Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကြောင်လျှာသီးအကြောင်းသိကောင်းစရာ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ရေစီးရေလာနှင့် မြေဆီမြေဩဇာ ကောင်းမွန်သော ဒေသဖြစ်သည့်အလျောက် စပါး၊ပဲမျိုးစုံ၊ ပြောင်းဆီထွက်သီးနှံများနှင့် ဟင်းသီး ဟင်းရွက် သစ်သီးဝလံများအပြင် အလေ့ကျပေါက်ရောက်သော်လည်း ယခုအခါတွင် ပျိုးပင် အရောင်းဆိုင်များမှာ ကြောင်လျှာပျိုးပင်များကို တစ်ပင်လျှင် (၂၀၀၀-၂၅၀၀/-)ကျပ် ဈေးများဖြင့် ရောင်းဝယ်လျက်ရှိပြီး နေရာမရွေးစိုက်ပျိုးနိုင်ပြီး ဖြစ်ကြောင်း၊  ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် အသီးတစ်တောင့်လျှင် အကြီး၊အသေးပေါ်မူတည်၍ (၇၀၀-၁၀၀၀) ကျပ် ဈေးများဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ၎င်းအပင်များထဲမှ ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သည့် ကြောင်လျှာပင်များလည်း ပေါက်ရောက်ပါကြောင်း၊ ကြောင်လျှာသီး၏ အရသာသည် စိမ့်ဖန်ခါးသော အရသာရှိပြီး ဓါးဖြင့် ပါးပါးလှီးပြီး ရေနွေးဖြင့်ပြုတ်၍ လည်းကောင်း မီးဖုတ်၍လည်းကောင်း အသုပ်ပြုလုတ်၍ စားသုံး နိုင်ကြောင်း၊ အချဉ်တည်၍လည်း စားသုံးနိုင်ကြောင်း၊ ကြောင်လျှာပွင့်များ ကိုလည်းရေနွေးဖျော၍ အသုပ်သုပ်စားရကြောင်း၊ ကြောင်လျှာသီး စားသုံးခြင်းဖြင့် နားအူနားကိုက်နှင့်ဆီးချိုရောဂါများ ပျောက်ကင်းစေကြောင်း၊ ကြောင်လျှာသီးကို စားသုံးခြင်းဖြင့် ဆဲလ်တွေထိခိုက်မှုမရှိအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါကြောင်း၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်သည့် အာနိသင်ရှိပါကြောင်း၊ ယခုလို မိုးရာသီများတွင် ကြောင်လျှာပွင့် ကြောင်လျှာသီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း ဒေသမရွေးရာသီမရွေး စိုက်ပျိုးစားသုံးရသောကြောင့် ဆေးဖက်ဝင်သော ကြောင်လျှာပင်ကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

မန္တလေးမြေပဲစျေးနှုန်းစျေးကွက်

       မြေပဲမှာ စားသုံးဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၇၃၅၀ ကျပ်နှင့်၇၆၀၀ကျပ်၊S1 ဆီဆန်  ၆၈၀၀ကျပ်နှင့် ၇၅၀၀ကျပ်၊ အနီလုံးဆန် ၇၁၀၀ ကျပ်နှင့် ၇၂၀၀ကျပ်၊ တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆန် ၈၈၀၀ ကျပ်နှင့် ၉၃၀၀ ကျပ်၊ S1 ဆီဆန် ၈၃၀၀ ကျပ်၊S1 ရွေးဆန် ၈၅၀၀ကျပ်၊M တွဲလုံးဆန် ၈၅၀၀ ကျပ်၊အနီလုံးဆန် ၈၇၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊အနီလုံးဆန်(ရှမ်း) ၇၉၀၀ ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်နှင့်ယခုနှစ်ကာလတူ မြေပဲပေါက်စျေးနှိုင်းယှဉ်ပါက စျေးလျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

“ဘူးသီးဈေးနှုန်းဈေးကွက်”

    ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖို ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ၊ငရုတ်တို့အပြင် ဘူးပင်များကိုစီးပွားဖြစ် စိုက်ပျိုးလာကြပါကြောင်း၊ ဘူးပင်ကို ကျောက်ဆည်မြို့နယ် ၊ ပင်တလည်ကျေးရွာနှင့် ပေါင်လောင်ကျေးရွာများ၌ မြစ်ဘေးတလျှောက်တွင် စိုက်ပျိုးကြပါကြောင်း၊ စိုက်ပျိုးမည်ဆိုပါက မြေဆွေး၊မြေဆီများကို သမအောင်ရောမွှေပြီး စိုက်ဘောင်ပြုလုပ်၍ စိုက်ပျိုးရပါကြောင်း၊ အများဆုံးစိုက်ပျိုးသည့် ဘူးမျိုးများ မှာဘူးသပိတ်၊ဘူးလည်လှ၊ဘူးရှည် မျိုးများကိုစိုက်ပျိုးကြကြောင်း၊ ဘူးပင်သည်နှစ်ပတ်လည် စိုက်ပျိုး၍ရသောအပင်ဖြစ်ပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သား အပါအဝင် စုစုပေါင်း (၉၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ဘူးပင်စိုက်ပျိုးပြီး (၇၅-၉၀)ရက်အကြာတွင် အသီးများစတင်ခူးဆွတ်၍ရကြောင်း၊ ဘူးသီးကို မနုမရင့်အနေတော် အနေအထားတွင် ခူးဆွတ်ကြပါသည်။ ဘူး(၁)ဧက အထွက်နှုန်းအနေဖြင့်(၃၀၀၀-၃၅၀၀)လုံးခန့်ထွက်ရှိကြောင်း၊ ဘူးသီးစျေးနှုန်း အနေဖြင့် ဘူးသီးအနေအထားပေါ်မူတည်၍ လက်ကားစျေးအနေဖြင့် တစ်လုံးလျှင် (၈၀၀-၁၀၀၀) ကျပ်အထိရောင်းချရကြောင်း ၊ လက်လီစျေးအနေဖြင့် ဘူးသီးတစ်လုံးလျှင်(၁၃၀၀-၁၅၀၀) ကျပ် စျေးနှုန်းများရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၆၀၀၀၀၀/-)ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကုန်စိမ်း ပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှ ဘူးသီးများကို ခရီးသည် တင်ကားများဖြင့် ရန်ကုန်၊ မော်လမြိုင် နှင့် မန္တလေးမြို့ရှိစျေးများသို့ ပို့ဆောင်ရောင်းချကြကြောင်း ၊ ဘူးသီးစိုက်ပျိုးခြင်းဖြင့် ဘူးညွန့်ပါရောင်းချရကြောင်း၊ ဘူးညွန့် တစ်စည်းလျှင် (၅၀၀/-) ကျပ်စျေးနှုန်း ဖြင့်ရောင်းချရပါကြောင်း၊ ဘူးသီး၊ ဘူးရွက်၊ ဘူးညွန့်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက် ကြပါကြောင်း၊ ဘူးသီးအသားကို လှီး၍ ဆန့်မှုန့်၊ ပဲမှုန့်၊ ရွှေခြည်တို့ဖြင့် ကြော်သော ဘူးသီးကြော်သည် မြန်မာတို့၏ နာမည်ကျော် သရေစာ တစ်မျိုးဖြစ်ပါကြောင်း၊ ဘူးသီး အသားကို လှီး၍ အခြောက်လှန်း ပြီးနောက် ရာသီကုန်သည့်အခါ ယင်းကို ရေနွေးဖျော်၍ သုတ်စား ချက်စားကြပါကြောင်း ၊ ဘူးသီးသည် ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို အကျိုးပြုရုံသာမက အသားအရေကို ကျန်းမာလှပစေခြင်း၊ ဆံပင်ဖြူခြင်းကို လျော့နည်းစေခြင်းတို့အပြင် ကိုယ်အလေးချိန် ထိန်းလိုသူများအတွက် ထိထိရောက်ရောက် အကျိုးပြုစေသည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါကြောင်း၊ ဘူးပင်စိုက်ပျိုးရာတွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရရှိစေရုံသာမက စိုက်ပျိုးသော တောင်သူများအတွက်လည်း စျေးကောင်းရသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ် များစွာရရှိစေနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

မန္တလေးဆီနေကြာစျေးကွက်

          နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့် ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာနှင့် ဆောင်းနေကြာအဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယ ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ ၃တင်းဝင် (၂၇ ပိဿာပါ) တစ် အိတ်လျှင် ၁၈၀၀၀၀ ကျပ်နှင့် ၁၈၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၆၆၆၇ ကျပ်နှင့် ၆၈၅၂ ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် ၂၇၀ဝ ကျပ် နှင့် ၂၈၀ဝ ကျပ် ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်း တစ်အိတ်လျှင် ၂၃၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၈၅၁၈ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ဆီနေကြာပေါက်စျေးနှိုင်းယှဉ်ပါက စျေးအနည်းငယ် လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

“ယခင်လထက်အာလူးဈေးနှုန်းများမြင့်တက်လျက်ရှိ”

    သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာကကျန်းမာရေးအတွက် နေထိုင် မှုပုံစံကို ပြောင်းလဲပေးနိုင်သောကြောင့် လူတို့သည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများကို စားသုံးသင့် ကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမှထွက်ရှိသော အာလူးသီးများ ကျောက်ဆည်ခရိုင် အတွင်းသို့ ဝင်ရောက်လျှက်ရှိပြီး စားသုံးသူပြည်သူများ အလွန်ကြိုက်နှစ် သက်ကြပါသည်။ အာလူး သီးနှံတွင် ဗီတာမင် C ပါဝင်သောကြောင့် အရေပြားကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင် ကြောင်း ကျန်းမာရေးစာစောင်များမှ လေ့လာဖတ်ရှုရပါသည်။ သြဂုတ်လ နောက်ဆုံးပတ်တွင် အာလူးစျေးနှုန်းမှာ လက်ကားတစ်ပိဿာလျှင်(၃၅၀၀/-)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၄၀၀၀/-) ကျပ်တို့ဖြင့် အရောင်းဝယ်ခဲ့ပြီး စက်တင်ဘာလ ပထမပတ် တွင် အာလူးစျေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင်(၄၀၀၀/-)ကျပ် ၊ လက်လီတစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ်တို့ဖြင့် စျေးနှုန်းများ မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အာလူးရောင်းချသည့် ဈေးသည်များထံမှ သိရှိရ ပါသည်။

DOCA(မန္တလေး)

 

နှမ်းမျိုးစုံစျေးနှုန်းစျေးကွက်

 

         ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက် နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၉၅၀၀၀ ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊နှမ်းဖြူ (ဗမာ) ၂၇၅၀၀ဝ ကျပ်၊ နှမ်းညို ၂၆၅၀၀၀ ကျပ်နှင့် ၂၉၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်)၆၅၅၆ကျပ်နှင့် ၆၆၆၇ ကျပ်၊ နှမ်းဖြူ (ဗမာ) ၆၁၁၁ ကျပ်၊နှမ်းညို ၅၈၈၉ ကျပ်နှင့် ၆၄၄၄ ကျပ် စျေးတို့ဖြစ်ပေါ် လျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ (ရိုးရိုး) ၈၂၂၂ ကျပ်နှင့် ၈၄၄၄ ကျပ်၊ နှမ်းညို ၆၆၆၇ ကျပ်နှင့်၆၈၈၉ ကျပ် တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မုန်လာဥနီများဖြိုင်ဖြိုင်ထွက်ရှိ၍ ဈေးနှုန်းအနည်းငယ်ကျဆင်း”

      မုန်လာဥနီကို အေးသောနေရာဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ပူပြင်းခြောက်သွေ့ သော ရာသီဥတုရှိသည့် နေရာဒေသများတွင် ဖွဲအိတ်အစို၊ စပါးအခွံအစိုတို့နှင့် ဖြူး၍ ဖုံးအုပ်ကာ စိုက်ပျိုးလာကြပါသည်။ မုန်လာဥနီကို (ဇန်နဝါရီလမှဖေဖော်ဝါရီ၊ဇူလိုင်လ) နှင့် (အောက်တိုဘာမှ နိုဝင်ဘာ)လအထိ စိုက်ပျိုးကြပါသည်။ မစိုက်ပျိုးမီ မျိုးစေ့ကို အညှောင့်ပေါက်အား ကောင်းစေရန် (၂၄)နာရီကြာ ရေစိမ်ထားသင့်ပါသည်။ မျိုးစေ့ချပြီးသည်နှင့် ပုံမှန်အားဖြင့်ရေကို (၄-၅)ရက်ကြား တစ်ခါသွင်းပေးရကြောင်း၊ စိုက်ပျိုးပြီး သုံးပတ်ခန့်အကြာတွင် ပေါင်းလိုက်ပေးရကြောင်း ၊ စတင် စိုက်ပျိုးပြီး(၃-၄)လအကြာတွင် နုတ်ယူစားသုံးခြင်း၊ရောင်းချခြင်းများ ပြုလုပ်နိုင်ပါသည်။ နုတ်ယူခါနီး (၂-၃)ပတ်အတွင်း ရေလုံးဝမသွင်းခြင်း ပြုလုပ်ပါက အချိုဓာတ်နှင့်အရသာ ပိုမိုကောင်းမွန်စေ ပါသည် ။ ကျောက်ဆည်မြို့နယ်အနေဖြင့် မုန်လာဥနီအား အနည်းငယ် စမ်းသပ်စိုက်ပျိုးကြပြီး ၊ အများအားဖြင့် မုန်လာဥနီကို ရွာငံဒေသ၊ ပြင်ဦးလွင်ဒေသများမှ ဝယ်ယူကာ တစ်ဆင့်ရောင်းချ လျက်ရှိပါသည်။ ဈေးအတွင်း ကုန်စိမ်းသည်များမှ ယခင်ပတ်မုန်လာဥနီ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ်ရှိပြီး ယခုပတ် မုန်လာဥနီ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၆၀၀၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ပတ်နှင့်စျေးနှုန်းများနှိုင်းယှဉ်ပါက စျေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ၊ ဟင်းသီးဟင်းရွက်များထဲမှ အဟာရဓာတ် အများဆုံးပါဝင်သော ဟင်းသီးဟင်းရွက်ဖြစ်သည့်အပြင် မျက်စိအားကောင်းစေခြင်း၊အသက်ရှူကြပ်ခြင်းကိုသက်သာစေပြီး ခန္ဓာကိုယ်၏ ကိုယ်ခံအားကို ကောင်းစေသည့်အတွက် မုန်လာဥနီကို စားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်မြို့ရှိ ကွမ်းသီးဈေးနှုန်းဈေးကွက်”

     ကွမ်းသီးပင်ကို ရေမဝပ်သော၊ ရေမမြုပ်သော၊ မြေပြန့်နေရာများတွင် စိုက်ပျိုးရပြီး အစိုဓာတ် ထိန်းပေးနိုင်သည့် တောင်တန်း၊ တောင်ပေါ်ဒေသများတွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည် ။ ကွမ်းသီးပင်သည် နှစ်ရှည်ပင်ဖြစ်သောကြောင့် (၅-၆)နှစ်သား ဖြစ်မှသာ စတင်အသီးသီးပြီး ကွမ်းသီးတစ်ပင်ကို အလုံးရေ(၅၀၀)ခန့်အထိသီကြောင်း ၊ ကွမ်းသီးများအား အမျိုးအစားအလိုက်မြိတ်၊ထားဝယ်ဒေသများမှရန်ကုန် ၊ မန္တလေးမြို့ကြီးများရှိ  ကွမ်းသီးဒိုင်များ မှ ဝယ်ယူရကြောင်း ၊ ဩဂုတ်လနောက်ဆုံးပတ်တွင် ကွမ်းသီးအခြမ်းအခြောက် တစ်ပိဿာလျှင် (၂၅၀၀၀/-)ကျပ်၊အစိုအခြမ်းတစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊အတုံးတစ်ပိဿာလျှင်(၂၄၀၀၀/-) ကျပ်၊(မြစ်သားအစ)တစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ်ဖြင့် ရောင်းချကြကြောင်း စက်တင်ဘာလ ပထမပတ်တွင် ကွမ်းသီးအခြမ်းအခြောက် တစ်ပိဿာလျှင်(၃၀၀၀၀/-)ကျပ်၊ အစိုအခြမ်း တစ်ပိဿာလျှင် (၂၂၀၀၀/-)ကျပ်၊ အတုံးတစ်ပိဿာလျှင်(၃၀၀၀၀/-)ကျပ်၊(မြစ်သားအစ) တစ်ပိဿာလျှင်(၃၃၀၀၀/-)ကျပ်ဖြင့်ဈေးနှုန်းမြှင့်တက်လျက်ရှိပြီးကွမ်းစားသုံးမှု များပြားလာသည့်အတွက် ကွမ်းသီး ဈေးကွက်မှာ အမြဲရှိပြီး  ကွမ်းသီးများ ဈေးကောင်းလျက်ရှိကြောင်း ၊ ကျောက်ဆည်မြို့ပေါ်ရှိ  ကွမ်းသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ကန့်ဘလူဒေသထွက် ဖီးကြမ်း၊ ကက်သဲနှင့် ခွန်စိမ်းငှက်ပျောသီးများ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ငှက်ပျောသီးဆိုင်တွင် ဖီးကြမ်း ငှက်ပျောသီး၊ ခွံစိမ်းငှက်ပျောသီးနှင့် ကက်သဲငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ဒေသထွက်ဖီးကြမ်းသီးနှင့် ကက်သဲငှက်ပျောသီးများ အရောင်းသွက်လျက်ရှိပြီး  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှ မြို့နယ်တို့မှ ဝင်ရောက်လျက်ရှိကြောင်း ငှက်ပျောသီးဆိုင်များမှ သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ငှက်ပျောသီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖီကြမ်းငှက်ပျောသီး အလုံးလှ(၁)ဖီးလျှင် (၃၅၀၀)ကျပ်၊ အလုံး အသေး(၁)ဖီးလျှင် (၂၅၀၀)ကျပ်နှင့် ကက်သဲငှက်ပျောသီး(၁)ဖီးလျှင် (၂၅၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျော သီး(၁)ဖီးလျှင် (၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ငှက်ပျောသီးရောင်းချသူများထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)      

                                                         

“နံနံစိုက်တောင်သူများ ဈေးကောင်းရလျက်ရှိ”

      နံနံပင်သည် အထင်ရှားဆုံးဟင်းခက်အမွှေးကြိုင်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုပ်စုံတို့တွင်တွဲဘက်စားသုံးပြီး၊ တို့စရာအဖြစ်လည်း စားသုံးကြပါသည်။ နံနံပင်ကို ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာဈေးကြီး ပေးဝယ်ရပါသည်။ နံနံစိုက်ပျိုးရန်အတွက် ရေမဝပ်သောနုံးမြေသည် အထူးသင့်လျော်ပါသည်။ နံနံပင်ကိုဘောင်များ ပြုလုပ်၍ စိုက်ပျိုးပါက ဘောင်ကို(၄-၅)လက်မပြုလုပ်ပြီး (၂-၃)ပေ အကျယ်ဖြင့် အရှည်ကိုလိုသလို ပြုပြင်နိုင်ပြီး ဘောင်ပေါ်တွင်(၀.၅)လက်မ အနက်မြောင်းများကို (၄)လက်မခြားဆွဲပြီး မျိုးစေ့များ ချကာ နွားချေးမှုန့်၊ မြေဆွေးမှုန့်များ ပါးပါးဖုံးပေးရပါသည်။ စိုက်ပျိုးပြီးပါက ရေကိုတစ်နေ့နှစ်ကြိမ် လောင်းပေးရပါသည်။ အပင်ငယ်များပေါက်လာပါက ရေကိုလျော့လောင်းပေးခြင့်ဖြင့် ခါးရိရောဂါကို ကာကွယ်ပေးပြီးသားဖြစ်ပါးသည်။ နံနံမျိုးစေ့ (၁)ပြီလျှင် (၃၀၀၀/-) ကျပ်ဖြင့်ဝယ်ယူပြီး တစ်ဘောင်လျှင် တစ်ဘူးနှုန်းဖြင့် စိုက်ပျိုးနိုင် ကြောင်း၊ နံနံကို ခရမ်းချဉ်သီး၊ငရုတ်၊ပဲများနှင့်ရော၍ သီးညှပ် အဖြစ် စိုက်ပျိုးနိုင်ကြောင်း၊ တနွေလုံးပေါက် နံနံပင်လိုချင်လျှင် (၂)ပတ်ခြား၊ (၄)ပတ်ခြား စိုက်ပျိုး နိုင်ကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်သားမှ စတင်၍နှုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်းများ ပြုလုပ် နိုင်ပါသည်။ နံနံပင်တစ်ဘောင်လျှင် အစည်းရေ (၇၀)စည်းခန့် ထွက်ရှိပြီး၊ နံနံပင် (၁၀)ပင်ပါ တစ်စည်းလျှင် လက်ကားဈေး(၁၀)ကျပ်၊ လက်လီ ဈေးအနေဖြင့် (၂၀၀) ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် နံနံမျိုးစေ့(၁)ပြီစိုက်ပျိုးပါက (၇၀၀၀၀/- )ကျပ်ခန့် အမြတ်ရရှိကြောင်း၊ နံနံကိုတစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် နေ့စဉ်မိသားစုဝင်ငွေရရှိကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း