Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းသီးဈေးနှုန်းအနည်းငယ်မြင့်တက်

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းသီးကို မင်းဘူးမြို့နယ်အတွင်းရှိ ကျောက်တံခါးရွာ၊ စကု၊ ပွင့်ဖြူစသည့် ဒေသများအပြင် မကွေးနှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ခရမ်းသီး()ပိဿာလျှင် ကျပ်(၄၈၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်နိုဝင်ဘာလ(ဒုတိယပတ်)တွင် ခရမ်းသီး()ပိဿာလျှင် ကျပ် (၃၀၀၀)ဖြင့် ရောင်းချ ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၈၀၀)ခန့် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ ခရမ်းသီးများ လှိုင်လှိုင်ထွက်ရှိချိန်မဟုတ်ဘဲ အခြားဒေသမှ မှာယူရောင်းချရသည့်အတွက် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဘူးသီးဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်သွက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ ကုန်စိမ်းသီးနှံ ဈေးကွက်သို့ မြို့ပတ်ဝန်းကျင်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်နှင့် ဧရာဝတီမြစ်အရှေ့ ဘက်ကမ်းရှိ မြေနုကျွန်းရွာတို့မှ စိုက်ပျိုးထွက်ရှိသည့် ဘူးသီးသီးနှံသည် နိုဝင်ဘာလ (ပထမပတ်)မှ စတင်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင်ဘူးသီး(၁)လုံးလျှင် (အလုံး အကြီး၊ အသေး) အရွယ်အစားအလိုက် ကျပ်(၃၀၀၀-၄၀၀၀)ဖြင့်ရောင်းချလျက်ရှိပြီး ယခင်ပေါ်စအချိန် နိုဝင်ဘာလ (ပထမပတ်)တွင် ဘူးသီး ကျပ်(၂၀၀၀-၂၅၀၀) ဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု တစ်ပတ်တွင် ကျပ်(၁၀၀၀-၁၅၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် ဘူးသီး စိုက်ပျိုးသည့် ကျေးရွာများရှိ ဘူးသီးစိုက်ခင်းများတွင် အထွက်နှုန်းများ လျော့နည်းလာသည့် အတွက် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်လာသော်လည်း မင်းလှမြို့ပေါ်ရှိ အကြော်ဆိုင် များမှ ဝယ်ယူမှုများသည့်အတွက် အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ဆင်ဖြူကျွန်းဒေသ၏ ပန်းဂေါ်ဖီစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့ စလင်းချောင်းအနောက်ဘက်ရှိ နွယ်တမယ်၊ ချောင်းဖြူ၊ ချောင်းကောက်၊ ညောင်ကုန်း၊ ပန်းတော၊ မြောင်းဘောင် စသည့်ကျေးရွာ များမှတောင်သူများသည် စလင်းချောင်းရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက် သီးနှံစားပင်မျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင်  စားသုံးသူများပြား၍ ဈေးကွက်အခိုင် အမာရှိသော စားဖိုဆောင်သုံး ရာသီစာကာလတိုသီးနှံဖြစ်သည့် ပန်းဂေါ်ဖီမှာ ဈေးကောင်းရ၍ တောင်သူများ ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

            ပန်းဂေါ်ဖီသည် မုန်လာအုပ်စုတွင်ပါဝင်သော အပင်များဖြစ်၍ မြေဆီဩဇာကြွယ်ဝသော မြေအမျိုးအစားကို ကြိုက်နှစ်သက်ကြောင်း၊ အေးသောရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း အပူဒဏ်ခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ပူ၍ခြောက်သွေ့သော ရာသီဥတုတွင် ပန်းမပွင့်သည့် အတွက် အေးပြီးအစိုဓာတ်ရသောနေရာတွင် စိုက်ပျိုးသင့်ကြောင်း၊ ခြောက်သွေ့လွန်းသော ရာသီ          ဥတုတွင် အပွင့်ဖြစ်ထွန်းရန်ခက်ခဲကြောင်း၊ မြေပြန့်ဒေသများတွင် စက်တင်ဘာနှင့် အောက်တိုဘာ  လများတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများတွင် ဧပြီ၊ မေ၊ စက်တင်ဘာနှင့်အောက်တိုဘာ လများတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင် (၁.၅-၂)ပေအကွာ၊ တစ်တန်းနှင့်တစ်တန်း(၂-၂.၅)ပေခန့်အကွာ စိုက်ပျိုးရ ကြောင်း၊ သို့မှသာလေဝင်လေထွက်ကောင်း၍ နေရောင်ခြည်ကောင်းစွာရရှိကာ အပင်ဖြစ်ထွန်း ကြောင်း၊ တစ်ပတ်လျှင်(၂)ကြိမ်ခန့် ရေသွင်းပေးရကြောင်း၊ အပင်သက်တမ်း(၃)လခန့်အကြာတွင် ပန်းပွင့်များစတင်ခူးဆွတ်နိုင်ကြောင်း၊ စတင်ခူးဆွတ်ချိန်မှ (၃-၄)လကြာအထိ ခူးဆွတ်ရောင်းချရ ကြောင်း၊ အဝေးသို့တင်ပို့ရောင်းချပါက အပင်ကိုအရွက်များ(၃-၄)ရွက်ခန့် ချန်၍ခုတ်ရကြောင်း စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရှိရသည်။ ဆင်ဖြူကျွန်းဒေသထွက် ပန်းဂေါ်ဖီပွင့်များကို ပွင့်ဖြူ၊ စလင်း၊ စကု၊ မင်းဘူး၊ မကွေးမြို့များသို့ တင်ပို့ရောင်းချကြပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်) တွင် ပန်းဂေါ်ဖီပွင့်အရွယ်အစားပေါ်မူတည်၍ တစ်ပွင့်လျှင် ကျပ်(၁၅၀၀)မှ ကျပ်(၂၀၀၀)အထိ ဈေး ကောင်းရရှိကြောင်းသိရှိရသည်။ ရာသီပေါ်သီးနှံဖြစ်၍ စားသုံးသူဈေးကွက်၌လည်း အရောင်းသွက် လျက်ရှိသောကြောင့် ဆင်ဖြူကျွန်းဒေသရှိ  ပန်းဂေါ်ဖီစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပြည်မြို့ရဲ့ ဈေးကောင်းရနေတဲ့သံပုရာသီးဈေးကွက်

      ပြည်တွင်း၌ စားသုံးမှုများသော အသီးအနှံများတွင် သံပုရာသီးလည်း တစ်မျိုးအပါအဝင် ဖြစ်ပါသည်။ သံပုရာသီးကို ဗမာသံပုရာ၊ ရှမ်းသံပုရာစသည်ဖြင့် အမျိုးအစားခွဲခြား စိုက်ပျိုးလာကြပါသည်။ သံပုရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ သံပုရာပင်ကို အစေ့စိုက်၍ လည်းကောင်း၊ မြေထုပ်စည်းနည်းဖြင့်လည်းကောင်း မျိုးပွားယူကြပါသည်။ မြေထုပ်စည်းနည်းဖြင့် စိုက်ပျိုးပါက အပင်ကြီးထွားမြန်၍ အသီးလည်းသီးမြန်သော်လည်း ထိုနည်းဖြင့်မစိုက်ပဲ အစေ့မှ စိုက်ပျိုး ကြသည်သာများကြပါသည်။ သံပုရာပင်စိုက်ပျိုးသောအခါ အတန်းလိုက် တစ်ပင်နှင့် တစ်ပင် အနည်းဆုံး (၁၅)ပေခန့်ခွာစိုက်ပျိုးမှသာ အသီးများစွာ သီးနိုင်ပါသည်။ သံပုရာပင်သည် ပင်ပုမျိုးဖြစ်၍ အပင်အမြင့်မှာ (၈)ပေမှ (၁၅) ပေအထိသာရှိပါသည်။ စ၍စိုက်သည်မှ (၃)နှစ် သို့မဟုတ် (၄)နှစ်သားအရွယ်တွင် စ၍ အသီးသီးပါသည်။ အသီးသည် အချို့ငယ်၍ အချို့ကြီးလျက် အချို့မှာလုံး၍ အချို့သည် ဘဲဥပုံမျိုး ဖြစ်သည်။ ဒီဇင်ဘာလ ပထမပတ်မှစတင်၍ ယနေ့အထိ ပြည်မြို့ရဲ့ဈေးကွက်တွင် သံပုရာသီးမှာ ဈေးကောင်းရနေပြီး အရောင်းအဝယ်လည်းဖြစ်လျက်ရှိပါသည်။ သံပုရာသီးမှာ လှိုင်လှိုင်ပေါ်ချိန် မဟုတ်သောကြောင့် စားသုံးသူများမှ ဈေးကြီးပေး၍ ဝယ်ယူစားသုံးကြရပါသည်။ မြန်မာ့ရိုးရာ အစားအစာတွေမှာက အသီးအရွက်သုပ်လေးတွေစားသုံးကြတဲ့အခါ သံပုရာသီးကို အသုံးများ လာကြပါသည်။ သံပုရာသီး၏ မွှေးရနံ့က အနံ့အသက်ကိုလည်းထိန်းပေးပါသည်။ အအီစာ၊ တတ်စာတွေစားပြီးတဲ့အခါ သံပုရာသီး ဆေးအနေဖြင့် စားသုံးလာကြပါသည်။ ယခုနောက်ပိုင်း တွင် သံပုရာသီးကို ယိုထိုး၍လည်းကောင်း၊ သံပုရာသီးသနပ်လုပ်၍လည်းကောင်း၊ သံပုရာသီး ဆားရေစိမ်ပုလင်းများဖြင့် ရောင်းချလာ သောကြောင့် သံပုရာသီးမှာဈေးကွက်ဝင် ရောင်းတန်းဝင်ဖြစ်လာပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင် လာသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများပွင့်လင်းလာပြီး တန်ဖိုးမြှင့်ထုတ်ကုန်သီးနှံအဖြစ် ပိုမို စိုက်ပျိုးသင့်ပါသည်။ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ဒီဇင်ဘာလဒုတိယပတ်အထိ ဈေးကောင်းရနေပြီး အရောင်းအဝယ်လည်း ဖြစ်လျက်ရှိပါသည်။ သံပုရာသီးအချောအလုံးကြီး တစ်လုံးလျှင် ကျပ် (၅၀၀)၊ အလုံးလတ် တစ်လုံးလျှင် ကျပ် (၃၀၀)၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၂၀၀) ထိဈေးကောင်းပေး ၍ ဝယ်ယူစားသုံးရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်တွင် ကြံများစတင်ထွက်ရှိ

         ပေါက်ခေါင်းမြို့နယ်အနေဖြင့် ကြံစိုက်ဧက (၂၀၀၀၀) ကျော်စိုက်ပျိုးထားပြီး ယခုအခါ ကြံများ စတင်ခုတ်သိမ်းလျက်ရှိပါသည်။ ထွက်ရှိလာသောကြံများအား ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြား စက်နှင့် ပြည်နဝဒေးသကြားစက်သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြံ (၁) တန် လျှင် (၁၇၀၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် (၁) ဧကလျှင် တန် (၃၅) တန် ဝန်းကျင်ထွက်ရှိကြောင်း သိရှိရပါသည်။ (၁) ဧက ကုန်ကျစရိတ်အနေဖြင့် (၂၅၀၀၀၀) ကျပ် ပတ်ဝန်းကျင်ကုန်ကြ၍ ကြံစိုက်တောင်သူများ အနေဖြင့် (၁)ဧကလျှင် အကျိုးအမြတ် (၂၅၀၀၀၀) ကျပ်မှ (၃၀၀၀၀၀) ကျပ်အထိရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရာသီပေါ် ရွက်ကျပင်ပေါက် (သို့) ဘောက်သီးဘုရားပန်းအကြောင်း

      ရွက်ကျပင်ပေါက်သည် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်သောအပင် တစ်မျိုးဖြစ် ပါသည်။ အရည်ရွမ်းသော နှစ်ရှည်ခံပင်ငယ်သက်ပြင်မျိုးလည်းဖြစ်ပါသည်။ ထူးခြားချက်မှာ ရွက်ဖျား ပတ်ပတ်လည်အရွက်ပိုလေးများသည် မြေသို့ကျရာမှ မျိုးစေ့သဖွယ်အပင်ပြန်ပေါက်၍ ကြွေကျသော အရွက်မှ ပေါက်တတ်သော အပင်တစ်မျိုးဖြစ်သောကြောင့် ရွက်ကျပင်ပေါက်ဟု ခေါ်ဆိုကြောင်း သိရှိရပါသည်။ ဒီဇင်ဘာလ ပထမပတ်မှစတင်၍ ရွက်ကျပင်ပေါက် (သို့) ဘောက်သီးဘုရားပန်းများ ကို ဈေးကွက်တွင် ရာသီပေါ်ပန်းအဖြစ် စတင်ရောင်းချနေပြီး ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။ အဆိုပါပန်းများကို ပြည်မြို့အနီးတဝှိက်ရှိ တစ်ပိုင်တစ်နိုင် ပန်းစိုက်ပျိုးသူများနှင့် ပြည်မြို့အနီး တဝှိက်ရှိ ကျေးရွာများမှ ဖြစ်သော မှော်ဇာ၊ အင်းမ၊ ဝက်ပုတ် အစရှိသော နယ်ဘက်များမှလည်း ပြည်မြို့ မြို့မစည်ပင်သာယာဈေး ကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ အရွက်မှအပင်များပြန်ပေါက် တတ် သောကြောင့် တချို့အိမ်များတွင် တကူးတကဝယ်ယူကာ ရွက်ကျပင်ပေါက်ပန်းကို ပန်းအိုးဖြင့်အလှ စိုက်ပျိုးကြပြီး ဆေးဘက်ဝင်သော အပင်တစ်မျိုးလည်း ဖြစ်ပါသည်။ ယခုအချိန်သည် ပန်းပေါ်စဖြစ်၍ ရန်ကုန်သို့တင်ပို့ရောင်းချခြင်းမျိုးမရှိသော်လည်း နယ်ဘက်တွင် ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရသောကြောင့် ပြည်မြို့နှင့်အခြားသော နယ်မြို့များ ၌သာ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ ရာသီပေါ်ပန်းဖြစ်သည့် ရွက်ကျပင်ပေါက် (သို့) ဘောက်သီးဘုရားပန်းတစ်စီးလျှင် ကျပ် (၃၀၀၀) ရှိပြီး ရေလဲပေးပါက ကြာရှည်ခံသော ပန်းတစ်မျိုး ဖြစ်၍ လူကြိုက်များပြီး အရောင်းအဝယ်လည်း ဖြစ်ကြောင်း သိရှိ ရပါသည်။

DOCA(ပဲခူး)

ပြည်နှင့်ရွှေတောင်ဒေသထွက် ဖရဲသီးဈေးကွက်

        ဖရဲသီးကို ဒေသမရွေးနေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ဖရဲပင်သည် နွယ်အမျိုး အစားဖြစ်ပါသည်။ အနွယ်ရောအရွက်ပါ အစိမ်းရောင်ရှိပါသည်။ အရွက်မှာ (၄)လက်မမှ (၆) လက်မ ခန့်ရှည်လျားသည့် လက်ခြားအရွက်များရှိပါသည်။ပင်စည်နှင့် အရွက်များတွင် အမွှေးများ ဖုံးလွှမ်း ထားပါသည်။ အသီးပုံသဏ္ဍာန်မှာ လုံးဝိုင်းပုံ၊ လုံးရှည်ပုံ၊ ဘဲဥပုံ အစရှိသည့် ပုံသဏ္ဍာန် အမျိုးမျိုးရှိကြပါသည်။ စိုက်ပျိုးရန်သင့်လျော်သော မြေအမျိုးအစားမှာ သဲနှုန်းမြေ ဖြစ်ပါသည်။ မိုးရာသီကုန်ဆုံးချိန်တွင် ကျွန်းမြေ၊ လက်ကွက်များတွင် အများအားဖြင့် စိုက်ပျိုးကြပါသည်။

      နေရောင်ခြည်ပြည့်ဝစွာရရှိပြီး လေစိုထိုင်းစနည်းသော ဒေသများတွင် ဖရဲစိုက်ပျိုးလျှင် ဖရဲသီး အထွက်နှုန်းကောင်စွာဖြစ်ထွန်းပါသည်။ ဖရဲသီးအား အောက်တိုဘာလမှ ဖေဖေါ်ဝါရီလ များတွင် အများအားဖြင့် စိုက်ပျိုးကြပါသည်။ ဖရဲစိုက်ပျိုးရာတွင် ဖရဲစေ့ကို မြေပြင်တွင် တိုက်ရိုက် စိုက်ပျိုးခြင်း၊ မျိုးစေ့ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းတို့ဖြင့်လည်း စိုက်ပျိုးကြပါသည်။ ဖရဲစိုက်ပျိုးရာ ဒေသများမှာ ပြည်မြို့နယ်ဒေသတစ်ဝိုက်နှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် တစ်ပိုင်တစ်နိုင်အဖြစ် စိုက်ပျိုးကြပါသည်။

      ဖရဲစိုက်ပျိုးပြီးနောက်အလုံးသေးမျိုးတွင် ပန်းပွင့်ပြီး (၂၅)ရက်မှ (၃၀)ရက်အကြာတွင် အသီးများစတင်သီးလာပြီး ခူးဆွတ်နိုင်ပါသည်။ ဖရဲသီးအတွင်းအခွံမှာ အစိမ်းရောင်ဖြစ်ပြီး အတွင်း အသားမှာအနီရောင်၊ အဝါရောင်သားများရှိကြသည်။ အသားမှာ အရည်ရွှမ်းပြီးစားလျှင် အရသာ ချိုမြိန်ပါသည်။အသားကို နွားနို့၊ သကြားနှင့်ရောပြီးဖျော်ရည်အဖြစ်ပြုလုပ်ပြီး သောက်သုံးကြ ပါသည်။

   ဖရဲကို ပြည်ပကိုတင်ပို့လျှင် စရိတ်ခကြီးသဖြင့် ဖရဲစိုက်တောင်သူများမှာ ပြည်တွင်းဈေးကွက် တွင် ဈေးကောင်းရရှိရန် မျှော်မှန်းစိုက်ပျိုးကြောင်းသိရပါသည်။

          ယခုအခါတွင် ဈေးကွက်အတွင်း ရောင်းချနေသည့် ဖရဲသီးဈေးနှုန်းများမှာ ဖရဲသီးအသေး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၅၀၀)ကျပ်နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင် (၅၀၀) ကျပ်တို့ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ကွမ်းရွက်ဈေးကွက်

      ကွမ်းစိုက်ပျိုးရာတွင် မျိုးအဖြစ် ကွမ်းညွန့်များကို အပိုင်းများဖြတ်တောက်ပြီး စိုက်ပျိုးကြပါသည်။ ကွမ်းခြံစိုက်တောင်သူများမှ မိမိတို့ကွမ်းခြံများမှလည်း ပြန်လည်မျိုးယူပြီး ကွမ်းညွန့်များကို တစ်ပေခွဲစီဖြတ်ယူပြီး ပြန်လည်စိုက်ပျိုးပါသည်။ ကွမ်းပင်စိုက်ပျိုးရာတွင် ဘောင်အလျားလိုက် မြောင်း(၂)မြောင်းဖေါ်ယူကာ (၁)မြောင်းနှင့်(၁)မြောင်းအကြား အကွာအဝေး(၁)ပေခွာစိုက်ပျိုးရ ပါသည်။ စိုက်ပျိုးပြီးတက်လာသည့် အညွန့်များကို အပေါ်သို့ အညွန့်များတက်ရန်အတွက် ကွမ်းပင်ကို (၇)ပေအမြင့် ဆောက်ထားရပြီး ဝါးလုံးများကိုသာ တိုင်အဖြစ်အသုံးပြုပြီး အပေါ်တွင် အမိုးအကာအဖြစ် အုန်းလက်၊ မြက်ခြောက်များကို အသုံးပြုပြီးနေမပူစေရန် အမိုးအဖြစ် အသုံးပြုကြပါသည်။

    စိုက်ပျိုးထားပြီး ကွမ်းပင်များအား ပိုးမကျစေရန်အတွက် သဘာဝအတိုင်းဆေးရွက်ကြီး၊ ထုံးမှုန့်တို့ဖြင့် ရောစပ်ပြီး ပိုးမကျစေရန် ဖြန်းပက်ရာတွင် အသုံးပြုရပါသည်။ ကွမ်းပင်များပိုးကျလျှင် တစ်ခြံလုံးပြုတ်သည့်အတွက်ကြောင့် နေ့စဉ်ကွမ်းပင်များအား ပိုးမကျစေရန် စစ်ဆေးပေးရပါသည်။

    ကွမ်းပင်များအား စိုက်ပျိုးသည့်ဒေသများမှာ ပြည်မြို့ဒေသအတွင်းရှိ ဖုမ္မသိမ်ကျေးရွာမှ ကွမ်းရွက်များအား (၁၅)ရက် တစ်ပတ်ခူးကြရပါသည်။

    ကွမ်းရွက်များသည် ယခုရာသီတွင် တောင်သူများအခေါ် ကွမ်းခွေသည့် ရာသီဖြစ်သည့်အတွက် ကွမ်းဈေးနှုန်းမှာ ယခင်လများထက် ဈေးနှုန်းအနည်းငယ်မြင့်တက်ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသည့် ကွမ်းဈေးများမှာ ကွမ်းရွက် တစ်ပိဿာလျှင် ၈၀၀၀- ၁၀၀၀၀ ကျပ်ဖြစ်သော်လည်း ယခုလများမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ထိဈေးနှုန်း မြင့်တက်ကြောင်း သိရှိရပါသည်။

 

DOCA(ပဲခူး)

ပြည်မြို့တွင် ရောင်းချနေသော ငုံးဥနှင့် ငုံးသား ဈေးနှုန်းများ

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့သစ်ဈေးတွင် ငုံးသားများ ရောင်းချနေကြောင်း တွေ့ရသည်။ စားသုံးသူများက ငုံးဥများ စားသုံးခြင်းအပြင် ငုံးသားများကိုလည်း ချက်ပြုတ် စားသောက်ကြသည်။ ကမ္ဘာ့နာမည်ကြီး ဟင်းလျာများတွင် ငုံးဥသည် မပါမဖြစ် ပါဝင်ပစ္စည်း တစ်ခုဖြစ်ပြီး ငုံးသားမှာလည်း အလွန်နူးညံ့သောကြောင့် လူကြိုက်များလှသည်။မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆဌမမြောက် ငုံးဥ အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ ငုံးဥကို သရေစာအဖြစ် စားသုံးခြင်း၊ ဟင်းချက်ရာတွင် ထည့်ခြင်းများပြုလုပ်ပြီး ငုံးကင်နှင့် ငုံးကြော်များလည်း လူအများကြိုက်နှစ်သက်သော အစားအစာဖြစ်သည်။ ငုံးသားတွင် ဗီတာမင် B3 နှင့် B6 များကြွယ်ဝ စွာပါဝင်ကြောင်းသိရသည်။ ငုံးများကို မွေးမြူခြင်းဖြင့် အာဟာရပြည့်ဝသော အသား၊ ဥများရရှိ နိုင်သည့်အပြင် ငုံးချေးများကိုလည်း သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယပတ်တွင် ရောင်းချသော ငုံးဥဈေးနှုန်းများမှာ (၁)လုံးလျှင် (၁၀၀)ကျပ်၊ (၁၀)လုံးယူလျှင် (၉၀၀)ကျပ်နှင့်ရောင်းချပြီး ငုံးသားများမှာ တစ်ကောင်လျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရသည်။

DOCA(ပဲခူး)

ကျောင်းကုန်းမြို့နယ်၌ ပိန်းဥများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

  ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၌   ပိန်းဥများ   ဝယ်လိုအားကောင်းပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရှိရပါသည်။ကျောင်းကုန်းမြို့နယ်မှ  ဒေသထွက် ပိန်းဥများ   အရောင်းအဝယ်ကောင်းမွန် နေကြောင်း၊ အဆိုပါပိန်းဥများ  တစ်ရက်လျှင် ပိဿာ  ၂၅၀၀ မှ ၅၅၀၀ အထိ အရောင်းအဝယ် ကောင်းမွန် နေကြောင်း  သိရသည်။

          ကျောင်းကုန်းမြို့နယ်မှထွက်ရှိသည့် လယ်ယာသီးနှံများသည် ဒေသဈေးကွက်၌ အရောင်း အဝယ် ရှိပြီးသားဖြစ်ပြီး လက်ရှိ ဝယ်လိုအားများနေကြောင်း၊ လက်ရှိရောင်းချနေသည့် ပိန်းဥများမှာ အရည်အသွေးကောင်းမွနသောကြောင့် ဒေသထွက်ပိန်းဥများကို ရန်ကုန် ဈေးကွက်မှ   ဝယ်လိုအားများ နေသဖြင့်   တင်ပို့အားတက်နေကြောင်း သိရှိရပါသည်။ကျောင်းကုန်းမြို့နယ်၌  ပိန်းဥများ အရောင်းအဝယ် ကောင်းလာသည့်အတွက် တောင်သူ များ၊ ကုန်သည်များ၊ ကုန်တင်၊ ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှား လိုက်သူများ အလုပ် အကိုင် အခွင့်အလမ်း ရလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း