ကျွေးခြင်းများပြုလုပ်ရကြောင်း၊ ခရမ်းတွင် ခရမ်းခေါင်ညွှန့်ထိုးပိုး၊ သီးလုံးဖောက်ပိုးများ ကျရောက်ဖျက်ဆီးနိုင်၍ ပင်လုံးပြန့်ပိုးသတ်ဆေးဖြစ်သည့် နိုက်ဝမ်း၊ အီမာလန်ဒါစသော ဆေးများအား (၁၀) ရက်တစ်ကြိမ်ဖြန်းပေးရကြောင်း သိရှိရပါသည်။

                ရောဂါအနေဖြင့် ဘက်တီးရီးယား ပင်ညိုးရောဂါကျရောက်တတ်ကြောင်း၊ ပန်းပွင့်ချိန်မှစ၍ ရက်ပေါင်း (၃၀) ကြာလျှင် ခူးဆွတ်ရကြောင်း သိရှိရပါသည်။

               အသီးအရောင်တောက်နေသော အချိန်သည် စားသုံးရန်အနေတော်ဖြစ်၍ အရောင်မှိုင်းသွားပါက အသီးရင့်လွန်းပြီးစားသုံးရန်မကောင်းတော့ကြောင်း၊ ခရမ်း တစ်ဧကထွက်နှုန်းမှာ ပိဿာ (၆၀၀၀)မှ (၇၀၀၀) အထိ ထွက်ကြောင်း၊ ခရမ်းပေါက် စျေးနှုန်းအနေဖြင့် ၁ ပိဿာလျှင် (၄၀၀) ကျပ် ရရှိသော် တစ်ဧက (၆၀၀၀) ပိဿာထွက်ရှိပါက ငွေကျပ် (၂၄) သိန်း ရရှိ၍ တောင်သူများ တွက်ချေကိုက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

လတ်တလောဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရွှေဈေးကွက် နှင့် မြန်မာ့ရွှေဈေးကွက်

         ကမ္ဘာ့ရွှေဈေးကွက်အနေနဲ့ ပြီးခဲ့တဲ့ တစ်ပတ်မှာဆိုရင် တနင်္လာနေ့မှာ ၁ အောင်စကို ၁၉၂၀ ဒေါ်လာနဲ့  ဈေးဖွင့်ခဲ့ပြီး သောကြာနေ့မှာ ၁၉၅၇ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။ တစ်ပတ်တာအတွင်း  မှာ ကမ္ဘာ့ရွှေဟာ  အမြင့်ဈေး ၁၉၆၅ ‌ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံး ၁၉၁၀ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။ ကမ္ဘာရွှေဟာ တစ်ပတ်တာအတွင်းမှာ ၅၅ ဒေါ်လာခန့် ဈေးအလှုပ်အခတ် ဖြစ်ခဲ့ပြီး ၃၇ ဒေါ်လာခန့် အတက်ဖက်သို့ အားသာခဲ့ပါတယ်။ ကမ္ဘာ့ရွှေဟာ ဘာကြောင့် အတက်ဖက် သို့ အားသာခဲ့ရတာလည်းဆိုရင် ရုရှားနိုင်ငံနဲ့ ယူကရိန်းနိုင်ငံရဲ့ စစ်ပွဲ ပဋိပက္ခကိစ္စတွေနဲ့အတူ မြောက် ကိုရီးယားက ပစ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်နိုင်ငံ ရေပိုင်နက်အနီး ကျရောက်ခဲ့တဲ့ Breaking News တွေကြောင့်သာ ကမ္ဘာ့ရွှေဟာ အတက်ဖက်သို့ အားသာခဲ့တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

       လက်ရှိ ဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေး မြင့်မားမှုနှင့် နိုင်ငံခြားငွေလဲလှယ်မှု ဈေးနှုန်း သက်ရောက်မှုများကြောင့် ပြီးခဲ့တဲ့တစ်ပတ် တနင်္လာမှာဆိုရင် မြန်မာ့ရွှေဟာ ၂၀၂၅၀၀၀ နဲ့ ဈေးဖွင့် ခဲ့ပြီး သောကြာနေ့မှာ ဆိုရင် ၂၀၅၈၀၀၀ နဲ့ ဈေးပိတ်ခဲ့ပါတယ်။ မြန်မာ့ရွှေရဲ့ အမြင့်ဆုံးဈေး ၂၀၆၇၀၀၀ ထိ ဈေးတက်ခဲ့ပြီး အနိမ့်ဆုံး ၂၀၂၀၀၀၀ ထိ ကျဆင်းခဲ့ပါတယ်။ မြန်မာ့ရွှေဟာ ၁ ကျပ်သား ကို ၄၇၀၀ဝိ/- ခန့်သာ ဈေးအလှုပ်အခတ်ရှိခဲ့ပြီး ဈေးအသွားအလာကို  ကြည့်ချင်းအားဖြင့် မြန်မာ့ရွှေ ဟာ အတက်ဖက်ကို ဦးတည်နေခဲ့တာကို တွေ့ရပါတယ်။ ကမ္ဘာ့ရွှေနှင့် နှိုင်းယှဉ်လျှင် ကမ္ဘာ့ရွှေဟာ အနည်းငယ်သာ ဈေးတက်ခဲ့သော်လည်း မြန်မာ့ရွှေဟာ သိသိသာသာ ဈေးတက်လာတာ တွေ့ရပါတယ်။ အကြောင်းကတော့ ခုတလော နိုင်ငံအတွင်း ထွက်ပေါ်နေတဲ့  ‌‌ငွေစက္ကူနဲ့ ပတ်သက်သော ကောလဟာလတွေဟာ ငွေကိုင်ထားသူ အနည်း/အများ စိုးရိမ်ပူပန်မှုတွေ ရှိတာ ကြောင့် မိမိရဲ့ပိုင်ဆိုင်မှုကို လုံခြုံစိတ်ချရမှုရှိစေဖို့ ‌ရွှေကို ဝယ်ယူစုဆောင်းနေကြတာ ဖြစ်ပါတယ်။  ဒါကြောင့်  ဒီအပတ်မှာ မြန်မာ့ရွှေဟာ ဝယ်လိုအားဟာ သိသိသာသာ တိုးတက်လာခြင်းဖြစ်ကြောင်း သုံးသပ်ရပါတယ်။

           ကမ္ဘာ့ရွှေဈေးကွက်ဟာ ယခုအပတ်မှာ အကျဖက်သို့ အားသာနိုင်ကြောင်း နည်းပညာအရ သုံးသပ်သော်လည်း ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကိစ္စများ ယခင်ကလို တင်းမာလာခဲ့မယ်ဆိုရင် ကမ္ဘာ့ရွှေဟာ အတက်ဖက်သို့ အားသာလာနိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားပါတယ်။

        ယခုအပတ်မှာ မြန်မာ့ရွှေဈေးနှုန်း အကျဘက်သို့ အားသာလာနိုင်ပါတယ်။ ရွှေအသင်းက ရွှေဈေးနှုန်းတည်ငြိမ်ရေး အစည်းအဝေးများ ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာ့ရွှေဈေးဟာ အကျဘက်သို့ အားသာလာနိုင်သည်ဟု ဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းထားကာ ပြည်တွင်း ရွှေဈေးနှုန်းမှာ လက်ရှိ ၂၈ နေ့တွင် ၁၆ ပဲရည် အခေါက်ရွှေ အဖွင့်ရောင်းဈေး ၂၀၅၂၀၀၀ ခန့်၊ ၁၅ ပဲရည် ကျပ် ၁၉၃၃၀၀၀ ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ငါန်းဇွန်မြို့နယ်တွင် ဆောင်းစိုက်ထောပတ်ပဲများ ရိတ်သိမ်းထွက်ပေါ်

          မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ငါန်းဇွန်မြို့နယ်တွင် ထောပတ်ပဲများ မတ်လဒုတိယအပါတ်မှစ၍ ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ အောက်တိုဘာ၊နိုဝင်ဘာတွင် စိုက်ပျိုးခဲ့ပြီး မတ်လတွင် ထွက်ပေါ်လေ့ရှိကြောင်း သိရပါသည်။မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်အနက်မှ အခြား(၃)မြို့နယ်သည် ထောပတ်ပဲကို မိုးနှင့်ဆောင်း နှစ်ရာသီစိုက်ပျိုးမှုရှိပြီး ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို ဆောင်းရာသီ၌သာ စိုက်ပျိုးမှုရှိကြောင်း သိရှိရပါသည်။မြင်းခြံခရိုင်၏ ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းထောပတ်ပဲစိုက်ပျိုးမှု ဧကပေါင်းမှာ(၅၀၉၄) ဧကရှိပြီး ငါန်းဇွန်မြို့နယ်အနေဖြင့် (၂၅၁၀)ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို ယာမြေနှင့် မြစ်ရေဝင်ရောက်ခဲ့သော မြေနုကျွန်းများပေါ်တွင်စိုက်ပျိုးကြပြီး ဆောင်းထောပတ်ပဲ စိုက်ပျိုးမှုမှာ အခြားသောမြို့နယ်များထက် စိုက်ပျိုးမှုပိုများပါသည်။

          ထောပတ်ပဲ စိုက်ပျိုးမှုအနေဖြင့် နှစ်စဉ်အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊မတ်လအတွင်း ရိတ်သိမ်းထွက်ရှိကြောင်းသိရပါသည်။ထောပတ်ပဲမျိုးဈေးမှာ ယခုနှစ်စိုက်ပျိုးရာသီတွင် တစ်ပြည်လျှင်(၃၀၀၀)ကျပ်နှုန်းရှိပြီး၊ယခင်နှစ်မျိုးဈေးမှာ တစ်ပြည်လျှင်(၂၀၀၀၊ ၂၅၀၀) ကျပ်ဝန်းကျင်များ ရှိခဲ့ပါသည်။ တစ်ဧကလျှင်မျိုး(၆)ပြည်နှုန်း ထည့်သွင်းစိုက်ပျိုးကြပါသည်။မိမိတို့ဒေသအနေဖြင့် ထောပတ်ပဲကို စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ  ပေါင်းသင်ခြင်း၊ ဆေးဖြန်းခြင်းအား တစ်ကြိမ်စီသာပြုလုပ်ကြပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့်(၁၃၀၀၀၀)ကျပ် ဝန်းကျင်သာ ကုန်ကျ၍အပင်ပြုစုမှုနှင့် ကုန်ကျစရိတ်သက်သာသော သီးနှံတစ်မျိုးဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရပါသည်။ထွက်ရှိလာသောပဲများကို မန္တလေးနှင့်မြင်းခြံမြို့များသို့ တင်ပို့ရောင်းချကြပြီး ယခင်နှစ်ကထောပတ်ပဲ တစ်တင်းလျှင်(၃၀၀၀၀)ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခုနှစ်ဆောင်းစိုက် ထောပတ်ပဲများ စတင်ထွက်ပေါ်လျှက်ရှိရာ တစ်တင်းလျှင်(၄၂၀၀၀)ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ် လျှက် ဈေးကောင်းရနေသောကြောင့် ထောပတ်ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ငါန်းဇွန်မြို့နယ် ရေဇင်းအုပ်စု ကံလှရွာရှိ ထောပတ်ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

သပြေစိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေရနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ပဲ၊ နှမ်း၊ ငရုတ် စသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြသည့်အပြင် ပန်းမန်မျိုးနွယ်ဝင်ဖြစ်သည့် အောင်သပြေ၊ အာဆီယံသပြေနှင့် ညိုချော သပြေ များကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကာ ပုံမှန်ဝင်ငွေရနေကြောင်း သိရသည်။

        အောင်သပြေ၊ အာဆီယံသပြေနှင့် ညိုချောသပြေများကို ပြင်ဦးလွင်နှင့် မန္တလေးမြို့နယ် များကနေ မှာယူ စိုက်ပျိုးကြကြောင်း၊ ပျိုးပင်အသေး၊ အကြီးပေါ် မူတည်၍ ပျိုးပင် (၁) ပင်လျှင် ကျပ် (၈၀၀) မှ (၁၁၀၀) ဝန်းကျင်ခန့် ဝယ်ယူရကြောင်း၊ မြေ (၁) ဧကတွင် သပြေအမျိုးအစား၊ အပင် အစိပ် အကျဲပေါ် မူတည်၍ အပင်ရေ  ၁၀၀၀ ခန့် ဝင်ဆံ့ စိုက်ပျိုးနိုင်ကြောင်း၊ သပြေညွန့် အမျိုးအစား အလိုက် စိုက်ပျိုးပြီး  ( ၆ ) လ၊ ( ၁ ) နှစ်အရွယ်မှစ၍ သပြေညွန့်များကို ခူးဆွတ်‌ရောင်းချရကြောင်း ပန်းစိုက်တောင်သူ တစ်ဦးထံက သိရသည်။

      သပြေတစ်ကြိမ်စိုက်ပျိုးပီးစ အပင်ငယ်ချိန်တွင် ရေအစိုဓာတ်မပြတ် ပေးသွင်းရပြီး၊ ခူးဆွတ် ရောင်းချနိုင်ချိန်တွင်  မြေသား အစို၊ အခြောက်အနေအထားကြည့်၍ (၁၀)ရက် တစ်ကြိမ်၊ (၁၅) ရက် တစ်ကြိမ်ခန့်သာရေးပေးသွင်းရကြောင်း၊ ပိုးကျပါက ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ စိုက်ပျိုးပြီး (၁၀) နှစ်သားခန့်ထိ ခူးဆွတ်ရကြောင်း ၊ ၁ ဧက စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် ကျပ် ၁၀ သိန်းဝန်းကျင်ခန့်သာ ကုန်ကျကြောင်း သိရသည်။ အနိမ့်ဆုံးဝင်ငွေ တစ်လလျှင် ကျပ် ၈၀၀၀၀ ကနေ ၁၀၀၀၀၀ ဝန်းကျင်ခန့် ရရှိကြောင်း  မုံရွာမြို့နယ် ပန်းစိုက်တောင်သူတစ်ဦးထံက သိရသည်။

လက်ရှိသပြေတစ်စည်းလျှင် ကျပ် ၁၅၀ မှ ၂၀၀ နှုန်းဖြင့် စိုက်ခင်းအတွင်း လက္ကားရောင်းချ ရ၍ ပုံမှန်ဝင်ငွေရရှိကြောင်း၊ ပန်းရောင်းချသူများအနေဖြင့်လည်း မုံရွာမြို့ပေါ်ဈေးကွက်များတွင် လိုက်လံရောင်းချသောကြောင့် စိုက်ပျိုးသူများအပြင် လက်လီ‌‌ရောင်းချသူများပါ ဝင်ငွေရနေကြပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ပဲမျိုးစုံဈေးနှုန်းများနှင့်ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်များပိတ်ထားသော်လည်း Online စနစ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

          မတ်လစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ မတ်ပဲတစ်တင်း ကျပ် ၄၅၀၀၀၊ ပဲတီစိမ်း ကြီးကျပ် ၃၅၀၀၀၊ ပဲတီစိမ်းသေး ကျပ် ၃၅၀၀၀၊ ပဲစိမ်းငုံ တစ်တင်းလျှင် ကျပ် ၄၃၈၀၀၊ ကုလားပဲ (ထိုင်ဝမ်) တစ်တင်းလျှင် ကျပ် ၄၀၃၀၀၊ ထောပတ်ပဲတစ်တင်းလျှင် ကျပ် ၃၉၈၀၀၊ ပဲပုတ်(ရှမ်း) တစ်တင်းလျှင် ကျပ် ၅၀၀၀၀၊ ပဲပုတ် (ဗမာ) တစ်တင်းလျှင်ကျပ် ၄၇၇၀၀၊ ပဲကြီး တစ်တင်းလျှင် ကျပ် ၅၆၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၀၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၂၅၀၀၊အစေ့ထုတ်ပြောင်း (CP) တစ်တင်းလျှင် ကျပ် ၁၆၅၀၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၇၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ လျှင် ကျပ်၃၄၀၀၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ ယခုတစ်ပတ်ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းအနေဖြင့် အနည်းငယ် ဈေးနှုန်းမြင့်တက်လာပြီး မြေပဲဆံ ဈေးနှုန်းမှာ အနည်းငယ် ကျဆင်းနေပြီး နှမ်းသီးနှံဈေးနှုန်းများ အနည်းငယ် ဈေးတက်လာကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း