Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်တွင် ရောင်းချနေသော ခရမ်းချဉ်သီး

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ဈေးများတွင် ကိုင်းခရမ်းချဉ်သီးများ ရောင်းချနေကြောင်းသိရသည်။ ပြည်မြို့၊ ကိုးသောင်းဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးများကို ရွှေတောင်မြို့မှ မှာယူရောင်းချကြောင်း သိရသည်။ ခရမ်းချဉ်သီးများကို ရွှေတောင်မြို့၊ ကျေးရွာအချို့တွင် မြစ်ရေကျချိန်၌ သဲသောင်ပြင်များပေါ်တွင် စိုက်ပျိုးကြကြောင်း သိရသည်။

          ယခုအချိန်၌ ဈေးကွက်တွင် ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်လာပြီဖြစ်၍ ပြည်မြို့၊ ဈေးများသို့ နေ့စဉ်တင်ပို့ရောင်းချကြောင်း သိရသည်။ ပိုလျှံသောခရမ်းချဉ်သီးများကို ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။ ပြည်ဈေးကွက်တွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ရွှေတောင်ဒေသထွက် ရာသီပေါ်ပဲမြစ်

        ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာရှိ တောင်သူဒေါ်မိုးမိုးခင်၏ ပဲစောင်းခါးသီး စိုက်ခင်း၌ ပဲမြစ်များတူးယူနေမှုကို (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ ပဲစောင်းခါးသီးများ ကုန်သွားချိန်၌ ပဲမြစ်များကို တန်ဆောင်မုန်းလတွင် တူးယူရောင်းချရပါသည်။ ပဲမြစ်များကို နေ့စဉ်တူးယူပါက (၁၀)ရက်မျှသာတူးယူရပါသည်။ တစ်ခါတူးလျှင် ပိဿာချိန် (၁၀)ပိဿာ ရရှိပြီး (၁)ပိဿာလျှင် (၃၀၀၀)ကျပ်ဈေးဖြင့် မြို့ထဲမှပွဲစားများမှ လာရောက်ကောက်ယူပြီး ပြန်လည်၍ လက်လီ/ လက်ကား ရောင်းချကြပါသည်။ ပိဿာချိန်စုစုပေါင်း (၁၀၀)ခန့် ထွက်ရှိပြီး အကျိုးအမြတ်မှာ (၃၀၀၀၀၀)ကျပ်ခန့်ကျန်ရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ပြည်မြို့တွင် ရောင်းချနေသော မာလကာသီးဈေးနှုန်း

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့နယ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပြီး နှစ်ရှည်သီးနှံဖြစ်သည့် မာလကာသီးပင်များကို မိမိတို့၏ ဥယျာဉ်ခြံမြေနှင့် နေအိမ်ခြံစည်းရိုးတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးရရှိသော သီးနှံများထဲမှ မာလကာသီးများကို ပြည်မြို့နယ်အတွင်းရှိ မြို့မဈေးကြီးနှင့် အခြားဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ တတိယပတ်တွင် မာလကာသီးဈေးနှုန်းများမှာ အရွယ်အစား အလိုက် ဈေးအမျိုးမျိုးရှိပြီး ရာသီချိန်ထက် ဈေးပိုမိုကောင်းမွန်ကြောင်း သိရသည်။ မာလကာသီး အလုံးကြီး၊ အလုံးလှ တစ်လုံးလျှင် (၈၀၀)ကျပ်၊ အလုံးသေး တစ်လုံးလျှင် (၆၀၀)ကျပ်ဖြစ်ပြီး အကြီး/ အသေးပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)                                

မိတ္ထီလာမြို့ သံပုရာသီး၊ ဈေးနှုန်း/ ဈေးကွက်

         မိတ္ထီလာမြို့မဈေးကြီးအတွင်း ရောင်းချနေသောသံပုရာသီးနှင့် သံပုယိုသီးများကို မန္တလေးနှင့် ရန်ကုန်မြို့များမှဝင်ရောက်လျက်ရှိပြီး ဒေသတွင်းပြန်လည်ဖြန့်ဖြူးရောင်းချကြောင်းသိရပါသည်။ သံပုရာသီးမှာ ဗီတာမင်(C) ကြွယ်ဝတာကြောင့်ကိုယ်ခံအားကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါသည်။ ဗီတာမင်(C) ကသွေးဖြူစုဆဲလ်ထွက်ရှိမှုကိုတိုးစေဖို့ကူညီပေးပြီး ခန္တာကိုယ်ကိုရောဂါပိုးတွေဝင်ရောက် ကူးစက်တာမျိုးမဖြစ်အောင်အထိ ကာကွယ်ပေးပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးပါသည်။

       မိတ္ထီလာဈေးကွက်အတွင်းတွင် နိုဝင်ဘာလ၊ ဒုတိယပတ်အတွင်း သံပုရာသီးဈေးနှုန်းမှာ(၁၀)လုံး လျှင်(၁၅၀၀/၂၀၀၀/၂၅၀၀)ကျပ်ထိရှိကြောင်း၊ သံပုယိုသီး(၁၀)လုံးလျှင် (၁၀၀၀)ကျပ်မှ(၂၀၀၀)ကျပ်ထိ ရှိကြောင်း သံပုရာသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့တွင် ထန်းပင်မြစ်ရောင်းချသူများဈေးကောင်းရရှိ

        မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ရှိ မန်ကျီးပင်တန်း၊ အိုင်ကြီးလည်ကျေးရွာတွင် ထန်းပင်မြစ်ပျိုးထောင်စိုက်ပျိုးရောင်းချသူများထံမှ သိရပါသည်။

     မန်ကျီးပင်တန်းရှိ ကျေးလက်တောင်သူများသည် ထန်းပင်မြစ်ပျိုးထောင်ခြင်းအားထန်းသီးမှည့် ချိန်ဖြစ်သည့် ဝါဆို၊ ဝါခေါင်လတို့တွင် ထန်းသီးမှည့်များကောက်ဘူစုဆောင်းပြီး မြေကျင်းများတူးဖော်ကာ ရရှိလာသောထန်းသီးမှည့်များကိုထည့်ထားပြီးနောက် တူးဖော်ဖို့လွယ်ကူစေရန်သဲမြေများဖြင့် ဖုံးထားကြကြောင်းသိရသည်။ ပျိုးထောင်ထားသောထန်းပင်မြစ်များကို သုံးလကျော်လေးလတွင် စတင်တူးဖော်ရောင်းချကြပြီး ထန်းပင်မြစ်(၂၅)ချောင်းပါတစ်စည်းကို(၂၅၀၀)ကျပ်မှ(၃၀၀၀)ကျပ်ထိရှိကြောင်း သိရှိရပါသည်။

        မိတ္ထီလာ(၈)နာရီဈေးအတွင်းတွင် နိုဝင်ဘာလ၊ဒုတိယပတ်အတွင်း ထန်းပင်မြစ်(၂၅)ချောင်းပါ တစ်စည်းကို (၂၅၀၀-၃၀၀၀)ကျပ်ထိရှိကြောင်းသိရပါသည်။ တစ်ခါဖော်လျှင် (၅၀၀၀)မှ(၈၀၀၀)ပင်ထိရရှိကြောင်း ဖောက်သည်ဈေးနှုန်းမှာ (၂၅)ပင်တစ်စည်းကို (၁၉၀၀)မှ(၂၂၀၀)ထိရှိကြောင်း ဈေးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလ၊ ဒုတိယပတ်ရှိ ဝါ/ ဂွမ်း ဈေးနှုန်း/ ဈေးကွက်

      မိတ္ထီလာဈေးကွက်တွင် နိုဝင်ဘာလ၊ ဒုတိယပတ်၌ဝါဈေးနှုန်းထပ်မံမြင့်တက်လာကြောင်း သိရသည်။ အောက်တိုဘာလမှစတင်ဝင်ရောက်လာသော မိုးဝါမှဈေးကွက်သို့ဝင်ရောက်စက တစ်ပိဿာ (၃၂၀၀/၃၃၀၀)ကျပ်ဖြင့်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဈေးကွက်သို့အဝင်များသော်လည်း ကုန်သည်များကဝါလိုအားများကာ ဈေးပိုပေးသည့်အတွက် ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလဆန်းက တစ်ပိဿာ(၄၅၀၀/၄၆၀၀)ကျပ်ရှိခဲ့ရာက ယခုဒုတိယပတ်တွင် တစ်ပိဿာ (၄၅၀၀/၄၇၀၀)ကျပ်ထိပေး၍ ဝယ်ယူလျက်ရှိပါသည်။ မိတ္ထီလာမြို့ပေါ်ရှိ ဝါကုန်သည်ပွဲရုံများအနေဖြင့် ဝယ်ယူရရှိသောဝါကိုမြို့ပေါ်ဝါစက်များနှင့် မန္တလေးမြို့သို့တင်ပို့ရောင်းချနေကြောင်းနှင့် ဂွမ်းဈေးမှာ မန္တလေးမြို့ရှိ ပုဂ္ဂလိကချည်မျှင်စက်များက တစ်ပိဿာ(၁၀၅၀၀/၁၁၀၀၀)ကျပ်ဖြင့် ဝယ်ယူကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မန္တလေး)

ဆောင်းကြက်သွန်နီ ပျိုးပင်ဈေးနှုန်း

      မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ သပြေပင်ကျေးရွာမှာ နှစ်စဉ်ကြက်သွန်နီကိုအများအပြားစိုက်ပျိုး သောကျေးရွာဖြစ်ပြီး ယခုအခါဆောင်းကြက်သွန်နီစိုက်ပျိုးမည့်ပျိုးပင်များကိုပါရောင်းချရပြီဖြစ်ကြောင်း သိရသည်။ သပြေပင်ကျေးရွာမှာ ရေချိုချောင်းဘေးရှိ ကျေးရွာဖြစ်သည့်အတွက် ချောင်းရေကိုအားပြု၍ နှစ်စဉ်ကြက်သွန်နီကို ကြက်သွန်ဥအနေဖြင့်စိုက်ပျိုးရောင်းချသကဲ့သို့ မိုးကြက်သွန်နီစိုက်ပျိုးရန်အတွက် ဇော်မွှားဥ၊ ၎င်းနောက်မြိတ်စားကြက်သွန်နီတို့အပြင် ဆောင်းကြက်သွန်နီအတွက် မျိုးစေ့အပြင် ပျိုးပင်များကိုပါစိုက်ပျိုးရောင်းချကြောင်း သိရသည်။ ပျိုးဘောင်အနေဖြင့်အနံဥတောင်၊ အလျား(၁၉-၂၀) တောင်ရှိပျိုးစုံတစ်စုံလျှင် ယခင်နှစ်က (၇၀၀၀၀)ကျပ်ဈေးဖြင့်ရောင်းချရပြီး ယခုနှစ်မှာတော့ကြက်သွန် နီဈေမကောင်းသည့်အတွက် (၅၀၀၀/၅၅၀၀)ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရသည်။ သပြေပင်ကျေးရွာအနေဖြင့် ယခုနှစ်ကြက်သွန်နီဈေးမကောင်းသော်လည်း နှစ်စဉ်စိုက်ပျိုးသီးနှံဖြစ်၍ ပုံမှန်စိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဘိလပ်မြေဈေးကွက်

      မိတ္ထီလာဈေးကွက်အတွင်း ယခုနိုဝင်ဘာလ ပထမအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၆၈၀၀-၁၇၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၆၈၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ် လျှင်(၁၆၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် အပါချီဘိလပ်မြေတစ်အိတ်လျှင်(၁၈၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေ တစ်အိတ်လျှင် (၂၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်း လာကြောင်းသိရသည်။ နှစ်စဉ်မိုးကုန်သည့်ကာလ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဘိလပ်မြေ အရောင်းသွက်သည့်ကာလ ဖြစ်သော်လည်း ယခုနှစ်အဝယ်အေးနေခြင်းကြောင့် စက်ရုံထုတ်ဈေးများ ကျဆင်းခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ မိတ္ထီလာမြို့သို့ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများ ဝင်ရောက်ပြီး မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များမှ ဝယ်လက်များသို့ ရောင်းချရကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

အာလူး ဈေးနှုန်းဈေးကွက်

        မိတ္ထီလာမြို့ ပေါက်ချောင်းဈေးအတွင်းသို့ အာလူးများဝင်ရောက်လျက်ရှိရာ အာလူးသီးကို ပေါက်ချောင်းဈေးရှိ လက်လီဈေးသည်များအနေဖြင့် မြို့မဈေးကြီးရှိပွဲရုံများမှတစ်ဆင့် ဝယ်ယူရောင်းချကြပါသည်။ အာလူးအကြီးအသေးပေါ်မူတည်၍ တစ်ပိဿာလျင် (၆၅၀၀-၇၀၀၀) ကျပ် ဖြင့်ရောင်းချကြကြောင်း၊ အာလူးစားသုံးခြင်းဖြင့် ကျန်းမာရေးအနေဖြင့် အာဟာရဓာတ် ဗီတာမင်ဘီစစ်ပါဝင်သောကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ကြောင်း သိရှိရပါသည်။ အာလူးဈေး မှာတက်ဈေးဖြင့်ငြိမ်သည့်အတွက်  ရှမ်းပြည်ဘက်မှ  အာလူးစိုက်တောင်သူဦးကြီးများ အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ ပေါက်ချောင်းဈေးရှိ အာလူးရောင်းဝယ်သော သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မတင်ပါ)

သာစည်မြို့နယ်တွင် ကုလားပဲများ စတင်စိုက်ပျိုး

        ပြည်ပဝယ်လိုအားကောင်းနေသော လယ်ယာထွက်ကုန်သီးနှံများအနက် ကုလားပဲကို သာစည်မြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီအတွက် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးနေကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

       ကုလားပဲမှာ ဧကပြည့်သီးသန့်စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲခန့် စိုက်ပျိုးရပြီး အများအားဖြင့် တောင်သူများက နံနံပင်များနှင့် သီးညှပ်စိုက်ပျိုးကြပါသည်။ ကုလားပဲမျိုးအနေဖြင့်  ဒေသတွင်းစိုက်ပျိုးမှုများသော ကုလားပဲအဖြူ/ အနီ မျိုးများမှာ တစ်တင်းလျှင် (၇၀၀၀၀-၈၀၀၀၀) ကျပ် ဈေးရှိပြီး၊ ကုလားပဲစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်း၊ လုပ်သားခနှင့် သွင်းအားစု စုစုပေါင်း တစ်ဧကလျှင် (၃၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ ကုလားပဲကို ဆောင်းသီးနှံအနေဖြင့်စိုက်ပျိုးရာ ဖေဖော်ဝါရီနှင့်မတ်လများတွင် ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း