ပေါင်းတည်မြို့နယ်တွင် သခွားသီးစိုက်ပျိုးသူတောင်သူနှင့် တွေ့ဆုံ၍ ကွင်းဆင်းလေ့လာ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံနှင့် အဖွဲ့သည် (၂၆.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝက်ပုတ်ကျေးရွာ သို့သွားရောက်၍ သခွားစိုက်ပျိုးသူတောင်သူနှင့်တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပေါင်းတည်မြို့နယ်ရှိ၊ ဝက်ပုတ်ကျေးရွာ၌ သခွားစိုက်ပျိုးရာတွင် သခွား(၃)မျိုးရှိပြီး မိုးသခွား၊ ဆောင်းသခွားနှင့် စပ်မျိုးများဟူ၍ ရှိပါသည်။ သခွားကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ပြီး မိုးရာသီ ဖြစ်သော မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးသလို ဆောင်းရာသီဖြစ်သော အောက်တိုဘာလ တွင် စိုက်ပျိုးကြပါသည်။ သခွားတစ်ဧကလျှင် သခွားပင် (၉၀၀၀)ကျော်ထိ စိုက်ပျိုးနိုင်ပါသည်။ သခွားတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ကျပ် (၂)သိန်းခန့်ကုန်ကျ၍ တစ်ဧက စိုက်ပျိုးလျှင် ရေမြေရာသီဥတုပေါ်မူတည်၍ သခွားသီး အလုံးရေ (၂)ထောင်ကျော်ထွက်ရှိသည်ဟု သိရပါသည်။ သခွားသီးကို စိုက်ပျိုးပြီးချိန်မှစ၍ စတင်ခူးဆွတ်ချိန်အထိ (၁)လခွဲမှ (၂)လအထိ ကြာသည်ဟု သိရှိရပါသည်။ သခွားသီးခူးဆွတ်ချိန်ရောက်လျှင် ဝက်ပုတ်ကုန်စည်ဒိုင်မှ သခွားခြံထဲ အထိ လာရောက်၍ ဝယ်ယူကြပါသည်။ သခွားသီးပေါ်ခါစတွင် တစ်လုံးလျှင် (၇၀)ကျပ် အထိ ရောင်းချရပါသည်။ သခွားသီးအထွက်လှိုင်လာချိန်တွင် ဈေးအတက်အကျပေါ်မူ တည်၍ ရောင်းချရသည်ဟု သိရပါသည်။ ဝက်ပုတ်ကုန်စည်ဒိုင်မှတစ်ဆင့် နယ်များသို့တင်ပို့သလို ရန်ကုန်မြို့ ရှိ ကုန်စိမ်းဈေးများသို့လည်း တင်ပို့သည်ဟု သိရပါသည်။ သခွားသီး ထွက်ရှိချိန်တစ်ရာသီတွင် သခွားစိုက်ပျိုးသူ၏ အကျိုးအမြတ်မှာ တစ်ဧကလျှင် (၂)သိန်းကျပ်ခန့် ကုန်ကျပြီး စိုက်ပျိုးပြီး တစ်လခွဲအကြာတွင် (၁)သိန်းဝန်းကျင်ခန့် ပြန်လည်ရရှိ၍ ကုန်ကျစရိတ်နှုတ်လျှင် တစ်ဧကလျှင် (၃)သိန်းကျပ်ခန့် အကျိုးအမြတ်ရရှိသည်ဟု သိရပါသည်။
DOCA(ပဲခူး)