Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်သူများတွက်ချေကိုက်သည့် ခရမ်းချဉ်သီးများ ပိုမိုစိုက်ပျိုး

                ခရမ်းချဉ်သီးဟာ ဗိုက်တာမင်-စီ ဓါတ်ပြည့်ဝပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အိမ်ရှင်မများ၏ စားဖိုဆောင်ဟင်းလျာအတွက် လက်မလွတ်တမ်း စားသုံးကြတဲ့အပြင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမှ ခရမ်းချဉ်သီးယို၊ ဟင်းချက်အနှစ်စတဲ့ပုံစံအမျိုးမျိုးနဲ့ မရှိမဖြစ် စားသုံးတဲ့အဓိကသီးနှံဖြစ်ပြီး စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်အောင် စိုက်ပျိုးသင့်တဲ့ အသီးအနှံဖြစ်ပါတယ်။

          ခရမ်းချဉ်စိုက်တဲ့အခါ မိုးဦးစောမယ်ဆိုရင် မေလကနေ ဇန်နဝါရီလအတွင်း စိုက်ပျိုးနိုင်ပါတယ်။ ကွင်းပြင်၊ တောင်ခြေစိမ့်စမ်း ရှိတဲ့ဒေသတွေမှာစိုက်ရင် ရာသီဥတုပေါ်မူတည်ပြီး စိုက်ချိန်နဲ့ဖြစ်ထွန်းမှုတွေ အနည်းငယ်ကွာခြားနိုင်ပါတယ်။မစိုက်ခင် မြေပြင်ရာမှာ ထယ်ရေးကောင်းကောင်းဝင်နိုင်ဖို့ အရေးကြီးပါတယ်။ မြေကိုလည်း ညီအောင်ညှိဖို့လိုပါတယ်။ မြေပြင်ချိန်မှာ နွားချေးခြောက်၊ ကြက်ချေးဆွေးစတဲ့ သဘာဝမြေဩဇာတွေကို မြေအမျိုးအစားအလိုက် ချိန်ဆထည့်ပေးသင့်ပါတယ်။ တစ်ဧကကို ပိုတက်ဆီယမ်(၂)အိတ်နှုန်းနဲ့ ဖော့စ်ဖရပ် (၁)အိတ်နှုန်း မြေခံအဖြစ်ထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ပျိုးမြေအမျိုးအစားပေါ် မူတည်ပြီး မျိုးစေ့ကို ပျိုးထောင်သက်တမ်း (၁၈)ရက်ဝန်းကျင်အကြာမှာ အပင်ကို မြေချစိုက်ပြီး အပင်ဖြစ်ထွန်းမှုပေါ် မူတည်ပြီး ရက်(၂၀)တစ်ကြိမ်လောက် အပင်ကို မြေချစိုက်ပြီး အပင်ဖြစ်ထွန်းမှုပေါ် မူတည်ပြီး ရက်(၂၀) တစ်ကြိမ်လောက် (၁၅)ပတ်လည် (၂)အိတ်နှုန်းမှာ ပိုတက်ဆီယမ် (၁)အိတ်နှုန်း ရောစပ်ပြီး မြေဆီကျွေးပေးပါတယ်။

                စိုက်ပျိုးပြီး (၁၅)ရက် နောက်ပိုင်းမှာ တိုင်ထောင်ပါတယ်။ စိုက်ပျိုး ပြီး (၁)လသား ကျော်ရင်အသီး စမြင်ရပါပြီ။ ခရမ်းချဉ်မျိုးအပေါ် မူတည်ပြီး (၅၅)ရက်မှ (၇၀)ရက်အတွင်း အသီးခူးဆွတ်ရပါတယ်။ အသီးခူးသက်တမ်းကတော့ ရာသီဥတု၊ အပင်ပြုစုတဲ့အပေါ် မူတည်ပြီး (၂)လကနေ(၅)လအတွင်း အသီးခူးဆွတ်နိုင်ပါတယ်။ စိုက်ဘောင် အကျယ်ကို (၃)ပေခွဲထားပြီး အလယ်မြောင်းကို (၂)ပေထားရပါတယ်။ တစ်ဘောင်(၂)တန်းနှုန်းနဲ့ပင်ကြားကို (၁.၇၅)ပေနဲ့ ထားပြီးစိုက်ပျိုးပါတယ်။ တစ်ဧကမှာ အပင်ရေ(၇၀၀၀)ဝန်းကျင် စိုက်ပျိုး ပါတယ်။

                 ရေပေးဝေမှုအနေနဲ့ နေအရမ်းပြင်းချိန်တွင် စိုက်ပြီးအပင်မညှိုးခင် ရေလောင်းပေးရပါ မယ်။ (၂)ရက်ခြား တစ်ခါ ရေပေးသင့်ပါတယ်။ စိုက်စနစ်အပေါ် မူတည်ပြီး အစက်ချ စနစ်နဲ့ လည်း ရေပေးလို့ရပြီး တန်းကြားတွေမှာ မြောင်းဖောက်ထားပြီး ရေသွင်းပေးတဲ့စနစ်နဲ့လည်း ရေပေး ရပါတယ်။

               စိုက်ပျိုးစရိတ်အနေနဲ့ ခရမ်းချဉ် တစ်ဧက စိုက်ပျိုးမယ်ဆိုရင် သွင်းအားစုစရိတ်၊ လုပ်သားခ၊ မျိုးဖိုးစတဲ့ ကုန်ကျစရိတ်တွေအပါအဝင် စုစုပေါင်း ငွေကျပ် (၂၀၈၀၀၀၀/-) ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ တစ်ဧကလျှင် ပျမ်းမျှ ပိဿါချိန် (၁၂၆၀၀)ပိဿါ ထွက်ရှိပြီး၊ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် ကျပ်(၃၀၀/-)နှုန်းဖြင့် တစ်ဧကလျှင် ကျပ် (၃၇၈၀၀၀၀/-)ရရှိပြီး တစ်ဧက၏ အကျိုးအမြတ်မှာ ကျပ်(၁၇၀၀၀၀၀/-) ရရှိသဖြင့် တောင်သူများအနေနဲ့ တွက်ချေကိုက်စီးပွားဖြစ်သည့် ခရမ်းချဉ်သီးကို ပိုမိုစိုက်ပျိုးကြပါစို့လို့ တိုက်တွန်းအကြံပြုလိုက်ရပါတယ်။

DOCA(ကယား)

 

နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရုံးခန်းဖွင့်လှစ်ခြင်းနှင့် စားသုံးသူပြည်သူများထံသို့ စားသုံးဆီများ သက်သာသော အထူးဈေးနှုန်းဖြင့်ရောင်းချပေးခဲ့

            နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးပွဲရုံတန်း (ပ/၂၃၈)၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းရုံးခန်းဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင် အခမ်းအနားကိုပါ တစ်ပါတည်းကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နေပြည်တော် ကောင်စီမှ သက်ဆိုင်ရာဌာနများဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အသင်းသား/သူ များပါ တက်ရောက်ခဲ့ကြပါသည်။  

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ နေပြည်တော်အတွင်း အောက်တိုဘာလမှစတင်ပြီး အထူးဈေးနှုန်းဖြင့် ‌ရောင်းချပေးလျှက်ရှိရာ ယခုလက်ရှိကာလအထိ စုစုပေါင်းတန်ချိန်(၃၅၀)ကျော် ရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။  အသင်းအနေဖြင့် နေပြည်တော်အတွင်းရှိ‌ဈေးများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျေးရွာများသို့ ဈေးကားဖြင့် လှည့်လည်ရောင်းချပေးလျှက်ရှိပါသည်။ စားသုံးဆီများကို နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် တစ်ပိဿာလျှင် (၅၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချ‌ပေးလျှက်ရှိကြောင်း စားသုံးသူပြည်သူများထံသို့ သတင်းပါးလိုက်ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မအူပင်မြို့ပေါ်ရှိ ဈေးကွက်အတွင်း Similac Product များ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၉.၃.၂၀၂၂) ရက်နေ့တွင် စတိုးဆိုင်များနှင့် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့ပေါ်ရှိစတိုးဆိုင်များဖြစ်သော နန်းထိုက်အောင်၊ လင်းတာရာ၊ လေးညို့ရှင်၊ ထူးထက်စံ၊ ဂွတ်ချွိုက် စတိုးဆိုင်ကြီးများမှ ဦးကျားဗိုလ်ဆေးဆိုင်နှင့် မြမဥ္ဇူဆေးဆိုင်များတွင် Similac Product များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ ထုတ်ကုန်များ ရောင်းချမှုမရှိကြောင်း သတင်းရရှိပါသည်။

မြောင်းမြမြို့နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)မှ စားသုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း(ယာယီ) အတွင်းရေးမှူး ဦးညီညီအောင်နှင့်အတူ (၂၈.၃.၂၀၂၂)ရက်နေ့၊ နေ့လည်(၂:၀၀) နာရီတွင်မြောင်းမြမြို့ (၅)လမ်းနှင့် မြို့မဈေးအတွင်းရှိ အောင်ဇဗ္ဗူဆီဆိုင်တို့တွင် အထူးဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချနေမှုကို သွားရောက်ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစိစစ်ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများသက်သာသောဈေးနှုန်း ဖြင့်သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် မှာယူတင်သွင်းခဲ့သော စားအုန်းဆီ များကို တိုင်းဒေသကြီး/ပြည်နယ်များရှိ လက္ကားရောင်းချသူများထံ စားအုန်းဆီ(၁)ပိဿာလျှင် (၅၆၆၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွက် စတုတ္တအကြိမ်ရရှိသည့် စားအုန်းဆီပေပါ(၃၀) ပိဿာ(၃၃၀၀)အား ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) မှ စားသုံးသူများကို စားအုန်းဆီ(၁)ပိဿာလျှင်(၅၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုကို ခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ ရောင်းချမှုပုံစံနှင့် အလေးချိန်မှန်ကန်ရေးတို့အား ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ နောက်ဆုံးပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လ စတုတ္ထပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၉၄၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၂၄၀၀၊ တန်အားဖြင့် ၅၁၂၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၈၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၂၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၉၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၅၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ၁၁၁၄၀၀ ၊ တန်အားဖြင့် ၅၅၇၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၉၀၀၀၊ တန်အားဖြင့် ၄၅၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ မတ်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ်၁၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၅၃၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျင် ကျပ်၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ရွှေဘို၌ စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းအား ကွင်းဆင်းစစ်‌ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှ မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်ကားရောင်းချသူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          အဆိုပါစားအုန်းဆီနှင့်ပတ်သက်၍ ရွှေဘိုခရိုင်အတွက် ဖြန့်ဖြူးရောင်းချခွင့်ရသော (၁၇၅)ပေပါကို  ၂၉/၃၀.၃.၂၀၂၂ရက်များတွင် ရွှေဘိုမြို့ပေါ်ရှိ ရပ်ကွက်ဈေးများနှင့် စည်ပင်သာယာဈေး၊ ကုန်းဘောင်ဈေး၊ အောင်ဇေယျဈေးများတွင် ‌ရောင်းချပေးလျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးနှင့် ရွှေဘိုခရိုင် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  အလေးချိန်မှန်ကန်မှုရှိမရှိနှင့် ဈေးနှုန်းမှန်ကန်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။ လူတစ်ဦးလျင် (၃)ပိဿာမှ (၅)ပိဿာအထိနှင့် တစ်ပိဿာလျင် (၅၉၅၀)နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပြီး ဝက်လက်မြို့နယ်နှင့် ရေဦးမြို့နယ် များတွင်လည်း အလားတူ ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သဖန်းဆိပ်ဆည်နှင့် အခြားဆည်များမှ ရေဖြင့် ရွှေဘိုခရိုင်တွင် နွေစပါးနှင့် နွေသီးနှံများ စတင်စိုက်ပျိုး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်သည် စပါးအဓိကစိုက်ပျိုးသည့် ခရိုင်တစ်ခုဖြစ်ပြီး နှစ်စဉ်မိုးစပါးဧက (၆)သိန်းကျေိာ်နှင့် မိုးရွာသွန်းမှုအပေါ်မူတည်ပြီး ဆည်ရေရရှိပါက နွေစပါးဧက(၂)သိန်းကျော် စိုက်ပျိုးလျှက်ရှိပါသည်။ ၂၀၁၉ခုနှစ်၊ ၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ် များတွင် မိုးရွာသွန်းမှု နည်းပါး၍ သဖန်းဆိပ်ဆည်သို့ ရေဝင်ရောက်မှုနည်းပါးသဖြင့် ဆည်မှ ရေလုံလောက်စွာ ပေးဝေနိုင်မှုမရှိသောကြောင့် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိခဲ့ဘဲ အခြားသီးနှံများ ဖြစ်သည့် နှမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကိုသာ စိုက်ပျိုးခဲ့ကြပါသည်။ ၂၀၂၁ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုများပြားခဲ့သဖြင့် သဖန်းဆိပ်ဆည်နှင့် အခြားဆည်များ နွေစပါးနှင့်နွေသီးနှံ စိုက်ပျိုးမြေဧရိယာများအားလုံး ရေလုံလောက်စွာပေးဝေနိုင်သဖြင့် ၂၀၂၂ခုနှစ်တွင် နွေစပါး (၂၄၉၈၅၀)ဧကနှင့် နွေသီးနှံ(၇၅၀၀၀)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်းသိရှိရပါသည်။

       ၂၀၂၂ခုနှစ်တွင် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီလ(၇)ရက်နေ့မှ စတင်ရေပေးဝေခဲ့ပြီး  တောင်သူဦးကြီးများအနေဖြင့် ရေပေးဝေမည့်ရက်အား အချိန်မီ အလွယ်တကူသိရှိ၍ ရေမဝင်မီစိုက်ပျိုးမည့် လယ်မြေများကို ပြုပြင်ခြင်းများဆောင်ရွက်နိုင်ရန် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ချင်းဆက်လမ်းများ၏ အချက်အချာကျသည့် မူးဘောင်များပေါ်တွင် သဖန်းဆိပ်ဆည်တွင် ဆည်ရေပေးဝေရန် လုံလောက်မှုရှိကြောင်း၊ တောင်သူဦးကြီးများအနေဖြင့် ရေဝင်လျှင်မြေပြင်ကြရန် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ကြော်ငြာဆိုင်းဘုတ်များ ဖြင့် အသိပေးထားသည်ကို တွေ့ရှိရပါသည်။

       ရွှေဘိုခရိုင်တွင် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းများတွင် နွေစပါးစိုက်ပျိုးရန် ပျိုးထောင်ခြင်းများဆောင်ရွက်ပြီး မတ်လယ်ခန့်မှစတင်၍ နွေစပါးများ စတင်စိုက်ပျိုးသည့် အပြင် အခြားသီးနှံများလည်း စိုက်ပျိုးလျှက်ရှိပါသည်။ ယခုနှစ်တွင် လုပ်သားဌားရမ်းခဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းနှင့် သွင်းအားစုဈေးနှုန်းများ မြှင့်တက်မှုကြောင့် ကုန်ကျစရိတ် သက်သာစေရန် ပျိုးထောင်စိုက်ပျိုးခြင်း မဟုတ်ဘဲ စပါးစေ့ကြဲပက်စိုက်ပျိုးခြင်းများလည်း ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။

၂၀၂၀/၂၀၂၁ ခုနှစ်ထွက် ရွှေဘိုပေါ်ဆန်း(အဟောင်း) စပါး/ဆန်လက်ကျန်နှင့် ဈေးကွက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၀/၂၀၂၁ခုနှစ်တွင် မိုးစပါး(၆၃၀၉၉၂)ဧက စိုက်ပျိုးခဲ့ပြီး စပါးအမျိုးအစားလိုက်အနေဖြင့် ရွှေသွယ်ရင်(၄၃၀၃၈)ဧက၊ ဆင်းသုခ(၅၀)ဧက၊ IR-747 (၁၈၉၄၇)ဧက၊ ရက်(၉၀)(၈၃)ဧက၊ ဧရာမင်း(၁၈၆၇၅၈)ဧက၊ မနော်ဟရီ(၂၉၉၆၉)ဧကနှင့် ရွှေဘို ပေါ်ဆန်း(၃၅၂၁၄၇)ဧက စိုက်ပျိုးခဲ့ရာ ရွှေဘိုပေါ်ဆန်းစပါးအနေဖြင့် စုစုပေါင်း စပါးစိုက်ဧက၏ (၅၅.၈၁)% စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။

၂၀၂၀/၂၀၂၁ခုနှစ်ထွက် မိုးစပါး ရွှေဘိုပေါ်ဆန်း(အဟောင်း) စပါး/ဆန်သည် ယခုနှစ်တွင် ဝယ်လိုအားများသည့်အတွက် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၁၇၀၀၀၀ဝိ/-)နှုန်းနှင့် (၂၄)ပြည်ပါဆန်တစ်အိတ်လျှင်(၆၃၀၀ဝိ/-)နှုန်းဖြင့် အပိတ်ဈေးရှိခဲ့ပြီး မတ်လ ဆန်းမှစတင်၍ ရွှေဘိုပေါ်ဆန်းစပါးအများဆုံးစိုက်ပျိုးသည့် ရွှေဘိုခရိုင်တွင် တောင်သူ၊ ကုန်သည်နှင့် စက်ပိုင်များ ထံတွင် လက်ကျန်မရှိသလောက်ဖြစ်ကြောင်း သိရှိရပါသည်။

ယခင်နှစ်တွင် မေလဝက်ခန့်၌ ရွှေဘိုပေါ်ဆန်းစပါး(အဟောင်း)သည် စပါးတင်း(၁၀၀)လျှင် (၁၅၀၀၀၀ဝိ/-)နှုန်း၊ (၂၄)ပြည်ပါဆန်တစ်အိတ်လျှင် (၅၆၀၀ဝိ/-)နှုန်းဖြင့် အပိတ်ဈေးရှိခဲ့သဖြင့် ယခင်နှစ်နှင့် ယခုနှစ် ရွှေဘိုပေါ်ဆန်းစပါး/ဆန်(အဟောင်း) အပိတ်ဈေးနှိုင်းယှဉ်ပါက ယခုနှစ်တွင် စပါးတင်း (၁၀၀)လျှင် (၂၀၀၀၀ဝိ/-)နှင့် တစ်တင်းခွဲဝင်ဆန်တစ်အိတ်လျှင် (၇၀၀ဝိ/-)ဈေးမြှင့်တက်ခဲ့ ကြောင်း လေ့လာသိရှိရပါသည်။

ရွှေဘိုခရိုင်၌ ဌက်ပျောစိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ၂၀၂၀-၂၀၂၁ခုနှစ်တွင် ဌက်ပျော(မိုး) (၇၆၁၆)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ဝက်လက်မြို့နယ်အနေဖြင့် (၂၃၁၁)ဧက စိုက်ပျိုးထားပြီး ရွှေဘိုခရိုင်တွင် ဒုတိယအများဆုံးစိုက်ပျိုးသော မြို့နယ်တစ်ခုဖြစ်ပါသည်။ ဝက်လက်မြို့နယ်တွင် ဌက်ပျောအဓိကအများဆုံးစိုက်ပျိုးသည့် ကျေးရွာများမှာ ရွှေပန်းကုံး၊ ရွှေအိုးရ၊ ကိုင်းရွာ၊ သမ္မရိုး၊ ဉယျာဉ်မ၊ တည်တော၊ မြင်းသီ၊ ကျောက်တိုင်ရွာတို့ဖြစ်ကြပြီး အချို့ရွာများတွင်လည်း ဌက်ပျောကို တစ်နိုင်တစ်ပိုင်အဖြစ် နေအိမ်၌ စိုက်ပျိုးကြောင်းသိရသည်။

      ဌက်ပျောကို အတန်းခြား(၇)တောင်နှင့် အပင်ခြား(၅)တောင်ထား၍ တစ်ကျင်းကို (၂)ပင်နှုန်းဖြင့် စိုက်ပျိုးကြောင်း၊ ဖီးကြမ်းဌက်ပျော၊ ဘရာဇီးဌက်ပျော(ခေါ်)ဝက်မလွက် ဌက်ပျောနှင့် ခွန်စိမ်းဌက်ပျောမျိုးများကို အများဆုံးစိုက်ပျိုးကြောင်း၊  နွေရာသီတွင်(၂)လတစ်ခါ ရေတင်ပြီး အာမိုအနက်(သို့)အဖြူအနက်တွဲ၍ မြေဆီကျွေးရကြောင်း၊ မိုးရာသီတွင် ရေတင်စရာ မလိုကြောင်း၊ အပင်ပြုစုမှုကောင်းသည့်အပေါ် မူတည်၍ ဌက်ပျောခိုင်တစ်ခိုင်လျှင် (၈)ဖီးမှ (၁၀)ဖီးထိ သီးကြောင်း၊ ယခုအချိန်တွင် ဈေးကွက်အနေအထားအရ ဌက်ပျောသီးတစ်ဖီးလျှင် လက်လီရောင်းဈေးမှာ အနည်းဆုံး(၈၀ဝိ/-) ပေါက်ဈေးရကြောင်း၊ ပွဲစားမှ ခြံအရောက်လာရောက်ဝယ်ယူပါက တစ်ဖီးလျှင် (၅၅ဝိ/ မှ ၆၀ဝိ/-)ဖြင့် ဝယ်ယူကြောင်း၊ ပွဲစားမှတစ်ဆင့် မန္တလေးမြို့နှင့် မုံရွာမြို့ရှိ ဌက်ပျောပွဲရုံ များသို့ ရောင်းချကြောင်း၊ အလှူ၊ မင်္ဂလာ၊ သာရေး/နာရေးပွဲများရှိပါကလည်း ခြံအရောက် လာရောက်၍ ဝယ်ယူသည်များလည်းရှိကြောင်း သိရသည်။ ဌက်ပျောစိုက်တောင်သူများနှင့် ချိတ်ဆက်ဆွေးနွေးမှုအရ ဌက်ပျောစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ ဝင်ငွေရကြောင်း သိရှိရပါသည်။

ကျိုင်းတုံမြို့ သခွားသီးစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းတွေ့ဆုံမေးမြန်း

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် စိုက်ပျိုးရေးကိုအဓိကထားစိုက်ပျိုးလုပ်ကိုင်သည့် မြို့တစ်မြို့ဖြစ်ပါသည်။ ကျိုင်းတုံမြို့ရှိ ပြည်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး အသက်မွေးဝမ်းကျောင်းပြုလျက်ရှိပါသည်။ ထိုသို့ စိုက်ပျိုးကြသော သီးနှံများမှ လွယ်လုံအုပ်စု၊ လွယ်လုံရွာရှိ သခွားသီးစိုက်ပျိုးမှုနှင့်ပတ်သက်၍ သိရှိနိုင်ရန် (၂၉.၃.၂၀၂၂) ရက်နေ့ (၁၄:၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်သူတစ်ဦးနှင့် တွေ့ဆုံ၍ မေးမြန်းခဲ့ပါသည်။

          သခွားသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဆောင်းရာသီ၌ စိုက်ပျိုးလျှင် အသီးပိုမိုရရှိကြောင်း၊ မျိုးစေ့အနေဖြင့် ယိုးဒယားမျိုးစေ့ကို ဝယ်ယူစိုက်ပျိုးခြင်းဖြစ်ပြီး (၁) ကွက်လျှင် (၁၀) ထုပ်ခန့် စိုက်ပျိုး လေ့ရှိကြောင်း၊ (၄) ကွက်လျှင် (၁) ဧကခန့်ရှိကြောင်း၊ စိုက်ပျိုးပြီး (၃) ရက်ခန့်တွင် အပင်ပေါက်လေ့ရှိကြောင်း၊ အပင်ပေါက်ပြီး ပိုးသတ်ဆေး၊ အသီးအားဆေးနှင့် အရွက်ဖျန်းဆေးအား (၁) ပတ်ခြား (၁) ကြိမ်ဖျန်းပေးရကြောင်း၊ အနည်းဆုံး (၁၀) ကြိမ် ဖျန်းရကြောင်း၊ (၁၀) ရက်ခန့်တွင် မြေသြဇာကျွေးရပြီး အနည်းဆုံး (၅) ကြိမ်ခန့်ကျွေးရကြောင်း၊ (၁၅) ရက်ခန့်တွင် ဝါးတိုင်ထောင်ပေးရပြီး တိုင် (၁၀၀၀) ခန့်ထောင်ပေးရကြောင်း သိရှိရပါသည်။

          စိုက်ပျိုးပြီး (၄၅) ရက်တွင် သခွားသီးစတင်ခူးဆွတ်ရကြောင်း၊ (၁) ကြိမ်ခူးလျှင် အလုံးရေ (၁၀၀၀) ခန့်ရရှိကြောင်း၊ (၂) ရက်ခြား (၁) ကြိမ်ခူးရကြောင်း၊ (၁) ပင်လျှင် (၅) လုံးမှ (၆) လုံးထိ ရရှိကြောင်း၊ (၁) လုံးလျှင် (၃၀၀) ကျပ်မှ (၅၀၀) ကျပ်ထိရရှိကြောင်း သိရှိရပါသည်။ တစ်ဆင့်ပြန်လည်ရောင်းချသူများမှ လာရောက်ဝယ်ယူပြီး ရောင်းချလျက်ရှိကြောင်းနှင့် (၁) ကြိမ်စိုက်ပျိုးလျှင် (၅) ကြိမ်အထိ ခူးဆွတ်ရပြီး စိုက်းပျိုးချိန်မှ ခူးဆွတ်ပြီးချိန်ထိ သက်တမ်း (၂) လခန့်သာရှိကြောင်း သိရှိရပါသည်။ ကုန်ကျစရိတ်အဖြစ် (၁) ကွက်လျှင် မျိုးစေ့၊ ပိုးသတ်ဆေး၊ အရွက်ဖျန်းဆေး၊ အသီးအားဆေး၊  မြေသြဇာ၊ ဝါးတိုင်နှင့် လုပ်အားခတို့အတွက် စုစုပေါင်း ကျပ်(၄) သိန်းခန့် ကုန်ကျပြီး ပြန်လည်ရရှိငွေအဖြစ် ကျပ်(၁၅) သိန်းခန့်ရရှိကြောင်း သိရှိရ ပါသည်။

        သခွားသီးသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ရာသီမရွေး အလွယ်တကူဝယ်ယူနိုင်ပြီး အသင့်စားသုံးနိုင်ခြင်းတို့ကြောင့် ဝယ်ယူသူများလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ သခွားသီးဝယ်ယူစားသုံးသူ များပြားသောကြောင့် တပိုင်တနိုင်စိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိနေသော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း