Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် အာလူးနှင့်မြေပဲဆန်ဈေးတက်၊ ကုလားပဲဈေးကျ

          တောင်ငူမြို့တွင် အာလူးဈေးနှုန်းမှာ ယခင်‌အောက်တိုဘာလအစောပိုင်းခန့်က တစ်ပိဿာလျှင် အသေး ၃၅၀၀ကျပ်၊ အလတ် ၄၀၀၀ကျပ်နှင့် အကြီး ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၄၀၀၀ကျပ်၊ အလတ် ၄၅၀၀ကျပ်နှင့် အကြီး ၅၇၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၇၀၀ကျပ်အထိဈေးမြင့်တက်လာပါသည်။

          မြေပဲဆန်(အဖြူ/ အနီ)ဈေးနှုန်းမှာ ယခင်အောက်တိုဘာလ အစောပိုင်းက တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၁၀၀၀ကျပ် ဈေးတက်လာပါသည်။

          ကုလားပဲခြမ်းဈေးနှုန်းမှာ ယခင်အောက်တိုဘာလအစောပိုင်းက တစ်ပိဿာလျှင် ၆၅၀၀ကျပ်ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၅၀၀ကျပ်မြင့်တက်လာကြောင်း တောင်ငူမြို့ရှိ ကုန်စုံဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းဒေသထွက် ရွှေဖရုံသီးဈေးနှုန်းဈေးကွက်

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ရွှေဖရုံသီးများစိုက်ပျိုးထားရှိသဖြင့် ဈေးနှုန်းဈေးကွက်အခြေအနေနှင့် အကျိုးအမြတ်ရရှိမှုအားသိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၄-၁၁-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးသောဖရုံသီးမျိုးမှာ အိုးဖရုံမျိုးဖြစ်ပြီး စိုက်ဧကမှာ (၀.၂၅ဧက) ဖြစ်ပြီး စိုက်ပျိုးထားသူနှင့် တွေ့ဆုံမေးမြန်းရာတွင် ဖရုံသီးကို စတင်စိုက်ပျိုးပြီး (၁)လ ခွဲခန့်အကြာတွင် အသီးများထွက်ပေါ်၍ ခူးဆွတ်ရောင်းချကြောင်းသိရပါသည်။ ဖရုံသီး ၀.၂၅ ဧကတွင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၂၈၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ဖရုံသီးများခူးယူရောင်းချချိန်၌ ၀.၂၅ ဧကတွင် အလုံးပေါင်း ၂၂၀၀ ခန့်ခူးဆွတ်ရရှိပြီး တစ်လုံးလျှင် ၄၅၀ကျပ်ဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ဆင်း၍ ဝယ်ယူကြပါသည်။ ဖရုံသီးစိုက်ပျိုးသူ တောင်သူအနေဖြင့် ဖရုံသီးရာသီချိန်တွင် ရောင်းရငွေမှာ ၉၉၀၀၀၀ကျပ်ရရှိပြီး တောင်သူ အသားတင်အမြတ်ငွေမှာ ၇၁၀၀၀၀ကျပ်ရရှိကြောင်းသိရပါသည်။
ထို့ကြောင့် ရွှေဖရုံသီးကိုစိုက်ပျိုးခြင်းဖြင့် နှစ်စဉ်ဝင်ငွေများရရှိသဖြင့် ရွှေဖရုံသီးသည် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)

“ သုံးခွမြို့နယ်၌ မိုးစပါးများ စတင်ရိတ်သိမ်းခြင်း ”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးဧကမှာ (၁၅၃၆၁၀)ဧကဖြစ်ပါသည်။ ယခုအခါ ပုလဲ၊ ကံမြင့်၊ ပျဉ်းမကန်၊ ရဲနွဲ၊ အိဿယျ၊ သုံးခွအနောက်၊ စပါယ်ချောင်၊ ကြုံကြိတ်၊ ဆယ်ရွာ၊ သဒပ္ဗန၊ ဘုရားကြီး၊ ကျားဘို၊ ပတုပ်၊ ပုဂံတောင် စသည့် ကျေးရွာအုပ်စု(၆၄)အုပ်စုတွင် စိုက်ပျိုးထားသော မိုးစပါးများအား ရိတ်သိမ်းနေပြီဖြစ် ကြောင်း ယနေ့အထိ မိုးစပါးရိတ်သိမ်းမှုမှာ (၇၇၈၈၀)ဧကဖြစ်၍ တစ်ဧကပျမ်းမျှအတွက်နှုန်းအနေဖြင့် (၇၃.၁၂)တင်းဖြစ်ကြောင်း၊ ယခင်နှစ်တွင် မိုးစပါးစိုက်ပျိုးဧကမှာ (၁၅၃၆၁၄)ဧကဖြစ်ခဲ့ပြီး ကာလတူ ရိတ်သိမ်းပြီးစီးမှုမှာ (၃၄၅၉၁)ဧကဖြစ်၍ ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၇၄.၄၄)တင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရသိရှိရပါသည်။
ယခုနှစ် မိုစပါးရိတ်သိမ်းချိန်တွင် မိုးမကြာခဏရွာသွန်းမှုကြောင့် စပါးများထိခိုက်ပျက်စီးမှုမရှိသော်လည်း အထွက်နှုန်းအနေဖြင့် ယခင်နှစ်ထက် အနည်းငယ်လျော့နည်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရသိရှိရပါသည်။
DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ မိုးစပါးများ စတင်ရိတ်သိမ်းခြွေလှေ့ခြင်း ”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် မိုးစပါးလျာထားစိုက်ဧက (၈၈၀၉၉)ဧကအား ဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိခဲ့ရပြီး ယခုအချိန်တွင် လယ်ယာမြေများ စတင်ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ကြောင်းသိရသည်။
ကော့မှူးမြို့နယ်၌ မိုးရာသီဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့်ပြည်ပသို့တင်ပို့နိုင်ရေးအတွက်ရည်ရွယ်၍ တစ်မြို့လုံး မိုးစပါးသီးနှံလျာထားစိုက်ပျိုးမှုအနေဖြင့် စုစုပေါင်း(၈၈၀၉၉)ဧကအား ဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။ ယခုနှစ်မိုးရာသီစာစိုက်ပျိုးခဲ့သော မိုးစပါးသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများအနေဖြင့် အောက်တိုဘာလကုန်ပိုင်းကာလများတွင် စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၇၄.၆၄)တင်းထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရသိရှိခဲ့ရပြီး ယခုကဲ့သို့ သီးနှံအထွက်နှုန်းကောင်းမွန်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်သောစိုက်ပျိုးရေးနည်းပညာများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသဖြင့် မိုးစပါးသီးနှံများကို ကောင်းမွန် စွာ၊ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် စတင်ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)

ဓနုဖြူမြို့နယ်တွင် မိုးစပါးရိတ်သိမ်းထွက်ရှိမှုအခြေအနေနှင့် ၁ဧက စိုက်ပျိုးထွက်ရှိမှု အကျိုးအမြတ်

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မြို့နယ်၌ မိုးစပါး စိုက်ဧက (၉၈၉၉၃) နှစ်စဉ်စိုက်ပျိုးကြောင်းသိရပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး အောက်တိုဘာလ တတိယပတ် (၁၈)ရက်နေ့တွင် စတင်ရိတ်သိမ်းနေကြပြီး အထွက်နှုန်းကောင်း၍ အရောင်းအဝယ်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

                မိုးစပါးထွက်ရှိမှုများကို နိုဝင်ဘာလဆန်းပိုင်း (၁)ရက်နေ့က ကွင်းဆင်းလေ့လာရာ ဓနုဖြူမြို့ နယ်၊ ထုံပုံကျေးရွာအုပ်စု ၊ စာဖြူစုကျေးရွာကွင်းအမှတ် (၂၀၄)တွင် တောင်သူ ဦးခင်‌မောင်မောင်အေးမှ မိုးစပါးအနေဖြင့်  ဆင်းသုခစပါးမျိုး (၁၀)ဧကခန့်စိုက်ပျိုးရာ ကောက်စောစပါး (၁)ဧကလျှင် စပါးတင်း (၈၀)ခန့်ထွက်ရှိပြီး စပါး တစ်တင်းလျှင် ပေါင် (၅၂)ဖြင့် စပါးတင်း (၁၀၀)လျှင် (၁၇၀၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရပြီး စိုက်ပျိုးမှုကုန်ကျစရိတ်မှာ ကြဲခင်းဖြစ်၍ တစ်ဧကလျှင် (၆၀၀၀၀၀)ကျပ်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့်  (၇၆၀၀၀၀) ကျပ်ခန့်ရရှိကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပွင့်လင်းရာသီ ပုသိမ်ထီးဈေးကွက်

                 မြန်မာနိုင်ငံတစ်ဝှမ်းထင်ပေါ်ကျော်ကြားသော လက်မှု့လုပ်ငန်းများတွင် မန္တလေးမြို့မှ ရွှေချည်ထိုး၊ ငွေချည်ထိုးလုပ်ငန်း၊ ပုဂံမြို့မှ ယွန်းထည်လုပ်ငန်းအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ထုတ်လုပ်လျက်ရှိသော မြန်မာ့ရိုးရာလက်မှုအနုပညာ ပုသိမ်ထီးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာမှာပင်နာမည်ကျော်ကြား၍ ပြည်တွင်း ပြည်ပဈေးကွက်တွင် လူကြိုက်များလျက်ရှိကြောင်း ထီးလုပ်ငန်းရှင်များထံမှသိရသည်၊၊

               ပုသိမ်ထီးကို အစပထမတွင် ဆီစိမ်စက္ကူဖြင့် ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖျင်စကိုတည်ရေများသုတ်လိမ်းပြီး ဆီစိမ်ကာ ရေစိုခံအောင်ပြုလုပ်သုံးစွဲခဲ့ပြီး ပြည်တွင်းမှထွက်ရှိသော ပိတ်ရောင်စုံ၊ တက်ထရွန်ရောင်စုံဖြင့်ထုတ်လုပ်၍ နိုင်ငံခြားငွေဖြင့်ဝယ်ယူရသော ကုန်ကြမ်းပစ္စည်းများမပါဘဲ ဒေသထွက်ကုန်ကြမ်းများဖြစ်သော မအူသစ်၊ ထီးရိုးဝါး၊ သရကူဝါး ၊ မြန်မာပိတ်စများဒေသတွင်းထွက်ရှိသည့် သုတ်ဆေး၊ ဆိုးဆေးများဖြင့် အသုံးပြုကာ ထီးရွက်ပေါ်တွင် ကနုတ်ပန်းချီရေးဆွဲခြင်း၊ ရှုခင်းပုံများရေးဆွဲခြင်း၊ ရှေးခေတ်ပန်းချီလက်ရာများ ရေးဆွဲခြင်းများ၊ ဆေးဆိုးခြင်းများပြုလုပ်၍ ထီးရွက်ကိုအလှဆင်ထားသည့်အတွက် မြန်မာ့လက်မှုအနုပညာကို ဖော်ထုတ်နိုင်သည့် ရိုးရာလုပ်ငန်းတစ်ခုအဖြစ် ထင်ရှားကျော်ကြား လျက်ရှိပါသည်၊၊

             ယခုပွင့်လင်းရာသပုသိမ်ထီးဈေးကွက်တွင် တန်ဆောင်တိုင်ကထိန်အလှူရာသီအတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မြဝတီနှင့်တိုင်းအတွင်းရှိ မြို့နယ်များတွင် အလှဆောင်းထီး ၁၀ လက်မခွဲ ကျပ် ၁၀၀၀၀၊ ၁၄လက်မထီး ကျပ် ၁၂၀၀၀၊ ၁၅လက်မထီး ကျပ် ၁၅၀၀၀ ဈေးဖြင့် ပြည်တွင်းဈေးကွက်သုံးစွဲရန်အမှာစာဖြင့်လည်းကောင်း လူကိုယ်တိုင်သော်လည်းကောင်း လာရောက်ဝယ်ယူလျက်ရှိပြီး ပုသိမ်ထီးဈေးကွက်မှာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း ဟိုတယ်အလှဆင်ရန်နှင့် ကမ်းခြေသုံးထီး ၂'၊ ၃'၊ ၄' ဆိုဒ်ထီးများကိုလည်း ပြုလုပ်လျက်ရှိပြီး ရန်ကုန်မှတစ်ဆင့်ပြည်ပနိုင်ငံများသို့တင်ပို့ရန် လာရောက်ချိတ်ဆက်မှုများရှိကြောင်း ပုသိမ်မြို့ ဘန့်ဘူးဟောက် ( BAMBOO HOUSE Traditional  Umberlla Work Shop)ထီးလုပ်ငန်းရှင်ထံမှသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

ပခုက္ကူမြို့တွင် ဘိလပ်မြေဈေးများ ပြန်လည်မြင့်တက်လာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်း၊ ဟိန်းစည်ဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများသာမက ဘိလပ်မြေအမျိုးမျိုးကိုလည်းရောင်းချလျက်ရှိကြောင်း၊ ရောင်းချလျက်ရှိသော ဘိလပ်မြေများမှာ ကြံနှစ်ကောင်၊ အပါချီ၊ အယ်ဖာတို့ဖြစ်ကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ဘိလပ်မြေဈေးနှုန်းများမှာ ကြံနှစ်ကောင်တစ်အိတ်လျှင် ကျပ်(၁၁၃၀၀)၊ အယ်ဖာတစ်အိတ်လျှင် ကျပ်(၁၁၂၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၂၀၀၀)ဖြစ်ခဲ့ပြီး (စတုတ္ထပတ်)တွင် ကြံနှစ်ကောင်တစ်အိတ်လျှင် ကျပ်(၁၂၃၀၀)၊ အယ်ဖာတစ်အိတ်လျှင် ကျပ်(၁၂၂၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၃၀၀၀)ဖြစ်၍ (ပထမပတ်)နှင့် (စတုတ္ထပတ်)ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက တစ်အိတ်လျှင် ကျပ်(၁၀၀၀)ခန့်ဈေးတက်နေပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် စက်သုံးဆီဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

ပခုက္ကူဒေသမှထွက်ရှိသော ပဲ၊ နှမ်းများအား အခြားဒေသများသို့ တင်ပို့လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဒေသတွင် ပဲစင်းငုံနီ၊ ပဲတီစိမ်း၊ ပဲနှောက်၊ ကုလားပဲ၊ ပဲနီပြား၊ ပဲယဉ်းအမျိုးမျိုး၊ ပဲဇီးကွက်၊ အခြားပဲများနှင့်နှမ်းအမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ အဓိကတင်ပို့သော ပဲများမှာ ပဲစဉ်းငုံနီ၊ ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲနီပြား၊ ပဲယဉ်းအမျိုးမျိုး၊ နှမ်းအမျိုးမျိုးနှင့် ကြက်သွန်နီများကို အများဆုံးတင်ပို့ကြောင်း ပို့ဆောင်ဆက်သွယ်ရေးဂိတ်များမှ သိရသည်။
အခြားဒေသသို့ တင်ပို့မှုမှာ တစ်လလျှင် အနည်းဆုံး ပဲစဉ်းငုံနီအိတ်ရေ(၂၀၆၀)၊ ကုလားပဲအမျိုးမျိုး အိတ်ရေ (၅၀၀၀)၊ ပဲဇီးကွက်အိတ်ရေ(၂၈၀)၊ ထီးလင်းစားတော်ပဲအိတ်ရေ(၃၉၀)၊ ပဲယင်းနီအိတ်ရေ (၃၀၅၀)၊ ပဲတီစိမ်းအိတ်ရေ(၇၈၀၀)၊ နှမ်းအိတ်ရေ(၂၀၀၀)၊ မတ်ပဲတင်ပို့မှုအိတ်ရေ(၅၅၀)ဖြစ်ပြီး ကြက်သွန်နီတင်ပို့မှုအိတ်ရေ(၃၉၀၀)ခန့်တင်ပို့ကြောင်း၊ ယခုလတွင် တင်ပို့မှုအများဆုံးမှာ ပဲတီစိမ်း၊ ကုလားပဲနှင့်ကြက်သွန်နီတို့ဖြစ်ပြီး တင်ပို့ခမှာ ကုန်ကျစ်တစ်ပိဿာလျှင် ကျပ်(၂၀၀)၊ ကုန်ပွတစ်ပိဿာလျှင် ကျပ်(၂၅၀) ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေးဂိတ်များမှသိရှိရပါသည်။
DOCA(မကွေး)

ပခုက္ကူမြို့တွင် အနံလွန်ချည်ထည်စောင်များကို တွင်ကျယ်စွာရက်လုပ်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ယခင်က ချည်ထည်ရက်ကန်းများကို တွင်ကျယ်စွာရက်လုပ်လာခဲ့ပြီး ယခုအခါတွင် လက်ရက်ကန်းမှ စက်ရက်ကန်းသို့ ပြောင်းလဲလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ “ကျား”ဝတ်လုံချည်အမျိုးမျိုး၊ “မ”ဝတ်လုံချည်အမျိုးမျိုး၊ လက်သုတ်ပုဝါ၊ စားပွဲခင်း၊ မျက်နှာသုတ်ပုဝါ၊ ဝါဒစောင်များ၊ ချင်းပုလဲစောင်နှင့် အနံလွန်ခေါက်ချိုးစောင်အမျိုးမျိုးကို အဓိကရက်လုပ်ကြောင်း၊ ယခုခေတ်တွင် စက်ရက်ကန်းများကို အသုံးပြုလာကြပြီး အချိန်ကုန်သက်သာသည့်အပြင် လျှပ်စစ်မီးမှန်လျှင်လည်း အထည်ရေများစွာထွက်ရှိကြောင်းသိရှိပါသည်။
အနံလွန်ခေါက်ချိုးစောင်များရက်လုပ်ရာတွင် အသုံးပြုသောချည်အမျိုးအစားများမှာ အတိုင်ခွန်ချည်နှင့် ၁၀ချည်များကိုအသုံးပြုကြကြောင်း၊ ချည်တစ်ထုပ်လျှင် (၁၈)လိမ်ပါဝင်ပြီး တစ်လိမ်လျှင် (၂)ခင်ပါဝင်ပြီး ဖောက်ချည်အနေဖြင့် ခွန်ချည်များကိုသာအသုံးပြုကြကြောင်း၊ ရက်ကန်းတစ်တန်းလျှင် တိုင်ချည်(၁၄)ထုပ်အသုံးပြုကြပြီး ဖောက်ချည်အနေဖြင့် ချည်ထုပ်(၅) ထုပ်သာ အသုံးပြုကြကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။ ဖောက်ချည်တစ်ထုပ်တွင် အလိမ်(၂၀)ပါဝင်ပြီး တစ်လိမ်လျှင် (၃)ခင်ပါဝင်ကြောင်း၊ ရက်ကန်းတစ်တန်းတွင် ခွန်ချည်တစ်ထုပ်လျှင် ကျပ်(၄၆၀၀၀)၊ (၁၀)ချည်တစ်ထုပ်လျှင် ကျပ်(၄၈၀၀၀)ဖြစ်ပြီး ချည်ဆေးဆိုးခမှာ ချည်အရောင်များအပေါ်မူတည်၍ တစ်ထုပ်လျှင် ကျပ်(၉၀၀၀ မှ ၁၀၀၀၀)၊ ချည်စနှင်းခမှာ တစ်ထုပ်လျှင် ကျပ်(၃၅၀၀)ဖြစ်ပြီး ချည်ချခမှာ အတွဲ(၁၀)တွဲလျှင် ကျပ် (၄၅၀၀)၊ ရက်ဖောက်ယောက်ခမှာ တစ်တွဲလျှင် ကျပ်(၂၀၀၀)၊ ရက်ကန်းလုပ်သားခမှာ တစ်ထည်လျှင် ကျပ်(၂၀၀၀)ပေးရကြောင်း၊ ရက်ကန်းတစ်စင်အထွက်နှုန်းမှာ အနည်းဆုံးအထည်ရေ (၅၆ မှ ၅၈)ထည်ထိထွက်ရှိကြောင်း၊ ရက်ကန်းတစ်စင်ကုန်ကျစရိတ်မှာ ကျပ်(၁၃၀၀၀၀၀)ခန့်ကုန်ကျ‌ကြောင်း၊ ရက်ကန်းတစ်တန်းလျှင် အမြတ်အစွန်းအနေဖြင့် ကျပ်(၁၅၀၀၀၀- ၂၀၀၀၀၀)ခန့်ကျန်ရှိကြောင်း၊ ယခုအခါတွင် လက်ရက်ကန်းမှ စက်ရက်သို့ တဖြည်းဖြည်းကူးပြောင်းလာကြကြောင်း ရက်ကန်လုပ်ငန်းရှင်ထံမှသိရသည်။
အနံလွန်ခေါက်ချိုးစောင်တစ်ထည်၏ ဈေးနှုန်းမှာ ကျပ်(၂၆၀၀၀ မှ ၃၀၀၀၀)ဖြစ်ပြီး ထွက်ရှိလာသောအထည်များကို မိမိတို့ဒေသတွင်းသာမက အခြားဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦးမှ (Hotel)လုပ်ငန်းရှင်မှားကလည်း ဝယ်ယူအသုံးပြုကြကြောင်း ရက်ကန်းလုပ်ငန်းရှင်ထံမှသိရှိရပါသည်။
DOCA(မကွေး)

၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်သွက်နေ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ် စိုက်ဧကအများဆုံးစိုက်ပျိုးလျက်ရှိပြီး ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်‌သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ အောက်တိုဘာလအတွင်း၌ တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၅)သောင်းမှ (၇)သောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ(၁၇)သိန်းခန့်ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှသိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီ တောဈေးဂျွန် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀-၁၄၀၀)၊ (ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၁၈၅၀-၁၄၀၀)၊ (တတိယပတ်)တွင် ကျပ်(၂၆၀၀-၁၈၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဈေးဆက်လက်မြင့်တက်ပြီး ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၈၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး အောက်တိုဘာလအတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၉၀၀)ခန့်ဈေးတက်ပြီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်းဝယ်ယူစားသုံးမှုအပြင် ပြည်ပနိုင်ငံများမှဝယ်ယူမှုများပြီး ဒေသတွင်းကြက်သွန်နီအဟောင်း ရာသီကုန်ဆုံးချိန်တွင် ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် အောက်တိုဘာလအတွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ (၈)သိန်း၊ ကားအစီးရေ(၈၀)စီး၊ ပြည်၊ ပုသိမ်မြို့သို့ ကြက်သွန်နီပိဿာချိန်(၁)သိန်း၊ ကားအစီး ရေ(၁၂)စီး၊ မြဝတီမြို့သို့ ပိဿာချိန် (၇)သိန်း၊ ကားအစီးရေ (၄၅)စီး၊ မော်လမြိုင်မြို့သို့ ကြက်သွန်နီပိဿာချိန်(၁)သိန်း၊ ကားအစီးရေ(၁၀)စီး၊ စုစုပေါင်းကြက်သွန်နီပိဿာချိန် (၁၇)သိန်းခန့်၊ အိတ်ရေ (၆)သောင်း၊ တန်ချိန်အားဖြင့် (၂၇၇၆)တန်ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ဘင်္ဂလားဒေရှ့်၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ှနိုင်ငံများသို့တင်ပို့ကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း