Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒေသထွက်ခဝဲသီးဈေးနှုန်းအခြေအနေ

ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက် ခဝဲသီးကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ခဝဲပင်ကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် လည်းစိုက်ပျိုးကြသည်။ ခဝဲသီးကို ပုဇွန်ခြောက်၊ ကြက်ဥနှင့်အတူ ကြော်စား၍ရသလို ငပိရည်တို့စရာ နှင့်လည်း ပြုတ်တို့စားပါက ထမင်းမြိန်စေသည်။ ခဝဲသီးမှာ ပါဝင်သော သံဓာတ်အမျှင်ဓာတ် ရေဓာတ် တို့ပါဝင်နေပါသည်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ခဝဲသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃,၀၀၀၊ ၅,၀၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)

ဒေသတစ်ခု ထုတ်ကုန်တစ်ခု MSMEs ခြင်းလုံးပြုလုပ်ခြင်း

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်သည့် MSMEs ခြင်းလုံးလုပ်ငန်းလုပ်ကိုင်သည့် မြို့သစ် (၄) လမ်းရှိ ဦးမြင့်စိုး၏ ခြင်းလုံးလုပ်ငန်းအခြေအနေအား စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းမေးမြန်းခဲ့ရာ ခြင်းလုံးသည် ကြိမ်ကိုအဓိကထားပြုလုပ်ထားပြီး ကြိမ်လုံးကို အနောက်ရိုးမ၊ မကျီးဇင်၊ ဂျိုင်လယ်တို့မှ အဓိကဝယ်ယူကြောင်းသိရှိရပါသည်။
ဝယ်ယူရရှိသောကြိမ်များကို နေလှန်း၊ အမြစ်သပ်၊ နန်းဒါးဆွဲခြင်းတို့ဖြင့် သတ်မှတ်ထားသည့် ခြင်းလုံးတစ်လုံးရရှိသည့်အထိ အဆင့်ဆင့်ပြုလုပ်ရပါသည်။ ခြင်းလုံးတစ်လုံးကုန်ကျစရိတ်မှာ တစ်လုံးကို (၃၅၀၀) ကျပ်ရှိပြီး၊ ရန်ကုန်၊ မန္တလေးသို့ တင်ပို့ရောင်းချပြီး မြို့အရောက်ပေါက်သည့်ဈေးမှာ (၃၈၀၀) ကျပ်ပေးသွင်းရပါသည်။ ၂၀၂၃ခုနှစ်တွင် ခြင်းလုံးရေ (၁၆၀၀၀) လုံးရေထုတ်လုပ်နိုင်ကြောင်းနှင့် ဒေသတွင်းလက်လုပ်လက်စားများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိလာကြောင်း မေးမြန်းသိရှိရပါသည်။
DOCA(ဧရာဝတီ)

ပခုက္ကူမြို့၌ အောက်တိုဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးတက်၍ အရောင်းအဝယ်ဖြစ်နေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ပခုက္ကူကျွန်းများတွင် ဆောင်းစိုက်၊ ပင်စိုက်ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်သို့ ပခုက္ကူမြို့ရှိ မြို့နယ်များသာမက အခြားဒေသများဖြစ်သော စစ်ကိုင်းဒေသကြီးအတွင်းရှိ ပုလဲနယ်မှထွက်ရှိသော ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့သည် ကြက်သွန်နီ အဓိကထွက်ရှိရာ ဒေသတစ်ခုလည်းဖြစ်ပြီး စီးပွားရေးအချက်အခြာကျသော မြို့တစ်မြို့လည်းဖြစ်ပါသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီ(ယော) ဒိုင်ပြတ် ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၈၅၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ပုလဲစတစ်ပိဿာလျှင် ကျပ်(၁၈၅၀)၊ အလတ်စ တစ်ပိဿာလျှင်ကျပ် (၁၇၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀) ဖြစ်ပြီး အောက်တိုဘာလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီ(ယော) ဒိုင်ပြတ် ဈေးနှုန်းမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ ပုလဲစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အလတ်စ တစ်ပိဿာ လျှင် ကျပ်(၁၇၀၀) အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀)ဖြစ်ပြီး (ပထမပတ်)နှင့် (ဒုတိယပတ်) နှိုင်းယှဉ်ပါက ကြက်သွန်နီ(ယော)မှ တစ်ပိဿာလျှင် ကျပ်(၁၅၀)ခန့် မြှင့်တက်နေပြီး နေ့စဉ် ကုန်ဝင်ပိဿာချိန်မှာ တစ်နေ့လျှင် ကုန်ချိန်(၅၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)

စက်မှုဇုန်ထုတ် ကောက်စိုက်စက် စတင်အသုံးပြု

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၁၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာမှ တောင်သူ ဦးဖိုးဂျွန်း၏ လယ်(၁) ဧကပေါ်၌ ပုသိမ်စက်မှုဇုန်မှထုတ်လုပ်သော ဓာတ်ဆီအင်ဂျင် လက်ဆွဲကောက်စိုက်စက်သရုပ်ပြပွဲအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြည့်ရှုခဲ့ကြပါသည်။
စက်မှုဇုန်မှထွက်ရှိသော ဓာတ်ဆီအင်ဂျင်ဖြင့် ကောက်စိုက်စက်တန်ဖိုးမှာ ကျပ်(၂၇) သိန်းကုန်ကျ၍ ပုံမှန် လယ်(၁)ဧကကောက်စိုက်ပါက ပျမ်းမျှကောက်စိုက်သမ (၁၀) ဦးမှ (၁၂) ဦးအထိ ကောက်စိုက်ရပြီး ကောက်စိုက်စက်မှာ လူ (၂) ဦးဖြင့်သာဆောင်ရွက်နိုင်ကြောင်း၊ ပျိုးဖောက်ရာတွင်လည်း (၁) ဧကလျှင် စပါး (၁) တင်းသက်သာခြင်း၊ မျိုးစေ့ဖိုးသက်သာခြင်း၊ ပျိုးထောင်ရာတွင်လည်း နေရာကျယ်ဝန်းစွာမလိုအပ်ခြင်း၊ အချိန်တိုအတွင်း ကောက်စိုက်ပြီးစီးခြင်း၊ လူကုန်သက်သာခြင်း၊ ပျိုးနုတ်၊ ပျိုးချေးခါ၊ ပျိုးသယ်အတွက် လူဦးရေလျော့ကျစေခြင်း၊ ကောက်ပင်လျှင်မြန်စွာကြီးထွားစေခြင်း၊ ကောက်ကွက်မှန်ကန်သည့်အတွက် တမန်းနိးရာတွင် အဆင်ပြေခြင်း၊ ကောက်ပင်များ လေဝင်လေထွက်ကောင်းမွန်သဖြင့် စပါးအထွက်တိုးကောင်းမွန်စေခြင်းတို့ကြောင့် ကောက်စိုက်ကို တောင်သူဦးကြီးများ အသုံးပြုသင့်ကြောင်းသိရှိရပါသည််။
DOCA(ဧရာဝတီ)

ပုသိမ်မြို့ရှိ ဈေးကောင်းရရှိနေသော မြန်မာ့ရိုးရာထန်းလျက်ဈေးကွက်

ထန်းလျက် Jaggery ဆိုသည်မှာ ထန်းရည်ချိုကိုချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်သည်။ ထန်းပင်မှရသော သန့်စင်ထားသည့်ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ တစ်နာရီခန့် ဆူပွက်အောင်ကျိုချက်ပေး၍ သမအောင်မွှေပေးရသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့် အတုံးများတုံးကာ အခြောက်ခံပါက ထန်းလျက်ခဲကိုရရှိမည်ဖြစ်သည်။ အချို့မှာ ဆီးမှုန့်၊ အုန်းသီး၊ နှမ်း၊ မြေပဲ စသည့် မိမိအလိုရှိရာကိုထည့်၍ ပြုလုပ်ကြသည်။ သဘာဝပစ္စည်းစစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင် ဆေးဖက်ဝင်သောကြောင့် မြန်မာ့ထမင်းဝိုင်းတွင် အချိုတည်းစရာတစ်ခုအဖြစ် ရှေးယခင်ကတည်းက တည်ရှိခဲ့တာကာ လက်ရှိအချိန်ထိ လူကြီး/ လူငယ်မရွေး အထူးကြိုက်နှစ်သက်စွာစားသုံးလျက်ရှိသည့် အစားအစာတစ်ခုဖြစ်သည်။ ၎င်းထန်းလျက်များကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှလည်းကြိုက်နှစ်သက်ကြသည်။
ပုသိမ်မြို့ရှိဈေးများတွင် ရောင်းချနေသာ ထန်းလျက်ဈေးနှုန်းမှာ ယခင်နှစ်တွင် (၁) ပိဿာလျှင် ကျပ် (၆၀၀၀/၇၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ်ထန်းလျက်ဈေးနှုန်းမှာ (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀) ခန့်ဈေးရရှိပြီး ယခုအောက်တိုဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း (၁) ပိဿာလျှင် ကျပ် (၁၂၀၀၀) သိသိသာသာဈေးနှုန်းမြင့်တက်လာသဖြင့် ထန်းစိုက်ပျိုးသောတောင်သူများ တွက်ချေကိုက်လျက်ရှိကာ မိသားစုပိုမိုဝင်ငွေရရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)

ပခုက္ကူမြို့ပေါ်၌ အောက်တိုဘာလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော ပဲမျိုးစုံဈေးနှုန်းဈေးကွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ပဲနီနှင့်ပဲနောက် စသည့်ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးလျက်ရှိပါသည်။ ပဲစဉ်းငုံနီကို ချောက် ကန်အုပ်စု၊ ကိုင်းအုပ်စု၊ ကန်တော်၊ ကံလှကျေးရွာများတွင် သီးညှက်အဖြစ်စိုက်ပျိုးကြပြီး ကုလားပဲနှင့် ထောပတ်ပဲကို ပခုက္ကူကျွန်းအုပ်စုဖြစ်သော ပခုက္ကူကျွန်း၊ ရေစကြို၊ ကျွန်းဦး၊ ကျွန်းညို၊ လေးလံ ကျွန်း၊ မြင်းကျွန်းကျေးရွာများတွင် စိုက်ပျိုးကြပါသည်။ ပဲမျိုးစုံကို ကုန်စည်ဒိုင်တွင်သာမက ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများတွင်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၁၄၂၀၀၀) ၊ ကုလားပဲဝါ(HL) တစ်တင်းလျှင် ကျပ် (၉၆၀၀၀)၊ ကုလားပဲဖြူ(V2 နှင့် V6)တစ်တင်းလျှင် ကျပ်(၁၀၂၀၀၀ မှ ၁၂၀၀၀၀)၊ ထောပတ်ပဲ တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၆၈၀၀၀)၊ ပဲနောက် တစ်တင်းလျှင် ကျပ် (၆၅၀၀၀)ဖြစ်ပြီး အရောင်းအဝယ်အနေဖြင့် နေ့စဉ်အိတ်(၅၀ မှ ၁၀၀)ထိ ဖြစ်ပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ မန္တလေးဒေသများသို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)

မအူပင်မြို့နယ်၊ မလတ်တိုနှင့် ထနီးကျေးရွာမှ ရာသီချိန်ထုတ်လုပ်သော ငါးရံ့ခြောက်လုပ်ငန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်မြို့ဈေးကွက်က နှစ်စဉ် ဝယ်ယူမှုကောင်းနေကြောင်း မအူပင်မြို့နယ်ရှိ ငါခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်ကပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်မှ ကုန်သည်များက ဝယ်ယူမှုအားကောင်းပါသည်။ ယခင်နှစ်တွင် တစ်ပတ်လျှင် ငါးရံ့ခြောက်ပိဿာချိန် ၅၀မှ ၁၅၀ထိတင်ပို့ရောင်းချနေရကြောင်းသိရသည်။ ယခုနှစ် ငါးရံပေါ်ချိန်၌လည်း ယခင်နှစ်ထက် ဈေးကောင်းရနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်ဟုပြောကြားခဲ့သည်။
မအူပင်မြို့နယ် ငါးရံ့ခြောက်လုပ်ကိုင်သော မလတ်တိုကျေးရွာနှင့် ထနီးကျေးရွာများသည် မြစ်ကမ်းဘေးတွင်ရှိသော ကျေးရွာများဖြစ်ပြီး စိုက်ပျိုးရေးကိုအခြေခံသော်လည်း သား၊ ငါးဖမ်းဆီးလုပ်ကိုင်သူများရှိကြောင်း၊ ဒေသတွင်း စားသုံး၍ ပိုလျှံသောငါးရံများကိုအခြောက်လှန်း၍ ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့လျက်ရှိကြောင်း မလတ်တိုကျေးရွာ ငါးရံ့ခြောက်လုပ်ငန်းရှင် ဦးအောင်မြင့်ကပြောပြခဲ့ပါသည်။
မလတ်တိုကျေးရွာတွင် ငါးရံ့ခြောက်လုပ်ကိုင်သောလုပ်ငန်းရှင် (၁၀)ဦးခန့်ရှိပြီး ငါးရံ့ငါးအစို အရွယ်စုံ ၁ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး ငါးရံ့ခေါင်းနှင့် ငါးရံ့အူများကို ခုတ်ထစ်ဖယ်ရှားပြီး ငါးရံ့များကို ဆားဖြင့်နယ်ပြီး လှပအောင် ခွဲ၍ အဝိုင်းချပ်သဏ္ဌာန်နေလှန်းပါသည်။ နေပူပူတွင် (၃)ရက်နေလှန်းပြီးသောအခါ ငါးရံ့ခြောက်များရရှိပါသည်။ ယခင်နှစ်များထက် ယခုနှစ်တွင် မိုးများသောကြောင့် ငါးခြောက်အထွက်နှုန်းမှာ ယခင်နှစ်ထက် အထွက်နောက်ကျလျက်ရှိနေပါသည်။ ငါးရံ့ခြောက်ကို စက်တင်ဘာလမှစတင်ပြီး မတ်လ ဧပြီလအထိ ဝယ်ယူရနိုင်ကြောင်းသိရသည်။
ငါးရံ့အစိုကို ၁ပိဿာလှန်း၍ ၃၅ကျပ်သားခန့်ရှိသော ငါးရံ့ခြောက်များရရှိပြီး၊ ငါးရံ့ခြောက် ၅၀ကျပ်သားခန့်ရှိသော ငါးရံ့ခြောက်ပြားများမှာ ယနေ့ဈေး ၁ပိဿာလျှင် ၉၀၀၀၀ကျပ်ပေါက်လျက်ရှိကြောင်း ငါးရံ့ခြောက်လုပ်ကိုင်သူ ဦးအောင်မြင့်၏ ပြောပြချက်အရသိရသည်၊
မအူပင်မြို့၊ မလတ်တိုကျေးရွာမှ ငါးရံ့ခြောက်လုပ်ငန်းရှင် (၁၀)ဦးက တစ်ဦးလျှင် ငါးရံ့အစို အချိန်တစ်ဆယ်ခန့် နေ့စဉ် နေလှန်းလုပ်ကိုင်နေကြောင်း၊ မလတ်တိုကျေးရွာမှ နေ့စဉ်ငါးရံ့ခြောက်ကုန်ချိန် (၃၅)ပိဿာခန့်/ ပိဿာ (၅၀)ခန့် မအူပင်ငါးရံခြောက်မျိုးစုံရောင်းဝယ်ရေးဒိုင်မှတစ်ဆင့် နေ့စဉ်တင်ပို့လျက်ရှိကြောင်းသိရပါသည်။ "မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချသော ငါးရံ့ခြောက်များမှာ အချိုခြောက်များဖြစ်ပြီး ဈေးမှာ ငါးရံ့ခြောက်အကြီး၊ အသေးပေါ်မူတည်ပါတယ်လို့" ငါခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်ကပြောပြသည်။
ငါးရံ့ခြောက်လုပ်ငန်း၏ အကျိုးအမြတ်ရရှိမှုများမှာ ငါးရံ့ခြောက်ပိဿာ(၁၀)လျှင် ၅၀၀၀၀ကျပ်၊ လုပ်သားခ (၃)ဦးလျှင် ၃၀၀၀၀ကျပ်နှင့် ဆား ၁ပိဿာလျှင် ၅၀၀ကျပ်နှုန်းဖြင့်ဝယ်ယူရပြီး၊ ငါးရံ့ခြောက်အရွယ်အစားအလိုက် အကြီးဆုံး ၉၀၀၀၀ကျပ်၊ အလတ် ၇၀၀၀၀ကျပ်၊ အသေး ၅၀၀၀၀ကျပ်တို့ဖြင့် ပေါ်ဦးပေါ်ဖျား ဈေးကောင်းလျက်ရှိကြောင်းသိရှိရသည်။
မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ငါးရံ့ခြောက်များကို အချိုခြောက်နှင့် ဆာလတ်ခြောက်ဟူ၍ နှစ်မျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ မတ်လတွင် အဆိုပါ ငါးရံ့ခြောက်အလတ်တစ်ပိဿာလျှင် ငွေကျပ်၁၂၀၀၀၀၊ ငါးရံ့ခြောက်အသေးတစ်ပိဿာလျှင် ငွေကျပ်၇၉၀၀၀ထိဈေးပေါက်ရောင်းချခဲ့ရပြီး ယခုအောက်တိုဘာလ ဈေးဦးပေါ်ချိန်က အများဆုံး ၉၀၀၀၀ကျပ်ဈေးပေါက်၍ ရောင်းချနေရပါသည်။ ဈေးပိုမိုကောင်းလာမည်ဟုလည်းခန့်မှန်ကြောင်း ငါးရံ့ခြောက်လုပ်ကိုင်သူ ဦးအောင်မြင့်၏ ပြောကြာချက်အရသိရှိရပါသည်။
DOCA(ဧရာဝတီ)

ပခုက္ကူမြို့၌ ဖြစ်ပေါ်နေသော ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူများ နေ့စဉ်နှင့် အမျှ ဝယ်ယူသုံးစွဲလျက်ရှိသည့် ကြက်သွန်ဖြူသီးနှံများလည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကြက်သွန်ဖြူသီးနှံကို ပြည်တွင်းဒေသထွက်အပြင် စားသုံးမှုမလုံလောက်၍ ပြည်ပနိုင်ငံ များမှလည်း ဝယ်ယူတင်သွင်းလျက်ရှိသည်။ စိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်းဒေသကြီး အအေးပိုင်းဒေသများဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်ဒေသများတွင် အများဆုံးစိုက်ပျိုးပြီး နှစ်စဉ်စိုက်ဧက(၂၀၀)ခန့် စိုက်ပျိုးကြောင်း၊ ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဧပြီလတွင် တူးဖော်၍ ဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ယောဒေသထွက် ဗမာကြက်သွန်ဖြူ(အဟောင်း)များနှင့် ရှမ်းပြည်ဒေသထွက် ကြူကုတ်ကြက်သွန်ဖြူ(အသစ်)များ ဝင်ရောက် အရောင်းအဝယ်ဖြစ်နေပြီး နေ့စဉ် ကုန်ချိန် ပိဿာ(၄၀၀၀ မှ ၉၀၀၀ ထိ)ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ဗမာကြက်သွန်ဖြူ အလုံး အကြီးအသေးနှင့်အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၈၀၀၀)၊ ကြူကုတ်(ရှမ်းပြည်) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀-၁၄၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင် စက်တင်ဘာလ(ဒုတိယပတ်)နှင့် နှိုင်းယှဉ်ပါက ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ်မြင့်တက်၍ ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)

ပခုက္ကူမြို့တွင် ဖြစ်ပေါ်နေသော နှမ်းဈေးကွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက် တွင် နွေနှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များမှ နွေနှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်(၃၀၀-၄၀၀) ဝင်ရောက်၍ တစ်ပတ်အတွင်း အိတ်(၂၀၀၀)ခန့် ဝင်ရောက်ကြောင်း၊ ယခုရာသီတွင် မိုးရွာသွန်းမှုများ၍ သီးနှံအရည်အသွေး အနည်းငယ်ညံ့၍ ဈေးကျဆင်းကြောင်း၊ နှမ်းဖြူနှင့် နှမ်းနက်(စမုန်)နှစ်မျိုး အများဆုံး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ(ဒုတိယပတ်)တွင် နှမ်းအရည်အသွေးကိုလိုက်၍ နှမ်းနက် (စမုန်)တစ်တင်းလျှင် ကျပ်(၂၁၄၀၀၀-၁၉၅၀၀၀-၁၈၀၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် (၁၃၂၀၀၀-၁၂၀၀၀၀-၁၁၂၀၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ယောနယ်ဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထုဒေသထွက် နှမ်းများ အများဆုံးဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)

ပခုက္ကူဈေးကွက်တွင် ကျွန်းစားတော်ပဲသီးနှံများ ဈေးကောင်းရလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော စားတော်ပဲများ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)မှစ၍ ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် သီးနှံအသစ်ပေါ်ချိန် မရောက်ရှိသေး၍ ကျွန်းစားတော်ပဲ (အဟောင်း)များကိုသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စိုက်ပျိုးရာသီရောက်ချိန်နီး၍ စိုက်တောင်သူများမှလည်း မျိုးအဖြစ် ပြန်လည်ဝယ်ယူမှုများကြောင်း သိရသည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲစိုက်ပျိုးမှုများသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည် ဒေသများနှင့် ရေနံချောင်းမြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ ဝင်ရောက်ကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်း စားသုံးသူများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ် (၉၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ရာ ယခုအောက်တိုဘာလ (ဒုတိယပတ်) တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၄၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်လတွင်း စားတော်ပဲတစ်တင်းလျှင် ကျပ်(၅၀၀၀၀)ခန့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်း၌ စားတော်ပဲလက်ကျန်နည်း၍ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် တစ်ပတ် အတွင်း ပိဿာ(၃၀)ဝင်အိတ် (၁၅) မှ (၂၀)အိတ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းစားသုံးမှုအနေဖြင့် စားတော်သီးနှံကို နံနက်စောစာ စားတော်ပဲပြုတ် စားခြင်းအပြင် စားတော်ပဲလုံးကြော်များကို နေ့စဉ်စားသုံးခြင်းဖြစ်၍ တစ်နှစ်ပတ်လုံးစားသုံးသည့် သီးနှံတစ်မျိုး ဖြစ်သည်။ ပြည်တွင်းစိုက်ပျိုးမှုအနေဖြင့် စားတော်ပဲကို အခြားသီးနှံများကဲ့သို့ သီးထပ်စိုက်ပျိုးခြင်းမရှိ၍ တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးခြင်းဖြစ်၍ သီးနှံထွက်ရှိမှုနည်းကြောင်း၊ ပြည်တွင်းပဲသုံးစွဲမှုများလျက်ရှိပြီး သုံးစွဲမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းလျက်ရှိ၍ စားတော်ပဲ ဈေးကွက်မြင့်မား၍ အရောင်းအဝယ်ဖြစ်လျက်ရှိခြင်းကြောင့် စိုက်တောင်သူများအနေဖြင့် ပြည်တွင်းသုံးစွဲမှု လိုအပ်လျက်ရှိပြီး ဈေးနှုန်းဈေးကွက် ကောင်းမွန်သည့် စားတော်ပဲစိုက်ခင်းများကို စိုက်ပျိုးရရှိသည့် မြေများတွင် နှစ်စဉ် မပြတ်တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း