Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဧရာဝတီတိုင်းအတွင်း ပြည်တွင်းမုန့်လုပ်ငန်းများတွင် အရောင်းအဝယ်ဖြစ်နေသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဖြစ်သည့် (ကော်ပြန့်စိမ်းရွက်)လုပ်ငန်း

            ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေပြုပြီး အသေးစားအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသော တိုင်းဒေသကြီးတစ်ခု ဖြစ်ပါသည်။ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းတွင် အကြီးစားစက်မှုလက်မှု လုပ်ငန်း(၄၁)ခု၊ အလတ်စားစက်မှုလက်မှုလုပ်ငန်း(၆၁)ခု၊ အသေးစားစက်မှုလက်မှုလုပ်ငန်း (၃၄၁)ခု ရှိပါသည်။ ထိုအသေးစားစက်မှုလက်မှုလုပ်ငန်းများတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း မုန့်လုပ်ငန်းများအတွက် အရောင်းအဝယ်ဖြစ်နေသည့် (ကော်ပြန့်စိမ်းရွက်) ထုတ်လုပ်ပုံအား တင်ပြလိုက်ပါသည်။

          (ကော်ပြန့်စိမ်းရွက်)အား လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်များတွင် စမူဆာ၊ ကော်ပြန့်စိမ်းနှင့် အခြားအသားအရွက်များဖုံးအုပ်၍ ကော်ပြန့်ကြော်ပြုလုပ်၍  ပြည်သူများစားသုံးရန် နေ့စဉ် အသုံးပြုနေသော ပစ္စည်းဖြစ်ပါသည်။ ပြုလုပ်ပုံမှာ ဂျုံမှုန့်အား ရေစိမ်၍ စက်ဖြင့် ပျော့ပျောင်းအောင် ပြုလုပ်ပြီး ရရှိသော ဂျုံဖက်အား လျှပ်စစ်ဓါတ်အားဖြင့် ကွိုင်ကို အပူပေးထားသော မီးခံသံပြားတွင် အဝိုင်းပြားသဏ္ဍာန်ပါးပါးလက်ဖြင့် ဆွဲ၍ တင်ကာ ခေတ္တအပူပေးခြင်းဖြင့် အဆိုပါ(ကော်ပြန့်စိမ်း)ရွက်အား ရရှိပါသည်။

          ဂျုံတစ်အိတ်(၂၄)ပိဿာလျှင် အဆိုပါကော်ပြန့်စိမ်းရွက်များ(၃၀၀၀)ခန့်ရရှိပါသည်။ ဂျုံ တစ်အိတ်စျေးနှုန်းမှာ (၇၀၀၀ဝိ/-)ခန့်ဖြစ်ပြီး ကော်ပြန့်စိမ်းရွက်တစ်ရွက်လျှင် (၄၀ဝိ/-)ခန့်ဖြင့် အရွက်(၁၀၀)အထုပ်များထုပ်၍ မုန့်ဆိုင်များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ အဆိုပါ အသေးစားစက်မှုလက်မှုလုပ်ငန်းမှ တစ်နေ့လျှင် ဂျုံ(၂)အိတ်မှ(၃)အိတ်ခန့်ကုန်ပြီး တစ်နေ့ လျှပ်စစ်မီတာခ(၃၀၀၀ဝိ/-)ခန့်၊ လုပ်သား(၅)ဦး၊ မနက်စာ/ညစာထမင်းကျွေးပြီး နေ့တွက်ငွေ (၄၀၀၀ဝိ/-)ခန့်ကုန်ကြောင်း၊ အဆိုပါကော်ပြန့်စိမ်းများအား ဧရာဝတီတိုင်းအတွင်းရှိ ငွေဆောင်၊ ချောင်းသာ၊ သာပေါင်း၊ ပုသိမ်မြို့များသို့ နေ့စဉ်တင်ပို့ရောင်းချနေပြီး အိမ်တွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းမှ မိသားစုအတွက် နေ့စဉ် သိန်းဂဏန်းခန့် ဝင်ငွေရရှိနေသော တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ပါသည်။

DOCA(ဧရာဝတီ)

ပဲစင်းငုံ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

           ကယားပြည်နယ်တွင် စပါး၊ ပြောင်းအပြင် ပဲစင်းငုံသီးနှံကိုလည်း အဓိကထား စိုက်ပျိုးလျက်ရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၏ ပဲစင်းငုံသီးနှံစိုက်ပျိုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက (၅၅၅၁)ဧက၊ ရိတ်ဧက(၅၅၅၁)ဧက၊ တစ်ဧကအထွက်နှုန်း(၁၃.၂၄)တင်း၊ စုစုပေါင်းအထွက်မှ ာ(၇၃၅၁၄)တင်းထွက်ရှိပြီး ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပဲစင်းငုံ သီးနှံစိုက်ပျိုုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက(၇၃၀၃)ဧက၊ ရိတ်ဧက(၇၃၀၃)ဧက၊ တစ်ဧက အထွက်နှုန်း(၁၃.၂၄)တင်း၊ စုစုပေါင်းအထွက်နှုန်းမှာ(၉၆၇၁၀)တင်းထွက်ရှိပါကြောင်း ၊ ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ကြည့်လျှင် စိုက်ဧက(၁၇၅၂)ဧက၊ ရိတ်ဧက(၁၇၅၂)ဧက၊ စုစုပေါင်းအထွက်(၂၃၁၉၆)တင်း လျော့နည်းလျှက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းများအရသိရှိရပြီး စိုက်ဧက၊ အထွက်နှုန်းလျော့နည်းလာရခြင်းမှာ ပြည်နယ်တွင်းရှိအချို့ဒေသများသည် စိုက်ပျိုးရာသီချိန်တွင် အချိန်မီ စိုက်ပျိုးနိုင်ရေးအခက်အခဲများကြောင့် စိုက်ဧကလျော့နည်း၍ အထွက်နှုန်းလည်း လျော့နည်းရခြင်းဖြစ်သည်ဟု သိရှိရပါတယ်။

          ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံသီးနှံများကို ယခင် မတ်လ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်ပိဿာကို(၂၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သော်လည်း ယခု ဧပြီလ ပထမပတ်တွင် ပဲစင်းငုံတစ်ပိဿာကို(၁၉၀၀)ကျပ် ဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပြီးဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းမှာ နိုင်ငံခြားငွေလှဲနှုန်းကျဆင်းသွားခြင်းကြောင့်ဖြစ်သည်ဟု ပဲစင်းငုံကုန်သည်တစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)

ကျောက်ဆစ်ပုံ(မြောက်)ကျေးရွာမှ လက်ယက်ကန်းဖြင့် ရက်လုပ်သည့် မိရိုးဖလာ မ ဝတ်လုံချည်များ ဈေးကွက်ဝင်အရောင်းသွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံ(မြောက်)ကျေးရွာတွင် လွန်ခဲ့သောနှစ်(၆၀)ခန့်ကတည်းက မိရိုးဖလာ လက်ရက်ကန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ကြရာမှ ယခုအချိန်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရောက်၍ ရက်ကန်းရက်လုပ်သင်ယူခဲ့ပြီး ဈေးကွက်တန်းဝင် (မ) ဝတ်လုံချည်များ ရက်လုပ်ရောင်းချလျက် ရှိကြောင်းသိရသည်။ ကျေးရွာအတွင်းရှိ အိမ်တိုင်းတွင် လက်ရက်ကန်းစင်များရှိကြပြီး အဓိကကုန်ကြမ်းများဖြစ်ကြသည့် ၂/၄၀ ချည်နှင့် ပိုးချည်တို့ကို မုံရွာမြို့နှင့် ကလေးမြို့တို့မှ ဝယ်ယူရရှိပြီး ၂၀၁၉ ခုနှစ်က အိန္ဒိယချည်ထုတ် တစ်ထုပ်လျှင် ၂၄၀၀၀ ကျပ်၊ ပိုးချည် (ပန်းချည်) တစ်ထုပ်လျှင် (၇၀၀၀) ကျပ် ရှိရာမှ ၂၀၂၂ ခုနှစ်၊ မတ်လတွင် အိန္ဒိယချည်ထုပ် တစ်ထုပ် လျှင် (၄၂၀၀၀) ကျပ်၊ ပိုးချည်(ပန်းချည်) တစ်ထုပ် လျှင် (၁၁၀၀၀) ကျပ်ဖြင့် ဝယ်ယူရက်လုပ်ကြကြောင်း၊ တရုတ် ချည်ထုပ် တစ်ထုပ်ကို ၂၀၁၉ ခုနှစ်က (၂၀၀၀၀‌) ကျပ်ရှိခဲ့ရာမှ ယခုအခါ (၄၀၀၀၀) ကျပ်ဈေး ဝယ်ယူခဲ့ရသည်ဟု သိရှိရသည်။

           ကျောက်ဆစ်ပုံ (မြောက်)ကျေးရွာတွင် ယခင်က ရက်ကန်းစင်ပေါင်း (၃၀၀) ကျော်ရှိခဲ့ရာ ကုန်ကြမ်းဈေးကြီးမြင့်မှုကြောင့် လက်ရှိအချိန်တွင် ရက်ကန်းစင် (၁၀၀) ခန့်သာရက်လုပ်နိုင်သည်ဟု သိရှိရသည်။ အိုက်ဇောလုံချည်၊ ချင်းရိုးရာအဆင်၊ ကချင်ရိုးရာအဆင်၊ သက်မွန်မြင့်အဆင်၊ ချိတ်အဆင်၊ ဗွီမိတ်အဆင်များသာမက ဒီဇိုင်းမျိုးစုံ တီထွင် ရက်လုပ်ကြပြီး ရိုးရိုးရက်လုပ်ခတစ်ကွင်း ၁၈၀၀၊ ၂၀၀၀ ကျပ်ရရှိပြီး တစ်နေ့(၂) ကွင်းပြီးစီးကြောင်း၊ (မ)ဝတ်လုံချည် ရိုးရိုးဒီဇိုင်းတစ်ကွင်း ၅၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ထိ‌ ရောင်းချရသလို ဒီဇိုင်းဆန်းအဆင်များကို (၁)ရက်ကြာ ရက်လုပ်ရပြီး (၂၀၀၀၀)ကျပ် (၃၀၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ ပြည်ပဈေးကွက်၌ အိန္ဒိယ၊ မလေးရှား၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံထိရောင်းချရသလို ပြည်တွင်းဈေးကွက်အနေဖြင့် ကလေး၊ မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေး၊ ရွှေဘိုမြို့ရှိ အထည်ဆိုင်များသို့ မုံရွာအထည်ဒိုင်မှတဆင့် ဖြန့်ဖြူးရောင်းချရကြောင်း သိရှိရသည်။ ရက်လုပ်ကြသော ရိုးရာအဆင်များကို ရာသီမပြတ် အဝယ်ရှိ၍ ကျောက်ဆစ်ပုံ(မြောက်)ကျေးရွာမှ (မ)ဝတ်လုံချည်များ အရောင်းသွက်ဈေးကွက်ဝင်နေကြောင်း ရက်ကန်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကယားပြည်နယ်မှ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း

              ကယားပြည်နယ်သည် ကုန်စည်စီးဆင်းမှုပုံမှန်ပြန်လည်လည်ပတ်လာပြီဖြစ်သဖြင့် အခြားဒေသမှ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ပြည်နယ်အတွင်းသို့ ဝင်ရောက်လာပြီး အရောင်းအဝယ် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဓါတ်မြေဩဇာဈေးနှုန်းများမှာ- ရွှေပွားတံဆိပ် တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ Complex တံဆိပ်တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်၊ ရွှေကောင်းသီးနှံတံဆိပ် တစ်အိတ်လျှင်(၆၅၀၀၀)ကျပ်၊ နဂါးနီတံဆိပ် တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်၊ ပိုတက် တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်၊ ကွန်ပေါင်းတစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ စီ.ပီ.ဆင်ဖြူတော်တံဆိပ် တစ်အိတ်လျှင်(၂၃၀၀၀)ကျပ်နှင့် S.P.P တံဆိပ် တစ်အိတ်လျှင် (၂၃၅၀၀)ကျပ်တို့ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းမှာ- အာမိုစတား တစ်လီတာ (၂၂၀၀၀)ကျပ်၊ အာမိုစတား ၅၀၀ စီစီ(၁၁၀၀၀)ကျပ်နှင့် အာမိုစတား ၂၅၀ စီစီ(၅၅၀၀)ကျပ်တို့ဖြင့်အရောင်းအဝယ်ပြုလုပ်လျှက်ရှိပါကြောင်း ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး အရောင်းဆိုင်မှသိရှိရပါတယ်။

DOCA(ကယား)

ဟင်္သာတမြို့ ဆီလုပ်ငန်းရှင်များမှ စားသုံးဆီများကို သက်သာဈေးနှုန်းဖြင့် ရောင်းချမှုအားကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဟင်္သာတမြို့နယ် တာဝန်ခံဦးမိုးကျော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ မြို့နယ်စည်ပင်တို့နှင့်ပူးပေါင်း၍ (၁.၄.၂၀၂၂) ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင်           မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှ မှာယူတင်သွင်းခဲ့သည့် စားအုံးဆီများအား ဟင်္သာတမြို့အတွက်ခွဲတမ်းရောင်းချခွင့်ရ စားသုံးဆီများအနက်မှ ဟင်္သာတမြို့နယ်၊ ဆင်းဧကရီလမ်းရှိ ငြိမ်းချမ်းကုန်စုံဆိုင်အားလည်းကောင်း၊ နတ်မော်လမ်းရှိ စိန်တောင်ဆီစက်မှလည်းကောင်း စားအုန်းဆီ(၄၉၅၀)ပိဿာများကို (၁.၄.၂၀၂၂) ရက်နေ့မှစ၍ တစ်ပိဿာလျှင် ၅၉ဝဝ ကျပ် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိပြီး ရောင်းချနေသော စားသုံးဆီများကို အလေးချိန်နှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီ စီးဆင်းမှုအခြေအနေ

          ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင် သို့ မတ်လ(၁၅ ရက် မှ ၃၁ ရက်)ဒုတိယ(၂)ပတ်အတွင်း ကြက်သွန်နီ ဆောင်းစိုက်ပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ် ဒေသတွင်းနေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီကုန်ချိန်ပိဿာ(၄)သောင်းခန့်နှင့် (၂)ပတ်အတွင်း စုစုပေါင်းပိဿာ (၅)သိန်းခန့် ကုန်စည်ဒိုင် သို့ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

          မတ်လဒုတိယ(၂)ပတ်အတွင်း ကြက်သွန်နီအသစ် တစ်ပိဿာ ထိပ်စ(ရှယ်) အမြင့်ဆုံး ဈေးနှုန်းမှာ (၆၂၅)ကျပ် မှ (၅၇၅)ကျပ် အထိ ကုန်စည်ဒိုင်ဖြတ်ဈေး နှုန်းဖြစ်ခဲ့ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ (၅၀၀)ကျပ် မှ (၂၅၀)ကျပ် အထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကြက်သွန် အရည်အသွေးများမတူညီခြင်းကြောင့် ဈေးနှုန်းများ ကွာခြားကြောင်း၊ ယခင်နှစ်ပတ် ဈေးနှုန်းထက် ကြက်သွန်နီထိပ်စ(ရှယ်) ဈေးနှုန်းမှာ (၁၅၀)ကျပ်ခန့် ကျဆင်းခဲ့ကြောင်း၊ ပြည်ပဝယ်လက်နည်း၍  ဈေးအနည်းငယ်ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ထို့အပြင်မိုးများစွာရွာသွင်းခြင်းကြောင့် တောင်သူများ အနေဖြင့် ကြက်သွန်တူးဖော်ရန် အခက်အခဲဖြစ်၍ ကုန်စည်ဒိုင်သို့ ဒုတိယ(၂)ပတ်အတွင်း ကြက်သွန်နီ အသစ် ကုန်ချိန်အဝင်နည်းသွားကြောင်း  သိရှိရပါသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီ(အသစ်)တစ်ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၁၀၀၀/ ၉၀၀)၊ အလတ်စ(ကြီး) ကျပ်(၈၀၀/၇၀၀)၊ အလတ်စ(သေး) ကျပ်(၆၀၀/၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဒုတိယ(၂)ပတ်အတွင်း ဆိပ်ဖြူမှ ရန်ကုန်(ဘုရင့်နောင်)သို့ ကားအစီးရေ (၅၂)စီး၊ ပြည်မြို့ (၁၁)စီး၊ စစ်တွေမြို့(၂)စီး၊ မြဝတီမြို့(၁၀)စီး၊ နေ့စဉ် (၆/၁၂)ဘီးမော်တော်ယာဉ်များဖြင့် စုစုပေါင်းကားစီးရေ(၇၅)စီးခန့် ထွက်ရှိပြီး တန်ချိန် (၃၀၀၀၀) ခန့် စီးဆင်း၍  ကြက်သွန်နီ တစ်ပိဿာလျှင် သယ်ယူစရိတ်အနေဖြင့် ဆိပ်ဖြူမှရန်ကုန် (ဘုရင့်နောင်) (၉၅)ကျပ်၊ ပြည်မြို့(၇၀)ကျပ်၊ စစ်တွေ (၁၆၀)ကျပ်၊ မြဝတီ(၁၂၀)ကျပ် ဈေးနှုန်းများဖြင့် ကုန်စည် စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလျက်ရှိသည့် တောင်ကုတ်မြို့

           ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံးကမ်းရိုးတန်းဒေသဖြစ်ပြီး တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်၏  မြို့နယ်(၁၇)မြို့နယ်ထဲမှ တောင်ပိုင်းသံတွဲခရိုင်တွင် တည်ရှိပြီး လူဦးရေ(၁.၆၀)သိန်းခန့်ရှိပြီး ပြည်မနှင့်အနီးစပ်ဆုံး ကုန်စည်ကူးသန်းရောင်းဝယ်ရေး၌  အလွန်အရေးပါသော မြို့တစ်မြို့ဖြစ်သည် သာမက ရေကြောင်းကူးသန်းရောင်းဝယ်ရေးလုပ်ငန်း များ၌လည်း အချက်အချာကျသည့် မြို့တစ်မြို့ ဖြစ်ပါသည်။ တောင်ကုတ်မြို့သာမက အခြားမြို့နယ် များကပါ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အားထားရာ ကုတင်(၁၀၀)ဆေးရုံနှင့် တောင်ကုတ် တက္ကသိုလ်တို့ကလည်း မြို့၏အင်္ဂါရပ်နှင့် ညီညွတ်စေပြီး ဆန်စပါးများနှင့် သစ်များအဓိကထွက် ရှိသည်။

           ဤကဲ့သို့ ကုန်လမ်း/ရေလမ်း ကူးသန်းရောင်းဝယ်ရေး အဓိကကျသည့် မြို့ဖြစ်သည့်အတွက် တဖက် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ကုန်ပစ္စည်းများအား စစ်ဆးပေးနိုင်ရန် ဌာနပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် တောင်ကုတ်မြို့ ကုန်ပစ္စည်းစစ်ဆေးရေးယာယီစခန်း (Check Point ) အား နိုင်ငံတော်မှ (၁၀-၁၁-၂၀၂၁)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ (၃-၄-၂၀၂၂)ရက်နေ့ အထိ ကြက်သွန်နီ (၁၀၄၉)တန် ၊ ဂျင်း(၆၄)တန် ၊ အုန်းသီးခြောက်(၁၈)တန် ၊ ငရုပ်သီးခြောက်(၃)တန်အား စစ်ဆေးခဲ့ပြီး စစ်တွေမြို့တွင် နိုင်ငံတော်အခွန်ပေးသွင်း၍ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ နိုင်ခဲ့ပြီး နိုင်ငံတော်အတွက် ပို့ကုန်ဝင်ငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အမြဲတမ်းတင်ပို့နိုင်သည့် ကုန်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ပေးနိုင်မည်ဆိုပါက နိုင်ငံတော်အတွက် ဝင်ငွေများစွာရရှိအောင် ဆောင်ရွက်ပေးနိုင်သည်သာမက တောင်ကုတ်မြို့၏ လူမှုစီးပွားဘဝလည်း များစွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရခိုင်)

ဟင်္သာတမြို့တွင် ဆီစက်လုပ်ငန်းရှင်များနှင့် နေကြာဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးဆွေးနွေး

                 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ၊ (၂.၄.၂၀၂၂) နေ့တွင် ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဟင်္သာတခရိုင်မှူးရုံးတွင်  ခရိုင်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များအား နေကြာဆီ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး ဆွေးနွေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။   ဆွေးနွေးပွဲတွင် စက်မှု၊ ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးမှ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ယခု မိုးရာသီတွင် ဆင်းရွှေကြာ-၂နေကြာ ဧက ၃၀၀၀ ကို စိုက်ပျိုးမျိုးထုတ်လုပ်ပြီး၊ ၂၀၂၂-၂၀၂၃ ဆောင်းရာသီတွင် ဟင်္သာတခရိုင်၌ နေကြာဧက ၂၀၀၀၀၀ကျော် စိုက်ပျိုးမှာဖြစ်တဲ့အတွက် ထွက်ရှိလာသော နေကြာစေ့များကို စားသုံးဆီကြိတ်ခွဲနိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

             ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ဧရာဝတီတိုင်းဒေသကြီး၏ နှစ်စဉ်စားသုံးဆီလိုအပ်ချက် ၈၅၀၀၀ မက်/တန် ခန့်ရှိပြီး၊ ဒေသတွင်းထုတ်လုပ်မှုနှင့် မလုံလောက်ပဲ စားအုံးဆီတန်ချိန်  ၄၃၀၀၀  မက်/တန်ခန့် လိုအပ်လျက်ရှိပါသည်။ ဟင်္သာတခရိုင်အနေဖြင့် ဖွဲနုမှ စားဆီထုတ်လုပ်ခြင်း၊ နေကြာများစိုက်ပျိုးပြီး နေကြာဆီထုတ်လုပ်ပါက ဒေသတွင်းစားဆီဖူလုံမှုကို တိုးတက်စေမှာဖြစ်သည့်အတွက်၊ လာမည့် နှစ်ဆောင်းရာသီတွင် ဟင်္သာတခရိုင်မှာ နေကြာဧက နှစ်သိန်း‌ကျော်စိုက်ပျိုးမှာဖြစ်ပြီး ဆီစက်လုပ်ငန်းရှင်များအနေဖြင့် နေကြာဆီကြိတ်ခွဲနိုင်ရေး အတွက်လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များကို လုပ်ငန်းရှင်များနှင့် မေးမြန်းဆွေးနွေးခဲ့ပါသည်။

           လုပ်ငန်းရှင်များမှလည်း ယခုမြေပဲဆီကြိတ်စက်များကို နေကြာဆီကြိတ်ခွဲထုတ်လုပ်ရန်အတွက် အခွံချွတ်ယူနစ်၊ လွန်အိမ်စနစ်၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရန်အတွက် အနံ့ချွတ်စနစ်တို့ကို ထောက်ပံ့ပေးခြင်း၊ ထွက်ရှိလာတဲ့ ကုန်ချောပေါ်မှာဈေးကွက်ခိုင်မာမှုရှိခြင်းတို့ရှိမှသာ မိမိတို့အနေနှင့် ရေရှည်ရပ်တည်ထုတ်လုပ်နိုင်မှာဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့  ဆီစက်လုပ်ငန်းရှင် (၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံမြေပဲများ တိုးချဲ့စိုက်ပျိုးကြပါစို့

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာ နှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်မြင့်မြင့်သန်းသည်(၂.၄.၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆိပ်ဖြူမြို့ပေါ်ရှိ ဆောင်းသီးနှံ မြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှုနှင့်ရောင်းချ ဖြန့်ဖြူးမှု အခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်၍ စိုက်ပျိုးရေးထွန်းကားရာနိုင်ငံဖြစ်ပြီး ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါစသည်တို့ကိုလည်း စိုက်ပျိုးကြောင်း၊ ပြည်တွင်း စိုက်ပျိုးရေးအနေဖြင့် နေ့စဉ်ချက်ပြုတ်စားသုံးသော စားသုံးဆီအတွက် မိမိတို့ ပြည်တွင်း ၌စိုက်ပျိုးထုတ်လုပ်သော မြေပဲ၊ နှမ်း၊ နေကြာဆီများမှာ လုံလောက်မှုမရှိသည့်အတွက် စားသုံးမှုလိုအပ်ချက်အရ ပြည်ပမှတင်သွင်း၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနေရပါသောကြောင့် ဆီထွက်သီးနှံကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကထား၍ စိုက်ပျိုးကြပြီး အခြားတိုင်း/ပြည်နယ်များတွင်လည်း စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

          ဆိပ်ဖြူမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းတွင် တည်ရှိပြီး စိုက်ပျိုးရေးအနေဖြင့် နှစ်စဉ်ကြက်သွန်နီ(ဆောင်းစိုက်ပင်စိုက်)ကို စိုက်ဧကအများဆုံး စိုက်ပျိုးခဲ့ကြသော်လည်း ယခင်(၂)နှစ်ခန့်က အရှုံးပေါ်မှုများ၍ ယခုနှစ်တွင် ကြက်သွန်နီအစား ဆီထွက်သီးနှံမြေပဲ၊ ကုလားပဲနှင့် အခြားသီးနှံများကို နှစ်စဉ်ထက် ပြောင်းလဲတိုးချဲ့စိုက်ပျိုးခဲ့ကြကြောင်း၊ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ဆောင်းစိုက်ဆီထွက်သီးနှံကိုင်းကျွန်းမြေပဲကို စိုက်ဧက (၃၀၀၀)ခန့် စိုက်ပျိုးထားရှိပါကြောင်း၊ ကုန်း/ယာမြေစိုက်(မိုး)မြေပဲကို ဧက(၁၀၀)ခန့် စိုက်ပျိုးပါကြောင်း၊ စိုက်ပျိုးချိန်တွင် ရာသီဥတုအနေအထားကောင်းမွန်မှုမရှိခြင်းကြောင့် မြေပဲအထွက်နှုန်းနည်းပြီး အရှုံးပေါ်မှုများ၍  (မိုး)စိုက်ဧကနည်းပါးကြောင်း၊ ယခင်နှစ်ကကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ မျိုးဥများရရှိရန်အတွက် ကြက်သွန်နီမျိုးစေ့ပက်၍ စိုက်ပျိုးသော စိုက်ခင်းများခဲ့သော်လည်း ယခုနှစ် ကိုင်းကျွန်းမြေနုများတွင် မြေပဲများ စိုက်ပျိုးမှုများကြောင်း သိရှိရပါသည်။

          ကိုင်းကျွန်းမြေပဲစိုက်တောင်သူ ဒေါ်သီတာမှ ယခုနှစ်တွင်(၂)ဧကခန့်ကို ဧရာဝတီမြစ်ရိုး တစ်လျှောက် ကိုင်းကျွန်းမြေနုသဲနုန်းမြေများတွင် စိုက်ပျိုးထားရှိကြောင်း၊  စိုက်ပျိုးရန်မျိုးစေ့ကို မိမိစိုက်ခင်းထွက် မြေပဲမျိုးကို ပြန်လည်စိုက်ပျိုးခြင်း မရှိဘဲ ချောက်မြို့ပဲမျိုးစုံရောင်းဝယ်ရေး (အေဝမ်း)ပွဲရုံမှ ဝါဆိုလမိုးစိုက် မြေပဲဆံ(အသစ်) အလုံးကြီး မျိုးကို တစ်တင်းလျှင် (၅၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကြောင်း၊ ကိုင်းကျွန်းမြေပဲကို တန်ဆောင်းမုန်းလတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင်တူးဖော်ကြောင်း၊ စိုက်ပင်သက်တမ်း ကာလမှာ (၄)လခန့်ကြာမြင့်ကြောင်း၊ ကိုင်းကျွန်းသဲနုန်းမြေနုများတွင် စိုက်ပျိုး၍ မြေပဲများ အသေး/ အပယ်နည်းပြီး အဆံအောင်အောင် မြင်မြင် ထွက်ရှိစေရေးအတွက် တူးဖော်ချိန် နောက်ကျ ကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် မျိုးမြေပဲဆံ(၁)တင်း(၈)ပြည်ခန့်ကုန်ကျ၍ (၂)ဧကအတွက် အဆံ(၃)တင်း ကုန်ကျကြောင်း၊ မြေပဲစိုက်ပျိုးရာတွင် မျိုးမြေပဲဆံအလုံး (အကြီး/အသေး) ပေါ်မူတည်၍ မျိုးစေ့ကုန်ကျမှုမှာ မတူညီကြောင်း၊ မြေပဲခင်းထဲတွင် စားတော်ပဲ၊ ပြောင်းဖူးများကိုလည်း သီးညှပ်အဖြစ် စိုက်ပျိုးကြောင်းသိရှိရပါသည်။  

          ယခုနှစ် ဆောင်းစိုက်မြေပဲအထွက်နှုန်းအနေဖြင့် အောက်တိုဘာလတွင် မိုးရွာသွင်းမှုများပြား ခြင်းကြောင့် မြေအစိုဓါတ်များခြင်း၊ မြစ်ရေကျချိန်တွင် စိုက်ခင်းအတွင်း၌ သဲနုန်းမြေတင်မှုများခြင်း၊ စိုက်ပျိုးရာတွင် အစိုဓါတ်သင့်တင့်မျှတကောင်းမွန်၍ အပင်ပေါက်စုံလင်ခြင်း၊ ဖျက်ပိုးကျရောက်မှု နည်းပါးခြင်းတို့ကြောင့် (၁)ဧကစိုက်ပျိုးလျှင် မြေပဲတင်း(၆၀)ခန့်ထွက်ရှိကြောင်း၊ (၂)ဧကစိုက်ပျိုး ထားရှိ၍ မြေပဲတင်း (၁၂၀)ခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်စိုက်ပျိုးခဲ့ရာတွင် ရာသီဥတုအနေအထား ကောင်းမွန်မှုနည်းခြင်းကြောင့် (၁)ဧကအထွက်နှုန်းမှာတင်း(၄၀)ခန့်သာ ထွက်ရှိခဲ့ကြောင်း၊ မြေပဲ တောင့်(၁)တင်းလျှင် အတောင့်ဆွတ်ခ(၁၅၀၀)ကျပ်ဖြင့် ငှားရမ်းရကြောင်း၊ မြေပဲတင်း(၁၂၀) ထွက်ရှိ၍ အလုပ်သမားငှားရမ်းခ(၁)သိန်း(၈)သောင်းခန့် ကုန်ကျပါကြောင်း၊ မိသားစုဝင်များ ပူးပေါင်းလုပ်ကိုင်နိုင်ခြင်းနည်းပါး၍ အလုပ်သမားငှားရမ်းရသဖြင့် ကုန်ကျစရိတ်များပြားကြောင်း သိရှိရပါသည်။

          ရောင်းချဖြန့်ဖြူးမှုအနေဖြင့် မိသားစုစားသုံးပြီး ပိုလျှံသောမြေပဲများကို ပြန်လည်ရောင်းချရာတွင် အတောင့်လိုက်ရောင်းချခြင်းမရှိဘဲ မြို့ပေါ်ရှိမြေပဲခွဲစက်တွင် ခွဲခအနေဖြင့် တစ်တင်းလျှင် (၅၀၀)ကျပ်ပေးရကြောင်း၊ ထွက်ရှိသောမြေပဲမှာအောင်မြင်၍ အဆံအထွက်နှုန်းကောင်းကြောင်း၊ တစ်တင်းလျှင်(၅)ပြည်ခန့်ထွက်ရှိပြီး၊ မြေပဲအတောင့်တင်း(၁၂၀)ကြိတ်၍ မြေပဲဆံ(၃၈)တင်းခန့် ထွက်ရှိကြောင်း၊ အဆံ(၁)ပြည်လျှင် ရောင်းဈေးနှုန်းမှာ ယခင်နှစ်(၃၀၀၀/၃၂၀၀)ကျပ်၊ ယခုနှစ် (၃၉၀၀/၄၀၀၀)ကျပ်ဖြင့် အရာင်းအဝယ်ဖြစ်ခဲ့ပြီး မြေပဲဆံရောင်းချမှုအပြင် မြေပဲဆီသန့်ကိုလည်း ဆုံဖြင့်ကြိတ်၍ ရောင်းချပါကြောင်း၊ မြေပဲ(၅)ပြည်ဆံ့ တစ်စုံကြိတ်လျှင် မြေပဲဆံအပေါ် မူတည်၍ အထွက်နှုန်းမတူကြောင်း၊ မြေပဲဆံ(၁)ပြည်ကြိတ်လျှင်(၄၀)ကျပ်သားခန့်၊ (၅)ပြည်ကြိတ်လျှင် (၂)ပိဿာခန့်၊ မြေပဲဖတ်(၃)ပိဿာခန့်ထွက်ရှိကြောင်း၊ အဆံ(၁)တင်းကြိတ်လျှင် မြေပဲဆီသန့် (၆)ပိဿာခန့်ထွက်ရှိပြီး မြေပဲဖတ်(၁၀)ပိဿာခန့် ထွက်ရှိကြောင်း၊ ဆောင်းစိုက်ကိုင်းကျွန်း မြေပဲ (၁)ဧက စိုက်ပျိုးလျှင် မြေပဲဆီသန့် ပိဿာ (၁၀၀) ကျော်ခန့် ထွက်ရှိပြီး မြေပဲဆီအထွက်နှုန်းမှာ မြေပဲဆံအရည်အသွေးကိုလိုက်၍ မတူညီကြောင်း သိရှိရပါသည်။ ပြန်လည်ရောင်းချဖြန့်ဖြူးမှု အနေဖြင့် ဆိပ်ဖြူမြို့ပေါ်ရှိ မြေပဲဆံကို ဆီစက်/ဆုံဆီ လုပ်ငန်းရှင်များ၊ မြေပဲဆား လှော်/ပဲကြော်လုပ်ငန်းရှင်များသို့ရောင်းချကြောင်း၊ မြေပဲဆီသန့်ကို သီးသန့်မှာယူစားသုံးသောသူများကို (၁) ပိဿာလျှင် (၁)သောင်းကျပ်ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ မြေပဲဖတ်(၁)ပိဿာကို (၁၅၀၀) ကျပ် ဖြင့်ရောင်းချရကြောင်း၊ မြေပဲဆီ ထုတ်လုပ်ရောင်းချမှုမှာ နည်းပါးပြီး မြေပဲအဆံကိုသာ အဓိကထား ရောင်းချကြောင်း၊ မြေပဲတောင့် (အခြောက်)(၁)တင်းလျှင် ယခင်နှစ် (၁၂၀၀၀)ကျပ်၊ ယခုနှစ် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းဈေးနှုန်းရှိသော်လည်း မြေပဲအတောင့်ရောင်းချသည့် တောင်သူနည်းပါး ကြောင်းသိရှိရပါသည်။

          ကိုင်းကျွန်းမြေပဲ(၂)ဧကစိုက်ပျိုးမှု စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် (၇)သိန်းခန့်ကုန်ကျ ကြောင်း၊ ဝင်ငွေမှာ ကျပ် (၂၄) သိန်းခန့် ရရှိ၍ (၁၇)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခင်နှစ် ထက် အထွက်နှုန်းကောင်းပြီး ဈေးနှုန်းဈေးကွက်မှာလည်း ကောင်းမွန်ခြင်းဖြစ်၍ သိသိသာသာ အကျိုးအမြတ် ပိုမိုရရှိကြောင်း ပြောကြားချက်အရသိရှိရပါသည်။

          ဆီထွက်သီးနှံမြေပဲ စိုက်ပျိုးခြင်းသည် မြေပဲအတောင့်မှတစ်ဆင့် မြေပဲဆံ၊ မြေပဲဆီ၊ မြေပဲ ဖတ်များရရှိပြီး ဆီထုတ်လုပ်မှုတွင် မြေပဲဆီသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်၍ မြန်မာတို့၏ မီးဖို ချောင်တွင် အခြေခံစားကုန်တစ်မျိုးအဖြစ် နေ့စဉ်သုံးစွဲခြင်းနှင့် ဟင်းချက်၍စားခြင်း၊ ကြော်၍ စားခြင်း၊ လက်ဖက်၊ အသားခြောက်၊ ငါးခြောက်မျိုးစုံကင်၍ ဆီစိမ်စားခြင်း၊ အသုပ်မျိုးစုံ သုပ်၍ စားခြင်း၊ မြန်မာ့ရိုးရာအစားအစာမုန့်မျိုးစုံ ဆီဆမ်းစားခြင်းစသည့် အမျိုးမျိုးသုံးစွဲကြပြီး၊ လူတို့ စားသုံးရန်ဆီသာမက ဆီကြိတ်ရာမှရရှိသော ပဲဖတ်များကို စိုက်ပျိုးရေး သွင်းအားစုများအဖြစ် ပဲဖတ်ကို အမှုန့်ကြိတ်၍ သုံးစွဲနိုင်သည့်အပြင် ပြည်ပမှ တိရိစ္ဆာန်အစာ တင်သွင်းမှုကိုလည်း လျှော့ချနိုင်ပြီး ပြည်တွင်းရှိ (SME) လုပ်ငန်းများလည်း ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ ထို့ပြင်ပြည်တွင်း၌ စားသုံးသူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့်ကို ပိုမိုသုံးစွဲလာနိုင်သည့် အခွင့် အလမ်းများရရှိကာ ကျန်းမာရေးထိခိုက်မှု လျော့နည်းလာနိုင်ပြီး ပြည်ပနိုင်ငံမှစားသုံးဆီတင်သွင်းမှုကိုလည်းလျှော့ချ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံမြေပဲကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

ဈေးကွက်ဝယ်လိုအားရှိနေတဲ့ မုံရွာပဲနီကြားဈေးကွက် အရောင်းအဝယ်သွက်နေ

             ချင်းတွင်းမြစ်ရိုးမြေနုကျွန်းများနှင့် ရေဝင်အင်းများတွင် အောက်တိုဘာ၊ နိုဝင်ဘာလများက စိုက်ပျိုးခဲ့သည့် ပဲနီကြား( မလွမ်းပို) များ ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ စတင်ထွက်ပေါ်လျှက်ရှိရာ ယခုမတ်လအတွင်း၌ လှိုင်လှိုင်ပေါ်ထွက်လျှက်ရှိကြောင်း သိရှိရပါသည်။ မုံရွာဈေးကွက်အတွင်း၌ လည်း မုံရွာ၊ ချောင်းဦး၊ ကနီ၊ ဆားလင်းကြီးနှင့် မြောင်မြို့နယ်များမှ ထွက်ရှိသည့် ပဲနီကြား (မလွမ်းပို) များ နေ့စဉ်အဝင်များလျှက်ရှိကြောင်း သိရှိရသည်။

           ယခင်ဆယ်စုနှစ်ကာလများက ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မြေနုကျွန်းများတွင် မြေပဲသီးနှံကို အဓိကထားစိုက်ပျိုးကြခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ရာသီဥတိပြောင်းလဲမှုကြောင့် ချင်းတွင်းမြစ်ရေဝင်ရောက်မှုနည်းခြင်း၊ မြေပဲတစ်ဧကစိုက်ပျိုးစရိတ်မြင့်မားပြီး အထွက်နှုန်းကျဆင်း လာခြင်း၊ မြေပဲမျိုးဝယ်ချိန် အမြတ်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရပြီး တောင်သူလက်ဝယ်မြေပဲပေါ်ချိန် ဈေးမရရှိခြင်းများကြောင့် တောင်သူများအရှုံးပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနောက်ပိုင်းတွင် တောင်သူအများစုမှာ မြေပဲသီးနှံအစား စိုက်ပျိုးစရိတ်သက်သာပြီး အထွက်နှုန်းလည်းကောင်း၊ ဈေးကောင်းရနေသည့် ပဲနီကြား (မလွမ်းပို) ကိုပြောင်းလဲစိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

           ယခုလတွင်းမုံရွာကုန်စည်ဒိုင်ဈေးကွက်သို့ ပဲနီကြား (မလွမ်းပို) နယ်အဝင်လှိုင်လျှက်ရှိပြီး အဝင်ရှိသလောက်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ တစ်ရက် အိတ် (၅၀၀ မှ ၇၀၀) ကြား အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပဲကြော်ဖိုလုပ်ငန်းများမှ ဝယ်ယူစုဆောင်းမှုများရှိနေကြောင်း၊ မန္တလေး နှင့် ပခုက္ကူမြို့ကြီးများမှလည်း ဝယ်ယူလျှက်ရှိသည့်အတွက် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း၊ ယခုမတ်လအတွင်း ပဲနီကြားတစ်တင်း အနိမ့်ဈေး (၄၁၅၀၀) ကျပ်နှင့် အမြင့်ဈေး (၄၆၀၀၀) ကျပ် ပေါက်ဈေးများဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်တင်း (၁၅၀၀၀) ကျပ်ခန့် မြင့်တက်ခဲ့ကြောင်း ပဲကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း