Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့၊ ရေပေါ်ဈေး၌ ပုစွန်နှစ်ကောင်အပါအဝင် ပုံးဆီများအရောင်းအဝယ်အေး၍ ဈေးကျ

  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသော စားအုန်းဆီများဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပေးမှုကြောင့် ပုစွန် ၂ကောင်အပါအဝင် ပုံးဆီများအရောင်းအဝယ်အေး၍ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဘားအံမြို့၊ ရေပေါ်ဈေးရှိ ဆီအရောင်းဆိုင်များမှသိရသည်။

  ၂၀၂၃ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ပုစွန် ၂ကောင်အပါအဝင် ဘူးသွတ်ဆီများ၊ ပုံးဆီများမှာ ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ကရင်ပြည်နယ်၌ စားအုန်းဆီဖြန့်ဖြူးမှုအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းက ရည်ညွှန်းဈေးအပေါ် သတ်မှတ်ချက်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဘားအံမြို့ပေါ်နှင့် မြို့နယ်များတွင် အရောင်းကိုယ်စားလှယ်ဆိုင် ၁၉ဆိုင်ဖွင့်လှစ်ရောင်းချပေးလျက်ရှိသောကြောင့် ယခုကဲ့သို့ ပုစွန် ၂ကောင်အပါအဝင် ဘူးသွတ်ဆီများနှင့်ပုံးဆီများဈေးနှုန်းကျဆင်းခြင်းရကြောင်းသိရသည်။ ပုစွန် ၂‌ကောင်အပါအဝင် ဘူးသွတ်ဆီများ၊ ပုံးဆီများဈေးနှုန်းကျဆင်းရ၍ အရောင်းအဝယ်အေးရခြင်းနှင့်ပတ်သက်၍ ဘားအံမြို့၊ ရေပေါ်ဈေးရှိ ကုန်စုံဆိုင်ပိုင်ရှင် မလဲ့က “သတ်မှတ်ဈေးနဲ့ ပေပါဆီတွေရောင်းပေးနေတော့ ပုစွန် ၂ကောင်ဆီတွေ၊ ပုံးဝါဆီတွေ ဈေးကျတယ်ဆရာရေ၊ အရောင်းအဝယ်ကတော့ ၃ဆလောက်ကျသွားတယ်၊ ခုတော့ အကျဈေးနဲ့ပဲရောင်းနေရတယ်” ဟုပြောပြလာပါသည်။

  စက်တင်ဘာလအတွင်း ရည်ညွှန်းဈေးအပေါ် သတ်မှတ်ချက်အရ  ရောင်းချပေးခဲ့သောစားအုန်းဆီ ၁ပိဿာဈေးနှုန်းမှာ ရည်ညွှန်းဈေးအလိုက် ၄၅၀၀/ကျပ်မှ ၅၁၀၀/ကျပ်ဖြစ်ကြောင်းနှင့် ဘားအံမြို့၊ ရေပေါ်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပုစွန် ၂ကောင်အပါအဝင် ဘူးသွတ်ဆီများမှာ ဩဂုတ်လအတွင်း ပုစွန် ၂ကောင်ဆီ ၁လီတာလျှင် လက်လီရောင်းဈေး ၅၈၀၀/ကျပ်ထိရှိခဲ့ရာမှ စက်တင်ဘာလ စတုတ္ထအပတ်တွင် ၁လီတာလျှင် ၄၃၀၀/ကျပ်ဈေးနှုန်းထိလည်းကောင်း၊ ပုံးဝါဆီ ၁၀ပိဿာလျှင် ၈၈၀၀၀/ကျပ်မှ ၇၀၀၀၀ကျပ်ထိလည်းကောင်း ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်အေးလျက်ရှိပြီး ဈေးနှုန်းအကျဘက်သို့ ဦးတည်လျက်ရှိကြောင်းသိရပါသည်။

DOCA(ကရင်)

 

ဘားအံမြို့၊ ရေပေါ်ဈေး၌ မိုးထောင်ငရုတ်သီးခြောက်အတောင့်ရှည် ဈေးအနည်းငယ်ကျ

  စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသည် ဈေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသောအခြေခံစားသောက်ကုန်ဈေးနှုန်းများအား ဘားအံမြို့၊ ရေပေါ်ဈေးကိုအခြေခံ၍ စာရင်းကောက်ယူပြုစုလျက်ရှိရာ စက်တင်ဘာလ တတိယအပတ်အတွင်း ငရုတ်သီးအတောင့်ရှည်ဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်းသိရပါသည်။

      ကာလတူဈေးနှုန်းနှိုင်းယှဉ်ချက်များအရ မိုးထောင်ငရုတ်သီးခြောက် (အရှည်) ဈေးနှုန်းများမှာ  ၁ပိဿာလျှင် ယမန်နှစ်တွင် ၁၇၈၀၀/ကျပ်ဖြစ်ခဲ့ရာမှ ယခုနှစ်၊ ဩဂုတ်လတွင် ၁၆၀၀၀/ကျပ် ဖြင့်လည်းကောင်း၊ စက်တင်ဘာလ တတိယအပတ်တွင် ၁၅၀၀၀/ကျပ်ဖြင့်လည်းကောင်း၊ ယခု စက်တင်ဘာလ စတုတ္ထအပတ်တွင် ၁၄၀၀၀/ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။

DOCA(ကရင်)

ဈေးကောင်းရနေသော ပန်းဂေါ်ဖီဈေးကွက်

    ယခုအချိန်သည် ပန်းဂေါ်ဖီပေါ်သော ရာသီမဟုတ်သော်လည်း ပန်းဂေါ်ဖီကို စိုက်ပျိုးရေးသမားများက ရေလောင်းစိုက်ပျိုးကြ၍ ပဲခူးတိုင်း(အနောက်)၊ ပြည်ခရိုင်ရှိဈေးများတွင် ပန်းဂေါ်ဖီများရောင်းချလျက်ရှိပါသည်။ စိုက်ပျိုးသူများအနေဖြင့် ပန်းဂေါ်ဖီများပုံမှန်ပေါ်ချိန်မှာ ဆောင်းရာသီဖြစ်သော်လည်း  ပြည်မြို့နယ်အနီးတဝိုက်ရှိကျေးရွာများဖြစ်သော မှော်ဇာနှင့် တောင်လုံးညို၊ ပုတီးကုန်းမြို့ရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြောင်းသိရပါသည်။ စိုက်ပျိုးထွက်ရှိသောပန်းဂေါ်ဖီများကို ပြည်မြို့ရှိဈေးကွက်များသို့တင်ပို့ရောင်းချကြောင်းသိရပါသည်။ ရာသီချိန်မဟုတ်သော်လည်း ဈေးကောင်းပေး၍ စားသုံးသူများက ဝယ်ယူစားသုံးကြသဖြင့် ဈေးမြင့်လျက်ရှိပါသည်။ ဈေးကွက်တွင်ရောင်းချသော ပန်းဂေါ်ဖီဈေးနှုန်းများမှာ အပွင့်အသေးတစ်ပွင့်လျှင်  (၇၀၀-၈၀၀) ကျပ်၊ အပွင့်ကြီးတစ်ပွင့်လျှင် (၁၈၀၀-၂၀၀၀) ကျပ်ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း(၂.၁၀.၂၀၂၃ )

၂.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁.၁၀.၂၀၂၃ )

   ၁.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ပေါ်ဒေသမှ မြေပြန့်ရောက် ဂျူးမြစ်

   ဂျူးမြစ်သည် တောင်ပေါ်ဒေသထွက် အစားအစာတစ်မျိုးဖြစ်ပါသည်။ အများအားဖြင့် တောင်ကြီး၊ ပင်းတယနှင့် နောင်တရားမြို့တို့တွင်စိုက်ပျိုးကြပြီး မြေပြန့်ဒေသများသို့ တင်ပို့ရောင်းချကြသည့်အတွက် မြေပြန့်ဒေသများမှလည်း ဝယ်ယူစားသုံးလျက်ရှိပါသည်။ ဂျူးမြစ်ကို သုပ်၍စားကြသကဲ့သို့ အခြောက်လှမ်း၍ ကြော်စားခြင်းမျိုးလည်းရှိသည့်အပြင် ဂျူးမြစ်ကို အတို့၊ အမြှုပ်အနေနှင့်ဖြစ်ဖြစ်၊ ချဉ်ရည်ဟင်းချက်ရာတွင်ဖြစ်ဖြစ်၊ မြေပဲ၊ ပဲပုပ်တို့ဖြင့်ရော၍ကြော်ကြော် မိမိကြိုက်နှစ်သက်သည့်အတိုင်း စားသုံး၍ရသည့်အပြင် နေ့စဉ်စားသုံးခြင်းအားဖြင့် သွေးဖိအားပုံမှန်ဖြစ်စေခြင်း၊ နှလုံးသွေးလွှတ်ကြောဆိုင်ရာရောဂါများ၊ အယ်လ်ဇိုင်းမားဖြစ်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကိုကာကွယ်နိုင်ခြင်း စသောကောင်းကျိုးများကိုလည်းရရှိစေပါသည်။

  ဂျူးမြစ်တွင် အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်သည့်အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေပါသည်။ ကျန်းမာရေးအတွက် လွန်စွာကောင်းမွန်သော ဂျူးမြစ်ကို ကျွန်မတို့စားသုံးသင့်ပါသည်။ ပြည်ဈေးကွက်အတွင်း ရောင်းချလိုသူများအနေဖြင့် တောင်ကြီးမှမှာယူ၍ ဂျူးမြစ်တစ်စည်းလျှင် ၅၀၀ကျပ်ဖြင့် တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၃၉၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၃၉၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

  ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ပြည်မြို့၏ ရာသီစာ ဝါးပလုတ်ဂျယ်လီ

     ယခုကဲ့သို့ မိုးရာသီ၏ မိုးလယ်ကာလများတွင်ထွက်ရှိသည့် မြိတ်ဒေသထွက် ရာသီစာအစားအစာတစ်မျိုးဖြစ်သော ဝါးပလုတ် (ခေါ်) ဝါးဂျယ်လီများကို ပြည်မြို့၏ Online ဈေးကွက်ထဲ၌ ရောင်းချနေသည်ကိုတွေ့ရှိရပါသည်။ ဝါးဂျယ်လီသည် သဘာဝဂျယ်လီတစ်မျိုးဖြစ်ပြီး ရာသီစာဖြစ်သောကြောင့် လူကြီးများသာမက ကလေးများပါသောက်သုံးလို့ရ၍ နို့ဆီ၊ နို့စိမ်း၊ သကြား၊ သံပရာ၊ သစ်ခွ၊ ဆီး စသော ဖျော်ရည်အမျိုးမျိုးဖြင့် ဖျော်စပ်သောက်သုံးနိုင်သည့်အပြင် အမျိုးသမီးများ ဓမ္မတာလာချိန်တွင် သကြားနှင့်ဖျော်သောက်ပေးလျှင် နာကျင်ကိုက်ခဲခြင်းများကိုသက်သာစေပါသည်။ ဝါးပလုတ် (ခေါ်) ဝါးဂျယ်လီလေးများကိုသောက်သုံးပေးခြင်းဖြင့် အပူငြိမ်းစေခြင်း၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါသမားများအတွက်လည်း အားကောင်းစေရန် သောက်သုံးပေးနိုင်ပါသည်။ ထို့ပြင် အမျိုးသားများ ဆီးနှင့်ပတ်သက်သောရောဂါများအတွက်လည်းကောင်းစေသောကြောင့် သောက်သုံးသင့်ပါသည်။ သို့ဖြစ်ပါ၍ Chemical နှင့် ဆေးသကြားများသော အချိုရည်နှင့်ဂျယ်လီများကိုစားသုံးနေမည့်အစား သဘာဝဝါးပင်မှရရှိသော သဘာဝဝါးပလုတ်ဂျယ်လီလေးများကိုစားသုံးပေးသင့်ပါသည်။ ဝါးပလုတ်ဂျယ်လီများကို ပြည်မြို့၏ Online ဈေးကွက်တွင် တစ်လီတာတစ်ဘူးလျှင် ၃၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်ရှိ မုန့်ဟင်းခါးဖတ်ဈေးနှုန်း

    မြန်မာလူမျိုးတို့၏ မနက်စာအစားအစာအဖြစ် နေ့စဉ်စားသုံးနေသည့် မုန့်ပဲသားရေစာများထဲတွင် မုန့်ဟင်းခါးသည် အဓိကအစားအစာတစ်မျိုးဖြစ်ပါသည်။ မုန့်ဟင်းခါးဖတ်ကို ဆန်ဖြင့်ပြုလုပ်ရပြီး မုန့်ဟင်းခါးဖတ်လုပ်ငန်းသည် အိမ်တွင်းမှုစက်မှုလုပ်ငန်းတစ်မျိုးဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အပံ့များလည်းပေးလျက်ရှိပါသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများထဲတွင် မုန့်ဟင်းခါးဖတ်တစ်ခုသည်လည်း အပါအဝင်ဖြစ်ပါသည်။       

    မုန့်ဟင်းခါးဖတ်ရရှိရန်အတွက် ဆန်ကြမ်းကိုအခြေခံ၍ပြုလုပ်ရပြီး ဆန်တစ်အိတ်လျှင် မုန့်ဟင်းခါးဖတ် (၆)ပိဿာခန့်ထွက်ရှိကြောင်းသိရပါသည်။ ဈေးကွက်အတွင်း ရောင်းချသောမုန့်ဟင်းခါးဖတ်ဈေးမှာ တစ်ပိဿာလျှင် (၁၆၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ ယခင် ၂၀၂၂ခုနှစ်တွင် မုန့်ဟင်းခါးဖတ်တစ်ပိဿာလျှင် (၉၀၀)ကျပ်ဈေးဖြင့် ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် မုန့်ဖတ်ဈေးများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ မုန့်ဖတ်ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ ကုန်ကြမ်းဖြစ်သောဆန်ကြမ်းဈေးများမြင့်တက်လာရခြင်း၊ အလုပ်သမားစရိတ်များမြင့်တက်လာရခြင်းကြောင့်ဖြစ်သည်ဟုသိရပါသည်။

    မုန့်ဟင်းခါးဖတ်ကို ယခင်က မိရိုးဖလာအိမ်တွင်းစက်မှုလုပ်ငန်းအဖြစ် အရင်းအနှီးများများဖြင့် လုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာနိုင်မည်ဆိုပါက အကျိုးအမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။ မုန့်ဟင်းခါးဖတ်ကိုလည်း တစ်ဆင့်မြှင့်ထုတ်ကုန်အဖြစ် မုန့်ဖတ်ခြောက်လုပ်ငန်းပြုလုပ်၍ ရောင်းချပေးမည်ဆိုပါကလည်း အကျိုးအမြတ်များရရှိလာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် အလုပ်သမားများများဖြင့် လုပ်ငန်းများတိုးတက်အောင်ထုတ်လုပ်လာမည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အသေးစား၊ အလတ်စား MSMEs လုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။         

DOCA(ပဲခူး)                                                                                                                      

ရွှေတောင်မြို့နယ်၏ မိုးမြေပဲဈေးနှုန်းဈေးကွက်

    ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးမြေပဲများစိုက်ပျိုးထွက်ပေါ်လာပြီဖြစ်ပါသည်။ မိုးမြေပဲများကို ကဆုန်လတွင် စတင်စိုက်ပျိုး၍ ဝါခေါင်လတွင် အသီးများစတင်၍ နှုတ်သိမ်းရပါသည်။ မြေပဲစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးအနေဖြင့် ပြည်(၃၀)စိုက်ပျိုးရပြီး တင်းအနေဖြင့် (၁)တင်းကျော်ခန့်စိုက်ပျိုးရကြောင်းသိရပါသည်။ မြေပဲတစ်ယောက်စိုက် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၃)သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းမှာ (၁၅)တင်းခန့်ထွက်ရှိကြောင်းသိရပါသည်။ မြေပဲများပေါ်ချိန်တွင် မြေပဲတောင့်ဈေးမှာ တစ်ပြည်လျှင် (၂၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ တစ်ယောက်စိုက်တောင်သူအကျိုးအမြတ်မှာ (၁၈၀၀၀၀)ကျပ်ခန့်ရရှိပြီး တောင်သူများအနေဖြင့် တွက်ခြေပိုမိုကိုက်စေရန် နေလှန်းအခြောက်ခံ၍ ခွဲပြီးသောအဆံများကို ဆီစက်များပွဲရုံများသို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။

     ရွှေတောင်မြို့နယ်ရှိ ထွက်ပေါ်လာသည့်မြေပဲများကို ပြည်ဈေးကွက်သို့ တင်ပို့ရောင်းချသည့်အပြင် ဒေသတွင်း၌လည်း ဆီကြိတ်ခွဲ၍စားသုံးကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း