Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“နွေနှမ်းများစတင်စိုက်ပျိုးလျက်ရှိ”

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၆ခုနှစ်အတွင် နွေနှမ်းစိုက်ပျိုးရန်အတွက် ဆည်မြောင်းဝန်ကြီးဌာနမှ ရေပေးဝေသောကြောင့် နွေနှမ်းများစိုက်ပျိုးလျှက်ရှိကြောင်း၊ နှမ်းစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြ ပြီးအများဆုံးစိုက်ပျိုးသောမျိုးများမှာနှမ်းဖြူ၊နှမ်းညိုနှင့်နှမ်းနက်မျိုးများကိုစိုက်ပျိုးကြပါသည်။(၁)ဧက စိုက်ပျိုးမှုအနေဖြင့် နှမ်းမျိုး ၁ပြည်လျှင် (၈၀၀၀-၈၅၀၀)ကျပ်အထိ ပေးဝယ်ရကြောင်း  ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်  စုစုပေါင်း(၄၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)ဧက မျိုး(၂-၃)ပြည် စိုက်ပျိုးရကြောင်း ၊ ယခုအချိန်တွင် နှမ်းစျေးနှုန်း အနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၁၀၆၀၀၀/-)ကျပ်၊နှမ်းညိုတစ်တင်းလျှင်(၁၀၅၀၀၀/-)ကျပ်၊နှမ်းနက် တစ်တင်းလျှင်(၁၀၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်  အရောင်း အဝယ်ဖြစ်နေပြီး နှမ်းဆီ ၁ပိဿာ လျှင်(၁၈၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ကုန်သွယ်ရောင်းဝယ်မှုအနေဖြင့် တောင်သူ များမှ နှမ်းပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်သွားရောက်ရောင်းချ ကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တ‌လေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည် ။ တောင်သူများမှာ နှမ်းကိုဆီထွက်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက်ရှိပါသည်။ နှမ်းပေါ်ချိန်တွင် စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း၊ နှမ်းစိုက်ပျိုးသော တောင်သူများအနေဖြင့်  မိသားစု စားသုံးဆီဖူလုံရုံမျှမက အကျိုးအမြတ်များရရှိသောကြောင့် ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံကိုလည်းနှစ်စဉ်စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဘိလပ်မြေဈေးကွက်

                    မိတ္ထီလာ ဈေးကွက်အတွင်း ယခုမတ်လဒုတိယအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ် လျှင် (၁၈၅၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၈၅၀၀)ကျပ်၊ Alpha ဘိလပ်မြေ တစ်အိတ် လျှင်(၁၇၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် အပါချီတစ်အိတ်လျှင် (၁၇၀၀)ကျပ်၊ ကြံ့နှစ်ကောင်တစ်အိတ်လျှင်(၁၇၀၀)ကျပ်၊ alpha တစ်အိတ်လျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။ ယခုအခါ ပွင့်လင်းရာသီ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်လာပြီ ဖြစ်၍ ဈေးကွက်တွင် အရောင်းအဝယ်မှာ ယခင်ထက်သွက်လာကြောင်း သိရသည်။ မိတ္ထီလာမြို့ သို့ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများ ဝင်ရောက်ပြီး မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များမှ ဝယ်လက် များသို့ ရောင်းချရ ကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)

ကြက်သွန်နီဈေးကွက်နှင့် စိုက်ပျိုးမှုအခြေအနေ

             မိတ္ထီလာဈေးကွက်တွင် မတ်လ၊ဒုတိယပတ်၌ ကြက်သွန်နီဈေးမှာ နယ်ဝေးဝယ်လိုအားများ ကြောင့် ဈေးနှုန်းပြန်လည်မြှင့်တက်လာကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီ ထွက်ရှိ မှုများသော မလှိုင်မြို့နယ်နှင့်မိတ္ထီလာဈေးကွက်တို့မှပုံမှန်တင်ပို့ရသော ရန်ကုန်၊ ပဲခူး၊ တောင်ကြီး၊ တာချီလိတ် ဈေးကွက်များအပြင်ယခုတစ်ပတ် မော်လမြိုင်၊ မြဝတီ၊ မိုင်းလား ဝယ်လက်များကပါ အဝယ်လိုက်သဖြင့် ဈေးတက်လာခြင်းဖြစ်ပါသည်။ ကြက်သွန်နီပွဲစားဝယ်လက်ဈေးမှာ တစ်ပိဿာလျှင် ယခင်တစ်ပတ်က (၁၀၀၀-၁၂၀၀)ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်တွင် (၁၂၀၀-၁၃၀၀)ကျပ်ဖြင့် တစ် ပိဿာအပေါ်(၁၀၀-၂၀၀)ကျပ်ဈေးမြင့်လာပါသည်။

    မိတ္ထီလာခရိုင်အတွင်း မိုးကြက်သွန်နီကို မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့တွင်သာစိုက်ပျိုး ကြပြီး ဆောင်းကြက်သွန်နီကို ခရိုင်အတွင်းမြို့နယ်(၄)မြို့နယ်တွင်စိုက်ပျိုးရာ ယခုနှစ်ဧက(၁၃၅၀၀) ကျော်စိုက်ပျိုးထားကြောင်းနှင့် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီက (၈၈၀၀၀)ကျော်စိုက်ပျိုးခဲ့သဖြင့် ယခင် နှစ်ထက်ပိုမိုစိုက်ပျိုးထားကြောင်း ဆောင်းကြက်သွန်နီကို ဧပြီလတွင်နှုတ်သိမ်းလေ့ရှိကြောင်းသိရသည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးကွက်အတွင်းနှမ်းဈေးနှုန်းမြင့်တက်လျက်ရှိ

              မိတ္ထီလာမြို့ ဆီထွက်သီးနှံဈေးကွက်တွင် နှမ်းကို မိတ္ထီလာ၊မလှိုင်၊သာစည်၊ဝမ်းတွင်းမြို့နယ်များ မှရာသီချိန်တွင်အဝင်များပြီး လက်ရှိကာလတွင် အနည်းငယ်သာ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

            ယခုမတ်လတတိယပတ်အတွင်း မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင်အိတ်(၃၀-၄၀)ခန့်သာ အရောင်း အဝယ်လျက်ရှိကြောင်း၊ နှမ်းညိုတစ်တင်းလျှင် (၁၁၃၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၃၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် နှမ်းညို တစ်တင်း လျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၁၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်လက်ကျန်နည်းလာခြင်း၊ တိရိစ္ဆာန် အစာဈေးမြင့်၍ ကုန်ကြမ်း ဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဈေးကွက်အနေ ဖြင့်ဒေသတွင်း ဆီကြိတ် စက်များမှ အများဆုံးဝယ်ယူကြကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ဒေသထွက်ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

         ၂၀၂၆ ခုနှစ်၊ ပွင့်လင်းရာသီ မတ်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်း တည်ငြိမ်ကာ ဈေးကွက်အတွင်းလှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ မတ်လ နောက်ဆုံးပတ်တွင် သံလွင်မြစ်ကမ်းနဘေးရှိ ခရမ်းချဉ်သီး စိုက်ပျိုး တောင်သူ ဦးပလိုင်းက ခရမ်းချဉ်သီးတစ်ဧကလျှင် ၁၀၀ ဂရမ်နှုန်းပျိူးထောင်ရင် အပင်အရေအတွက် (၉၀၀၀ မှ ၁၀၀၀၀)ထိ ဝင်အောင်စိုက်ပျိုးနိုင်ကြောင်း၊ ခရမ်းချဉ်သီးတစ်ပင်လျှင် (၃)ပိဿာမှ (၆ ) ပိဿာအထိ ထွက်နှုန်းရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ယခုအခါ ခရမ်းချဉ် သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ် တို့ဖြစ် ရောင်းဝယ်နေကြကြောင်း သိရသည်။

          ကရင်ပြည်နယ်ဒေသထွက် ဖြစ်ပေါ်နေသော ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့် မတ်လ နောက်ဆုံးပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း တည်ငြိမ်နေသည်ကို တွေ့ရှိရပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းတည်ငြိမ်ရခြင်းမှာ ပွင့်လင်းရာသီဖြစ်၍ စိုက်ခင်းမှာ တစ်ပြိုင်တည်း လှိုင်လှိုင်ထွက်ရှိခြင်းနှင့် ခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့် ဝင်ရောက် လာခြင်းတိုကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ဈေးကောင်းရသည့် ဒေသထွက် ပုစွန်ဈေးနှုန်း

         ၂၀၂၆ ခုနှစ်၊ မတ်လပထမပတ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်း အနည်းငယ် မြင့်တက်လာခြင်းနှင့်အတူ ဒေသထွက်ပုစွန်ဈေးနှုန်းမှာလည်း ဈေးကောင်းရလျက်ရှိသည်။ ရေချိုပုစွန်ဈေးနှုန်းများမှာ ပုစွန်အကောင်ကြီး တစ်ပိဿာဈေးနှုန်း (၇၀၀၀၀) ကျပ်၊ ပုစွန်အလတ် တစ်ပိဿာဈေးနှုန်း (၄၅၀၀၀)ကျပ်၊ ပုစွန်အသေး တစ်ပိဿာဈေးနှုန်း (၂၅၀၀၀)ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ကရင်ပြည်နယ်သည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ သောင်းရင်းမြစ်ကိုအခြေခံ၍ မြစ်လက်တက်၊ ချောင်းလက်တက်များ ပေါများပြီး ဒေသထွက်ရေချိုပုစွန်များ ထွက်ရှိသည်။ ဘားအံမြို့နှင့် အနီးတစ် ဝိုက်ဝန်းကျင်တွင်ဒေသခံအချို့သည် သံလွင်မြစ်ကို အမှီသဟဲပြု၍ တံငါအလုပ်ဖြင့် အသက်မွေးကြ ကာ ရေချိုပုစွန်ဖမ်းလုပ်ငန်းများ တနိုင်တပိုင်လုပ်ကိုင်ကြပြီး ဘားအံမြို့ပေါ်ဈေးများတွင် အဓိက အားထားလာရောက် ရောင်းချလေ့ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဂေါ်ဖီထုပ်စိုက်ပျိုးခြင်း

               ဂေါ်ဖီထုပ်သည် ကရူစီဖာရီး မျိုးရင်းတွင်ပါဝင်သော မျိုးစိတ်တစ်ခုဖြစ်သည်။ ဂေါ်ဖီထုပ်ကို မုန်လာထုပ်ဟူ၍လည်းခေါ်သည်။ ဂေါ်ဖီထုပ်သည် ရေအလွယ်တကူမဝင်ရောက်နိုင်သောမြေနုမြေပွများတွင်ကောင်းစွာဖြစ်ထွန်းသည်။ ဂေါ်ဖီထုပ်ကိုစိုက်ပျိုးမည်ဆိုပါက ပျိုးထောင်ပြီးမှ စိုက်ခင်းသို့ ရွှေ့ကာ စိုက်ပျိုးရသည်။ မျိုးစေ့များမချမီပျိုးခင်းတွင် ဘောင်နိမ့်နိမ့်ပြုလုပ်ကာ ပျိုးထောင်ရသည်။ ထိုနောက်ဘောင်ပေါ်တွင် ၄လက်မ၊ ၅လက်မစီခွာ၍မျိုးပင်များကိုအတန်း လိုက် ပါးပါးချပေးရသည်။ ထိုမျိုးစေ့များပေါ်တွင် မြေစာမှုန့်တို့ကိုခပ်ပါးပါးဖုံးအုပ်ပေးပြီးနောက် ရေပန်းဖြင့်ရေလောင်းပေးရသည်။ ပျိုးပင်များကို နေပူမှ ကာကွယ်ရန်ဘောင်ပေါ်တွင် ငှက်ပျော ရွက်၊ ထန်းရွက်များဖြင့်ဖုံးအုပ်ပေးရသည်။ ပျိုးပင်များသည် ၄လက်မခန့်ကြီးမြင့်လာပြီးအရွက် ၃ ရွက်မှ ၆ရွက်အထိရှိလာသောအခါ ရွှေ့ပြောင်း စိုက်ပျိုးရမည်ဖြစ်ပါသည်။

          ဂေါ်ဖီထုပ်ပင်များသည် ၃၊၄လကြာမှကြီးရင့်လာကြသည်။ ဂေါ်ဖီထုပ်တွင် အာဟာရဓာတ်များ စွာပါရှိသောကြောင့် အနောက်နိုင်ငံများတွင် ဂေါ်ဖီပင်များကို မျိုးကွဲများဖြစ်ထွန်းအောင် ပြုပြင်၍ စိုက်ပျိုးခဲ့ကြသည်။ ယခုအခါဂေါ်ဖီထုပ်မျိုးပေါင်း ၁၀၀ကျော် မျှပင်ရှိပြီဖြစ်သည်။သိပ္ပံပညာရှင်များ သည် ဂေါ်ဖီထုပ်တွင်အခြားအပင်များထက်လတ်ဆတ်သောအစာပို၍ ပါရှိသည်ဟု ဆိုကြသည်။ ဂေါ်ဖီထုပ်စိုက်ပျိုးနည်းအား လေ့လာကိုးကားချက်ပြု၍ တင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

ပခုက္ကူမြို့တွင် မြေပဲဈေးနှုန်း ပြန်လည်မြင့်တက်လာ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထား စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ဆီထွက်သီးနှံမြေပဲများ နေ့ စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ မတ်လ(တတိယ)ပတ်တွင် မြေပဲဈေးအနည်းငယ်မြင့် တက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်တို့တွင် ဆီထွက်သီးနှံမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိသည်။ ယခုအချိန် တွင် မြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ခရိုင် အတွင်း၌ မြေပဲသီးနှံ(အသစ်)ထွက်ပေါ်ခြင်း မရှိသေးသော်လည်း အခြားမြို့နယ်များဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့ နယ်အတွင်းရှိ ကျေးရွာများနှင့် ထွက်ရှိသော(မိုး)ပင်ပြန့်မြေပဲအတောင့်အဆံများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပြီး မြို့ပေါ်ရှိ လုပ်ငန်းရှင်များမှလည်း မြေပဲဆီသန့်ထုတ်လုပ်ရန် ကုန်ကြမ်းမြေပဲတောင့်များ ကို သိုလှောင်ရန် ဝယ်ယူလျက်ရှိကြောင်း၊ ပြည်တွင်းဖြစ်မြေပဲဆီသန့် စားသုံးမှုမြင့်မားလျက်ရှိ၍ ဈေးကွက် သို့ ဝင်ရောက်လာသော မြေပဲအတောင့်နှင့်အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက် လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း အဝယ်လိုက်ပြီး မြေပဲ တောင့်/ အဆံမှာ အရည်အသွေးနှင့် ဝယ်လိုအားပေါ် မူတည်၍ ဈေးအနိမ့်၊ အမြင့်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသောမြေပဲဈေးနှုန်းများမှာ မတ်လ(တတိယပတ်)ပတ် တွင် မြေပဲဈေးနှုန်းများပြန်လည်မြင့်တက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲအတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်(၄၅၀၀ - ၄၀၀၀ - ၂၅၀၀)၊ မြေပဲ တောင့်(အစို)တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၃၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၁၀၄၀၀-၁၀၈၀၀)၊ မြေပဲလုံးဆံဖြူ တစ် ပိဿာလျှင် ကျပ်(၈၀၀၀-၇၈၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၆၀၀-၇၅၀၀)၊ ဆုံမြေပဲ ဖတ် (အခွေ) တစ်ပိဿာလျှင် ကျပ်(၇၁၀၀-၇၂၀၀)၊ စက်ပဲဖတ် တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်လများနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြေပဲဆံတစ်ပိဿာလျှင် ကျပ် (၅၀၀၀) ခန့်ဈေး တက်နေပြီး၊ မြေပဲဖတ် တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ဈေးအနည်းငယ် ပြန်လည်မြင့်တက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ဈေးကွက်၌ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀-၁၉၀၀၀)ဈေးအသီးသီးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ မြေပဲဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှု များခြင်း အပြင် မန္တလေး၊ ရန်ကုန်နှင့် အခြားမြို့နယ်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်တွင်း မြေပဲဆီစား သုံးမှုမြင့်မားလျက်ရှိ၍ ဆီစက်လုပ်ငန်းရှင်များမှ  ဝယ်လိုအား ကောင်းခြင်းကြောင့် ပခုက္ကူမြေပဲဈေးကွက် အရောင်းအဝယ် သွက်ကြောင်း သိရှိရ သည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေး၌ မတ်လ(တတိယပတ်)တွင် သံပုရာသီး ဈေးတက်၍ အရောင်းအဝယ်ဖြစ်နေ

             ဆေးဖက်ဝင် သံပုရာသီးကို ပခုက္ကူမြို့အနီးတစ်ဝိုက်ရှိ ကျွန်းဦး၊ ကျွန်းညို၊ ကံလှကျေးရွာ များနှင့် မြစ်ခြေ၊ ကမ္မမြို့ ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင် ဖြစ်ပါ သည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သံပုရာပင်တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၉၀-၁၀၀)အထိ ထွက် ရှိကြောင်း သိရပါသည်။ ပခုက္ကူဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချ ကြောင်းသိရပါသည်။ ပခုက္ကူ ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများအနေဖြင့် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ (စတုတ္ထပတ်)တွင် တစ်လုံးလျှင် ကျပ်(၅၀၀ မှ ၈၀၀)ဈေးရှိခဲ့ပြီး ဆယ်လုံး လျှင် ကျပ်(၅၀၀၀ ကျပ်မှ ၈၀၀၀)၊ မတ်လ(တတိယပတ်)တွင် တစ်လုံးလျှင် ကျပ်(၈၀၀ ကျပ်မှ ၁၀၀၀)၊ ဆယ်လုံးလျှင် ကျပ်(၈၀၀၀ မှ ၁၀၀၀၀)ဈေးဖြင့် ရောင်းချနေပြီး ယခင်ဖေဖောဝါရီလနှင့် နှိုင်းယှဉ်ပါက တစ်လုံးလျှင် ကျပ်(၃၀၀)တိတိဈေးတက်နေပြီး သံပုရာသီးများကို ပခုက္ကူဈေးကွက်မှတစ်ဆင့် မြို့ပေါ်ရှိ စားသောက်ဆိုင်များနှင့် ကုန်စိမ်းဈေးကွက်များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခု အချိန်တွင် နွေရာသီကာလဖြစ်၍ ဖျော်ရည်အဖြစ် သောက်သုံးမှုများခြင်းကြောင့် ပိုမိုအရောင်းအဝယ် သွက်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

              ထို့ကြောင့် သံပုရာပင်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင်လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်းသက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိသဖြင့် တစ်ပိုင်တစ်နိုင် ပိုမိုစိုက်ပျိုးမှု များကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပြည်ဈေးကွက်တွင် ရောင်းချနေသော ပေါ်ဦးပေါ်ဖျား ညောင်ဖူးများ

                မြန်မာနိုင်ငံတွင် ညောင်ပင်ကို ပြည်နယ်နှင့် တိုင်းအများစုတွင် ပေါက်ရောက်ပြီး အထူးသဖြင့် အညာဒေသ၏ နေရာတော်တော်များများတွင် ပေါက်ရောက်သည်။ ညောင်ပင်သည် ရာသီအလိုက် အရွက်ကြွေတတ်သည့် နှစ်ရှည်ခံအပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၉၀ ခန့်အထိ ရှင်သန်ကြီး ထွားသည်။ ယခုလိုအချိန်သည် ညောင်ရွက်နုဖူးတို့ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သည်။ ညောင်ပင်ပေါက် ရောက်သည့် ဒေသများတွင် ညောင်ရွက်နုများကို အလွယ်တကူခူးဆွတ်နိုင်သလို အလွယ်တကူ ဝယ်ယူနိုင်သည်။ ပြုတ်ပြီးသား ညောင်ရွက်များကို အွန်လိုင်းမှတဆင့်လည်း ဝယ်ယူနိုင်သည်။ ညောင်ရွက်နုဖူးလေးများကို အဖန်ဓါတ်ကုန်သွားသည့်အထိ (၃)ကြိမ်ခန့်ပြုတ်ပြီးမှသာ ဟင်းလျာအဖြစ် နည်းမျိုးစုံဖြင့် ချက်ပြုတ်စားသောက်ကြသည်။ ပြုတ်ပြီးသား ညောင်ဖူးများကို ဝယ်ယူပါက အကြိမ်ကြိမ်ထပ်မံပြုတ်ပြီးမှသာ စားသုံးသင့်သည်။ ပြုတ်ပြီးသားညောင်ဖူးများကို အထားခံစေရန် လက်နှစ်ဖက်အားကိုအသုံးပြုပြီး ညှစ်ကာ အလုံးလေးများလုံးပေးပြီး အင်ဖက်၊ ငှက်ပျောဖက်တို့နှင့် ထုတ်ပိုးသိမ်းဆည်းထားပါက ကြာရှည်ခံသည်။

          ရာသီအချန်အခါနှင့် သဘာဝတရားမှပေးသည့် လက်ဆောင်မွန် ညောင်ဖူးများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး ကျန်းမားရေးအတွက် အကျိုးကျေးဇူး ကောင်းများရရှိသောကြောင့်ညောင်ဖူးကိုဝယ်ယူစားသုံးသင့်ပေးသည်။ဈေးကွက်၌ရောင်းချနေသောညောင်ဖူးပြုတ်များမှာတစ်ဆယ်ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်းသိရှိရ ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း